၂၀၂၅ စက်တင်ဘာလ ၁၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ဒေသဆိုင်ရာ ပညာရေးကောင်စီများ ပေါ်ထွန်းလာမှုနဲ့ ပညာရေးညီလာခံ ကျင်းပမှုကို ထောက်ခံကြိုဆိုကြောင်း MOE, NUCC နဲ့ IFEC ထုတ်ပြန်
📌 ၂။ ပန်လုန်းကျေးရွာမှာ အခြေခံ တအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ ကျင်းပခဲ့
📌 ၃။ ကစယ်ဒို မြို့နယ်အတွင်း ကော်သူးလေ ကျောင်းဆရာ/မ များ ဘာသာရပ်သင်တန်း (subject Training) ပြုလုပ်
========================
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ကနီ၊ ချောင်းမရွာ တိုက်ပွဲမှာ စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၄ ဦး ဖမ်းဆီးရမိ
🚩 ၂။ တနင်္သာရီ မြို့နယ်မှာ စစ်ကော်မရှင် ရိက္ခာပို့ ယာဉ်တန်းကို ထပ်မံ ကြားဖြတ်တိုက်ခိုက်
🚩 ၃။ ဒီးမော့ဆိုမှာ စစ်ကော်မရှင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့တာကြောင့် အဖွားအို အပါအဝင် မိသားစုဝင် (၃) ဦး သေဆုံး
🚩 ၄။ နတ်သံကွင်း ကာကင်းစခန်းမှ စစ်မှုထမ်း တပ်သားတဦး လက်နက်နဲ့ အလင်းဝင်
🚩 ၅။ ကျဆုံး ရဲဘော်များရဲ့ မိသားစုများကို ခင်ဦး ပကဖနဲ့ ပအဖမှ ဂုဏ်ပြုထောက်ပံ့ငွေ ပေးအပ်
🚩 ၆။ ရာမညမွန်တပ်တော် (RMA) က တပ်သားသစ်များ ခေါ်ယူနေ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ဒေသဆိုင်ရာ ပညာရေးကောင်စီများ ပေါ်ထွန်းလာမှုနဲ့ ပညာရေးညီလာခံ ကျင်းပမှုကို ထောက်ခံကြိုဆိုကြောင်း MOE, NUCC နဲ့ IFEC ထုတ်ပြန်
စက်တင်ဘာ ၁၂ ရက်၊
Radio NUG
ဒေသဆိုင်ရာ ပညာရေးကောင်စီများ ပေါ်ထွန်းလာမှုနဲ့ ဒေသဆိုင်ရာ ပညာရေးညီလာခံ ကျင်းပမှုတို့ကို အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပညာရေး ဝန်ကြီးဌာန (MOE)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) နှင့် Interim Federal Education Council တို့က ထောက်ခံကြိုဆိုကြောင်း ထုတ်ပြန်လာပါတယ်။
တိုင်းရင်းသားအားလုံးရဲ့ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးကို ဖော်ဆောင်တဲ့ ဖက်ဒရယ်ပညာရေး စနစ်ကို အကောင်အထည်ဖော်မယ့် ပညာရေးကောင်စီများ ဖွဲ့စည်းရန်ကြိုးပမ်းမှုကိုလည်းကောင်း၊ ဒေသတခုလုံးသာမက ပညာရေးအင်အားစု တစ်ခုလုံးကို လွှမ်းခြုံတဲ့ ပညာရေး ညီလာခံ ကျင်းပမှုကိုလည်းကောင်း ထောက်ခံ ကြိုဆိုတယ်လို့ ဆိုပါတယ်။
ဒေသအလိုက်၊ အစုအဖွဲ့အလိုက် ကိုယ်ပိုင်ဖြစ်တည်မှုနဲ့ တန်းတူအခွင့်အရေးရှိမှုကို အာမခံတဲ့ ပညာရေးစနစ်တခု ထူထောင်ရန် ကြိုးပမ်းကြမယ့် သူတိုင်းဟာ စွမ်းဆောင်ရည် ပြည့်ဝမှု၊ သဘောထားကြီးမှု၊ သည်းခံနိုင်စွမ်း ရှိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုများ ပြည့်ဝနေရမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
လိုအပ်ချက် တခုခုကြောင့် ပညာရေးအင်အားစုများကြား ပဋိပက္ခများ ပေါ်ပေါက်လာပါက ဖက်ဒရယ်ဒီမိုကရေစီ ပညာရေး မူဝါဒနှင့်အညီ ညှိနှိုင်းပေးပြီး အင်အားပြန်လည်စုစည်းနိုင်ရေး အကူအညီများ ပေးအပ်သွားဖို့ သန္နိဋ္ဌာန် ချထားတယ်လို့ ဆိုပါတယ်။
ယခုအခါ ပြည်သူလူထု တရပ်လုံးက လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှ ရှိမှုတို့ကို အာမခံနိုင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်လာစေဖို့ စနစ်ပြောင်း တော်လှန်ရေးကို ဆင်နွှဲနေကြောင်းနဲ့ ပြည်ထောင်စုရဲ့ စံတန်ဖိုး (၉) ရပ်ကို ချမှတ်ကာ မျက်နှာစာပေါင်းစုံက ကြိုးစားဖော်ဆောင်နေကြောင်း အသိပေးထားပါတယ်။
========================
📌📌 ၂။ ပန်လုန်းကျေးရွာမှာ အခြေခံ တအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ ကျင်းပခဲ့
စက်တင်ဘာ ၁၂ ရက်၊
Radio NUG
ရှမ်းပြည်နယ် မြောက်ပိုင်းရှိ တအောင်းတပ် (TNLA) တပ်မဟာ (၁) အုပ်ချုပ်နယ်မြေ၊ မိုင်းငေါ့မြို့နယ်၊ ပန်းလုန်း ကျေးရွာမှာ တအောင်း စာပေအဖွဲ့ - TLA က “အခြေခံ တအောင်းရုံးသုံးစာ” သင်တန်းဆင်းပွဲကို ပြုလုပ်ကျင်းပခဲ့တယ်လို့ PSLF/TNLA က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သင်တန်းဆင်းပွဲကို သင်တန်းသား/သူများ၊ ဆရာ/မများနဲ့ မိဘပြည်သူများ အပါအဝင် ၁၀၀ ဦး တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ သင်တန်းမှာ သင်တန်းသား ၁၁ ဦး၊ သင်တန်းသူ ၂၁ ဦး စုစုပေါင်း ၃၂ ဦး တက်ရောက်သင်ကြားခဲ့ကြပြီး ၎င်းတို့ကို တအောင်းစာပေအဖွဲ့ TLA က သင်တန်းတက်ရောက် အောင်မြင်ပြီးမြောက်ကြောင်း (Certificates) လက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်နေ့ကလည်း မိုးကုတ်မြို့နယ်၊ ရေပူကျေးရွာမှာ သင်တန်းသား/သူ စုစုပေါင်း ၃၂ ဦး ကို ဆရာဖြစ်သင်တန်း (TOT) အပတ်စဉ် (၅) သင်တန်းဆင်းပွဲ ပြုလုပ်ပေးခဲ့ ပါသေးတယ်။
========================
📌📌 ၃။ ကစယ်ဒို မြို့နယ်အတွင်း ကော်သူးလေ ကျောင်းဆရာ/မ များ ဘာသာရပ်သင်တန်း (subject Training) ပြုလုပ်
စက်တင်ဘာ ၁၂ ရက်၊
Radio NUG
ကရင့်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်မှာ ကော်သူးလေကျောင်းဆရာ၊ ဆရာမများ ဘာသာရပ်သင်တန်း (subject Training) ကို ပြုလုပ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၁ ရက်နေ့ မှ ၅ ရက်နေ့ အထိ ကော်သူးလေ ကျောင်းဆရာ/မ များအတွက် ဘာသာရပ် သင်တန်း (Subject Training) ကို ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ သင်တန်းကို ကစယ်ဒိုမြို့နယ် အတွင်းရှိ ကော်သူးလေကျောင်း (၁၅) ကျောင်းမှ ဆရာ၊ ဆရာမ စုစုပေါင်း ၄၅ ဦး တက်ရောက်ခဲ့တယ်လို့ သိရှိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ပဒဲဖိုးက ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ကနီ၊ ချောင်းမရွာ တိုက်ပွဲမှာ စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၄ ဦး ဖမ်းဆီးရမိ
စက်တင်ဘာ ၁၂ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာ တိုက်ပွဲမှာ စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၄ ဦးကို စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီး ရမိခဲ့တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၁၁ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ ချောင်းမရွာကို ရောက်ရှိနေတဲ့ တပ်မ (၃၃) လက်အောက်ခံ ခမရ (၁၆) တပ်ရင်းမှ ဗိုလ်မှူးသူရိန် ဦးဆောင်လာတဲ့ အင်အား (၁၀၀) ဝန်းကျင်ပါ စစ်ကော်မရှင် စစ်ကြောင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဘက်က ၃ ဦး သေဆုံးခဲ့ပြီး ၄ ဦးကို အရှင်ဖမ်းဆီး ရမိခဲ့ကာ MA-1 (၄) လက်၊ MA-3 (၁) လက်၊ MG-3 (၁) လက်၊ MAS စနိုက်ပါ (၁) လက်၊ ဂျန်ပါ (၁) လုံးနဲ့ အခြားသော စစ်အသုံးအဆောင် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF တပ်ရင်း၊ တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့ ပကဖများနဲ့ မဟာမိတ်တပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဘန့်ဘွေး ပျူရွာကို ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၂။ တနင်္သာရီ မြို့နယ်မှာ စစ်ကော်မရှင် ရိက္ခာပို့ ယာဉ်တန်းကို ထပ်မံ ကြားဖြတ်တိုက်ခိုက်
စက်တင်ဘာ ၁၂ ရက်၊
Radio NUG
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ စစ်ကော်မရှင် ရိက္ခာပို့ ယာဉ်တန်းကို ထပ်မံ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖ အဖွဲ့က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၁၁ ရက်နေ့မှာ သိန်းခွန်းတိုက်ပွဲကို ရိက္ခာ ပို့ဆောင်ပြီး ဒဏ်ရာရ စစ်သားများကို ပြန်တင်လာတဲ့ စစ်ကော်မရှင် ယာဉ်တန်း မြိတ်မြို့ကို ပြန်ဆင်းရာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ယာဉ်တန်းကို စက်တင်ဘာ ၉ ရက်နေ့ မနက်ပိုင်းက မြိတ်မြို့မှ တနင်္သာရီဘက်ကို ရိက္ခာပို့ ထွက်လာစဉ် ရမ်းဖိုကျေးရွာ၊ ဆီအုန်းကုန်းမှာ မိုင်းဆွဲပစ်ခတ် တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း ကားပေါ် ပါလာတဲ့ စစ်သားများနဲ့ လမ်းကင်း ယူထားသော စစ်သားများက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် မိနစ် ၂၀ ခန့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ဘက်က ထိခိုက်သေဆုံးမှု ရှိခဲ့ပေမယ့် အရေအတွက်ကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို တနင်္သာရီ ပ.က.ဖ (ဇုန် ၃)၊ မြိတ် ပ.က.ဖ နဲ့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး အဖွဲ့တို့က ပူးပေါင်း ဆောင်ရွက်ခဲ့တာဖြစ်ပြီး အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၃။ ဒီးမော့ဆိုမှာ စစ်ကော်မရှင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့တာကြောင့် အဖွားအို အပါအဝင် မိသားစုဝင် (၃) ဦး သေဆုံး
စက်တင်ဘာ ၁၂ ရက်၊
Radio NUG
ကရင်နီပြည်နယ်၊ ဒီးမော့ဆို မြို့နယ် အရှေ့ခြမ်းက ကျေးရွာ တစ်ရွာမှာ စစ်ကော်မရှင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့တာကြောင့် အသက် (၉၀) ကျော်အရွယ် အဖွားအိုတဦး အပါအဝင် မိသားစုဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ CTER-Karenni က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၁၁ ရက်နေ့ ည ၁၀ နာရီ အချိန်မှာ ဒေါဘျာကူး ကျေးရွာမှ နေအိမ်တလုံးကို လက်နက်ကြီး ထိမှန်ခဲ့ကာ အသက် ၉၁ နှစ်အရွယ် ဒေါ်မီမာ၊ လင်မယားနှစ်ဦး ဖြစ်ကြတဲ့ ၄၄ နှစ်အရွယ် ဦးငါးရယ် နှင့် ၃၈ နှစ်အရွယ် ဒေါ်စူးမာတို့ နေရာမှာပဲ သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ထို့အပြင် အသက် ၁၅ နှစ်၊ ၁၂ နှစ် နဲ့ ၉ နှစ်အရွယ် ကလေးငယ် သုံးဦးလည်း ခြေ၊ လက်နဲ့ မျက်နှာများမှာ ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကာ အသက် ၁၂ နှစ်အရွယ် မီရယ်ထူးဟာ စိတ်ဒဏ်ရာရခဲ့တယ်လို့ IEC က ဖော်ပြပါတယ်။
အဆိုပါ လက်နက်ကြီးများဟာ ဒီးမော့ဆို အခြေစိုက် စစ်ကော်မရှင်ရဲ့ ခလရ (၁၀၂) တပ်ရင်းနဲ့ ဖရူဆို အခြေစိုက် အမှတ် (၁၄) တန်းမြင့် လေ့ကျင့်ရေးကျောင်း တို့က ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ကရင်နီ ဒေသမှာ ဩဂုတ်လအတွင်း စစ်ကော်မရှင်ရဲ့ တိုက်ခိုက်မှုများကြောင့် အရပ်သား ပြည်သူ ၃၅ ဦး သေဆုံး ခဲ့ပြီး ၅၀ ဝန်းကျင် ဒဏ်ရာရခဲ့တယ်လို့ ကရင်နီလူ့အခွင့်ရေးအဖွဲ့ (KnHRG) က ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ နတ်သံကွင်း ကာကင်းစခန်းမှ စစ်မှုထမ်း တပ်သားတဦး လက်နက်နဲ့ အလင်းဝင်
စက်တင်ဘာ ၁၂ ရက်၊
Radio NUG
ပဲခူးတိုင်း၊ ကျောက်တံခါး မြို့နယ်ရှိ စစ်ကော်မရှင် နတ်သံကွင်း ကာကင်းစခန်းမှ ပြည်သူ့စစ်မှုထမ်း တပ်သားသစ် ၁ ဦး လက်နက်နဲ့ အလင်းဝင်ခဲ့တယ်လို့ ပဲခူးခရိုင် တပ်ရင်း (၂) - P23702 က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၇ ရက်နေ့က နတ်သံကွင်း ကာကင်းစခန်းမှ စစ်မှုထမ်း တပ်သား တစ်ဦးဟာ MA-1 တစ်လက်၊ ကျည်ဘောက် ၅ ခု၊ ကျည် ၁၅၀ တောင့်ကို ယူဆောင်လာပြီး ဗျူဟာ (၂၅) ကွပ်ကဲမှုအောက်ရှိ ပဲခူးခရိုင် တပ်ရင်း (၂) ထံ အလင်းဝင် လာခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ အလင်းဝင် စစ်မှုထမ်း တပ်သားကို ဘေးကင်းရာကို ပို့ဆောင်ပေးခဲ့ကာ လိုအပ်သည်များကို ဆက်လက် ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ်အတွင်းမှာ ပဲခူးခရိုင် တပ်ရင်း (၂) ထံ ဘက်ပြောင်း အလင်းဝင်လာခဲ့တဲ့ စစ်ကော်မရှင် တပ်ဖွဲ့ဝင် (၃၅) ဦးထိ ရှိခဲ့ပြီး ဖြစ်တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၅။ ကျဆုံး ရဲဘော်များရဲ့ မိသားစုများကို ခင်ဦး ပကဖနဲ့ ပအဖမှ ဂုဏ်ပြုထောက်ပံ့ငွေ ပေးအပ်
စက်တင်ဘာ ၁၂ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်း တိုက်ပွဲများမှာ ကျဆုံးခဲ့ရတဲ့ ပ.က.ဖ ရဲဘော်များရဲ့ မိသားစုဝင်များကို မြို့နယ် ပကဖ၊ ပအဖတို့က ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ခဲ့တယ်လို့ ပကဖ အသံ က ထုတ်ပြန်ထားပါတယ်။
ခင်ဦးမြို့နယ်က တိုက်ပွဲများမှာ ကျဆုံးခဲ့ရတဲ့ ပကဖ ရဲဘော်တွေဖြစ်တဲ့ ရဲဘော် ကောင်းကောင်း (ခ) K2၊ ရဲဘော် ကျီကွန့်၊ ရဲဘော် ရဲမင်းထက် (ခ) နေမင်း တို့ရဲ့ မိသားစုဝင်များအား ဂုဏ်ပြု ထောက်ပံ့ငွေများ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
ပြည်သူ့ခုခံ တွန်းလှန်စစ်အတွင်းမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော်၊ ရဲမေတွေနဲ့ ဒဏ်ရာရ ရဲဘော်၊ ရဲမေတွေကို အမျိုးသား ညီညွတ်ရေး အစိုးရ ဦးဆောင်မှုအောက်မှာ ရှိနေတဲ့ အဖွဲ့အစည်းတွေက ထောက်ပံကူညီမှု၊ ဂုဏ်ပြုအသိမှတ်ပြုမှုတွေကို လုပ်ဆောင်ပေးလျက် ရှိတယ်လို့ အသိပေးထားပါတယ်။
========================
🚩🚩 ၆။ ရာမညမွန်တပ်တော် (RMA) က တပ်သားသစ်များ ခေါ်ယူနေ
စက်တင်ဘာ ၁၂ ရက်၊
Radio NUG
ရာမညမွန်တပ်တော် (RMA) က အာဏာသိမ်းစစ်တပ်နဲ့ စစ်အာဏာရှင်စနစ်ကို တော်လှန်လိုသူများကို တပ်ဖွဲ့ဝင်အဖြစ် အလိုရှိကြောင်း စက်တင်ဘာလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျဆုံးရေးအတွက် ကဏ္ဍမျိုးစုံမှာ ပါဝင်တော်လှန်ကြမယ့် တာဝန်သိပြည်သူများ အနေဖြင့် RMA က သတ်မှတ်ထားတဲ့ အချက်များနဲ့ ကိုက်ညီပါက တပ်သားသစ် အဖြစ် ပါဝင်ရန် ဆက်သွယ်နိုင်တယ်လို့ ဖိတ်ခေါ်ထားပါတယ်။
တပ်သားသစ် ပါဝင်လိုသူများဟာ အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း ကျန်းမာရေး ကောင်းမွန်သူ ဖြစ်ရမှာဖြစ်ပြီး အကြမ်းဖက် စစ်တပ် အမြစ်ပြတ်တဲ့အထိ တော်လှန်လိုစိတ်ရှိရမယ်လို့ ဆိုပါတယ်။
ထို့အပြင် ကိုယ်ကျိုးစွန့် ပေးဆပ်နိုင်ပြီး တော်လှန်ရေး လုပ်ငန်းများကို ကျရာကဏ္ဍတွင် တာဝန်ထမ်းဆောင်နိူင်တဲ့ စိတ်ဓါတ် ရှိရမှာဖြစ်ကာ အကျင့်စာရိတ္တကောင်းမွန်ပြီး၊ ရာဇဝတ်မှုကင်းရှင်းသူ ဖြစ်ရမယ်လို့ သိရပါတယ်။
ရာမညမွန်တပ်တော်မှာ တိုက်ခိုက်ရေးနှင့် နည်းပညာဌာနများ အပါအဝင် ဌာနအသီးသီး ရှိတဲ့အလျောက် မိမိတို့ ကျွမ်းကျင်ရာ နယ်ပယ်တွင် တာဝန်ယူ၍ အကြမ်းဖက် စစ်တပ်အား တိုက်ခိုက်လိုတဲ့ စိတ်ဓါတ်ရင့်သန်တဲ့ လူငယ်များအား ဖိတ်ခေါ်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ပဒဲဖိုးက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment