၂၀၂၅ အောက်တိုဘာလ ၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ မြန်မာနိုင်ငံတွင် ဆန်းသစ်သင်ကြားရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ရန် ကမ္ဘာ့ဆရာများနေ့တွင် CRPH ဥက္ကဋ္ဌ တိုက်တွန်းနှိုးဆော်
📌 ၂။ ရေစကြိုမြို့နယ် ပညာရေးဘုတ်အဖွဲ့၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့ ဖွဲ့စည်းမှုတွင် (၅၂) နေရာကို ဘုတ်အဖွဲ့ဝင် (၄၅)ဦး ဖြင့် ဖွဲ့စည်း
📌 ၃။ ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုကြိုဆိုတဲ့ အနေဖြင့် မြန်မာ့နွေဦးတက္ကသိုလ်က ဟောပြောပွဲ ကျင်းပ
📌 ၄။ ထားဝယ် အကျဉ်းထောင်က နိုင်ငံရေး အကျဉ်းသား တစ်ဦး နှလုံးဖောက် ဝေဒနာဖြင့် သေဆုံးခဲ့
📌 ၅။ အညာဆောင်းကို အံတုကာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်များအတွက် “ဆောင်းစစ်သည်” ကမ်ပိန်း ပြုလုပ်
========================
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ တောင်သာမြို့နယ် ရုံးစဥ်ကြီးနှင့် ပန်းအိုင်ကြား ဆင်ခြေရာဘုရားအနီး စစ်တပ်စစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွား ဗိုလ်ကြီး ၁ဦးအပါ ၁၅ဦး သေဆုံး
🚩 ၂။ မင်းတုန်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ၊ လူငယ်များကို ဖမ်းဆီးပြီး ခိုးယူမှုများလည်း ဖြစ်ပွား
🚩 ၃။ ရွှေဘို၊ ဇီးကုန်းလေး (ပျူ)ရွာက ဘန်ကာ ကင်းစခန်းအား အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့
🚩 ၄။ မုံရွာမြို့နယ်၊ သာစည်လမ်းနှင့် အက်တောအဝိုင်းပတ်တွင် ပြည်သူများထံမှ အတင်းအဓမ္မ ဆတ်ကြေးကောက်နေတဲ့ ရဲ ၄ဦးကို ပစ်ခတ်၊ ၄ဦးလုံး သေဆုံး
🚩 ၅။ စစ်တပ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် သရက်ချောင်းမြို့နယ် သဲချောင်းကြီးရွာမှ ပြည်သူ ၅ ဦး ဒဏ်ရာရရှိ
🚩 ၆။ ပွင့်ဖြူမြို့နယ်၊ မဲဇလီ - ဆည်တော် တံတားကို ယာယီ အသုံးပြုခွင့်ပိတ်
🚩 ၇။ ရာမည မွန်တပ်တော်မှ CBQ သင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းပွဲ ကျင်းပ
🚩 ၈။ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ကြတဲ့ ရဲဘော်များရဲ့ မိသားစုဝင်များအား ဂုဏ်ပြု၊ ထောက်ပံ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ မြန်မာနိုင်ငံတွင် ဆန်းသစ်သင်ကြားရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ရန် ကမ္ဘာ့ဆရာများနေ့တွင် CRPH ဥက္ကဋ္ဌ တိုက်တွန်းနှိုးဆော်
အောက်တိုဘာ ၅
Radio NUG
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၅ ရက် ကျင်းပပြုလုပ်သည့် ကမ္ဘာ့ဆရာများနေ့အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍတွင် ဆန်းသစ်သင်ကြားရေးနည်းလမ်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ရန် တိုက်တွန်းပြောကြားခဲ့ပါတယ်။
ထိုအခမ်းအနားကို Interim Federal Education Council (iFEC)၊ Joint Coordination Committee (Education) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ပါတယ်။
ယာယီသမ္မတ၊ ဝန်ကြီးချုပ်၊ ပညာရှင်များနှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သူများ တက်ရောက်ခဲ့သည့် အဆိုပါအခမ်းအနားတွင် ဦးအောင်ကြည်ညွန့်က “ဆန်းသစ်တဲ့ သင်ကြားရေးတွေမှာလည်းပဲ ရိုးရိုးမဟုတ်ဘဲနဲ့ လက်တွဲထားတဲ့ ချိတ်ဆက်ထားတဲ့ အင်အားစုတွေနဲ့ ပူးပေါင်း ဆောင်ရွက်ကြရမယ့် အနေအထား ဖြစ်ပါတယ်။ အဲဒီကျတော့မှာသာ အနာဂတ်နိုင်ငံအတွက် စွမ်းအား ရရှိနိုင်မှာ ဖြစ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
ထို့အပြင် ယခုနှစ် ဆောင်ပုဒ်ဖြစ်သည့် “ဆန်းသစ်သင်ကြား လက်တွဲထား၊ အနာဂတ်နိုင်ငံ့စွမ်းအား” နှင့်အညီ ပညာရေးစနစ်အသစ်တစ်ခုကို တည်ဆောက်ရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ပညာရေးကဏ္ဍသည် ပြင်းထန်သည့် ဖိနှိပ်မှုများနှင့် ရင်ဆိုင်နေရတာကြောင့် ဦးအောင်ကြည်ညွန့်က CDM ဆရာ၊ ဆရာမများနှင့် ကျောင်းသားများ၏ ရဲဝံ့မှုကို ချီးကျူးပြောဆိုခဲ့ပြီး ကျောင်းများနှင့် ကျောင်းသားများကို ပစ်မှတ်ထားတိုက်ခိုက်မှုများကြားတွင် ဆရာ၊ ဆရာမများနှင့် ရပ်ရွာလူထုသည် ပညာရေးဆက်လက်ရှင်သန်ရန် မဆုတ်မနစ်ကြိုးပမ်းနေကြတယ်လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့ဆရာများနေ့သည် ၁၉၉၄ ခုနှစ်တွင် ယူနက်စကိုနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ၏ ၁၉၆၆ ခုနှစ် သဘောတူစာချုပ်ကို အခြေခံ၍ စတင်ကျင်းပခဲ့ခြင်းဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ယခုနှစ်အခမ်းအနားသည် စစ်အာဏာရှင်စနစ်ကြောင့် ပညာရေးဖျက်ဆီးခံရမှုများကို ကျော်လွှားရန် ပို၍ လေးနက်သည့် အခမ်းအနားဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။
ဦးအောင်ကြည်ညွန့်က ဆရာ၊ မိဘ၊ ကျောင်းသားများနှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများအကြား ပိုမိုခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် ဖက်ဒရယ်ပညာရေးစနစ်တစ်ခုကို တည်ဆောက်ရန် တိုက်တွန်းခဲ့ပါတယ်။
“ကျနော်တို့ရဲ့ အနာဂတ်နိုင်ငံ၊ မျိုးဆက်သစ်၊ ကျနော်တို့ရဲ့ သားသမီးတွေကို တကယ့် အတတ်ပညာအရရော ကိုယ်ကျင့်တရားအရရော နောင်အခါမှာ ဘယ်သောအခါမှ ဘယ်လိုအာဏာရှင်စနစ်မျိုးရဲ့အောက်မှာမှ ဗိုင်းကောင်းကျောက်ဖိ သင်ကြားရမည့် ပညာရေးစနစ်မျိုးကို မကြုံတွေ့ရဘဲနဲ့ လွတ်လပ်တဲ့ လူသားများအဖြစ် ရှင်သန်သွားနိုင်အောင် ကြိုးစားဆောင်ရွက်သွားကြပါစို့” လို့ ၎င်းက အလေးအနက်တိုက်တွန်းထားပါတယ်။
========================
📌📌 ၂။ ရေစကြိုမြို့နယ် ပညာရေးဘုတ်အဖွဲ့၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့ ဖွဲ့စည်းမှုတွင် (၅၂) နေရာကို ဘုတ်အဖွဲ့ဝင် (၄၅)ဦး ဖြင့် ဖွဲ့စည်း
အောက်တိုဘာ ၅
Radio NUG
အသစ်ပြင်ဆင်ဖွဲ့စည်းခဲ့တဲ့ မြို့နယ်ပညာရေးဘုတ်အဖွဲ့ဝင်များတွင် ရေစကြိုမြို့နယ် အခြေခံပညာရေးအကျိုး သက်ဆိုင်သည့် အဖွဲ့အစည်းများမှ ကိုယ်စားပြုများ လွှမ်းခြုံပါဝင်ပြီး ပညာရေးဘုတ်အဖွဲ့တာဝန်ခံ၊ ပညာရေးတိုက်နယ်မှူး၊ နယ်မြေမှူး၊ ဇုံမှူး၊ ဌာနတာဝန်ခံ၊ လုပ်ငန်းအဖွဲ့ ခေါင်းဆောင် စသည့် နေရာများအတွက် (၅၂) နေရာဖြင့် မြို့နယ်ပညာရေး ဘုတ်အဖွဲ့ဝင် စုစုပေါင်း (၄၅)ဦးဖြင့် ဖွဲ့စည်းထားကြောင်း ရေစကြိုမြို့နယ် ပညာရေးဘုတ်အဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
အသစ်ပြင်ဆင်ဖွဲ့စည်းခဲ့တဲ့ မြို့နယ်ပညာရေး ဘုတ်အဖွဲ့ဝင်များတွင် အသက် (၅၀ မှ ၆၀)အတွင်း ၂ %၊ အသက် (၃၀ မှ ၄၀)အတွင်း ၅၀ %၊ အသက် (၄၀ မှ ၅၀)အတွင်း ၁၅%နှင့် အသက် (၂၀ မှ ၃၀)အတွင်း ၃၃%တို့ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
အသစ်ပြင်ဆင်ဖွဲ့စည်းခဲ့တဲ့ မြို့နယ်ပညာရေးဘုတ်အဖွဲ့ဝင် အမျိုးသမီး 33% ပါဝင်ပြီး ပညာရေးအတွေ့အကြုံရှိသူ အရာထမ်း CDM 13%၊ အမှုထမ်း CDM 69%၊ Volunteer 9%၊ အောက်ခြေဝန်ထမ်း CDM 5%နှင့် Freelance Educator 4%တို့ ပါဝင်တယ်လို့ သိရပါတယ်။
မြို့နယ်ပညာရေးဘုတ်အဖွဲ့ဝင်များ၏ ပညာအရည်အချင်းများမှ Master 6 ဦး၊ B. Ed 6 ဦး၊ B. Sc, BA 25 ဦး၊ B.E 2 ဦးနှင့် Diploma 3 ဦးတို့ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
ထို့အပြင် အမည်စာရင်း တင်သွင်းထားပြီး မြို့နယ်ပညာရေး ဘုတ်အဖွဲ့တွင် ပါဝင်ခဲ့ခြင်း မရှိသေးသည့် (၅၅)ဦးအား မြို့နယ်ပညာရေး ဘုတ်အဖွဲ့၊ လုပ်ငန်းအဖွဲ့များတွင် အရံအဖွဲ့ဝင် အဖြစ် ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် စွမ်းရည်မြှင့်သင်တန်းများ ပေးခြင်း၊ လုပ်ငန်းခွင် လေ့လာစေခြင်းနှင့် ၊ ရွေးချယ်ခန့်ထားခြင်းများကို လုပ်ထုံး လုပ်နည်းများ၊ မူဝါဒများ ၊ စံတန်ဖိုးများနှင့်အညီဆက်လက် ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၃။ ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုကြိုဆိုတဲ့ အနေဖြင့် မြန်မာ့နွေဦးတက္ကသိုလ်က ဟောပြောပွဲ ကျင်းပ
အောက်တိုဘာ ၅ ရက်၊
Radio NUG
အောက်တိုဘာ ၅ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့ဆရာများနေ့ (World Teachers’ Day) ကို ဂုဏ်ပြုကြိုဆိုတဲ့အနေဖြင့် မြန်မာ့နွေဦး တက္ကသိုလ်က ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ ၄ ရက်နေ့မှာ နွေဦးတက္ကသိုလ်က “ဆန်းသစ်သင်ကြား လက်တွဲထား အနာဂတ် နိုင်ငံ့စွမ်းအား” Recasting teaching as a collaborative profession panel discussion ခေါင်းစဉ်ဖြင့် ဟောပြောပွဲ ကျင်းပခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ ဟောပြောပွဲမှာ သဘာပတိကြီးနှင့်တကွ နွေဦးတက္ကသိုလ်မှ ဆရာကြီး၊ ဆရာမကြီးများက အမှာစကား ပြောကြားခြင်း၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် သိမှတ်ဖွယ်ရာများ မျှဝေခြင်း၊ “ဆရာဟူသည် မျိုးဆက်သစ် တစ်ခု၏ အနာဂတ်ကို တည်ဆောက်သူဖြစ်သည်” ဟူသော ခေါင်းစဉ်ဖြင့် ဟောပြောခြင်းများ ပြုလုပ်ခဲ့တယ် လို့ ဆိုပါတယ်။
ဆက်လက်ပြီး “ဆန်းသစ်သင်ကြား လက်တွဲထား အနာဂတ် နိုင်ငံ့စွမ်းအား” ခေါင်းစဉ်ဖြင့် ဆွေးနွေးခြင်း၊ နွေဦး တက္ကသိုလ် ကျောင်းသား/သူ များက အမှတ်တရ ကဗျာ ရွတ်ဆိုခြင်း၊ ဆရာ/မ များအား မြတ်ဆရာ သီချင်း ဖြင့် ဂါရဝပြုခြင်း တို့ဖြင့် အခမ်းအနားကို အောင်မြင်စွာ ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။
========================
📌📌 ၄။ ထားဝယ် အကျဉ်းထောင်က နိုင်ငံရေး အကျဉ်းသား တစ်ဦး နှလုံးဖောက် ဝေဒနာဖြင့် သေဆုံးခဲ့
အောက်တိုဘာ ၅ ရက်၊
Radio NUG
ထားဝယ် အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား တဦး အောက်တိုဘာလ ၃ ရက်နေ့ ညပိုင်းမှာ နှလုံးဖောက်တဲ့ ဝေဒနာဖြင့် သေဆုံးသွားခဲ့တယ်လို့ ထားဝယ်ခရိုင်နိုင်ငံရေးအကျဉ်းသားများကွန်ယက်က ထုတ်ပြန်ထားပါတယ်။
သေဆုံးသွားခဲ့သူဟာ ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးရွာက အသက် ၄၈ နှစ်အရွယ် ဦးအောင်ကိုဦး ဆိုသူဖြစ်ပြီး ပုဒ်မ ၅၀၅ (က)၊ ဖောက်ခွဲ ၅ ပုဒ်မတွေနဲ့ ၂၀၂၁ ခုနှစ် အစပိုင်းထဲက ထောင်ဒဏ် (၈) နှစ် ချမှတ်ထားခံရသူ ဖြစ်တယ်လို့ သိရပါတယ်။
၎င်းဟာ အကျဉ်းကျခံနေရချိန်မှာ ကျန်းမာရေးအခြေအနေဆိုးရွားတာကြောင့် မကြာခဏ ဆေးရုံတက်ရောက်ပြီး ကုသမှု ခံယူခဲ့ပေမဲ့ လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရတာကြောင့် ရောဂါအခြေအနေ မသက်သာဘဲ ပိုမိုဆိုးရွာလာတာ ဖြစ်တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၃ ရက်နေ့ ညပိုင်းမှာ ထားဝယ် ပြည်သူ့ဆေးရုံက အကျဉ်းသားတွေကို ကုသပေးတဲ့ အဆောင်မှာ ဆေးကုသမှု ခံယူနေချိန် နှလုံးဖောက်ပြီး သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။
ထားဝယ် အကျဉ်းထောင်မှာ လုံလောက်တဲ့ ဆေးဝါးကုသပေးမှု နဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရရှိတာကြောင့် အကျဉ်းကျနေချိန်အတွင်း သေဆုံးခဲ့ရသူ ၃ ဦးအထိ ရှိခဲ့ပြီ ဖြစ်ပါတယ်။
========================
📌📌 ၅။ အညာဆောင်းကို အံတုကာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်များအတွက် “ဆောင်းစစ်သည်” ကမ်ပိန်း ပြုလုပ်
အောက်တိုဘာ ၅ ရက်၊
Radio NUG
ချမ်းအေးလွန်းတဲ့ အညာဆောင်းကို အံတုကာ တိုက်ပွဲဝင်နေကြတဲ့ အညာသား ရဲဘော်တွေရဲ့ လိုအပ်ချက်တွေကို ပြန်လည် ဖြည့်တင်းနိုင်ဖို့ “ ဆောင်းစစ်သည် ” ကမ်ပိန်းကို ပြုလုပ်နေကြောင်း To Comrades က အသိပေးထားပါတယ်။
နေပူပူမိုးရွာရွာ တိုက်ပွဲဝင်နေရတာကြောင့် ယိုယွင်းပျက်စီးလာတဲ့ ရဲဘော်တွေရဲ့ ဖိနပ်၊ ကျောပိုးအိတ် စတဲ့ အသုံး အဆောင်တွေ ပြန်လည်ဖြည့်တင်း ပေးနိုင်ဖို့အတွက် ယခု ကမ်ပိန်းကို ပြုလုပ်ရတာဖြစ်ပြီး ကမ်ပိန်းက ရသမျှကို 96 Soldiers PDF - အညာတပ်ခွဲအား ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။
ပါဝင်အားဖြည့်လိုသူများအနေဖြင့် ဖိနပ် ၁ သောင်းကျပ်၊ ကျောပိုးအိတ် ၃ သောင်းကျပ်၊ ဆေး ၅ သောင်းကျပ်နဲ့ ယူနီဖောင်း ၁ သိန်းကျပ်တို့ဖြင့် မိမိအားသန်ရာ ထောက်ပံ့နိုင်သလို မိမိတို့ကြိုက်သလောက် တတ်နိုင်သလောက် ပါဝင်ထောက်ပံ့နိုင်တယ်လို့ အသိပေးထားပါတယ်။
အဆိုပါ ကမ်ပိန်းကို အောက်တိုဘာလ ၄ ရက်နေ့မှ ၃၁ ရက်နေ့ထိ ပြုလုပ်သွားမှာဖြစ်ပြီး ကမ်ပိန်းတားဂတ်ဟာ ကျပ်သိန်း (၁,၅၀၀) ဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်တွင်း/ပြည်ပ Payment မျိုးစုံဖြင့် “To Comrades” Page Messenger မှာ လုံခြုံစိတ်ချစွာ ပါဝင်အားဖြည့် နိုင်တယ်လို့ အသိပေးထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ တောင်သာမြို့နယ် ရုံးစဥ်ကြီးနှင့် ပန်းအိုင်ကြား ဆင်ခြေရာဘုရားအနီး စစ်တပ်စစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွား ဗိုလ်ကြီး ၁ဦးအပါ ၁၅ဦး သေဆုံး
အောက်တိုဘာ ၅
Radio NUG
စက်တင်ဘာလ ၉ရက်နေ့ ညနေ ၅ နာရီကျော်အချိန်တွင် မလှိုင်-ပန်းအိုင်မှ ရုံးစဥ်ကြီးကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်သား၊ ရဲ၊ ပျူ အင်အား ၃၀၀ကျော်ပါ အကြမ်းဖက်စစ်တပ်စစ်ကြောင်းအား ရုံးစဥ်ကြီးနှင့် ပန်းအိုင်ကြား ဆင်ခြေရာဘုရားအနီးတွင် တော်လှန်ရေးအင်အားစုများနှင့် ထိတွေ့တိုက်ပွားဖြစ်ပွားခဲ့ကြောင်း Taungtha People Defence Force (TTA PDF)မှ အောက်တိုဘာလ ၅ရက်နေ့တွင် သတင်းထုတ်ပြန်ပါတယ်။
ထိုတိုက်ပွဲ၌ အကြမ်းဖက်စစ်တပ်စစ်ကြောင်းဘက်မှ ဗိုလ်ကြီး တစ်ဦးအပါအဝင် ၁၅ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားနှင့် နောက်ပြန်ဆုတ်သွားခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
နောက်နေ့ နံနက်တွင် ထိုစစ်ကြောင်းသည် ပြန်လည်ထိုးစစ်ဆင်လာရာ ထိုစစ်ကြောင်းအား ကာရင်း တော်လှန်ရေးရဲဘော် နှစ်ဦး မြင့်မြတ်စွာ အသက်ပေးခဲ့ရတယ်လို့ သိရပါတယ်။
ထိုအကြမ်းဖက်စစ်အုပ်စုသည် ရုံးစဥ်ကြီးကျေးရွာသို့ ထိုးဖောက်ဝင်ရောက်လာကြပြီး ပြည်သူ့အိုးအိမ်စည်းစိမ်များကို ယူငင်မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများကို သတ်ဖြတ်ခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်းတို့ ပြုကျင့်သွားခဲ့တယ်လို့ အသိပေးထားပါတယ်။
တိုတိုက်ပွဲအား Taungtha People Defence Force (TTA PDF)၊ Bravo Team (မိတ္ထီလာ)၊ DSNDA(ဓနုတပ်ဖွဲ့)နှင့် မြင်းခြံခရိုင်တပ်ရင်း (၃)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ မင်းတုန်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ၊ လူငယ်များကို ဖမ်းဆီးပြီး ခိုးယူမှုများလည်း ဖြစ်ပွား
အောက်တိုဘာ ၅
Radio NUG
အောက်တိုဘာလ ၅ရက်နေ့ နံနက် ၈ နာရီခန့်တွင် မင်းတုန်းမြို့မှ စစ်သား ၄၀ နီးပါးနှင့် ရဲများ ပူးပေါင်းပါဝင်သော စစ်ကြောင်းတစ်ခုသည် ညောင်းကြပ်ကျေးရွာမှ တဆင့် အလယ်ချောင်းရဲစခန်းသို့ ဦးတည်စစ်ကြောင်းထိုးလာခဲ့ရာ ခုန်တိုင်ရွာအနီးတွင် တော်လှန်ရေးတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း ဗမာပြည်ကာကွယ်ရေးတပ် - USBAထံမှ သိရပါတယ်။
တိုက်ပွဲသည် ၁၅ မိနစ်ခန့် ဆက်လက်ဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများကို မျက်မြင်တွေ့ရှိခဲ့သော်လည်း အရေအတွက်ကို ဆက်လက်စုံစမ်းနေပြီး စစ်တပ် စစ်ကြောင်းသည် မင်းတုန်းမြို့သို့ ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
မင်းတုန်းမြို့သို့ ဆုတ်ခွာရာလမ်းတစ်လျှောက်တွင် ပြည်သူလူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့သလို နေအိမ်များထဲသို့ ဝင်ရောက်စီးနင်းကာ စားသောက်ကုန်များနှင့် တန်ဖိုးရှိပစ္စည်းများကို ခိုးယူလုယက်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ ရွှေဘို၊ ဇီးကုန်းလေး (ပျူ)ရွာက ဘန်ကာ ကင်းစခန်းအား အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့
အောက်တိုဘာ ၅ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေး (ပျူ) ရွာအဝင်က စစ်ကော်မရှင် ဘန်ကာ ကင်းစခန်းအား အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၅ ရက်၊ မနက် ၁ နာရီခွဲ အချိန်မှာ ရွှေဘိုမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့ (PDO) မှ ဦးဆောင်ပြီး တိုက်နယ် ၁၊ ၂၊ ၃၊ ၅ ပကဖ တိုက်ခိုက်ရေး အဖွဲ့များမှ ပြောက်ကျားစနစ်ဖြင့် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ် ဘန်ကာကင်း တစ်ခုအား အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကာ မီးရှို့ဖျက်ဆီးခဲ့ပြီး ကာဘိုင် ၂ လက်၊ ကိုးလုံး-သေနတ် ၁ လက်၊ ၇.၆၂ ကျည် ၁၂၉ တောင့်၊ ကာဘိုင်ကျည် ၃၈ တောင့်၊ ကိုးလုံးကျည် ၁၀ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည်အိမ် ၆ ခုနဲ့ ဖုန်း ၁ လုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် စစ်ကော်မရှင်တပ်နဲ့ ပျူစောထီး တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိ ခဲ့ကာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်မှ ရဲဘော် ၁ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်လို့ သိရှိရပါတယ်။
တိုက်ပွဲအတွင်း မြိုက် ကျေးရွာ ဘုန်းကြီးကျောင်းမှာ အထိုင်ချထားတဲ့ စစ်ကော်မရှင်နဲ့ ပျူစောထီး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ကူပေးလာတာကြောင့် ဖြတ်တောက်ရေး ရဲဘော်များက ၆၀ မမ၊ ကလလ ဗုံးသီးများဖြင့် ပစ်ကူပေးခဲ့ကာ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၄။ မုံရွာမြို့နယ်၊ သာစည်လမ်းနှင့် အက်တောအဝိုင်းပတ်တွင် ပြည်သူများထံမှ အတင်းအဓမ္မ ဆတ်ကြေးကောက်နေတဲ့ ရဲ ၄ဦးကို ပစ်ခတ်၊ ၄ဦးလုံး သေဆုံး
အောက်တိုဘာ ၅
Radio NUG
အောက်တိုဘာလ (၄)ရက်နေ့ နံနက်ပိုင်းအချိန်ခန့်တွင် မုံရွာမြို့နယ်၊ သာစည်လမ်းနှင့် အက်တောအဝိုင်းပတ်တွင် ပြည်သူများထံမှ ငွေကြေးများနှင့်ပါလာသည့် ပစ္စည်းများအား အတင်းအဓမ္မ ဆတ်ကြေးကောက်ယူနေတဲ့ အိမ်စီးကား (၁)စီးဖြင့် ရဲအရာရှိ (၃)ဦးနှင့် ရဲတပ်သား (၁)ဦးတို့အား ဝင်ရောက်ပစ်ခတ်ရာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ ပစ်ခတ်မှုအတွင်း BA.63 (ခေါ်) G3 (၂)လက်၊ ၉ မမ ပစ္စတို (၁)လက် သိမ်းဆည်းရမိပြီး ရဲ အရာရှိ (၃)ဦးနှင့် ရဲတပ်သား (၁)ဦးတို့ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါတိုက်ခိုက်မှုကို မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (မုံရွာမြို့နယ်-ပလဖ) နှင့် ကျောင်းသားတပ်တော် (SAF)၊ မုံရွာခရိုင်တပ်ရင်း ၂ ၊ ခွဲ(၁) ရွာဇော်ကြီးတော်လှန်သံ၊ Budalin Mobile Team တို့မှ အတူပူးပေါင်းတိုက်ခိုက်ခဲ့ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးရှိ တော်လှန်ရေး ရဲဘော်အသီးသီးတို့ ဘေးကင်းစွာဖြင့် အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ စစ်တပ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် သရက်ချောင်းမြို့နယ် သဲချောင်းကြီးရွာမှ ပြည်သူ ၅ ဦး ဒဏ်ရာရရှိ
အောက်တိုဘာ ၅
Radio NUG
အောက်တိုဘာလ ၅ရက်နေ့ ညနေတွင် သရက်ချောင်းမြို့နယ်၊ သဲချောင်းကြီးရွာကို စစ်လေယာဉ်က ပေါင် ၅၀၀ ဗုံး တစ်လုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ တိုက်ခိုက်မှုအချိန်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိကြောင်း သတင်းရရှိပါတယ်။
ဗုံးကြဲမှုကြောင့် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ နေအိမ်များနှင့် အခြားပိုင်ဆိုင်မှုများ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်းဒေသကြီးတွင် ပြည်သူများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ ဆက်လက်များပြားလာနေတာကြောင့် သတိထားနေထိုင်ကြရန် တော်လှန်ရေးအဖွဲ့အစည်းများမှ သတိပေးထားပါတယ်။
========================
🚩🚩 ၆။ ပွင့်ဖြူမြို့နယ်၊ မဲဇလီ - ဆည်တော် တံတားကို ယာယီ အသုံးပြုခွင့်ပိတ်
အောက်တိုဘာ ၅ ရက်၊
Radio NUG
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ပုသိမ် - မုံရွာလမ်းပိုင်းရှိ မဲဇလီ - ဆည်တော်တံတား (ယခင်ကြိုးတံတား) ကို ယာယီ အသုံးပြု ပိတ်ပင်လိုက်ကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ ၅ ရက်နေ့မှ စတင်ကာ အသုံးပြုခွင့် ပိတ်လိုက်တာဖြစ်ပြီး အသုံးပြုမှုကြောင့် ဖြစ်ပေါ်လာမယ့် ပြဿနာများကို တာဝန်ယူ ဖြေရှင်းပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ယခု ထုတ်ပြန်ချက်ဟာ နောက်တစ်ကြိမ် ထုတ်ပြန်ချက် မထုတ်ပြန်မခြင်း အတည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ပ.က.ဖ က အသိပေး ထားပါတယ်။
========================
🚩🚩 ၇။ ရာမည မွန်တပ်တော်မှ CBQ သင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းပွဲ ကျင်းပ
အောက်တိုဘာ ၅ ရက်၊
Radio NUG
မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) /ရာမညမွန်တပ်တော် (NMSP-AD/RMA) မှ ဦးဆောင်ဖွင့်လှစ် သင်ကြားပေးခဲ့တဲ့ CBQ သင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းပွဲကို ကျင်းပခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၄ ရက်နေ့က လွတ်မြောက်နယ်မြေ တနေရာမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အဆိုပါ သင်တန်းဆင်းပွဲကို NMSP-AD/RMA ဥက္ကဌ နိုင်ဇေယျ၊ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စလွန်းထော၊ သင်တန်းဆရာများနဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
သင်တန်းဆင်းပွဲမှာ ဥက္ကဋ္ဌ နိုင်ဇေယျ၊ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထောနဲ့ သင်တန်းဆရာ သက်နိုင်လင်းတို့မှ ခွန်အားဖြည့် မိန့်ခွန်းများ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် သင်တန်းကာလအတွင်း အခက်အခဲများကို ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ကျော်ဖြတ်ခဲ့ကြရတဲ့ ရဲဘော်များက စွမ်းဆောင်ရည် ပြသတဲ့ စစ်ရေးသရုပ်ပြမှုများ ပြုလုပ်ခဲ့ကြတယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၈။ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ကြတဲ့ ရဲဘော်များရဲ့ မိသားစုဝင်များအား ဂုဏ်ပြု၊ ထောက်ပံ့
အောက်တိုဘာ ၅ ရက်၊
Radio NUG
တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ကြတဲ့ ရဲဘော်များရဲ့ မိသားစုဝင်များအား ဂုဏ်ပြုဦးညွတ်၊ ရှိခိုးကန်တော့ခဲ့ကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့တယ်လို့ အညာမြေ တပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၂၈ ရက်နေ့က တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့တဲ့ ရဲဘော်များရဲ့ မိသားစုဝင်များထံကို တပ်ပေါင်းစုမှ ရဲဘော်များ၊ တာဝန်ရှိ လူကြီးများက ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခြင်း၊ ကျဆုံးရဲဘော်တို့ရဲ့ စစ်ယူနီဖောင်းနဲ့ အသုံးအဆောင်များ ပြန်လည်အပ်နှင်းခြင်းများ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ဂုဏ်ပြုဦးညွတ်ခြင်း၊ ရှိခိုးကန့်တော့ခြင်းများ ဆောင်ရွက်ခဲ့ကာ ကျဆုံး ရဲဘော်များရဲ့ မိသားစု တစ်စုလျှင် ထောက်ပံ့ငွေ ကျပ် (၁၄၅) သိန်း ပေးအပ်ခဲ့တယ်လို့ သိရှိရပါတယ်။
အဖိုးတန်သားများကို မွေးဖွားပေးခဲ့တဲ့ မိဘများအား သူရဲကောင်း မိဘများအဖြစ် သမိုင်းအဆက်ဆင် မှတ်တမ်း တင်ထားကြောင်း အညာမြေ တပ်ပေါင်းစုက အသိပေး ကြေညာထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment