22th Dec 2021 - Morning Daily News by Radio NUG


ဒီဇင်ဘာလ ၂၁ ရက်နေ့ ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌H&M ၊ Zara အပြင် ထိပ်တန်းအမှတ်တံဆိပ်များ ပါဝင်သည့် ACT အဖွဲ့က မြန်မာနိုင်ငံရှိ လုပ်ဆောင်ချက်များ ရပ်နားရန် ဆုံးဖြတ်
📌အာဏာသိမ်းအုပ်စုလူကြီးလမ်းကြောင်းကိုပေါ်ပေါ်ထင်ထင်ကြိုဆိုဖို့ ဖိအားပေးခံနေရပီး စစ်တပ်ထုတ်ကုန်အားပေးသူအချို့ရပ်တန့်ကုန်ကြပါတယ်
📌တရုတ်ဘက်က တင်းကြပ်မှုတွေကြောင့် သစ်သီးတင်ပို့ရောင်းချမှု အရှုံးများနေဆဲ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌H&M ၊ Zara အပြင် ထိပ်တန်းအမှတ်တံဆိပ်များ ပါဝင်သည့် ACT အဖွဲ့က မြန်မာနိုင်ငံရှိ လုပ်ဆောင်ချက်များ ရပ်နားရန် ဆုံးဖြတ်

H&M ၊ Zara ပိုင်ရှင် Inditex နဲ့ Primark ကဲ့သို့ ထိပ်တန်းအမှတ်တံဆိပ်တွေ ပါဝင်တဲ့ ACT အဖွဲ့က မတည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေကြောင့် မြန်မာနိုင်ငံမှာ သူ့ရဲ့ လုပ်ဆောင်ချက်တွေကို ရပ်နားဖို့ ဆုံးဖြတ်လိုက်ကြောင်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။
ဖေဖော်ဝါရီလ အာဏာလွှဲပြောင်းမှုဖြစ်စဉ်ပြီးနောက် အလုပ်သမားတွေကိုယ်စား ဆောင်ရွက်တဲ့နေရာမှာ ပြည်တွင်းက အလုပ်သမားသမဂ္ဂအဖွဲ့များ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကြောင့် အခုလို ရပ်နားဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်တယ်လို့ ပြောပါတယ်။
Action Collaboration Transformation (ACT) က ကမ္ဘာလုံးဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် - IndustriALL နဲ့ ကမ္ဘာလုံးဆိုင်ရာ ကုန်အမှတ်တံဆိပ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ပြီး လုပ်သားများအတွက် ကုမ္ပဏီတစ်ခုချင်းစီ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိတဲ့ စားဝတ်နေရေးဖူလုံတဲ့ လုပ်အားခ သေချာစွာရရှိနိုင်ရေး ကိစ္စရပ်တွေကို အဓိကလုပ်ဆောင်တယ်လို့ သိရပါတယ်။
IndustriALL ရဲ့ ဒေသတွင်း မိတ်ဖက်ဖြစ်တဲ့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် - IWFM ရဲ့ လက်ရှိအခြေအနေအောက်မှာ လွတ်လပ်စွာ လည်ပတ်နိုင်ခြင်းမရှိတာက ACT လုပ်ငန်းတွေမှ နှုတ်ထွက်ရခြင်းရဲ့ အကျိုးဆက်လည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ၂၀၁၈ ခုနှစ်မှစတင်ကာ ACT ဦးစားပေးနိုင်ငံဖြစ်လာခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ အဖွဲ့ဝင်တွေက မြန်မာနိုင်ငံမှာ ACT ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို ရပ်ဆိုင်းဖို့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ACT အနေနဲ့ ၂၀၂၁ ခုနှစ် မတ်လမှ အောက်တိုဘာလအထိ နိုင်ငံအတွင်းက အဖွဲ့ဝင်ကုန်အမှတ်တံဆိပ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေကို လေးစားလိုက်နာတဲ့ Fast-Track Dispute Resolution Mechanism ကို ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။


========================

📌📌အာဏာသိမ်းအုပ်စုလူကြီးလမ်းကြောင်းကိုပေါ်ပေါ်ထင်ထင်ကြိုဆိုဖို့ ဖိအားပေးခံနေရပီး စစ်တပ်ထုတ်ကုန်အားပေးသူအချို့ရပ်တန့်ကုန်ကြပါတယ်

မွန်ပြည်နယ် သထုံမြို့မှာ ဒီဇင်ဘာလ ၂၀ ရက် မနက်ပိုင်းကပေါက်ကွဲမှုအချို့ဖြစ်ပွားခဲ့ပါတယ်။ အာဏာသိမ်းအုပ်စုအတွက် ဝင်ငွေလမ်းကြောင်းဖြစ်တဲ့ စစ်တပ်ပိုင်နှင့်ဆက်စပ်တဲ့ လုပ်ငန်းတွေကို ရောင်းဝယ်ဖောက်ကားမှု မပြုကြဖို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့တော်လှန်ရေးဘက်က ကနဦးကတည်းက သတိပေးထားခဲ့တာဖြစ်ပါတယ်။ အဆိုပါစစ်တပ် ထုတ်ကုန်များနဲ့ပက်သက်တဲ့ ရောင်းချမှု ဝန်ဆောင်မှုပေးနေသူတွေရဲ့ ဆိုင်အချို့ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက်မှာတော့ ဒီဝန်ဆောင်မှုတွေကို မပေးတော့ဘူးဆိုတဲ့ ကြေငြာချက် အချို့ထွက်ပေါ်လာပါတယ်။ ဆိုင်အများစုဟာ စစ်တပ်ထုတ်ကုန်များကို ကြော်ငြာထားတဲ့ ဆိုင်းဘုတ်တွေကိုဖြုတ်သိမ်းတာတွေ ရှိခဲ့သလို ဝန်ဆောင်မှုလုံးဝမရှိတော့ဘူးလို့
ယတိပြတ်ကြော်ငြာခဲ့တာတွေလည်း တွေ့ရပါတယ် ဒီဇင်ဘာ ၂၀ ရက်နေ့က စစ်တပ်ထုတ်ကုန်ဖြစ်တဲ့ မြန်မာဘီယာ၊ Mytel ဆင်းကဒ်၊ Red Ruby အရောင်းဆိုင်တွေရှေ့မှာဗုံးပေါက်ကွဲမှု ၅ ကြိမ်ဖြစ်ပေါ်ခဲ့တာပါ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့နေရာတွေကတော့စိုးမိုး မိုဘိုင်းဖုန်းဆိုင်၊ သုဝဏ္ဏဘီယာဆိုင်၊ ရန်ကုန်အဖျော်ယမကာ အရောင်းဆိုင်နဲ့ပြည်တော်သာ အဖျော်ယမကာအရောင်းဆိုင်တွေရှေ့မှာ ဖြစ်ပါတယ်။ဆိုင်ခန်းနေရာများနှင့်အုတ်စည်းရိုးများ ထိခိုက်ပျက်စီးခဲ့ပြီး လမ်းသွားလမ်းလာ ဆိုက္ကာနင်းသူ တစ်ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ဖောက်ခွဲမှုကို မွန်-သထုံအထူးကာကွယ်ရေးတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်တပ်ထုတ်ကုန်တွေကို ရောင်းချနေလို့ သတိပေးတဲ့အနေနဲ့လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ "မနေ့က ဗုံးတွေပေါက်ပြီးနောက်ပိုင်း မြန်မာဘီယာဆိုင်းဘုတ်တွေတင်ထားတဲ့ ဆိုင်တော်တော်များများ ဆိုင်းဘုတ်တွေဖြုတ်ချကြတယ်။ အချို့ mytelဆင်းကဒ်ရောင်းတဲ့ ဆိုင်တွေဆို မရောင်းတော့ဘူးလို့ ကြေညာလာတာတွေရှိတယ်။ ဒါပေမယ့် ဆက်လက်ရောင်းချတာတွေရှိ မရှိဆိုတာကတော့ သေချာမပြောနိုင်သေးဘူး။ ကျွန်တော်တို့ကိုယ်တိုင်လဲ ဒါတွေ မသုံးတော့ သူတို့ဆက်ရောင်းမရောင်းမသိရဘူး။ ကြာလာရင်တော့ လူတွေဆီကနေ သတင်းတွေက ထွက်လာမှာပါဘဲ''လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဗုံးဖောက်ခွဲခံရမှုမှာ ပါဝင်ခဲ့တဲ့ Soe Moe mobile ဖုန်းဆိုင်ကတော့ သူတို့ဆိုင်မှာ Mytel နှင့်ပတ်သက်တဲ့ မည်သည့်ဝန်ဆောင်မှုကိုမှ မပေးတော့ဘူးလို့ facebook စာမျက်နှာကတဆင့် ကြေညာခဲ့ပါတယ်။ တဆက်တည်းမှာပဲ အာဏာသိမ်းအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီးရဲ့လမ်းကြောင်းတွေကို CDM မဝင်ကြတဲ့ဌာနဆိုင်ရာဝန်ထမ်းအားလုံးဟာ ရုံးယူနီဖောင်းအပြည့်ဝတ်ပီး သွားရောက်ကြိုဆိုဖို့ကို စစ်ကောင်စီဘက်က ညွှန်ကြားထားပါတယ်။အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံအနှံ့မှာ တော်လှန်ပုန်ကန်သူတွေ နည်းမျိုးစုံနဲ့တက်ကြွလျက်ရှိနေပီး အာဏာရှင်လက်အောက်ခိုလှုံခဲ့ကြတဲ့ လက်ကိုင်တုတ်ဝန်ထမ်းများကတော့ရုံးဝတ်စုံများကို ဝတ်ဆင်သွားလာရဲခြင်းမရှိပါဘူး။ အခုလို အာဏာရှင်က တိုင်းပြည်ကို နိုင်နင်းစွာထိန်းချုပ်နိုင်ခြင်းမရှိသေးခင်မှာ အာဏာသိမ်းလူကြီးလမ်းကြောင်းတွေကို သွားရောက် ကြိုဆိုဖို့ ညွှန်ကြားခံရတာကြောင့် စိုးရိမ်နေရတဲ့အကြောင်း စစ်ကောင်စီဝန်ထမ်းတဦးကပြောပါတယ်။ လမ်းကြောင်းခရီးစဉ်တွေမှာ အရာထမ်း၊ အမှုထမ်း ဝန်ထမ်းအားလုံး ရုံးယူနီဖောင်းအပြည့်အစုံနဲ့ မဖြစ်မနေ သွားရောက် ကြိုဆိုရမယ်လို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ် အစိုးရရုံးက ဒီဇင်ဘာ ဒုတိယအပတ်မှာ ညွှန်ကြားလာတာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံဖြစ်နေတဲ့ ဝန်ထမ်းတွေအနေနဲ့ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေဟာ ကောင်းကြောင်းမှန်ကြောင်း ထောက်ခံရေးသားကြရမယ် အမျိုးသားညီညွတ်ရေး အစိုးရ NUG နဲ့ ဆက်စပ် အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်ဟာ မှားကြောင်း မတရားကြောင်း လူမှုကွန်ယက်ကနေတဆင့် ဝါဒဖြန့် ရေးသားဖြန့်ဝေဖို့ကိုလည်း ညွှန်ကြားခံနေကြရကြောင်း သိရှိရပါတယ်။

========================

📌📌တရုတ်ဘက်က တင်းကြပ်မှုတွေကြောင့် သစ်သီးတင်ပို့ရောင်းချမှု အရှုံးများနေဆဲ

ကျင်စန်းကျော့ဂိတ်ကတဆင့် တရုတ်နိုင်ငံထံ ဖရဲတင်ပို့ရောင်းချမှု ၁ လနီးပါးခန့် ကြာမြင့်လာပေမယ့် တရုတ်ဘက်ခြမ်းရဲ့ တင်းကြပ်လွန်းတဲ့ ကန့်သတ်စစ်ဆေးမှုတွေကြောင့် မြန်မာ့ဖရဲတင်ပို့ရောင်းချသူတွေ အရှုံးပေါ်နေဆဲဖြစ်တယ်လို့ ပြောကြပါတယ်။
တရုတ်ဘက်ခြမ်းကို ဝင်ရောက်ဖို့ ဖရဲတွေ ရက်ကြာမြင့်စွာ စောင့်ဆိုင်းနေရကာ အသီးအရည်အသွေး လျော့ကျလာမှုကြောင့် ‘‘အရင်ရက်က ကား ၅-၆ စီးမှာ တန် ၂၀ တရုတ်ကားတစီးရတယ်’’လို့ ခွာညိုသစ်သီးပွဲရုံက ပြောပါတယ်။
‘‘အဲ့ဒီတစီးတောင်မှ ဈေးကွက်ဝင် တဝက်လောက်ပဲ ပြန်ရတယ်။ အခု တရုတ်က ဝင်လာတဲ့ ခါလီကား ထပ်ကြပ်ရင် ဒီလိုဖြစ်နေမှာပဲ’’လို့ ဆိုပါတယ်။
လက်ရှိ တရုတ်ကို တင်ပို့ဖို့ မူဆယ် ၁၀၅ မိုင်ကို ရောက်ရှိလာတဲ့ မိုးဖရဲတွေက ၂၅ ရက်ကျော်ရင် ပျက်စီးနိုင်တာကြောင့် ၀ယ်လက်တွေထံ ရောက်ရှိချိန်မှာ ဈေးကွက်ပျက်နိုင်လို့ လုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းပြီး တင်ပို့ခွင့်မတော့ဘူးလို့ ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင်မှ သိရပါတယ်။
‘‘ဒါက ကပ်ရောဂါကာလ ကုန်သွယ်မှုဆိုတော့ အတိုင်းထက်လွန်ပြီး မျှော်လင့်ရခက်ပေမယ့် ကုန်ကျစရိတ်ကြီးကြီးမားမားတွေနဲ့ ဈေးအကျနဲ့တိုးရင် ပွဲရုံပိုင်ရှင်တွေ ထွက်ပြေးရမယ့်အပေါက်’’လို့ ခွာညိုသစ်သီးပွဲရုံက ပြောပါတယ်။
‘‘အားလုံးချိန်ဆပြီးမှ ပွဲရုံတွေနဲ့ တိုင်ပင်ပြီး တင်သင့်ပါတယ်’’လို့ မှတ်ချက်ပြုထားပါတယ်။
ဈေးကွက်အနေအထားအရ တရုတ်ဘက်ခြမ်းရဲ့ ဝယ်လိုအားကောင်းပြီး မြန်မာ့ဖရဲတစ်ကီလိုပေါက်ဈေး ၆-၇ ယွမ်အထိ ရရှိနေပေမယ့် အသီးအရည်အသွေးကြောင့် ကားစင်းလုံးပြတ်သာ ရောင်းချနေရပါတယ်။
တရုတ်ဘက်က ကြန့်ကြာမှုကို လျှော့ချပြီး မြန်မာ(ခါလီ)ကား အသုံးပြုခွင့်၊ မြန်မာဘက်ခြမ်းလမ်းကြောင်းမှာ မလိုအပ်တဲ့ အတားအဆီးတွေ လျှော့ချခြင်းစတဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်နိုင်မယ်ဆိုရင် ပစ္စည်းအမှန်/ဈေးအမှန်နဲ့ တွက်ချက်မှုရနိုင်ပြီး လုပ်သာကိုင်သာရှိလာမယ်လို့ သိရပါတယ်။
ကျမ်ကားရွာမှာ ကိုယ်ထူကိုယ်ထ သောက်သုံးရေနဲ့ ရေအားလျှပ်စစ်မီး ရရှိဖို့အတွက် အကူအညီ လိုအပ်နေပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment