22th Dec 2021 - Afternoon Daily News by Radio NUG


ဒီဇင်ဘာလ ၂၂ ရက်နေ့ နေ့လည်ခင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌ရိတ်သိမ်းချိန်တန်နေတဲ့စိုက်ပျိုးသီးနှံများကို ပြည်သူများအားရိတ်သိမ်းခွင့်ပေးရန် သံဃာတော်များကအာဏာသိမ်းအုပ်စုထံတောင်းဆို
📌မြစ်ကြီးနားမြို့ မနောင်ကွင်းတွင် အကြမ်းဖက်စစ်တပ်ဦးဆောင်ကျင်းပခဲ့သောခရစ်စမတ်ပွဲအားရှုံ့ချကြောင်း သဘောထားထုတ်ပြန်
📌လေးကေ့ကော်တိုက်ပွဲ ၇ ရက်မြောက်ငြိမ်သက်နေသော်လည်း စစ်ဘေးရှောင်များထပ်မံပြောင်းရွေ့နေကြဆဲ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ရိတ်သိမ်းချိန်တန်နေတဲ့စိုက်ပျိုးသီးနှံများကို ပြည်သူများအားရိတ်သိမ်းခွင့်ပေးရန် သံဃာတော်များကအာဏာသိမ်းအုပ်စုထံတောင်းဆိုခဲ့ကြပါတယ်

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ တိုင်းဝန်ကြီးချုပ်အား နေပြည်တော်၊ မန္တလေး၊ အမရပူရမြို့များနှင့် အဆိုပါကျေးရွာများမှ ဆရာတော်သံဃာတော်များက အထူးမေတ္တာရပ်ခံစာတစောင်ကိုရေးသားပေးပို့ခဲ့ကြပါတယ်။ ထိုသို့စာပေးပို့တောင်းဆိုခဲ့ရခြင်းမှာ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ ကျေးရွာ ၁၄ ရွာတွင် တောင်သူလယ်သမားများသည် ရိတ်သိမ်းချိန်တန်နေပြီဖြစ်သော စပါးနှင့်မြေပဲသီးနှံများကို လုံခြုံဘေးကင်းစွာရိတ်သိမ်းနိုင်ခြင်းမရှိသောကြောင့်ဖြစ်ပါတယ်။ စစ်ကောင်စီဘက်မှ တောင်သူရွာသားများအပေါ် ဘေးအန္တရာယ်မပေးဘဲ မေတ္တာဖြင့် ထိန်းသိမ်းစောင့်ရှောက်ပေးကြပါလို့ အကြမ်းဖက်စစ်ကောင်စီ၏ တိုင်းဝန်ကြီးချုပ်အား ဆရာတော်သံဃာတော်များက အထူးမေတ္တာရပ်ခံခဲ့ရပါတယ်။ အကြမ်းဖက်စစ်ကောင်စီသည် အရာတော်မြို့နယ်အတွင်းရှိ အဆိုပါကျေးရွာများတွင် PDFများရှိသည်ဟုစွပ်စွဲကာ မကြာခဏ ဝင်ရောက်ဖျက်ဆီးမီးရှိူ့မှုများပြုလုပ်ခဲ့ကြပါတယ်။ ထို့အပြင် ရွာလုံးကျွတ်ပြောင်းရွှေ့ခံရမယ် မီးရှို့ပစ်မယ်စသည်ဖြင့် ခြိမ်းခြောက်ခံနေရခြင်းလည်း ရှိခဲ့ပါတယ်။ ခြိမ်းခြောက်သည့်အတိုင်းလည်း အာဏာသိမ်းစစ်တပ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဖြစ်သည်ဟု တွေ့သမျှလူများကို စွပ်စွဲဖမ်းဆီးပြီးလူသတ်ခြင်း ရွာမီးရှို့ခြင်း စစ်ရာဇဝတ်မှုများကို ကျူးလွန်နေကြတာ မီဒီယာများပေါ်တွင် ရုပ်သံမှတ်တမ်းနှင့်တကွ မြင်တွေ့နေရပါတယ်။ အကြမ်းဖက်စစ်ကောင်စီ၏ ဘေးရန်ကြောင့် ဒေသခံအများအပြား ကျေးရွာကိုစွန့်ကာထွက်ပြေးတိမ်းရှောင်နေရပြီး
စပါးအပါအဝင်ရိတ်သိမ်းချိန်တန်သီးနှံများအားမရိတ်သိမ်းနိုင်ဘဲ ပစ်ထားကြရခြင်းဖြစ်ပါတယ်။ အရာတော်မြို့နယ်၊ သလဲဘာရွာ၊ အလယ်ရွာ၊ လက်ပံသာရွာ၊ စပါးတွင်းရွာ၊ ဆိပ်ဖူးကြီးရွာ၊ ဆင်တလည်ရွာ၊ ကဲဘာရွာ၊ ညောင်ခြေထောက်ရွာ၊ ငါးကင်းရွာ၊ သရက်ချိုရွာ၊ ကျောက်ကုန်းရွာ၊ ရွှေစည်းခုံရွာ၊ သာစည်ရွာ၊ မင်းရွာများ၌ သီတင်းသုံးတော်မူကြသော ဆရာတော်သံဃာတော်များသည် မိမိတို့၏ရပ်ရွာအသီးသီးရှိ တောင်သူလယ်သမားများ၏ ရိတ်သိမ်းချိန်တန် စပါးနှင့်မြေပဲသီးနှံများရိတ်သိမ်းခြင်းကိစ္စ၌ အန္တရာယ်ကင်းဘေးရှင်းစွာ ရိတ်သိမ်းနိုင်ကြစေဖို့ ဆန္ဒရှိနေကြပါတယ်။ စစ်ကောင်စီဘက်မှ မေတ္တာတရားဖြင့် ထိန်းသိမ်းစောင့်ရှောက်ပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါတယ်လို့ ဒီဇင်ဘာလ ၂၁ ရက်နေ့ နေ့စွဲဖြင့် စာပေးပို့ခဲ့ကြတာပါ။ ဆရာတော်သံဃာတော် ၁၅ ပါးကိုယ်စား နေပြည်တော် ချမ်းမြေ့မြိုင်ဆရာတော်က စစ်ကောင်စီ ဝန်ကြီးချုပ်ဆိုသူထံ လိပ်မူကာ တောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီသည် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကဲဘာကျေးရွာအား ဒီဇင်ဘာလ ၁၃ ရက် မနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့ကြခြင်းကြောင့် ကျေးရွာအတွင်းရှိ နေအိမ်၁၀၀ နီးပါး မီးလောင်ပျက်စီးခဲ့သလို ဂန့်ဂေါမြို့နယ်၊ နှမ်းခါးရွာမှာလည်း ဒီဇင်ဘာ ၁၇ ရက်က ရဟတ်ယာဉ်ဖြင့် လေကြောင်း တိုက်ခိုက်မှုကြောင့် ထိမှန်သေဆုံးသူရွာသားများ ဆယ်ဦးထက်မနည်းရှိခဲ့ပီး ဒီဇင်ဘာလ ၁၉ ရက်နေ့မှာလည်း နှမ်းခါးရွာကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြပါသေးတယ်။

========================

📌📌မြစ်ကြီးနားမြို့ မနောင်ကွင်းတွင် အကြမ်းဖက်စစ်တပ်ဦးဆောင်ကျင်းပခဲ့သောခရစ်စမတ်ပွဲအားရှုံ့ချကြောင်း သဘောထားထုတ်ပြန်ခဲ့ကြပါတယ်

မြစ်ကြီးနားမြို့ စီတာပိုရပ်ကွက်ရှိ မနောင်ကွင်းသည် အများပြည်သူ ကချင်တိုင်းရင်းသားများ၏အထွဋ်အမြတ်နေရာဖြစ်သည့်အပြင် အများပြည်သူအပန်းဖြေရာလည်းဖြစ်သည်ဟုကချင်လူမှုအဖွဲ့အစည်းများက မေတ္တာရပ်ခံစာတွင် ဦးစွာဖော်ပြခဲ့ကြပါတယ်။ ထိုကဲ့သို့ကချင်တိုင်းရင်းသားများနှင့်အတူနေတိုင်းရင်းသားအားလုံးတို့ရဲ့ တန်ဖိုးထားရာမနောင်ကွင်းမှာဒီဇင်ဘာလ ၁၇ ရက်နေ့က အာဏာသိမ်းထားတဲ့စစ်ကောင်စီတပ်က ခရစ်စမတ်ပွဲအားဦးဆောင်ကျင်းပခဲ့ပါတယ်။ ထိုကျင်းပမှု အပေါ် အထူး ရှုံ့ချတယ်လို့ ဆိုပါတယ်။ ပြည်သူလူထုအား မတရားနှိပ်စက်သတ်ဖြတ်နေတဲ့ ဖက်ဆစ်စစ်တပ်နှင့်ပေါင်းပီး မနောင်ကွင်းတွင် နောက်နောင်အခါများမှာလည်း မည်သည့်အကြောင်းပြချက်နဲ့မဆို ပွဲလမ်းသဘင်ကျင်းပခြင်းအား မိမိတို့ ကချင်လူငယ်ကျောင်းသားအဖွဲ့အစည်းတို့က ရှုံ့ချပါတယ်။ ကချင်ပြည်နယ်တိုင်းရင်းသားရိုးရာအသင်းအဖွဲ့များ နှင့်တာဝန်ရှိအရပ်ဘက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးအနေဖြင့် ဖက်ဆစ်စစ်တပ်နဲ့ပူးပေါင်းလုပ်သမျှ ပွဲလမ်းသဘင်များအား မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါတယ်လို့ ဒီဇင်ဘာလ ၂၁ ရက်နေ့ ရက်စွဲဖြင့်ရေးသားထုတ်ပြန်ထားတာကိုတွေ့ရှိရပါတယ်။
တိုင်းပြည်အာဏာသိမ်းခံထားရပီး ပြည်သူလူထုများဒုက္ခရောက်နေချိန်တွင် ခုလိုကျင်းပတဲ့ စစ်ကောင်စီခရစ္စမတ်ပွဲအား ရှုတ်ချကြောင်းကို Kachin State Civilian Movement၊ All Kachin Youths Union(AKYU)၊ မြစ်ကြီးနားတက္ကသိုလ်ကျောင်းသားသမဂ္ဂ၊ Kachin Literatural and Cultural Association(Universities)၊ NDEN Debate Society၊ ကချင်စာပေနှင့် ယာဉ်ကျေးမှုတက္ကသိုလ်များ(မြစ်ကြီးနား) စသည့် ကချင်လူငယ်နှင့် ကျောင်းသားအဖွဲ့များက ပူးပေါင်းသဘောထားထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။

========================

📌📌လေးကေ့ကော်တိုက်ပွဲ ၇ ရက်မြောက်ငြိမ်သက်နေသော်လည်း စစ်ဘေးရှောင်များထပ်မံပြောင်းရွေ့နေကြဆဲဖြစ်ပါတယ်

၁၅ ရက်နေ့ကစလို့ ပြင်းထန်ခဲ့တိုက်ပွဲများဟာ ဒီဇင်ဘာလ ၂၁ ရက်နေ့ ၇ ရက်မြောက်နေ့မှာ တိုက်ပွဲများ ငြိမ်သက်နေသော်လည်း စစ်ဘေးရှောင်ပြည်သူတွေကတော့အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းဗုံးကြဲမယ့်ရန်ကို ထိတ်လန့်နေကြရပါတယ်။ KNU ကရင်အမျိုးသားအစည်းအရုံးသည် စစ်ကောင်စီအား အသိပေးချက်တွင် အာဏာသိမ်းစစ်တပ်အနေဖြင့် ကျဆင်းနေသည့်ဂုဏ်သိက္ခာကို ပြန်လည်ထိန်းသိမ်းတဲ့အနေနဲ့ စစ်အင်အားများအား ပြန်လည် ရုပ်သိမ်းသွားရန် ပြောင်ပြောင်တင်းတင်းရေးသားခဲ့သလို တိုက်ပွဲများဖြစ်လာရခြင်းဟာ အာဏာရှင်စစ်တပ်ဘက်က အကြမ်းဖက်တိုက်ခိုက်ခြင်းက စတင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ထို့အပြင် အာဏာသိမ်းစစ်တပ်အနေဖြင့် မြန်မာ့နိုင်ငံရေးတွင် ပါဝင်စွက်ဖက်မှုမှ ဆုတ်ခွါကြောင်းကတိပေးပါဝင်လုပ်ဆောင်မှသာလျှင် ငြိမ်းချမ်းရေးရဲ့အဖြေဖြစ်တယ်လို့ ပြတ်ပြတ်သားသား သုံးနှုန်းသွားတာကို တွေ့ရပါတယ် ထို့အပြင် လေးကေကော်စစ်မြေပြင်အားလေကြောင်းပျံသန်းမှုကင်းမဲ့ဇုန်အဖြစ်သတ်မှတ်ပေးရန် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကိုလည်း တောင်းဆိုလိုက်ပါတယ်။
ထိုကဲ့သို့ ထုတ်ပြန်ကြေငြာချက်များထွက်ပေါ်လာပီးနောက် စစ်ကောင်စီက လေယာဥ်ဖြင့် လာရောက် တိုက်ခိုက်မည်ကို စိုးရိမ်ကြသည့်အတွက် မြဝတီတောင်ဘက် ဖလူးလေးရွာမှာရှိတဲ့ ဒေသခံပြည်သူတွေဟာ ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက်တွင် လက်ရှိခိုလှုံရာနေရာမှ အလှမ်းဝေးသည့်နေရာသို့ ထပ်မံရွှေ့ပြောင်းခဲ့ရပါတယ် စစ်ရှောင်ကျေးရွာ ၅ ရွာမှ ဒေသခံပြည် သူများသည် မူလစစ်ဘေးရှောင်နေရာဖြစ်တဲ့ ဖလူးကြီးကျေးရွာ စစ်ဘေးရှောင်စုရပ်များမှ ထိုင်းနိုင်ငံဘက်သို့ လူ ၁၅၀၀ ကျော် သောင်ရင်းမြစ် ဖြတ်ကူး၍ မဲ့ကိုကင်း ကျေးရွာဘက်သို့ ခိုလှုံရန်သွားရောက်ခဲ့ကြသလို မြစ်ကူး၍ မရဘဲ ကျန်ရှိခဲ့သူ ၂၀၀၀ ခန့်မှာ ဖလူးလေးရွာဘက်သို့ ညတွင်းချင်း ဆက်လက်ရွှေ့ပြောင်းခဲ့ကြပါတယ်။ " အခုဆို ဖလူးကြီး၊ ဖလူးလေး ရွာဘက်ကိုပဲ လေးကေကော် ၊ ထီးမယ်ဝါးခီး၊ မယ်ထော်သလေး၊ မင်းလက်ပံ၊ ရသေ့ဂူ ကျေးရွာ တွေက စုပြုံ ရှောင်လာကြတော့ အခု ဒီ ၂ရွာမှာ လူတွေ စုပုံ လာတယ်။ စစ်ရှောင်တွေကတအား များလာနေတော့ အိမ်သာ အခက်အခဲသုံးရေသောက်ရေ အခက်အခဲတော့ရှိ တယ်။ စားစရာကတော့ရွာက ကုန်စုံဆိုင်တွေရှိတာ နဲ့မဲဆောက် ဘက်အခြမ်းက ကူညီသူတွေ ပို့လာတဲ့ စားသောက်စရာတွေရှိတာ အကုန်ချက်ပြုတ် ကျွေးနေပါတယ်"လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးက ဒေသခံသတင်းမီဒီယာဖြစ်တဲ့ ကေအိုင်စီသို့ ပြောပြပါတယ် အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကြီးစခန်းဖြစ်တဲ့ လေးကေကော် စွယ်တော် အမြှောက်ကုန်းနှင့် ဖလူးဘုရားကုန်း အမြှောက်ကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အရာရှိနှင့်ရဲဘော်များကြား ယုံကြည်မှု၊ နာခံမှုများပျက်ပြားနေကြတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ စစ်ဘေးရှောင်များသာမကအဆိုပါအမြောက်ကုန်းရှိ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့များဟာ သောက်ရေပြတ်လပ်နေတဲ့အတွက် ဒေသခံကျေးရွာတာဝန်ရှိသူများထံသို့ ဆက်သွယ်ကာအကူအညီတောင်းနေကြတယ်လို့လည်း သိရပါတယ် အာဏာသိမ်းစစ်တပ်ဘက်က အင်အားဖြန့်ကျက်ဖြည့်တင်းမှုတွေရှိနေဆဲဖြစ်သလို KNLA KNDO PDF ပူးပေါင်းတပ်များဘက်ကလည်း အသင့်အနေအထားရှိတာကြောင့် မြေပြင်တိုက်ပွဲများသာမက စစ်လေယာဉ်ဗုံးကြဲခံရမယ့်အရေး တွေးပူးပီး စစ်ဘေးရှောင်များ ရွှေ့ပြောင်းခိုအောင်းနေကြဆဲဖြစ်ပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment