၂၀၂၅ အောက်တိုဘာလ ၁၂ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ စစ်ကိုင်းတိုင်းထဲက NUG စိုးမိုးနယ်မြေ မြို့နယ်တခုမှာ WY မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိ
📌 ၂။ နိုင်ငံတကာအသိုက်အဝန်းက ပြတ်ပြတ်သားသား အရေးမယူတာကြောင့် စစ်တပ်က စစ်ရာဝတ်မှုတွေ ထပ်ပြီးကျူးလွန်နေ တာလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ပြော
📌 ၃။ ဖားကန့်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် စစ်ရှောင်ပြည်သူတွေ အကူအညီလိုအပ်နေတယ်လို့ KIA ပြော
========================
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ဘင်္ဂလားဒေ့ရှ်စစ်တပ်မှာ အကြမ်းဖက်မှုတွေကိုအားပေးသူတွေများလာရင် နယ်စပ်ဒေသအပြင် အာဆီယံဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေး ခြိမ်းခြောက်လာနိုင်တယ်လို့ AA သတိပေး
🚩 ၂။ အစွန်းရောက်စစ်သွေးကြွအဖွဲ့တွေဖြစ်တဲ့ ARSA နဲ့ RSO အဖွဲ့တွေရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် မောင်တောဒေသက အရပ်သား တဦးသေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရ
🚩 ၃။ အုတ်ဖိုမြို့နယ်က မြေအောက်ပြောက်ကျားတပ်ဖွဲ့ ပျက်စီးစေဖို့ရည်ရွယ်ပြီး ပစ်စာအတုဖန်တီး တိုက်ခိုက်နေတာရှိတယ်လို့ UGF okpo အသိပေး
🚩 ၄။ မိုင်းလုံမြို့နယ်ကို အကြမ်းဖက်စစ်တပ်မှ ဂျက်ဖိုက်တာနဲ့ ဗုံးထပ်ကြဲကြောင့် အိမ် ၂ လုံး ပျက်စီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ စစ်ကိုင်းတိုင်းထဲက NUG စိုးမိုးနယ်မြေ မြို့နယ်တခုမှာ WY မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိ
အောက်တိုဘာလ (၁၂)ရက်
စစ်ကိုင်းတိုင်းအတွင်း NUG စိုးမိုးနယ်မြေထဲက မြို့နယ်တခုမှာ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူကို WY မူးယစ် ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ - NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဌာကန ဒီနေ့ အောက်တိုဘာ ၁၂ မှာ ထုတ်ပြန်လာပါတယ်။
စစ်ကိုင်းတိုင်းထဲက NUG စိုးမိုးနယ်မြေထဲက မြို့နယ်တခုမှာ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေတယ်လို့ သတင်းရတဲ့ အတွက် မြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ မြို့နယ်လုံခြုံရေးမှူးရဲ့ ညွှန်ကြားချက်နဲ့ သက်ဆိုင်ရာ စခန်းမှူး ၂ ဦး ပူးပေါင်းပြီး ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဒီလို ဖမ်းဆီးရာမှာ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေတဲ့ မြမြဝင်း (ခ) ဘုတ်ဆုံနဲ့ သုံးစွဲနေသူတွေဖြစ်တဲ့ မျိုးဦး၊ ဇင်မင်းထက်၊ သန်းဝင်းဦးတို့ကို WY လို့ ယူဆရတဲ့ ပန်းရောင်ဆေးပြား ၄၀၀ ပြား၊ လက်လုပ်မိုင်း ၃ လုံး၊ ၅ ပွိုင့် ၅၆ ကျည် ၁၅ တောင့်၊ တသောင်းကျပ်တန် ငွေစက္ကူ ၅ ရွက်၊ ငါးထောင်ကျပ်တန် ၁၃ ရွက်၊ တထောင်တန် ၂၇ ရွက်၊ ငါးရာကျပ်တန် ၃ ရွက်၊ တရာကျပ်တန် တရွက်နဲ့အတူ ဆက်စပ်ပစ္စည်းတွေကို ရှာဖွေပုံစံနဲ့ သိမ်းဆည်းရမိခဲ့တယ်လို့ အသိပေးပါတယ်။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသူနဲ့ သုံးစွဲသူတွေကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေနဲ့ တရားစွဲတင်နိုင်ရေး အချိန်နဲ့တပြေးညီ ဆောင်ရွက်တယ်လို့ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၂။ နိုင်ငံတကာအသိုက်အဝန်းက ပြတ်ပြတ်သားသား အရေးမယူတာကြောင့် စစ်တပ်က စစ်ရာဝတ်မှုတွေ ထပ်ပြီးကျူးလွန်နေ တာလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ပြော
အောက်တိုဘာလ (၁၂)ရက်
နိုင်ငံတကာအသိုက်အဝန်းက ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ခြင်း မရှိသေးဘူးဆိုတာ စစ်တပ်က သိနေတာ ကြောင့် စစ်ရာဝတ်မှုလိုပြစ်မှုတွေကို ဆက်လက် ကျူးလွန်ခွင့်ရနေတာလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်းလင်း ခေါ် ကင် အဲရစ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အာဆီယံက မြန်မာစစ်အာဏာရှင်တွေနဲ့ ထိတွေ့ဆက်ဆံနေမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်းလင်း ခေါ် ကင် အဲရစ်က သူ့ ရဲ့ သဘာထားကို ထုတ်ပြန်ကြေညာရာမှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
စစ်အာဏာရှင်တွေ လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ငြိမ်းချမ်းတဲ့ ဘာသာရေးပွဲတော်ကျင်းပနေတဲ့ ပြည်သူ ၄၀ ကျော် အသက်ဆုံးရှုံးခဲ့ရတဲ့ ဖြစ်ရပ်တခု ဖြစ်ခဲ့ပြီးတာ ဘာမှမကြာသေးတဲ့အချိန်မှာ အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားတဲ့ မလေးရှားဝန်ကြီးချုပ်အနေနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တာကို ပြောလိုရင်းလို့ နားလည်းရပါတယ်။
ဒီလိုအချိန်မှာ အခုလို တွေ့ဆုံမှုမျိုး ပိုပြီးတော့ မလုပ်သင့်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်းလင်း ခေါ် ကင် အဲရစ်က ထောက်ပြထားပါတယ်။
စစ်အာဏာရှင်တွေ တရားဝင်စေမယ့် လုပ်ရပ်မှန်သမျှကို သူအနေနဲ့ စိတ်ပူမိသလို အားလုံး နှုတ်ဆိတ်နေမှုတာဟာ စစ်တပ် အတွက် ရက်စက်မှုတွေလုပ်ဖို့ ပိုပြီး အတင့်ရဲလာစေတယ်လို့လည်း ကိုထိန်လင်းက ပြောပါတယ်။
စစ်တပ်ဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို လျစ်လျူရှုတာထက် ကျော်လွန်သွားပြီဖြစ်သလို အာဆီယံရဲ့ စုပေါင်းဆန္ဒကို ပြောင်ပြောင်တင်းတင်း ပယ်ချခဲ့ပြီး အာဆီယံအသိုက်အဝန်းရဲ့ ပေါင်းစည်းညီညွတ်မှုနဲ့ ယုံကြည်မှုကို ပျက်ရယ်ပြုနေတယ်လို့လည်း ထောက်ပြထားပါတယ်။
အခုလို မထီမဲ့မြင်ပြုနေတာကို အာဆီယံအနေနဲ့ သည်းခံနေတာဟာ စစ်အာဏာရှင်တွေ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရစေဖို့ ကူညီပေးရာ ရောက်နေတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် သတိပေးထားပါတယ်။
ကိုထိန်းလင်းအနေနဲ့ စစ်အုပ်စုရဲ့ ဖမ်းဆီးထိန်းသိမ်းတာခံထားရတဲ့ သူ့မိခင် ဒေါ်အောင်ဆန်းစုကြည် နာမကျန်းဖြစ်နေမှာကို လည်း စိတ်ပူနေပါတယ်။
သူ့မိခင် ဒေါ်အောင်ဆန်းစုကြည် အခုလို ဖမ်းဆီးထိန်းသိမ်းခံထားရတာဟာ တရားမျှတမှုနဲ့ လူသားဆန်မှုဆိုတာကို စစ်အာဏာရှင်တွေဘက်က မထီမဲ့မြင် ပျက်ရယ်ပြုနေတဲ့သဘောလို့ ကိုထိန်းလင်းက မှတ်ချက်ပြုထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးဟာ အာဆီယံနဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ ထိပ်တန်းဦးစားပေး ဖြစ်သင့်တယ်လို့လည်း အသိပေးထားပါတယ်။
တာဝန်ခံမှု၊ စိတ်ထားမှန်တဲ့ ထည့်သွင်းစဉ်းစားမှုနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်သွားအောင် ဆောင်ရွက်နိုင်တာမရှိသ၍ စစ်အာဏာရှင်တွေဦးဆောင်တဲ့ ရွေးကောက်ပွဲ ဒါမှမဟုတ် ဘယ်လုပ်ငန်းစဉ်ကို မှ လက်မခံနိုင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်းလင်း ခေါ် ကင် အဲရစ်က အတည်အလင်း ကြေညာထားပါတယ်။
========================
📌📌 ၃။ ဖားကန့်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် စစ်ရှောင်ပြည်သူတွေ အကူအညီလိုအပ်နေတယ်လို့ KIA ပြော
အောက်တိုဘာလ (၁၂)ရက်
ကချင်ပြည်နယ်ထဲက ဖားကန့်မြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေတိုက်ခိုက်နေတာကြောင့် ဒေသနေပြည်သူတွေ ဘေးကင်းလုံခြုံရာ တိမ်းရှောင်နေကြရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ကချင်လွတ်လပ်ရေး တပ်မတော် - KIA သတင်းပြန်ကြားရေးဌာနက အောက်တိုဘာ ၁၁ ရက် ညပိုင်းမှာ ဖော်ပြပါတယ်။
KIA တပ်မဟာ ၉ အမှတ် - ၆ တပ်ရင်းနယ်မြေကို စစ်တပ်က စစ်အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်လာတဲ့အတွက် အောက်တိုဘာလအတွင်းမှာ တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေအဆိုကို အသိပေးခဲ့သလို စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု အခြေအနေတွေကိုလည်း ဖော်ပြခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ အောက်တိုဘာ ၉ ရက်နဲ့ အောက်တိုဘာ ၁၀ ရက်နေ့တွေမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် တာတွေ အကြိမ်များစွာလုပ်ခဲ့သလို ဖားကန့်တပ်မကုန်းကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဇွန်လကစပြီး စစ်အင်အားတိုးချဲ့တာ၊ ရမ်းသမ်းပစ်ခတ်တာ လေယာဉ်ဗုံးကြဲတာကြောင့် KIA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေပြင်းထန်နေတာ ၄ လလောက်ကြာနေပြီဖြစ်တဲ့တွက် ဒေသနေပြည်သူတွေဟာ လုံခြံရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေး အကူအညီတွေလိုအပ်နေတာလို့ KIA သတင်းပြန်ကြားရေး ဌာနက အသိပေးပါတယ်။
ဒါ့အပြင် KIA သိမ်းပိုက်ထားတဲ့ ကချင်ပြည်နယ် ဆော့လော်မြို့နယ်ထဲက လန်ဆယ်ဒေသကိုလည်း အခုရက်ပိုင်းမှာ တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။
လန်ဆယ်ဒေသကို စစ်တပ်က အောက်တိုဘာ ၁၀ ရက် မွန်းလွဲပိုင်းမှာ လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား တဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
လန်ဆယ်ဒေသမှာ လတ်တလော တိုက်ပွဲဖြစ်တာမရှိပေမယ့် အကြမ်းဖက်စစ်တပ်ဟာ တိုက်ပွဲဖြစ်ဒေသတွေမှာ ကျဆုံးမှု များလာတာကြောင့် အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို လေကြောင်းကနေ နေစဉ်ရက်ဆက် တိုက်ခိုက်နေတယ်လို့ သိရတဲ့အကြောင်းလည်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသွားပါတယ်။
စက်တင်ဘာလတုန်းကဆိုရင် လန်ဆယ်ဒေသမှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သား ပြည်သူ ၃ ဦးသေဆုံးပြီး အိမ်အများအပြားပျက်စီးခဲ့တာရှိတယ်လို့ စစ်ရေးသတင်း မှတ်တမ်းတွေအရ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ဘင်္ဂလားဒေ့ရှ်စစ်တပ်မှာ အကြမ်းဖက်မှုတွေကိုအားပေးသူတွေများလာရင် နယ်စပ်ဒေသအပြင် အာဆီယံဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေး ခြိမ်းခြောက်လာနိုင်တယ်လို့ AA သတိပေး
အောက်တိုဘာလ (၁၂)ရက်
ဘင်္ဂလားဒေ့ရှ်စစ်တပ်မှာ အကြမ်းဖက်မှုတွေကိုအားပေးသူတွေများလာရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာတင် မဟုတ်ဘဲ နယ်စပ်ဒေသတွေနဲ့ အာဆီယံဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေး ခြိမ်းခြောက်လာနိုင်တယ်လို့ ရခိုင့်တပ်တော် AA က ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရကို သတိပေး ပြောကြားလိုက်ပါတယ်။
မနေ့ အောက်တိုဘာ ၁၁ ရက်နေ့ နေ့လည်ပိုင်းမှာ အစွန်းရောက်စစ်သွေးကြွအဖွဲ့ဝင် ၁ဝ ဦးခန့်က မောင်တောဒေသခံ ၃ ဦးကို ခြုံခိုတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ အခုလို သတိပေး ပြောကြားလိုက်တာဖြစ်ပါတယ်။
အစွန်းရောက်စစ်သွေးကြွအဖွဲ့တွေဖြစ်တဲ့ ARSA နဲ့ RSO အဖွဲ့တွေဆီက သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံး အဆောင်ပစ္စည်းတွေ၊ အကြမ်းဖက်အဖွဲ့တွေ အသုံးပြုနေတဲ့ လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံး အဆောင်ပစ္စည်းတွေဟာ အကြမ်းဖက် စစ်ကော်မရှင်နဲ့ စစ်သွေးကြွဝါဒကို အားပေးနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့ BGB က အကျင့်ပျက် အရာရှိအချို့ ငွေကြေးရယူပြီး ရောင်းပေးတာ၊ ထောက်ပံ့ပေးတာမျိုး ဖြစ်နိုင်တာကို စစ်ဆေးတွေ့ရှိရတယ်လို့ AA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်သွေးကြွ အကြမ်းဖက် ARSA နဲ့ RSO အဖွဲ့တွေလုပ်ဆောင်နေတဲ့ စစ်ရေးလုပ်ရှားမှုတွေနဲ့ စစ်ဆင်ရေးတွေဟာ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်နဲ့ လက်ဝါးချင်းရိုက်ပြီး ဟန်ချက်ညီဆောင်ရွက်နေတဲ့ အပေးအယူတခု ဖြစ်နိုင်တယ်လို့ သုံးသပ်မိသလို အကျင့်ပျက် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်အချို့နဲ့ စစ်ဘက် အရာရှိအချို့ရဲ့ ကူညီပံ့ပိုးပေးတာတွေ ပါဝင်နေတာကြောင့် သုံးပွင့်ဆိုင် တိုက်ခိုက်မှုမျိုးလည်း ဖြစ်နိုင်တယ်လို့ AA က ရှုမြင်ထားပါတယ်။
အကျင့်ပျက် BGB အရာရှိတွေနဲ့တပ်ဖွဲ့ဝင်တွေဟာ စစ်သွေးကြွဝါဒကို အားပေးနေရုံတင်မဟုတ်ဘဲ အာရက္ခတပ်တော်နဲ့ ဖြစ်တဲ့ တိုက်ပွဲတွေမှာ သေဆုံးသွားသူတွေနဲ့ ဒဏ်ရာရသွားတဲ့ ARSA အဖွဲ့ဝင်တွေကို ဆေးကုသပေးတာ၊ ရိက္ခာနဲ့ လက်နက် ခဲယမ်းထောက်ပံ့တာတွေအပြင် အကြမ်းဖက်အဖွဲ့တွေအပေါ် လုံခြုံရေးယူပေးတာ၊ ဝေဟင်ကနေ ကင်းထောက် ပေးတာ၊ ရေဒါစနစ်တွေ အသုံးပြုပြီး စစ်ဘက်ဆိုင်ရာ အချက်အလက်တွေ ပံ့ပိုးကူညီပေးပြီး ARSA နဲ့ RSO အဖွဲ့တွေနဲ့အတူ သွယ်ဝိုက်ပြီး တိုက်ပွဲဝင်နေတာမျိုး စစ်ဆေးတွေ့ရှိရတယ်လို့လည်း AA က အသိပေးထားပါတယ်။
အခုလို လုပ်ဆောင်နေတာတွေကို ဖော်ထုတ်ပြီး အမြန်ဆုံးအရေးယူဖို့ အပြုသဘောဆောင်တဲ့ ဝေဖန်ထောက်ပြချက်တွေနဲ့ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရကို ရခိုင့်တပ်တော်က ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ မှာ အသိပေးခဲ့ပါသေးတယ်။
ဒီပြသနာကို အချိန်မီ အရေးယူထိန်းကျောင်းမှုမရှိဘူးဆိုရင် နှစ်ဖက် နယ်စပ်ဒေသ တည်ငြိမ်ရေး၊ လုံခြုံရေး၊ ဆက်ဆံရေးနဲ့ ယုံကြည်မှုတွေ ဆိုးဆိုးရွားရွား ထိခိုက်လာနိုင်သလို ဘင်္ဂလားဒေ့ရှ်စစ်တပ်ထဲမှာ အကြမ်းဖက်အားပေးတဲ့သူတွေ အင်အား ကြီးမားလာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအပြင် နယ်စပ်နဲ့ အာဆီယံဒသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးကိုပါ ခြိမ်းခြောက်လာနိုင် တယ်လို့ ရခိုင့်တပ်တော် AA က အပြုသဘောဆောင်တဲ့အနေနဲ့ ထောက်ပြ ပြောဆိုထားပါတယ်။
========================
🚩🚩 ၂။ အစွန်းရောက်စစ်သွေးကြွအဖွဲ့တွေဖြစ်တဲ့ ARSA နဲ့ RSO အဖွဲ့တွေရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် မောင်တောဒေသက အရပ်သား တဦးသေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရ
အောက်တိုဘာလ (၁၂)ရက်
အစွန်းရောက်စစ်သွေးကြွအဖွဲ့တွေဖြစ်တဲ့ ARSA နဲ့ RSO အဖွဲ့တွေရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် မောင်တောဒေသက အရပ်သား တဦးသေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ရခိုင့်တပ်တော် AA က ထုတ်ပြန်ထားပါတယ်။
ဘင်္ဂလားဒေ့ရှ် - အာရက္ခနယ်စပ်တလျောက် ARSA နဲ့ RSO အကြမ်းဖက်အဖွဲ့တွေရဲ့ နယ်စပ်ဖြတ်ကျော် စစ်ရေးလှုပ်ရှားမှု၊ အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ ရခိုင့်တပ်တော် AA က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
အစွန်းရောက်စစ်သွေးကြွအဖွဲ့ဝင် ၁ဝ ဦးခန့်ဟာ မနေ့ အောက်တိုဘာ ၁၁ ရက် နေ့လည်ပိုင်းမှာ အခြေခံလူသုံးကုန်ပစ္စည်း တွေကို တပိုင်တနိုင်သယ်ယူပို့ဆောင်နေတဲ့ ဒေသနေပြည်သူ ဆိုင်ကယ်ကယ်ရီသမား ၃ ဦးကို မောင်တောမြောက်ပိုင်း လိပ်ရခွဆုံအနီးမှာ ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ AA က အသိပေးပါတယ်။
အစွန်းရောက်စစ်သွေးကြွ အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် အသက် ၂၂ နှစ်အရွယ် ကိုငြိမ်းချမ်းဆိုသူ သေဆုံးခဲ့ရပြီး အသက် ၂၃ နှစ်အရွယ် ကိုသောင်းဇင်နဲ့ အသက် ၃၃ နှစ်အရွယ် ကိုနိုင်လင်းတို့ ပြင်းထန်ဒဏ်ရာတွေနဲ့ ထွက်ပြေး လွတ်မြောက်လာခဲ့ကြတယ်လို့ သိရပါတယ်။
ပြင်းထန်ဒဏ်ရာတွေနဲ့ ထွက်ပြေး လွတ်မြောက်လာသူတွေကို ရခိုင့်တပ်တော်ကတွေ့ရှိပြီး အချိန်မီ ဆေးကုသပေးနိုင်ခဲ့တာ ကြောင့် လက်ရှိအချိန်ထိ အသက်ရှင်နေသေးတယ်လို့ မနေ့ အောက်တိုဘာ ၁၁ ရက် ညပိုင်းမှာထုတ်ပြန်တဲ့ AA ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။
ခြုံခိုတိုက်ခိုက်တာခံရတဲ့ ဆိုင်ကယ်ကယ်ရီသမား ၃ ဦးဟာ နံ့သာတောင်ကနေ ကြိမ်ချောင်းဘက်ကို အခြေခံ လူသုံးကုန် ပစ္စည်းတွေ သယ်ယူပို့ဆောင်ပေးတဲ့အလုပ်နဲ့ တပိုင်တနိုင် ဝမ်းစာရှာနေသူတွေလို့ သိရပါတယ်။
ရခိုင့်တပ်တော် AA အနေနဲ့ ဘူးသီးတောင်၊ မောင်တောနဲ့ ဘင်္ဂလားဒေ့ရှ် - အာရက္ခနယ်စပ်အပါအဝင် အခြား အရက္ခဒေသ တွေမှာရှိတဲ့ ဖက်ဆစ် အကြမ်းဖက်စခန်း အားလုံးကို သိမ်းပိုက်ထိန်းချုပ်ထားပြီး အဲဒီဒေသနေပြည်သူတွေရဲ့ လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုစီးပွားဘဝတွေနဲ့ လူမျိုးအချင်ချင်းကြား လူမှုသဟဇာတဖြစ်အောင် ရခိုင်အမျိုးသားအဖွဲ့ချုပ် အနေနဲ့ အားသွန်ခွန်စိုက်လုပ်နေတယ်လို့ AA က ပြောပါတယ်။
ဒီလို ဆောင်ရွက်နေချိန် တဖက်မှာလည်း အာရက္ခဒေတွင်း သိမ်းပိုက်ဖို့ကျန်နေတဲ့ မြို့ ၃ မြို့ စစ်ကော်မရှင်လက်အောက်က နေ အလုံးစုံလွတ်မြောက်စေဖို့ စစ်ရေး၊ နိုင်ငံရေးနည်းတွေနဲ့ ကြိုးစားလုပ်နေတယ်လို့လည်း အသိပေးထားပါတယ်။
ဒီလိုအချိန်မှာ အစွန်းရောက်စစ်သွေးကြွအဖွဲ့တွေဖြစ်တဲ့ ARSA နဲ့ RSO အဖွဲ့တွေဟာ ဘင်္ဂလားဒေ့ရှ် - အာရက္ခနယ်စပ် တလျောက်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ ယာယီစခန်းတွေ အခိုင်အမာဆောက်ပြီး အာရက္ခဒေသတွင်းက အာရက္ခ တပ်တော်ရဲ့ လုံခြုံရေးစခန်းတွေကို လျှပ်တပြတ်တိုက်ခိုက်တာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကနေ ရန်စတိုက်ခိုက်တာ၊ အပြစ်မဲ့အရပ်သားတွေကို သတ်ဖြတ်တာ၊ ပြန်ပေးဆွဲတာတွေ ပိုပြီး လုပ်လာတယ်လို့ AA ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။
========================
🚩🚩 ၃။ အုတ်ဖိုမြို့နယ်က မြေအောက်ပြောက်ကျားတပ်ဖွဲ့ ပျက်စီးစေဖို့ရည်ရွယ်ပြီး ပစ်စာအတုဖန်တီး တိုက်ခိုက်နေတာရှိတယ်လို့ UGF okpo အသိပေး
အောက်တိုဘာလ (၁၂)ရက်
ပဲခူးတိုင်းအုတ်ဖိုမြို့နယ်မှာ မြေအောက်ပြောက်ကျားတပ်ဖွဲ့ ပျက်စီးစေဖို့ရည်ရွယ်ချက်တွေနဲ့ ပစ်စာအတုဖန်တီးပြီး တိုက်ခိုက်နေတာရှိတယ်လို့ သာယာဝတီခရိုင်တပ်ရင်း - UGF okpo က ပြည်သူလူထုကို အသိပေး ပြောကြားလိုက်ပါတယ်။
ပဲခူးတိုင်း အနောက်ခြမ်း သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်ထဲမှာ သာယာဝတီခရိုင်တပ်ရင်း - UGF okpo က တပ်ဖွဲ့မှူး ရဲဘော်ဒေဝ အမည်သုံးပြီး ခြိမ်းခြောက်ငွေတောင်းနေတာနဲ့ ပတ်သက်လို့ အခုလို သတိပေး ပြောကြားလိုက်တာ ဖြစ်ပါတယ်။
သာယာဝတီခရိုင်တပ်ရင်း - UGF okpo တပ်ဖွဲ့အနေနဲ့ အခုလို ခြိမ်းခြောက်ငွေတောင်းတာ၊ ရပ်ရွာထဲမှာ အလှူခံတာတွေ အရင်ကလည်း မလုပ်ခဲသလို နောင်မှာလည်း လုပ်ဖို့မရှိဘူးလို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့- အုတ်ဖို ရဲ့ စစ်ရေးတာဝန်ခံ ဗိုလ်တောက်တဲ့ က ပြောပါတယ်။
အခုလို ခြိမ်းခြောက်ငွေတောင်းတာ၊ အလှူခံတာဟာ မြေအောက်ပြောက်ကျားတပ်ဖွဲ့- အုတ်ဖိုနဲ့ လုံးဝ မသက်ဆိုင်ဘူးလို့ ပြည်သူလူထုကို ဒီနေ့ အောက်တိုဘာ ၁၂ မှာ အသိပေးထားပါတယ်။
UGF okpo အနေနဲ့ တော်လှန်ရေးစကတည်းက အုတ်ဖို့မြို့နယ်အပါအဝင် ဒေသအားလုံးမှာ ရပ်ရွာနေ ပြည်သူတွေကို ထောက်ပို့ လှူဒါန်းဖို့ စည်းရုံးတာ၊ တော်လှန်ရေး အကြောင်းပြ အလှူခံတာမရှိသလို ပြောက်ကျားစစ် ပုံဖော်ရာမှာလည်း ရပ်ထဲရွာထဲ သေနတ်တကားကားနဲ့ ပြည်သူလူထုကြား သွားလာတာ၊ အပြစ်မဲ့ ပြည်သူတွေကို ဒလန်လို့စွပ်စွဲပြီး ဖမ်းဆီး တာ၊ သတ်ဖြတ်တာတွေ လုပ်ဆောင်ခဲ့တာမျိုးမရှိသလို နောင်လည်းလုပ်မှာ မဟုတ်ဘူးလို့ UGF okpo တပ်ဖွဲ့မှူး ဒေဝ ကလည်း အသိပေးပါတယ်
ဒီအချက်တွေ ချိုးဖောက်ခဲ့တာခဲ့တာရှိရင် မိဘပြည်သူများအနေနဲ့ တပ်ဖွဲ့တာဝန်ရှိသူတွေကို တိုင်ကြားနိုင်ပြီး ကျူးလွန်တဲ့ တပ်ဖွဲ့ဝင်တွေကို ထိထိရောက်ရောက် အရေးယူပေးမယ်လို့လည်း UGF okpo တပ်ဖွဲ့မှူး ဒေဝ က ကတိပေးထားပါတယ်။
အခုလို ပစ်စာအတုဖန်တီးတဲ့လုပ်ရပ်ဟာ အကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်နေတဲ့ UGF okpo ကို ထိခိုက်စေဖို့နဲ့ တပ်ဖွဲ့က စောင့်ထိန်းနေတဲ့ ကျင့်ဝတ်စည်းကမ်း - code of conduct ပျက်စီးစေလိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ပစ်စာအတု ဖန်တီးပြီး တိုက်ခိုက်နေတာလို့ ပြည်သူလူထုကို မြေအောက်ပြောက်ကျားတပ်ဖွဲ့ အုတ်ဖို့က အသိပေးထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ မိုင်းလုံမြို့နယ်ကို အကြမ်းဖက်စစ်တပ်မှ ဂျက်ဖိုက်တာနဲ့ ဗုံးထပ်ကြဲကြောင့် အိမ် ၂ လုံး ပျက်စီး
အောက်တိုဘာလ (၁၂)ရက်
ရှမ်းမြောက်ဒေသ တအာင်း တပ်မဟာ - ၁ နယ်မြေဖြစ်တဲ့ မိုင်းလုံမြို့နယ်ကို အကြမ်းဖက်စစ်တပ်မှ ဂျက်ဖိုက်တာနဲ့ ဗုံးထပ်ကြဲကြောင့် အိမ် ၂ လုံး ပျက်စီးသွားတယ်လို့ TNLA ဘက်က ဒီနေ့ အောက်တိုဘာ ၁၂ မှာ ထုတ်ပြန်လာပါတယ်။
မနေ့ အောက်တိုဘာ ၁၁ ရက် နေ့လည် တနာရီခွဲအချိန်မှာ အကြမ်းဖက်စစ်တပ်ဟာ ဂျက်ဖိုက်တာနဲ့ တော့ဆန် ရွာမကျေးရွာ ကို ပေါင် ၂၅၀ ဗုံး ၂ လုံး လာရောက်ကြဲချ တိုက်ခိုက်တာကြောင့် အိမ် ၂ လုံးနဲ့ ဘုန်ကြီးကျောင်းက ဇရပ် ထိခိုက်ပျက်စီးသွားခဲ့ တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်က ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံးဟာ တော့ဆန်ရွာမကျေးရွာအတွင်းကို တလုံး ကျေးရွာ အနီးမှာရှိတဲ့ လွယ်ရင်တောင်မှာ တလုံး ကျရောက်ပေါက်ကွဲခဲ့တာလို့ အသိပေးပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ အောက်တိုဘာ ၁၀ ရက်နေ့တုန်းကလည်း မိုးမိတ်မြို့နယ် အောင်မြေရွာအနီးကို ပေါင် ၂၅၀ ဗုံး ၂ လုံးကြဲချပြီး ရော့ကဒ် လက်နက်ကြီးနဲ့ ၆ လုံးနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာရှိတယ်လို့လည်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေး ဌာန မှတ်တမ်းတွေအရ သိရပါတယ်။
အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် မိဘပြည်သူများအနေနဲ့ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့ လေကြောင်းရန်ကနေ ကာကွယ်နိုင်ဖို့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဆောင်ရွက်ထားဖို့ TNLA နဲ့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနှိုးဆော် ထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment