30th JAN 2022 - Morning Daily News by Radio NUG

၂၀၂၂ ဇန်နဝါရီလ ၂၉ ရက်နေ့ ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌သမိုင်းဝင် ပြည်သူ့ညီလာခံတွင် ကိုယ်စားလှယ် ၄၀၀ ဝန်းကျင်တက်ရောက်
📌မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီ (ကိုရီးယား) မှ စီစဉ်ဆောင်ရွက်သည့် ရန်ပုံငွေပွဲကျင်းပ
၂၀၂၂ ခုနှစ်အတွက် ပထမဆုံးအကြီမ် အောင်လံလွှင့်ချီ 📌နွေဦးထီ ဖွင့်လှစ်မည့်ရက် ကြေညာ
📌အကြမ်းဖက်စစ်ကောင်စီကို ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်မည်ဖြစ်ပြီး မြို့သိမ်းတိုက်ပွဲများ ဖြစ်လာနိုင်ဟု CDF မင်းတပ်ပြောခွင့်ရသူ ပြောကြား

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌သမိုင်းဝင် ပြည်သူ့ညီလာခံတွင် ကိုယ်စားလှယ် ၄၀၀ ဝန်းကျင်တက်ရောက်တဲ့သတင်းကို ပြောပြပေးပါမယ်

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)ကပြုလုပ်သော ပထမအကြိမ် ပြည်သူ့ညီလာခံဖွင့်ပွဲတွင် တက်ရောက်သူ ကိုယ်စားလှယ် ၄၀၀ ဝန်းကျင်ရှိကြောင်း တက်ရောက်သူအချို့က ပြောပါတယ်။ ပထမဆုံးအကြိမ်ပြုလုပ်သော ပြည်သူ့ညီလာခံဖွင့်ပွဲကို အွန်လိုင်းမှ ဇန်နဝါရီ ၂၇ ရက်တွင်ပြုလုပ်ခဲ့ပြီး NUCC အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ပြည်တွင်းပြည်ပမှအထူးဧည်သည်များ၊ နိုင်ငံတကာသံရုံးများမှ သံတမန်များလည်းတက်ရောက်ခဲ့ကြောင်း သိရှိရပါတယ်။ NUCC တွင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့အပါအဝင် ကိုယ်စားလှယ်အဖွဲ့ပေါင်း ၂၈ ဖွဲ့ ထိစုစည်းမိနေပြီဖြစ်ကြောင်း ၂၀၂၁ နှစ်ကုန်ပိုင်းတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်ပြောကြားထားခဲ့တာပါ။

စစ်အာဏာရှင်စနစ် ဖြုတ်ချရန် ၊ဖက်ဒရယ်ဒီမိုကရေစီစနစ်ထူထောင်ရန် ကြိုးပမ်းမှုတွင် နိုင်ငံရေးအရ အမြင့်ဆုံးဦးဆောင်အဖွဲ့အစည်းဖြစ်သော အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)ကပြုလုပ်သော ပထမဆုံးအကြိမ်ပြည်သူ့ ညီလာခံဖွင့်ပွဲတွင် အွန်လိုင်းမှပြုလုပ်သော်လည်းတက်ရောက်သူများပြားပါတယ်။

မိန့်ခွန်းပြောကြားသူလည်း ၂၂ ဦးရှိပါတယ်။

၁-NUCCကိုယ်စား နွေဦးတော်လှန်ရေး သပိတ်အင်အားစုများ၏ ကိုယ်စားလှယ် မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ အဖွဲ့ဝင် ကိုခန့်ဝေဖြိုး

၂-NUCCကိုယ်စား နွေဦးတော်လှန်ရေး CDM အင်အားစုများ၏ ကိုယ်စားလှယ် ဆရာကိုနောင်ချို

၃-ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့မှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်

၄-တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများကိုယ်စား ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ဥက္ကဋ္ဌ ခူဦးရယ်

၅-သပိတ်ကော်မတီများ၊ CDM အင်အားစုများ၊ CSOများ အစရှိသည့် နွေဦးတော်လှန်ရေးအင်အားစုများ ကိုယ်စား ဦးမင်းကိုနိုင်

၆-နွေဦးတော်လှန်ရေးအင်အားစုများ GSCB မှ မအေးမြင့်အောင်အောင်

၇-ပြည်နယ် လူမျိုးအခြေပြု အတိုင်ပင်ခံကောင်စီ အစုအဖွဲ့မှ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီဥက္ကဋ္ဌ ခွန်မြင့်ထွန်း

၈-နိုင်ငံရေးပါတီအစုအဖွဲ့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အရံဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာခင်ဆောင်

၉-အထူးဖိတ်ကြားထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလာ

၁၀-အရပ်ဘက်အဖွဲ့အစည်းများ ကိုယ်စား ရပ်ဝန်းသစ်အဖွဲ့မှ Zနန်ရော်

၁၁-အထူးဖိတ်ကြားထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း

၁၂-ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ကိုယ်စား ချင်းအမျိုးသားတပ်ဦး(CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး

၁၂-အထူးဖိတ်ကြားထားသည့် ရခိုင်အမျိုးသားကောင်စီ(ANC) ဥက္ကဋ္ဌ ဗိုလ်မှူးကြီးမင်းထွန်း

၁၄-အထူးဖိတ်ကြားထားသည့် အမျိုးသမီးများအဖွဲ့ချုပ်(WLB) အထွေထွေအတွင်းရေးမှူး နော်ဆဲဆဲ

၁၅-မွန်ပြည်နယ် ကြားကာလပူးပေါင်းဆောင်ရွက်ရေးကော်မတီမှ နိုင်သုဝဏ္ဏ

၁၆-အထူးဖိတ်ကြားထာသည့် ဧည့်သည်တော် ကုလသမဂ္ဂမြန်မာနိူင်ငံဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းတင်သွင်းသူ မစ္စတာတွမ်အင်ဒရူး

၁၇-အထွေထွေသပိတ်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ကိုနန်းလင်း

၁၈-လူထုအခြေပြု အထွေထွေသပိတ်ကော်မတီမှ မသဉ္ဇာရွှန်းလဲ့ရည်

၁၉-လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီမှ ဆလိုင်းဝီလျန်

၂၀-တအာင်း(ပလောင်)အမျိုးသားအတိုင်ပင်ခံကောင်စီမှ မိုင်းနိုင်အောင်မိုး

၂၁-အထူးဖိတ်ကြားထာသည့်International Trade Union Confederation အထွေထွေအတွင်းရေးမှူးချုပ် မစ္စရှာရန်ဘူရို

၂၂ -အလုပ်သမားများသမဂ္ဂကိုယ်စား ဦးနန္ဒစစ်အောင်

တို့က အသီးသီးမိန့်ခွန်းပြောကြားခဲ့ကြပါတယ်။

NUCC တွင် CRPH အပါအဝင် ရွေးကောက်ပွဲလွှတ်တော်ကိုယ်စား လှယ်များအစုအဖွဲ့၊ နိုင်ငံရေးပါတီများ၊ သမဂ္ဂများ၊ အမျိုးသမီးများ၊ လူငယ်နှင့် လူနည်းစုဆိုင်ရာ အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံ့ဝန်ထမ်း CDM များ၊ CDM လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ လူထုသပိတ်လှုပ်ရှားမှုဆိုင်ရာအဖွဲ့အစည်းများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ ကြားကာလ ပြည်နယ်ဖက်ဒရယ်ယူနစ်ကိုယ်စားပြုကော်မတီဝင်များ ပါဝင်ကြပါတယ်။

ဇန်နဝါရီ ၂၇ ရက်မှ ယနေ့အထိ (ဇန်နဝါရီ ၂၉) ကျင်းပနေသောပထမအကြိမ် ပြည်သူ့ညီလာခံတွင် NUCC က ၁၀ လကျော် အချိန်ယူပြင်ဆင်ရေးဆွဲခဲ့သည့် ဖက်ဒရယ်ချာတာကိုအတည်ပြုရေး၊ NUCC လုပ်ငန်းလမ်းညွှန်၊ ဖွဲ့စည်းခြင်းကို အတည်ပြုရေး နှင့် NUG အစိုးရအဖွဲ့ကို အတည်ပြုရေး စသည့် လုပ်ငန်းစဉ် ၃ ရပ်ကို အဓိကဆွေးနွေးဆုံးဖြတ်မည်လို့ သိရှိရပါတယ်။

သတင်းစာရှင်းလင်းပွဲကို ယနေ့ ဇန်နဝါရီ ၃၀ ရက်နေ့ မြန်မာစံတော်ချိန် နေ့လည် ၂ နာရီခွဲတွင်ပြုလုပ်မည်ဟု သိရှိရပါတယ်။

========================

📌📌မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီ (ကိုရီးယား) မှ စီစဉ်ဆောင်ရွက်သည့် ရန်ပုံငွေပွဲကျင်းပခဲ့တဲ့သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအတွက် မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီ (ကိုရီးယား) မှ စီစဉ်ဆောင်ရွက်ပေးသည့်ရန်ပုံငွေပွဲကို ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ မဆုတ်မနစ် ကြံ့ကြံ့ခံပါဝင်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ ပြည်သူ့အာဇာနည် CDM ဝန်ထမ်းတွေကို အထောက်အပံ့ပေးနိုင်ဖို့နဲ့ ပြည်တွင်းပြည်ပက အခက်အခဲမျိုးစုံကြုံတွေ့နေရတဲ့ အလုပ်သမားများ၊ အရေးပေါ်အကူအညီလိုနေတဲ့ အလုပ်သမားများတွေကို ကူညီထောက်ပံ့ပေးနိုင်ဖို့နဲ့ စစ်ဘေးဒဏ်ကြောင့် ဒုက္ခရောက်နေရတဲ့ စစ်ဘးဘေးပြည်သူတွေအတွက် တတ်နိုင်တဲ့ဘက်က လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးနိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ အခုလို ကျင်းပပြုလုပ်တာလို့ ဆိုပါတယ်။
ရန်ပုံငွေပွဲမှာ အလုပ်သမားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏက အခက်အခဲမျိုးစုံကြုံနေရချိန်မှာ အခုလို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်း၊ အခုလို မြန်မာနိုင်ငံအတွက် စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေးတိုက်ပွဲဟာ အရေးကြီးသထက် ကြီးနေတဲ့အချိန်မျိုးမှာ ပြည်တွင်းပြည်ပက ပြည်သူတွေဟာ အနုနည်းနဲ့ရော အကြမ်းနည်းနဲ့ပါ ကြိုးပမ်းနေကြရသလို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း ဝန်ကြီးဌာနပေါင်းစုံ တက်ညီလက်ညီနဲ့ နည်းမျိုးစုံနဲ့ ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ နွေဦးတော်လှန်ရေးလို့ခေါ်တဲ့ ဒီတော်လှန်ရေးဟာ အခက်အခဲတွေ အမြစ်ပြတ်သွားဖို့ တိုက်နေရတဲ့ တော်လှန်ရေးဖြစ်တာကြောင့် တော်ရုံလွယ်ကူမှာတော့ မဟုတ်ပါကြောင်း၊ နိုင်ငံတကာရောက် ရွှေ့ပြောင်းအလုပ်သမားတွေဟာလည်း ဝိုင်းဝန်းဆွေးနွေးအဖြေရှာဆောင်ရွက်နေကြပြီး အားလုံးဟာ တစ်သားတည်းဖြစ်ပါကြောင်း၊ ဒီလိုအကူအညီတွေဆိုတာ လက်နက်ပဲဖြစ်ပါကြောင်း၊ ပြည်တွင်းမှာလည်း အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်နေကြသလို ငွေကြေးထောက်ပံ့နေသူတွေဟာလည်း အတူတူပဲဖြစ်ပါကြောင်း၊ စစ်အာဏာရှင်ကို ပြည်သူလူထုတိုင်းရင်းသားအားလုံးပါဝင်ပူးပါင်းပြီး အကြွင်းမဲ့အမြစ်ပြတ်ချေမှုန်းသွားမှာဖြစ်ကြောင်း၊ အခုလို ဆက်လက်ကူညီနေတာတွေကို အလွန်ပဲ ကျေးဇူးတင်ရှိပါကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။ အဲ့ဒီနောက် အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နီနဲ့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်တို့ကလည်း သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ဆောင်ရွက်နေမှုတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ကြပါတယ်။
အခမ်းအနားမှာ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင်က အမှတ်တရစကားပြောကြားပေးခဲ့ပြီး ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက ကိုရီးယားကိုယ်စားလှယ်ရုံးရဲ့ ဆောင်ရွက်ချက်တွေကို ရှင်းလင်းပြောကြားခဲ့သလို ပြည်သူချစ်အနုပညာရှင်တွေဖြစ်ကြတဲ့ မင်းမော်ကွန်း၊ အာဇာနည်၊ လင်းလင်း၊ ကိုပေါက်၊ ချစ်သုဝေ၊ ချမ်းချမ်း၊ ထားထက်ထက်၊ မြနှင်းရည်လွင်တို့နဲ့အတူ စာပေ၊ ဂီတနယ်ပယ်အသီးသီးမှ အနုပညာများစွာတို့က အမှတ်တရစကားပြောကြားခြင်းနဲ့ ဖျော်ဖြေခြင်းများဖြင့် ကျင်းပသွားခဲ့ပါတယ်။ တော်လှန်ရေးအနုပညာတင်ဆက်ပွဲ လက်မှတ်တစ်စောင်ကို ဝမ် ၃၀၀၀၀ ကျပ်နှုန်းနဲ့ ရန်ပုံငွေထည့်ဝင် ဝယ်ယူနိုင်မှာဖြစ်ပြီး ရန်ပုံငွေလက်မှတ်ဝယ်ယူသူတွေအတွက် အလုပ်သမားဝန်ကြီးဌာနမှ အထူးဂုဏ်ပြုမှတ်တမ်းလွှာနှင့် အနုပညာရှင်တွေရဲ့ လက်ဆောင်ပစ္စည်းတွေကို တော်လှန်ရေးအနုပညာတင်ဆက်ပွဲကျင်းပမယ့်နေ့မှာ ပြန်လည်မဲဖောက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

========================

📌📌၂၀၂၂ ခုနှစ်အတွက် ပထမဆုံးအကြီမ် အောင်လံလွှင့်ချီ နွေဦးထီ ဖွင့်လှစ်မည့်ရက် ကြေညာလိုက်တဲ့သတင်း

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွက် အောင်လံလွှင့်ချီ နွေဦးထီဖွင့်လှစ်မည့်ရက် နှင့် ဖေဖော်ဝါရီလ ၁ ရက်နေ့ Silent Strike တွင် ပါဝင်မည့်အကြောင်းကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက် ရက်စွဲဖြင့် ကြေညာချက်အမှတ် (၁/၂၀၂၂) ကို ထုတ်ပြန် ကြေညာလိုက်ပါတယ်။
အဆိုပါကြေညာချက်မှာ -
ဇန်နဝါရီအပတ်စဉ်အတွက် နွေဦးထီကို ဇန်နဝါရီလ (၃၁) ရက်နေ့မှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး ထီပေါက်စဉ်ကို ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ နွေဦးထီ Chatbot မှာ ကြည့်ရှုနိုင်မှာဖြစ်ပါကြောင်း၊
ယခင်လိုပဲ နွေဦးထီ ရောင်းရငွေ စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းကို တာဝန်သိ CDM ဝန်ထမ်းတွေအတွက် ချီးမြှင့်သွားမှာဖြစ်ပါကြောင်း၊
အောင်လံလွှင့်ချီနွေဦးထီရဲ့ အထူးဆု ထီပေါက်မဲ အဖြစ် “ကျပ်သိန်း ၁၀၀ တန်” အထူးဆု တစ်ဆုနဲ့ အခြားဆုမဲတွေ ဖွင့်လှစ်သွားမှာဖြစ်ကြောင်း၊
ဖေဖော်ဝါရီလ (၁) ရက်နေ့ Silent Strike မှာ နွေဦးထီကလည်း ပါဝင်သွားမှာဖြစ်တဲ့အတွက် အဲ့ဒီနေ့မှာ ထီအရောင်းပိတ်မှာဖြစ်ပြီး ဖေဖော်ဝါရီလ (၂) ရက်နေ့ကစပြီး ပုံမှန်အတိုင်း ပြန်လည်ရောင်းချသွားမှာဖြစ်ကြောင်း၊
နွေဦးထီရဲ့ Pilot Project စတင်ချိန်ကစပြီး အခုချိန်ထိ ပြည်သူတွေရဲ့ ဝန်းရံမှုကြောင့် တရားမဝင် စစ်ကောင်စီရဲ့ အောင်ဘာလေထီကို အလဲထိုးနိုင်ခဲ့ပြီး နွေဦးထီမိသားစုဟာ ပြည်သူနှင့်အတူ အာဏာရှင်စနစ် ချုပ်ငြိမ်းတဲ့အထိ တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း၊
ပြည်သူဘက်က ရပ်တည်တဲ့ တာဝန်သိ CDM ဝန်ထမ်းကောင်းတွေကို ချီးမြှင့်နိုင်ဖို့နှင့် မြန်မာ့မြေပေါ်က စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းသွားစေဖို့ ခိုင်မာပြတ်သားတဲ့ စိတ်ဓာတ်နဲ့ ပြည်သူလူထုကို သမိုင်းမှတ်တမ်း ကဗ္ဗည်းထိုးတင် အပ်ပါကြောင်းနဲ့ အာဏာသိမ်းမှု နှစ်ပတ်လည်နေ့ဖြစ်တဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တနိုင်ငံလုံး၊ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ပြည်သူအားလုံး တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike) နဲ့ လက်ခုပ်တီးသပိတ် (အသံထွက်သပိတ်) တို့ကို ဆင်နွှဲကြပါစို့၊ “ပြည်တော်ဝင်ဖို့ ရုန်းကြစို့” လို့ ကြေညာချက်မှာ ဖော်ပြပါရှိပါတယ်။

========================

📌📌အကြမ်းဖက်စစ်ကောင်စီကို ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်မည်ဖြစ်ပြီး မြို့သိမ်းတိုက်ပွဲများ ဖြစ်လာနိုင်ဟု CDF မင်းတပ်ပြောခွင့်ရသူ ပြောကြားလိုက်တဲ့သတင်းကို ဆက်လက်တင်ပြပေးပါ့မယ်။

ချင်းပြည်နယ်၊ မင်းတပ်-မတူပီကြားနဲ့ မင်းတပ်-ကျောက်ထုကြားမှာ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းတွေကို မကြာခဏ ကြားဖြတ်တိုက်ခိုက်နေသလို ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့တွေနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိတဲ့ CDF မင်းတပ်အနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို ထိုးစစ်ဆင် တိုက်ခိုက်မှာဖြစ်ပြီး နောက်ပိုင်းမှာ မြို့သိမ်းတိုက်ပွဲတွေပါ ဖြစ်လာနိုင်ကြောင်း CDF မင်းတပ် ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်က ပြောဆိုလိုက်ပါတယ်။
"ကျနော်တို့ရဲ့ ထိုးစစ်တွေ လာမယ်၊ ထိုးစစ်တွေ များများဖြစ်လာမယ်။ တိုက်ပွဲတွေ ရှိလာမယ်။ နောက်ပိုင်းကျရင် ကျနော်တို့ မြို့သိမ်းတိုက်ပွဲတွေ ဖြစ်လာမှာပေါ့" ဟု ကိုယောမန်က ဆိုပါတယ်။
လက်ရှိအချိန်မှာ မတူပီမြို့က ထွက်ခွာလာတဲ့ သံချပ်ကာအမြှောက်ကား ၂ စီးအပါအဝင် စစ်ကား ၈၃ စီးယာဉ်တန်းဟာ မင်းတပ်-မတူပီလမ်း မိုင်တိုင် ၅၆ မှာ ရောက်ရှိနေကြောင်း၊ မင်းတပ်အခြေစိုက် ၂၇၄ တပ်ရင်းနှင့် ကျောက်ထု အမြှောက်တပ်တွေက လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်နေတဲ့အတွက် လီလောင်းကျေးရွာကနေအိမ် ၂ လုံး ပျက်စီးသွားကြောင်း သိရပါတယ်။
"စကစက လက်နက်ကြီးနဲ့ ပစ်နေတာ ၁ ပတ်ကျော်ပြီပေါ့၊ ညဘက်မှာ ပစ်တယ်၊ မိုင် ၂၀ လောက် ရောက်တဲ့ လက်နက်ကြီးတွေနဲ့ စမ်းပြီးမှ ပစ်နေတာ၊ မင်းတပ်နဲ့ ၁၈ မိုင်ကွာဝေးတဲ့ ကျောက်ထုအမြှောက်တပ်ကနေပစ်တယ်၊ မင်းတပ်မြို့ပေါ်က ၂၇၄ တပ်ရင်းကနေ ပစ်တယ်၊ ဒီနေ့ဆိုရင် နေ့ဘက်မှာပါ ပစ်တယ်။ ဒီနေ့ သူတို့ပစ်တာ လီလောင်းရွာက အိမ် ၂ လုံး ပျက်စီးသွားတယ်၊ ရှက်ရွာနားမှာလည်း လက်နက်ကြီးတွေ ကျတယ်၊ လူထိခိုက်တာတော့ မရှိဘူး။ ဒီနေ့ ပစ်တာကို လက်နက်ကြီး ၈ လုံး ၉ လုံး ရှိနေပြီ။ ၄-၅ မိုင်လောက်မှာ လက်နက်ကြီးကျတဲ့ အသံကို ကြားရတယ်။ ဘာကြောင့် ပစ်နေတာလဲတော့ ပြောရခက်တယ်၊ သူတို့မှာ လက်နက်ကြီးတွေ ရှိကြောင်းပြတာ ဖြစ်နိုင်တယ်၊ စမ်းတာလည်း ဖြစ်နိုင်တယ်၊ ပြည်သူတွေကို ခြိမ်းခြောက်တာလည်း ဖြစ်နိုင်တာပဲ" ဟု CDF မင်းတပ် ပြောခွင့်ရက ပြောသည်။

လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းများကို CDF မင်းတပ်က မကြာခဏတိုက်ခိုက်နေသလို နယ်မြေထိစပ်နေသည့် ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များဖြစ်သော CDF မတူပီ၊ CDF ကန်ပက်လက်၊ ယောဒေသကာကွယ်ရေးတပ်ဖွဲ့၊ ကျောက်ထုဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိကြောင်း သိရှိရပါတယ်။

CNA အပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ Chinland Joint Defense Committee CJDC ကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က ဖွဲ့စည်းခဲ့ပြီး CDF မင်းတပ်လည်း အဖွဲ့ဝင်အဖြစ် ပါဝင်ထားကြောင်းသိရပါတယ်။







#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment