၂၀၂၂ ဇန်နဝါရီလ ၂၉ ရက်နေ့ ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုတစ်ကမ္ဘာလုံးကရှုတ်ချခဲ့ပေမယ့်ထိရောက်တဲ့ အရေးယူမှုမရှိကြောင်း UNOCHR တာဝန်ရှိသူပြောကြား
📌ဦးကိုနီ ကွယ်လွန်ခြင်း ၅ နှစ်ပြည့် ဝမ်းနည်းကြောင်းသဝဏ်လွှာ ဗ.က.သများအဖွဲ့ချုပ်ထုတ်ပြန်
📌ယင်းမာပင်မြို့မှာ အသံတိတ်သပိတ်တွင် ပူးပေါင်းပါဝင်ခြင်း မပြုကြရန် စစ်ကောင်စီ ခြိမ်းခြောက်နေ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုတစ်ကမ္ဘာလုံးကရှုတ်ချခဲ့ပေမယ့်ထိရောက်တဲ့ အရေးယူမှုမရှိကြောင်း UNOCHR တာဝန်ရှိသူပြောကြား
မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စနစ်တကျကျူးလွန်ခဲ့တာနဲ့ ပတ်သက်ပြီး တစ်ကမ္ဘာလုံးက ပြစ်တင်ရှုတ်ချခဲ့ကြပေမယ့် ထိရောက်တဲ့ အရေးယူဆောင်ရွက်မှု မရှိခဲ့ဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာ မင်းကြီး Michelle Bachelet က ဝေဖန်လိုက်ပါတယ်။
မြန်မာစစ်တပ်က ပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ ကြီးမားတဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက တက်တက်ကြွကြွ တုံ့ပြန်ဆောင်ရွက်ခြင်းမရှိခဲ့တဲ့အပေါ် စိတ်ပျက်တုန်လှုပ်မိတယ်လို့လည်း Michelle Bachelet က ပြောလိုက်ပါတယ်။
စစ်တပ်က အာဏာသိမ်းခဲ့တဲ့ တစ်နှစ်နီးပါးကြာခဲ့တဲ့အချိန်အတွင်း စစ်ခေါင်းဆောင်တွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စနစ်တကျ ကျူးလွန်ခဲ့ပြီး အခုထိတိုင် ပြစ်ဒဏ်ကနေလည်း လွတ်ကင်းနေတုန်းပဲဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ အရပ်ဖက်အုပ်ချုပ်ရေး ပြန်လည်ဖော်ဆောင်ဖို့အတွက် နိုင်ငံတကာဖိအားတွေ ပိုပေးကြဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။
မြန်မာပြည်သူတွေဟာ သူတို့ရဲ့ ဒီမိုကရေစီရေးအတွက် သူမတူတဲ့ သတ္တိတွေနဲ့ ခံနိုင်ရည်ရှိမှုတွေကို ပြသခဲ့ကြတယ်လို့ သူက ပြောသလို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း ဒီပြဿနာကို အဆုံးသတ်ဖို့အတွက် ခိုင်မာတဲ့လုပ်ဆောင်ချက်တွေကနေတစ်ဆင့် မြန်မာပြည်သူတွေကို ထောက်ခံအားပေးသွားမယ်ဆိုတဲ့ သန္ဒိဌာန်ခိုင်မာမှုကို အခုအခါမှာ ပြသသွားရမှာ ဖြစ်တယ်လို့ လည်း ဆိုပါတယ်။
မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကို မြန်မာပြည်သူအားလုံးနီးပါးက ကန့်ကွက်ခဲ့ကြပြီး အကြမ်းဖက်စစ်အုပ်စုဟာ သူ့ရဲ့ အာဏာကို ခိုင်မာ အားကောင်းအောင် မလုပ်နိုင်ခဲ့ဘူးလို့လည်း ကုလလူ့အခွင့်ရေးဆိုင်ရာ အကြီးအကဲရဲ့ ပြောခွင့်ရ Rupert Colville က ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကစပြီးအကြမ်းဖက်စစ်အုပ်စုဝင်လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေကို ရက်ရက်စက်စက် နှိမ်နင်းခဲ့တာကြောင့် ကျဆုံးပြည်သူ ၁၅၀၀ ကျော်သွားပြီ ဖြစ်ပြီး အဲဒီထဲမှာ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ အကြမ်းဖက်မှုတွေအတွင်း သေဆုံးတဲ့သူတွေ မပါဝင်သေးဘူးလို့လည်း သူက ဆိုပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်နာရုံး (OHCHR) အနေနဲ့ မြန်မာနိုင်ငံမှာ နေ့စဉ်ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်ထားပြီး၊ အဲဒီထဲက အများစုဟာ မြန်မာစစ်တပ်ရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျူးလွန်တာဖြစ်တယ်လို့ သူကပြောထားပါတယ်။
========================
📌📌ဦးကိုနီ ကွယ်လွန်ခြင်း ၅ နှစ်ပြည့် ဝမ်းနည်းကြောင်းသဝဏ်လွှာ ဗ.က.သများအဖွဲ့ချုပ်ထုတ်ပြန်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဥပဒေအကြံပေးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံရပြီး ကွယ်လွန်ခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်အဖွဲ့ဝင် သမဂ္ဂများက ဝမ်းနည်းကြောင်းသဝဏ်လွှာထုတ်ပြန်လိုက်ပါတယ်။
ဦးကိုနီဟာ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်နေ့မှာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပြည်ပခရီးစဉ်တခုမှအပြန် ရန်ကုန်လေဆိပ်မှာ သေနတ်သမားကြည်လင်းရဲ့ သေနတ်ဖြင့်အနီးကပ် ပစ်ခတ်လုပ်ကြံခံရပြီး ကွယ်လွန်ခဲ့ရခြင်း ဖြစ်ပါတယ်။
အဆိုပါလုပ်ကြံမှုမှာ လူသတ်သမား ကြည်လင်းကို ဝိုင်းဝန်းဖမ်းဆီးကြစဉ် လေဆိပ် တက္ကစီအငှားယာဉ်မောင်း ဦးနေဝင်းမှာလည်း သေနတ်ကျည်ထိမှန်ကာ ကွယ်လွန်ခဲ့ရတာဖြစ်ပါတယ်။
ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်၊ ဖျက်သိမ်းရေး ကြိုးပမ်းလျှက်ရှိတဲ့အတွက် နိုင်ငံရေးအရ လုပ်ကြံမှုသာဖြစ်ကြောင်း ဦးကိုနီ ကွယ်လွန်ခြင်း နှစ်နှစ်ပြည့်အခမ်းအနားမှာ NLD ပါတီဗဟိုပြန်ကြားရေးအဖွဲ့ ပြောကြားခဲ့ပါတယ်။
ဗ.က.သများအဖွဲ့ချုပ်က “အာဏာရှင်တို့၏ မတရားဥပဒေအောက်တွင် အမှုမှန်မပေါ်ပေါက်ခဲ့သော တရားရေး၏ ရှက်ရွံ့ဖွယ်ကောင်းသော အမှုအဖြစ်ကျန်ရှိခဲ့သော အမှုတခုဖြစ်လေသည်။ ၂၀၀၈ ခြေဥမှာ ဖျက်သိမ်းပြီးဖြစ်သော်လည်း ကျွန်ုပ်တို့ အနိုင်ရအောင်ပွဲဆင်နိုင်မှသာ အလုံးစုံပျောက် ကွယ်သွားမည်ဖြစ်သည်” လို့ ပြောထားပါတယ်။
ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုမှာ တပ်မတော်အရာရှိဟောင်းတွေ ပူးပေါင်းပါဝင်ကြံစည်ခဲ့ကြတာဖြစ်ပြီး အဓိကတရားခံဖြစ်တဲ့ တပ်မတော်အရာရှိဟောင်း အောင်ဝင်းခိုင်ကိုတော့ ဒီနေ့အချိန်ထိ ဖမ်းဆီးနိုင်ခဲ့ခြင်းမရှိသေးပါဘူး။
အမှုမှာ လူသတ်သမားကြည်လင်းနှင့် ပူးပေါင်းကြံစည်သူ အောင်ဝင်းဇော်တို့ကို သေဒဏ်နှင့် ပါဝင်ပတ်သက်သူ ဇေယျာဖြိုးအား ထောင်ဒဏ် ၅ နှစ်၊ အောင်ဝင်းထွန်းအား ထောင်ဒဏ် ၃ နှစ်ကျခံစေရန် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်နေ့က အနောက်ပိုင်းခရိုင်တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။
========================
📌📌ယင်းမာပင်မြို့မှာ အသံတိတ်သပိတ်တွင် ပူးပေါင်းပါဝင်ခြင်း မပြုကြရန် စစ်ကောင်စီ ခြိမ်းခြောက်နေ
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နေ ဒေသခံတွေ နဲ့ ဈေးဆိုင်ပိုင်ရှင်တွေအနေဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပြုလုပ်မယ့် အသံတိတ်သပိတ် (Silent Strike) မှာ ပူးပေါင်းပါဝင်ခြင်း မပြုလုပ်ကြဖို့နဲ့ သပိတ်မှာ ပူးပေါင်းသူတွေကို အရေးယူမယ်လို့ စစ်ကောင်စီက ဇန်နဝါရီလ ၂၉ ရက် မနက် ၈ နာရီခန့်မှာ ဈေးတွေနဲ့ မြို့တွင်းလှည့်လည် ခြိမ်းခြောက်မှု ပြုလုပ်ခဲ့ကြောင်း ဒေသခံတွေက မဇ္ဈိမသတင်းဌာနကို ပြောကြားခဲ့ကြောင်း သိရပါတယ်။
အသံတိတ်သပိတ် (Silent Strike ) မှာ ပူးပေါင်းပါဝင်သူတွေကို တည်ဆဲဥပဒေအရ ဖမ်းဆီး အရေးယူမယ်လို့ ယင်းမပင် ဈေးဆိုင်ခန်းတွေကို အာဏာသိမ်း စစ်ကောင်စီက လက်ကမ်း စာစောင်တွေ ဖြန့်ဝေကာ ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ဈေးဆိုင် ပိုင်ရှင်တစ်ဦးက ပြောပါတယ်။
“အသံတိတ်သပိတ် မလုပ်ဖို့အတွက် တည်ဆဲဥပဒေတွေနဲ့ အရေးယူမယ်ဆိုပြီး ဒီနေ့မနက်မှာ ကျွန်မတို့ကို လက်ကမ်း စာစောင်တွေနဲ့ လာပြီးတော့ ခြိမ်းခြောက်တယ်။ ဖိအားတွေ လာပေးတယ်။ ကျွန်မတို့ ပြည်သူတွေကို မတရား နိုင်ထက်စီးနင်း လုပ်နေပါတယ်” လို့ ဒေသခံတစ်ဦးကလည်း ပြောပြပါတယ်။
ယူနီဖောင်း အပြည့်အစုံ ဝတ်ဆင်ထားတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲ၊ စည်ပင်နှင့် ထွေအုပ်ဝန်ထမ်း ၁၀ ဦးခန့်က ယင်းမာပင် ဈေးအတွင်း အသံတိတ်သပိတ် မပြုလုပ်ဖို့ လက်ကမ်း စာစောင်တွေ ဖြန့်ဝေခဲ့သလို မြို့တွင်းမှာ ကားတစ်စီးနဲ့ လိုက်လံကြေညာမှုတွေလည်း ပြုလုပ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာ သိမ်းပြီးနောက် တစ်နိုင်ငံလုံး ပူဆွေးသောက ရောက်ခဲ့ရတဲ့ တစ်နှစ်ပြည့်အနေဖြင့် စစ်ခေါင်းဆောင်တွေကို ဆက်လက် ဖီဆန်ခြင်းဖြင့် ပြည်သူ့တော်လှန်ရေး အရှိန်မြှင့်တင်ရန်အတွက် ပြုလုပ်မယ့် Silent Strike အသံတိတ်သပိတ်မှာ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ပေးကြဖို့ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းထားပါတယ်။
“CRPH နဲ့ NUG က အကြမ်းဖက် အုပ်စုတွေဆိုပြီး လက်ကမ်း စာစောင်တွေ ဖြန့်နေကြတာ။ ဈေးမထွက်ရင် အရေးယူမယ်၊ အသံတိတ်သပိတ် မပြုလုပ်ဖို့၊ လက်ခုပ်မတီးဖို့၊ ကားဟွန်း၊ ဆိုင်ကယ်ဟွန်း မတီးဖို့ သူတို့ လက်ကမ်းစာစောင်တွေထဲမှာ ရေးထားတယ်” ဟု ယင်းမာပင်မြို့ခံ တစ်ဦးက ပြောပြပါတယ်။
အလားတူ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ဧရာတီတိုင်းနှင့် ကချင်ပြည်နယ်တို့မှာလည်း လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပြုလုပ်မည့် အသံတိသပိတ်မှာ ပူးပေါင်း ပါဝင်ခြင်း မပြုဖို့နှင့် အဲ့ဒီနေ့မှာ ဈေးမထွက်သည့် ဈေးဆိုင်ခန်းတွေကို အရေးယူမယ့်အကြောင်း စစ်ကောင်စီက ဖိအားပေး ခြိမ်းခြောက်မှုတွေ ပြုလုပ်နေကြောင်း ဒေသခံတွေထံက သိရပါတယ်။
မြို့နယ်အချို့မှာ အသံတိတ်သပိတ် ပြုလုပ်မယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဈေးဆိုင်ခန်း ဖွင့်ပါ့မယ်လို့ စစ်ကောင်စီက အတင်းအကြပ် ဖိအားပေး ခံဝန်ကတိ လက်မှတ် ထိုးခိုင်းတာတွေ ရှိနေကြောင်းလည်း သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့ကလည်း စစ်အာဏာရှင် မလိုလားကြောင်း ပြသတဲ့ အသံတိတ်သပိတ် ပြုလုပ်ခဲ့ကြပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာလည်း နိုင်ငံတစ်ဝန်း အသံတိတ်သပိတ်တွေ ဆင်နွှဲခဲ့ကြပါတယ်။
အသံတိတ်သပိတ်တွင် ပါဝင်သူတွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က ၊ ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၃ (က) အပြင် တည်ဆဲ ဥပဒေများနှင့်ပါ အရေးယူမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်နေတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment