၂၀၂၅ စက်တင်ဘာလ ၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ NUG နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဥရောပသမဂ္ဂ နိုင်ငံရေးရာ ဒု-အထွေထွေအတွင်းရေးမှူးတို့ တွေ့ဆုံ
📌 ၂။ မြန်မာနိုင်ငံရှိ ကလေးငယ်များအပေါ် စစ်တပ်၏ အကြမ်းဖက်မှုများ မြင့်တက်နေ၍ အရေးယူရန် လိုအပ်ဟု မြန်မာသံအမတ်ကြီး တိုက်တွန်း
📌 ၃။ ၂၀၂၅ မှာ စစ်အုပ်စုရဲ့ လေကြောင်း တိုက်ခိုက်မှုနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ပိုမို ပြင်းထန်လာ
📌 ၄။ မြန်မာ စစ်ကောင်စီရဲ့ (၂၀၂၅) ရွေးကောက်ပွဲကို အသိမှတ် မပြုဖို့ နိုင်ငံတကာ အရပ်ဘက် အဖွဲ့အစည်း ၃၁၅ ဖွဲ့က ASEAN ထံ အရေးတကြီး တောင်းဆို
📌 ၅။ ကချင်နှင့် ကရင်နီပြည်နယ်များရှိ အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၌ စစ်ရာဇဝတ်မှုများ ကျူးလွန်သည့် မြန်မာစစ်တပ်အရာရှိ ၂၂ ဦးကို Fortify Rights ဖော်ထုတ်
========================
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ တောင်သာမြို့နယ်တွင် စစ်သားများ လိုက်ပါလာသည့် ကား ၃ စီးကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး
🚩 ၂။ နတ်မောက်၊ တက်ဝန်ကျေးရွာက ပျူစောထီး အဖွဲ့ကို ဝင်ရောက်စီးနင်း တိုက်ခိုက်ချေမှုန်းခဲ့
🚩 ၃။ ဗန်းမောက်မြို့နယ်ရှိ တော်လှန်ရေး တပ်ဖွဲ့များ စိုးမိုးနယ်မြေကို SNA က ဝင်ရောက်တိုက်ခိုက်
🚩 ၄။ လက်ပံတန်းမြို့နယ်တွင် စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံး
🚩 ၅။ ပုလဲနှင့် မြောင်မြို့နယ်များတွင် စစ်တပ်က လေယာဉ်နှင့် လက်နက်ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၂ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ
🚩 ၆။ ကျောက်တော်တွင် အမျိုးသမီး ၄ ဦးအား အဓမ္မပြုကျင့်မှုဖြင့် တရားခံတစ်ဦးကို ထောင်ဒဏ် ၄၀ နှစ် ချမှတ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ NUG နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဥရောပသမဂ္ဂ နိုင်ငံရေးရာ ဒု-အထွေထွေအတွင်းရေးမှူးတို့ တွေ့ဆုံ
စက်တင်ဘာ ၄
Radio NUG
၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဥရောပသမဂ္ဂ နိုင်ငံရေးရာ ဒု-အထွေထွေအတွင်းရေးမှူး H.E. Olof Skoog တို့ တွေ့ဆုံခဲ့ကြကြောင်း သတင်းထုတ်ပြန်ပါတယ်။
အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က လက်ရှိဖြစ်ပေါ်နေသည့် မြန်မာ့နိုင်ငံရေးအခြေအနေများ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စများ ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
H.E. Olof Skoog က ဥရောပသမဂ္ဂအနေဖြင့် လွတ်လပ်မှုနှင့် ဒီမိုကရေစီရရှိရေးအတွက် မဆုတ်မနစ်ကြိုးပမ်းနေကြသည့် မြန်မာပြည်သူများနှင့်အတူ တသားတည်းရှိနေကြောင်း၊ တရားမျှတမှုနှင့် ငြိမ်းချမ်းရေးအတွက် အတူတကွ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၂။ မြန်မာနိုင်ငံရှိ ကလေးငယ်များအပေါ် စစ်တပ်၏ အကြမ်းဖက်မှုများ မြင့်တက်နေ၍ အရေးယူရန် လိုအပ်ဟု မြန်မာသံအမတ်ကြီး တိုက်တွန်း
စက်တင်ဘာ ၄
Radio NUG
မြန်မာနိုင်ငံတွင် စစ်တပ်၏ ကလေးငယ်များအပါအဝင် ပြည်သူများအပေါ် စစ်မက်ဆိုင်ရာ အကြမ်းဖက်မှုများ မြင့်တက်နေပြီး၊ ကလေးငယ်များသည် အကျပ်အတည်း၏ ဒဏ်ကို အဆိုးရွားဆုံး ခံစားနေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက စက်တင်ဘာ ၂ ရက် နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် UNICEF အမှုဆောင်ဘုတ်အဖွဲ့၏ ၂၀၂၅ ခုနှစ် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေး အထွေထွေ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အကျပ်အတည်းသည် ၅ နှစ်မြောက်သို့ ဝင်ရောက်နေပြီဖြစ်ပြီး၊ စစ်တပ်၏ အကြမ်းဖက်မှုများကြောင့် ကလေးငယ်များ၏ အခြေအနေမှာ ဆိုးရွားလျက်ရှိကာ အဓမ္မစစ်သားစုဆောင်းခြင်း၊ ကလေးလုပ်သားပြုခြင်းနှင့် အမြတ်ထုတ်ခြင်းများကို ရင်ဆိုင်နေရတယ်လို့ ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ ၂၀၂၄ ခုနှစ် အစီရင်ခံစာအရ စစ်တပ်က ကလေးငယ် ၂၄၈ ဦးကို သတ်ဖြတ်ခဲ့ပြီး၊ အသက် ၂ နှစ်အထိ ငယ်ရွယ်သည့် ကလေးငယ်များကိုပင် ပစ်မှတ်ထားခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် တရားလက်လွတ် ဖမ်းဆီးချုပ်နှောင်ခြင်းများ ရှိခဲ့ကာ မြန်မာစစ်တပ်သည် ကလေးငယ်များအပေါ် ကြီးလေးသော ရာဇဝတ်မှုများ ကျူးလွန်မှုကြောင့် ကုလသမဂ္ဂ၏ “list of shame” တွင် ထည့်သွင်းခံထားရတယ်လို့ ဆိုထားပါတယ်။
ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ကိုင်တွယ်ရန် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ထိရောက်သော လုပ်ဆောင်ချက်များကို အချိန်မီ ချမှတ်ရန်နှင့် မြန်မာအရေးကိစ္စကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းပေးရန် လုံခြုံရေးကောင်စီကို တိုက်တွန်းခဲ့ပါတယ်။
ထို့အပြင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို ရပ်တန့်ရန် လေယာဉ်ဆီနှင့် လက်နက်ရောင်းချမှု ပိတ်ဆို့ရေးကိုလည်း တောင်းဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်အား အမြတ်ပြတ် ချုပ်ငြိမ်းစေ၍ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်မှသာလျှင် ကလေးငယ်များ ဘေးကင်းလုံခြုံစွာနေထိုင်နိုင်ရေး၊ အရည်အသွေးပြည့်ဝသော ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အခွင့်အလမ်းများ ပြန်လည် ရရှိနိုင်မည်ဖြစ်ပြီး ၎င်းတို့အား အဓမ္မ စစ်သားစုဆောင်းခြင်း၊ ကလေးလုပ်သားပြုခြင်းနှင့် အမြတ်ထုတ်ခြင်းတို့မှ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်ရှိသော ကလေးငယ်များသည်လည်း အကြောက်တရားနှင့် အကြမ်းဖက်မှုတို့ ကင်းစင်သည့် ကလေးဘဝကို အပြည့်အဝ ခံစားခွင့်ရှိကြောင်း၊ ၎င်းတို့တွင်လည်း အသက်ရှင် နေထိုင်ခွင့်၊ သင်ကြားခွင့်နှင့် ၎င်းတို့၏ တောက်ပသော အနာဂတ်အတွက် အိပ်မက်မက်ခွင့်တို့ ရှိကြောင်း သံအမတ်ကြီးက ထောက်ပြခဲ့ပါတယ်။
========================
📌📌 ၃။ ၂၀၂၅ မှာ စစ်အုပ်စုရဲ့ လေကြောင်း တိုက်ခိုက်မှုနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ပိုမို ပြင်းထန်လာ
စက်တင်ဘာ ၄ ရက်၊
Radio NUG
၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက် စစ်အုပ်စုက လေကြောင်း တိုက်ခိုက်မှုနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ပိုမိုပြင်းထန်စွာ ကျူးလွန်လာတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
၂၀၂၅ ဇန်နဝါရီ ၁ ရက်မှ ဩဂုတ် ၃၁ ရက်အထိ စစ်အုပ်စုက နိုင်ငံတဝှမ်းမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ (၃,၃၁၈) ကြိမ် ကျူးလွန်ခဲ့ကာ အရပ်သားပြည်သူ (၁,၄၈၇) ဦး သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။
စစ်အုပ်စု အာဏာတည်မြဲရေးအတွက် အရေးပေါ်အခြေအနေ ၇ ကြိမ်မြောက် သက်တမ်းတိုးခဲ့တဲ့ ဖေဖော်ဝါရီလမှာ လေကြောင်းတိုက်ခိုက်မှု (၄၃၆) ကြိမ်ထိ သိသိသာသာ မြင့်တက်ခဲ့ပြီး အင်အားပြင်း ငလျင်ဒဏ် ခံစားနေရဆဲဖြစ်တဲ့ ဧပြီလအတွင်းမှာ (၅၀၈) ကြိမ်ထိ စံချိန်တင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
တရားမဝင် ရွေးကောက်ပွဲ ကျင်းပဖို့ဆိုကာ စစ်ကော်မရှင် (SSPC) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တဲ့ ဩဂုတ်လမှာ လေကြောင်း တိုက်ခိုက်မှု (၄၉၃) ကြိမ်ထိ ကျူးလွန်ခဲ့ပြီး သေဆုံးသူ (၂၇၈) ဦးထိ ရှိခဲ့ကာ အများဆုံး ဖြစ်ခဲ့တာကို တွေ့ရပါတယ်။
ထို့အပြင် စစ်အုပ်စုဟာ ၂၀၂၅ ခုနှစ်အတွင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု (လူ ၅ ဦးနှင့်အထက်) ၁၀၅ ကြိမ် ကျူးလွန်ခဲ့ပြီး စုစုပေါင်း သတ်ဖြတ်ခံရသူ (၁,၀၈၁) ဦးထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အများဆုံး ကျူးလွန်ခဲ့ပြီး (၂၂) ကြိမ်ထိ ရှိခဲ့ကာ သေဆုံးသူ (၂၂၅) ဦးထိ ရှိခဲ့ပါတယ်။
အင်အားပြင် ငလျင်ဒဏ် ခံစားနေရဆဲဖြစ်တဲ့ ဧပြီလအတွင်းမှာလဲ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု (၁၅) ကြိမ် ကျူးလွန်ခဲ့ပြီး သေဆုံးသူ (၁၄၅) ဦး ရှိခဲ့တာကို တွေ့ရပါတယ်။
စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု အများဆုံးကျူးလွန်ခံခဲ့ရပြီး (၂၉၃) ကြိမ် နဲ့ (၂၃၆) ကြိမ်ထိ ရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းနဲ့ မန္တလေးတိုင်းဟာ ငလျင်ဒဏ်ကို ဆိုးဝါးစွာ ခံစားနေရတဲ့ ကာလအတွင်းမှာတင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ၉ ကြိမ်ထိ ကျူးလွန်ခံခဲ့ရပြီး အပြစ်မဲ့ပြည်သူ ၁၃၅ ယောက်ထိ သေဆုံးခဲ့ရ ပါသေးတယ်။
========================
📌📌 ၄။ မြန်မာ စစ်ကောင်စီရဲ့ (၂၀၂၅) ရွေးကောက်ပွဲကို အသိမှတ် မပြုဖို့ နိုင်ငံတကာ အရပ်ဘက် အဖွဲ့အစည်း ၃၁၅ ဖွဲ့က ASEAN ထံ အရေးတကြီး တောင်းဆို
စက်တင်ဘာ ၄ ရက်၊
Radio NUG
မြန်မာ စစ်ကောင်စီက ကျင်းပဖို့ စီစဉ်နေတဲ့ (၂၀၂၅) ရွေးကောက်ပွဲကို နိုင်ငံတကာ အရပ်ဘက် လူမှုအဖွဲ့အစည်း ၃၁၅ ဖွဲ့က "အတုအယောင်ရွေးကောက်ပွဲ" အဖြစ် ကြေညာခဲ့ပြီး လုံးဝ အသိမှတ်မပြုဖို့ “ASEAN” ခေါင်းဆောင်များထံကို စာတစောင် ပေးပို့ကာ အရေးတကြီး တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၃ ရက်က ပေးပို့ခဲ့တဲ့ ပေးစာတွင် ASEAN ရဲ့ စည်းလုံးညီညွတ်မှုနဲ့ ဂုဏ်သိက္ခာဟာ ယခုအရေးကိစ္စ မှာ မည်သို့မည်ပုံ ဆောင်ရွက်မည် ဆိုတဲ့အပေါ်မှာ မူတည်နေကြောင်း ရေးသား ဖော်ပြထားကာ ကမ္ဘာတစ်ဝှမ်းက မြန်မာ့ ဒီမိုကရေစီရေးဆိုင်ရာ အဖွဲ့အစည်းများက လက်မှတ်ရေးထိုး ထောက်ခံထားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီကို နည်းပညာနဲ့ ငွေကြေးဆိုင်ရာ အကူအညီများ မည်သည့်နည်းနဲ့မျှ မပေးဖို့၊ ရွေးကောက်ပွဲ လေ့လာသူများကို စေလွှတ်ခြင်း မပြုဖို့အပြင် စစ်ကောင်စီခေါင်းဆောင်များ၊ ၎င်းတို့ရဲ့ မိသားစုဝင်များနှင့် ဆက်စပ်နေတဲ့ လုပ်ငန်းများအား ပစ်မှတ်ထား အရေးယူဆောင်ရွက်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
စစ်ကောင်စီဟာ နိုင်ငံရဲ့ ၂၁ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်ထားနိုင်ကြောင်း ကျန်ဒေသများကို အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက အုပ်ချုပ်ကာကွယ်ထားတယ်လို့ ဆိုပါတယ်။
ထို့အပြင် စစ်ကောင်စီဟာ ပြည်သူများအား လေကြောင်းတိုက်ခိုက်မှု (၇,၀၀၀) ကျော်ဖြင့် ခြိမ်းခြောက်တိုက်ခိုက်နေတာကြောင့် စစ်ဘေးရှောင် ပြည်သူ ၃.၅ သန်းကျော် ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ထောက်ပြပါတယ်။
ASEAN အနေနဲ့ မြန်မာပြည်သူများရဲ့ တရားဝင် ကိုယ်စားလှယ်များ ဖြစ်ကြတဲ့ NUG, NUCC, Federal Unit များနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့်သာ တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်သင့်ကြောင်း လူထုအတွက် ပေးအပ်သော အကူအညီများကိုလည်း စစ်ကောင်စီနဲ့ မပတ်သက်တဲ့ လမ်းကြောင်းများမှ တဆင့်သာ ပေးပို့သင့်ကြောင်းကို အဆိုပါ အဖွဲ့အစည်းများက တင်ပြထားပါတယ်။
========================
📌📌 ၅။ ကချင်နှင့် ကရင်နီပြည်နယ်များရှိ အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၌ စစ်ရာဇဝတ်မှုများ ကျူးလွန်သည့် မြန်မာစစ်တပ်အရာရှိ ၂၂ ဦးကို Fortify Rights ဖော်ထုတ်
စက်တင်ဘာ ၄
Radio NUG
ကချင်နှင့် ကရင်နီပြည်နယ်များရှိ အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်သည့် လေကြောင်းတိုက်ခိုက်မှုများတွင် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည့် အာဏာသိမ်းစစ်တပ်၏ ထိပ်တန်းအရာရှိ ၂၂ ဦးကို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်း Fortify Rights က ဖော်ထုတ်လိုက်ပါတယ်။
Fortify Rights ၏ စက်တင်ဘာ ၄ ထုတ်ပြန်သော အစီရင်ခံစာတွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကြည်းရေလေညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး အပါအဝင် ထိပ်တန်းစစ်ခေါင်းဆောင်များနှင့် စစ်ဌာနချုပ် ၈ ခု၊ တပ်ရင်းတပ်ဖွဲ့ ၁၂ ခုတို့သည် အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်မှုများတွင် ပါဝင်ခဲ့ကြောင်း အထောက်အထားများနှင့်အတူ ဖော်ပြထားပါတယ်။
အစီရင်ခံစာတွင် မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများသည် နိုင်ငံတကာဥပဒေအရ စစ်ရာဇဝတ်မှုများအဖြစ် သတ်မှတ်နိုင်ကြောင်း ထောက်ပြထားပြီး၊ ထိုသို့တိုက်ခိုက်မှုများအတွက် လေယာဉ်ဆီနှင့် လက်နက်များ တင်သွင်းမှုကို ပိတ်ဆို့ရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအား တောင်းဆိုထားပါတယ်။
Fortify Rights ၏ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးတာဝန်ခံ မချစ်ဆိုင်းက "လေကြောင်းတိုက်ခိုက်မှုတိုင်းဟာ အာဏာရှိသူတစ်ဦးရဲ့ ဆုံးဖြတ်ချက်နဲ့ စတင်လုပ်ဆောင်တာဖြစ်ပြီး၊ အဲ့ဒီဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ လုပ်ငန်းစဉ်တွေကို ခြေရာခံဖော်ထုတ်ထားပါတယ်။ ဒါ့အပြင် အဲ့ဒီတိုက်ခိုက်မှုတွေ ဖြစ်လာစေဖို့ ထောက်ပံ့ရေးဆိုင်ရာ ဆက်သွယ်မှုတွေ (supply chain) အထိ ကျွန်မတို့ ခြေရာခံနိုင်ခဲ့ပါပြီ”လို့ ပြောကြားထားပါတယ်။
ထို့အပြင် Fortify Rights ၏ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးတာဝန်ခံ ကိုစိုင်းအာကာက "ဒီရက်စက်ကြမ်းကြုတ်မှုတွေကို ရပ်တန့်နိုင်စေဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေရှိပြီး အခုအချိန်မှာ အဲ့ဒီနည်းလမ်းတွေကို အသုံးပြုဖို့ လိုအပ်နေပါပြီ"လို့ ပြောကြားခဲ့ပါတယ်။
၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် နယူးယောက်မြို့၌ ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မြန်မာစစ်တပ်အပေါ် လေယာဉ်ဆီနှင့် လက်နက်တင်ပို့မှု ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန်နှင့် မြန်မာနိုင်ငံဆိုင်ရာ အခြေအနေများကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းပေးရန် Fortify Rights က ကုလသမဂ္ဂလုံခြုံရေးကောင်စီအား တွန်းအားပေးရန် တောင်းဆိုထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
========================
🚩🚩 ၁။ တောင်သာမြို့နယ်တွင် စစ်သားများ လိုက်ပါလာသည့် ကား ၃ စီးကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး
စက်တင်ဘာ ၄
Radio NUG
စက်တင်ဘာ ၃ ရက်နေ့တွင် တောင်သာမြို့နယ်၊ ကန်ရွာဘူတာ၊ ဘိန်းနွယ်ကုန်းနှင့် တစ်မိုင်သာရွာဘက်သို့ မြင်းခြံမြို့မှ စစ်ကား ၃ စီးဖြင့် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်သားများကို ၄၀ မမ ဗုံးများဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းမှ သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်း ဗုံးထိမှန်ကာ အကြမ်းဖက်စစ်သား ၅ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းက လုပ်ဆောင်ခဲ့ပြီး၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ နတ်မောက်၊ တက်ဝန်ကျေးရွာက ပျူစောထီး အဖွဲ့ကို ဝင်ရောက်စီးနင်း တိုက်ခိုက်ချေမှုန်းခဲ့
စက်တင်ဘာ ၄ ရက်၊
Radio NUG
မကွေးတိုင်း နတ်မောက်မြို့နယ် တက်ဝန်ကျေးရွာမှ ပျူစောထီးခေါင်းဆောင် ဘိုထွန်းနဲ့ အဖွဲ့ကို ဝင်ရောက်စီးနင်း တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ ငါးပြေမ ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၄ ရက် မနက် ၅ နာရီ ၁၀ မိနစ် အချိန်မှာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး မိနစ် ၄၀ ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း ပျူခေါင်းဆောင် ဘိုထွန်း နဲ့ ပျူစောထီး ၅ ဦးကို အပြီးသတ် ချေမှုန်းနိုင်ခဲ့ကာ ပွိုင့် ၂၂ လက်လုပ် ပစ္စတို ၁ လက်၊ ကာဘိုင် ၅ လက်၊ ကာဘိုင်ကျည် ၉၅ တောင့်၊ ပြောင်းချောသေနတ် ၂ လက်၊ ပြောင်းချောကျည် ၃၀ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ ငွေသား ၁ သိန်း၊ ဖုန်း ၄ လုံး၊ စစ်ဝတ်တန်ဆာများ နဲ့ စစ်မှုထမ်း စာအုပ် ၁ အုပ်ကို သိမ်းဆည်းရရှိ ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို သရက်ခရိုင်၊ အမှတ် ၃ ငါးပြေမတပ်ရင်း၊ မြေပြန့်ကျားတပ်ခွဲမှ ဦးဆောင်ပြီး ရေနံချောင်း ပကဖ၊ မင်းဘူးခရိုင် စစ်ဌာန ပြည်သူ့လုံခြုံရေး တပ်ဖွဲ့၊ Chauk Revolutionary Army (CRA) နဲ့ ဒေါင်းစစ်သည် ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၃။ ဗန်းမောက်မြို့နယ်ရှိ တော်လှန်ရေး တပ်ဖွဲ့များ စိုးမိုးနယ်မြေကို SNA က ဝင်ရောက်တိုက်ခိုက်
စက်တင်ဘာ ၄ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ နားယကာ ကျေးရွာအနီး တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးနယ်မြေအတွင်းကို စစ်ကော်မရှင်လက်ဝေခံ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကသာခရိုင်၊ အမှတ် (၄) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၃ ရက်နေ့၊ ညနေ ၃ နာရီခန့်မှာ SNA တပ်ဖွဲ့က 4 wheel ကားဖြင့် တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုး နယ်မြေ အတွင်းကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ အချိန်မှီ ပစ်ခတ်တားဆီး နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ထိတွေ့တိုက်ပွဲ ၁၀ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီးနောက် SNA တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲ ဖြစ်ပွားပြီးနောက် SNA တပ်ဖွဲ့က ဒရုန်းအသုံးပြု ပြန်လည်တိုက်ခိုက်ခဲ့ရာ ပြည်သူများ နေထိုင်လျက်ရှိတဲ့ နေရာကို ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၁ ဦး ထိမှန်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီနဲ့ လက်ဝေခံ SNA တပ်ဖွဲ့များက ဗန်းမော်မြောက်ပိုင်းနဲ့ အနောက်ခြမ်းဒေသများမှာလည်း တပြိုင်ထဲ ထိုးစစ်ဆင်လာတာကြောင့် တော်လှန်ရေး တပ်ဖွဲ့များနဲ့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေတယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၄။ လက်ပံတန်းမြို့နယ်တွင် စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံး
စက်တင်ဘာ ၄
Radio NUG
စက်တင်ဘာ ၄ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ပဲခူးတိုင်း၊ လက်ပံတန်းမြို့ပေါ်တွင် တပ်စွဲထားသည့် စစ်သားများသည် ဆင်တလင်းရွာသို့ ရောက်ရှိပြီးနောက် သရက်ချောင်းရွာကို ဒရုန်းဖြင့် ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သတင်းရရှိပါတယ်။
တစ်လုံးက ရွာပြင်မှာ ကျပြီး နောက်ဗုံးတစ်လုံးသည် ဒေသခံ ဦးဇေယျာလင်း၏ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ရာ ၎င်းမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်သည် သာယာဝတီခရိုင်အတွင်းရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် အကြောင်းမဲ့ တိုက်ခိုက်လျက်ရှိပြီး စက်တင်ဘာလ ၃ရက်နေ့ကလည်း လက်ပံတန်းမြို့နယ်၊ စီတုန်းရွာအနီးသို့ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
========================
🚩🚩 ၅။ ပုလဲနှင့် မြောင်မြို့နယ်များတွင် စစ်တပ်က လေယာဉ်နှင့် လက်နက်ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၂ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ
စက်တင်ဘာ ၄
Radio NUG
စက်တင်ဘာ ၄ ရက် မွန်းလွဲတွင် ပုလဲမြို့နယ်၊ တနယ်ကျေးရွာကို စစ်တပ်၏ တံတားဦးလေတပ်စခန်းမှ တက်လာသော FCT 2000 G ဂျက်ဖိုက်တာလေယာဉ်တစ်စီးက ပေါင် ၅၀၀ ဗုံးသီး ၁ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
ဗုံးကြဲမှုကြောင့် နေအိမ် ၁ လုံး မီးလောင်ပျက်စီးပြီး အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးကာ နွား ၄ ကောင်လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အလားတူ၊ မြောင်မြို့နယ်၊ နဘတ်ကျေးရွာကို စက်တင်ဘာလ ၄ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ရေစကြိုမြို့ပေါ်ရှိ စစ်တပ်က ဟောင်ဝှစ်ဇာလက်နက်ကြီးဖြင့် ၂ လုံး ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
လက်နက်ကြီးတစ်လုံးသည် ဘရင်ဂျီချက်ကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး၊ နဘတ်ကျေးရွာအတွင်း ပြည်သူ ၄ ဦး လက်နက်ကြီးအစထိမှန်ကာ မစိုးရိမ်ရသည့် ဒဏ်ရာများ ရရှိခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ ကျောက်တော်တွင် အမျိုးသမီး ၄ ဦးအား အဓမ္မပြုကျင့်မှုဖြင့် တရားခံတစ်ဦးကို ထောင်ဒဏ် ၄၀ နှစ် ချမှတ်
စက်တင်ဘာ ၄
Radio NUG
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နှင့် မြောက်ဦးမြို့နယ်များတွင် အမျိုးသမီး ၄ ဦးအား အဓမ္မပြုကျင့်ခဲ့သူ တရားခံတစ်ဦးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ မြောက်ဦးခရိုင်တရားရုံးက ထောင်ဒဏ် ၄၀ နှစ် ချမှတ်လိုက်ကြောင်း APM သတင်းဌာနမှ ဖော်ပြထားပါတယ်။
စက်တင်ဘာ ၁ ရက်က ချမှတ်လိုက်သည့် အမိန့်အရ တရားခံ ဇော်ဇော်နိုင် (ခ) လဖြူချေ၊ အသက် ၂၅ နှစ်၊ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှ ဖြစ်ပြီး ၎င်းသည် ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်အတွင်း အမျိုးသမီးငယ် ၄ ဦးအား အလုပ်ပေးမည်ဟု လိမ်လည်ခေါ်ယူကာ ခြိမ်းခြောက်၍ အဓမ္မပြုကျင့်ခဲ့ကြောင်း တရားရုံးက ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
တရားခံသည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျောက်တော်မြို့နယ်၊ လိပ်မရွာမှ အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ ဇန်နဝါရီ ၂၄ ရက်တွင် ကျောက်တော်မြို့နယ်၊ မြင်းကြပ်ရွာမှ အသက် ၁၇ နှစ်အရွယ် မိန်းမပျိုတစ်ဦး၊ ဇန်နဝါရီ ၁၄ ရက်တွင် မြောက်ဦးမြို့နယ်၊ ဆင်အိုးကြီးရွာမှ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် မြောက်ဦးမြို့၊ လက်ကောက်ဈေးရပ်ကွက်မှ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးတို့အား အဓမ္မပြုကျင့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြောက်ဦးခရိုင်တရားရုံးက အဆိုပါ အမှုလေးခုအတွက် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၆၆ (ခြိမ်းခြောက်မှု) နှင့် ပုဒ်မ ၃၇၆ (အဓမ္မပြုကျင့်မှု) တို့ဖြင့် အမှုတစ်ခုလျှင် ထောင်ဒဏ် ၁၀ နှစ်စီ၊ စုစုပေါင်း ၄၀ နှစ် သီးခြားကျခံရန် စီရင်ချက်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
တရားခံ ဇော်ဇော်နိုင်သည် ၎င်းက မြောက်ဦး၊ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များမှ အမျိုးသမီးငယ် စုစုပေါင်း ၁၁ ဦးအား အဓမ္မပြုကျင့်ခဲ့ကြောင်း ဝန်ခံထွက်ဆိုထားပြီး လက်ရှိတွင် အမှု ၄ ခုသာ စီရင်ပြီးစီးပြီးကာ ကျန်အမှု ၇ ခုကို တရားစွဲဆိုရေးအဖွဲ့အစည်းက ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment