သတင်းခေါင်းစဉ်များ -
📌အမျိုးသားညီညွတ်ရေးအစိုးရ NUGနှင့်တွေ့ဆုံခွင့်ပေးဖို့ အာဆီယံသံတမန်တောင်းဆို
📌တိုင်ပင်ဖော် စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးတိုင်ပင်ခြင်း ဝန်ဆောင်မှု
📌စစ်ကောင်စီ ဝင်ငွေရလမ်း ရဲတံခွန် သဘာ၀ဓာတ်ငွေ့ စီမံကိန်း ဂျပန်မစ်ဆူဘီရှီကော်ပိုရေးရှင်း နုတ်ထွက်မည်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရ NUGနှင့်တွေ့ဆုံခွင့်ပေးဖို့ အာဆီယံသံတမန်တောင်းဆို
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်က လာမည့်လတွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန်နှင့် ကြားကာလအစိုးရဖြစ်သော NUG နှင့် တွေ့ဆုံဆွေးနွေးခွင့်ပေးရန် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် မြန်မာစစ်အစိုးရကို တောင်းဆိုခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြထားပါတယ်။
ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဖြစ်သော မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် မစ္စတာ ပရက်ဆော့ခွန်း က ဖြတ်ချခံထားရသော အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အမျိုးသား ညီညွတ်ရေးအစိုးရ NUG အပါအဝင် ဆန့်ကျင်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံလိုခြင်းမှာ မြန်မာစစ်အစိုးရ၏ ငြင်းဆန်နေမှုကြောင့် ရှုပ်ထွေးနေခြင်း ဖြစ်သည်ဟု ပြောကြားခဲ့ပြီး “တစ်ဘက်တည်းနဲ့ချိတ်ဆက်ဖို့ကြိုးစားလို့မရပါဘူး အခြားတစ်ဘက်မှာလည်း အကြမ်းဖက်အဖွဲလို့ သတ်မှတ်ခံထားရ တဲ့ အဖွဲ့နဲ့ ချိတ်ဆက်ဖို့ ကြိုးစားသွားရမှာဖြစ်ပါတယ်” ဟု အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံ ပွဲအပြီး သတင်းစာရှင်းလင်းပွဲ တွင်ပြောကြားခဲ့တာပါ။
“ကျွန်တော်တို့ဟာ အခု နည်းလမ်းတစ်ခုကိုရှာဖွေနေခြင်းဖြစ်ပါတယ်။ အကယ်၍ နေပြည်တော်က NUG နဲ့စကားမပြော ဘူးဆိုရင် အထူးသံတမန်ကို တံတားအဖြစ်၊ ကြားခံပစ္စည်းတစ်ခုအဖြစ်သုံးလို့ရပါတယ်” ဟု မြန်မာနိုင်ငံမြို့တော်ကို ရည်ညွှန်း၍ ထည့်သွင်းပြောကြားခဲ့ပါတယ်။
၂၀၂၂ ခုနှစ်တွင် အာဆီယံဥက္ကဌအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်သည် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် ဗိုလ်ချုပ်များနှင့် တိုက်ရိုက်ချိတ်ဆက်မှုအပြင် ယခင်လက မြန်မာနိုင်ငံသို့သွား ရောက်လည်ပတ်ခဲ့သော ခရီးစဉ်ကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများက စိုးရိမ်ပူပန်မှုများဖြစ်ခဲ့ရပါသေးတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မစ္စတာ ပရက်ဆော့ခွန်းကို NUG နှင့်တွေ့ဆုံရန် ကြာသပတေးနေ့က တိုက်တွန်းခဲ့ပြီး NUG အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဒေါ်ဇင်မာအောင်က Twitter လူမှုကွန်ရက်စာမျက်နှာတွင် မြန်မာနိုင်ငံရေး အတွက် အဖြေရှာရန် ခိုင်မာသောပံ့ပိုးကူညီမှုနှင့် အထူးသံတမန်ထံ ပေးပို့ခဲ့သည့် ရှင်းလင်းသော သတင်းစကားအတွက် ကျေးဇူး အထူးတင်ပါသည်ဟု ရေးသားဖော်ပြခဲ့တာကို တွေ့ခဲ့ရပါတယ်။
========================
📌📌တိုင်ပင်ဖော် စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးတိုင်ပင်ခြင်း ဝန်ဆောင်မှု
“တိုင်ပင်ဖော်” ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက တည်ထောင်ထားတဲ့ စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးတိုင်ပင်ခြင်း ဝန်ဆောင်မှု တစ်ခုဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ ပဋိပက္ခအခြေအနေဟာ လူပေါင်းမြောက်မြားစွာရဲ့ စိတ်ကျန်းမာရေးကို ပြင်းထန်စွာ ဖိစီးသက်ရောက်စေတဲ့ အနေအထားဖြစ်ပြီး လူထုကြုံတွေ့နေရတဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေအတွက် ကူညီပံ့ပိုးပေးဖို့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ရည်ရွယ်ပြီး တည်ထောင်ထားတာဖြစ်ပါတယ်။
"တိုင်ပင်ဖော်" အနေဖြင့် ကလေးသူငယ်တွေ၊ လူငယ်တွေ၊ ကျား/မ အခြေပြု အကြမ်းဖက်မှုကို ကြုံတွေ့ရသူတွေအတွက် စိတ်ဖိစီးမှု ၊ စိတ်မွန်းကျပ်မှု၊ စိတ်အဆင်မပြေမှု၊ စိတ်မလုံခြုံမှု၊ စိတ်အားငယ်မှု၊ စိတ်ဒဏ်ရာတွေ အပါအဝင် အခြားသူကိုပြောပြဖို ခက်ခဲနေတဲ့အကြောင်းအရာတွေကို လုံခြုံစိတ်ချစွာနဲ့ 'အခမဲ့' တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
Facebook တွင် "တိုင်ပင်ဖော်" ဟု စာရိုက်ရှာဖွေနိုင်ပြီး လင့်ကတော့ https://facebook.com/taingpinphaw ဖြစ်ပါတယ်။ အဲဒီ 'တိုင်ပင်ဖော်' စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးတိုင်ပင်ခြင်း ဝန်ဆောင်မှုအတွက် ရက်ချိန်းရယူရန် အဆင့်ဆင့်အား ယင်းလူမှုကွန်ယက်စာမျက်နှာတွင် အပြည့်အစုံ ဖော်ပြပေးထားပါတယ်။
========================
📌📌စစ်ကောင်စီ ဝင်ငွေရလမ်း ရဲတံခွန် သဘာ၀ဓာတ်ငွေ့ စီမံကိန်း ဂျပန်မစ်ဆူဘီရှီကော်ပိုရေးရှင်း နုတ်ထွက်မည်
ဂျပန်မစ်ဆူဘီရှီကော်ပိုရေးရှင်းက အမြတ်အစွန်း နည်းပါးမှုနှင့် သက်တမ်းကုန်တော့မည့် ရဲတံခွန် သဘာ၀ဓာတ်ငွေ့ စီမံကိန်း နုတ်ထွက်ရပ်ဆိုင်းမည်ဟု ကြေ ညာလိုက်ပြီး အဲဒီကြေညာမှုကို မဲခေါင်စောင့်ကြည့်ရေးအဖွဲ့၊ Friends of the Earth Japan (FoE Japan) နှင့် Justice For Myanmar (JFM) တို့က ကြိုဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံရှိ ရဲတံခွန် ဓာတ်ငွေ့စီမံကိန်းမှ နုတ်ထွက်မည်ဟု မစ်ဆူဘီရှီ ကော် ပိုရေးရှင်းက ကြေညာလိုက်ပြီး ဓာတ်ငွေ့တွင်း သက်တမ်းကုန်ဆုံးလုနီးချိန်တွင် အမြတ်အစွန်းများနည်းပါးမှုကို အကြောင်းပြထားတာပါ။
စောင့်ကြည့်လေလာရေးအဖွဲ့များက မစ်ဆူဘီရှိ ကုမ္ပဏီအနေဖြင့် တာဝန်သိစွာဖြင့် စီမံကိန်းမှ ထွက်ခွာရန် နှင့် စီမံကိန်းနှင့်ဆက်စပ်နေသော လူ့အခွင့် အရေး ချိုးဖောက်မှုများ နောက်ဆက်တွဲ မဖြစ်ပွားစေရေး တိုက်တွန်ထားပါတယ်။
ဒါအပြင် အခုလိုတာဝန်သိနုတ်ထွက်မှုတွင် မစ်ဆူဘီရှီ ကော်ပိုရေးရှင်းအနေဖြင့် ရဲတံခွန်မှ ရရှိသော အခွန်များကို စစ်ကောင်စီပေးဆောင်ခြင်းမပြုရန်နှင့် စစ်တပ်သည် ယင်းငွေကြေးများကို လက်နက်များဝယ်ယူပြီး ပြည်သူကို အကြမ်းဖက်သတ်ဖြတ်ရာ တွင် အသုံးမပြုစေရန် လုပ်ဆောင်ရမည်ဟု တိုက်တွန်းသည်။
ဒီဇင်ဘာလတွင် Justice For Myanmar က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ပေါက်ကြားလာခဲ့တဲ့ စာရွက်စာတမ်းများတွင် ရဲတံခွန်စီမံကိန်းသည် ၂၀၂၁ ခုနှစ် အောက် တိုဘာလ ၂၁ ရက်မှ ခြောက်လအတွင်း ဒေါ်လာ ၂၂ ဒသမ ၃၇ သန်း စစ်တပ်က အခွန် ရရှိမည်ဖြစ်ကြောင်း သိရှိထားခဲ့ပါတယ်။
မဲခေါင်စောင့်ကြည့်ရေးအဖွဲ့နှင့် FoE Japan တို့သည် ရဲတံခွန်စီမံကိန်းတွင် မစ်ဆူဘီရှီနှင့် အခြားဂျပန်ပါဝင်ပတ်သက်သူများထံ စီမံကိန်းမှရရှိသော ဝင်ငွေများကို စစ်တပ်သို့ မစီးဆင်းစေရေးနှင့် ပရောဂျက်နှင့်ဆက်စပ်ပြီး ပေးဆောင်ထားတဲ့ ငွေပေးချေမှုများ သို့မဟုတ် စီမံကိန်းနှင့်စပ်လျဉ်းပြီး အချက်အလက်များထုတ်ဖော်ပေးရန် တောင်းဆိုထားပါတယ်။ ဒါပေမယ့် မစ်ဆူဘီရှီနှင့် အခြားပါဝင်ပတ်သက်သူများသည် အဆိုပါအချက် နှစ်ချက်စလုံးကို ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ပါတယ်။
ဇန်နဝါရီလတွင် မဲခေါင်စောင့်ကြည့်ရေးအဖွဲ့၊ FoE Japan နှင့် Justice for Myanmar အပါအဝင် အရပ်ဘက်အဖွဲ့အစည်းများသည် မစ်ဆူဘီရှီ ကော်ပိုရေးရှင်းအပါအဝင် စစ် တပ်နှင့် ချိတ်ဆက်ထားသော ဂျပန်စီးပွားရေးလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံသူများထံ စာရေးကာ စစ်တပ်ရထံ ဝင်ငွေစီးဆင်းမှုကို ဖြတ်တောက်ရန် တောင်းဆိုခဲ့ကြပါသေးတယ်။
ရဲတံခွန်စီမံကိန်းကို မလေးအစိုးရပိုင် ရေနံကုမ္ပဏီ Petronas Carigali ၊ ထိုင်းနိုင်ငံမှ PTTEP၊ ဂျပန်ကုမ္ပဏီများ နှင့် စစ်တပ်ထိန်းချုပ်ထားသည့် MOGE တို့က ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပါတယ်။
မဲခေါင်စောင့်ကြည့်ရေးအဖွဲ့မှ ဒါရိုက်တာ Yuka Kiguchi က “ရဲတံခွန်လုပ် ကွက်ဟာ ၂၀၀၀ ပြည့်နှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး တခြားဓာတ်ငွေ့တွင်းတွေနဲ့အတူ အဲဒီအချိန်က မြန်မာစစ်အစိုးရအတွက် အရေးကြီးတဲ့ ဝင်ငွေရင်းမြစ်တစ်ခုဖြစ်ပါတယ်။ စစ်ဘက်ဆိုင်ရာ အသုံးစရိတ်ကို တိုးချဲ့ရာမှာ အထောက်အကူဖြစ်ဖွယ်ရှိပါတယ်။ မစ်ဆူဘီရှီကော်ပိုရေးရှင်းက ၂၀၁၃ ခုနှစ်မှာ ရဲတံခွန်စီမံ ကိန်း ဝင်ရောက်ခဲ့ပါတယ်။ အမြတ်အစွန်းများနည်းလာလို့ ရဲတံခွန်စီမံကိန်းမှ နုတ်ထွက်ခြင်းမှာ ကုမ္ပဏီအနေနဲ့ လုပ်ဆောင်ခဲ့မှုတွေကို အပြည့်အဝတာဝန်ယူခြင်းမရှိတာကို ပြသပါတယ်။ ရဲတံခွန်စီမံကိန်းအပြင် မစ်ဆူဘီရှီကော်ပို ရေးရှင်းအနေနဲ့ သီလဝါ အထူးစီးပွားရေးဇုန် (အထူးစီးပွားရေးဇုန်) ကဲ့သို့သော ပြဿနာများရှိသည့် ပရောဂျက်တွေမှာ တာဝန်ခံမှု သို့မဟုတ် လူ့အခွင့်အရေးအတွက် လုံလောက်တဲ့ ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ပါဝင်နေပါတယ်။ ကုမ္ပဏီအနေနဲ့ သူ့ရဲ့စံနှုန်းတွေကို မြှင့်တင်သင့်ပြီး ရဲတံခွန်အတွက် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးဆိုင်ရာ ထည့်သွင်းစဉ်းစားမှုတွေ အပြည့်နဲ့ ရုပ်သိမ်းသင့်တယ်”ဟု ပြောဆိုခဲ့ပါတယ်။
Justice For Myanmar မှ ပြောရေးဆိုခွင့်ရှိသူ ရတနာမောင်က “မစ်ဆူဘီရှီ ကော်ပိုရေးရှင်းက ရဲတံခွန်စီမံကိန်းမှာ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကနေတဆင့် တရားမဝင် စစ်အာဏာရှင်တွေရဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ဘဏ္ဍာငွေ ထောက်ပံ့ရာမှာ ပါဝင်နေပါတယ်။ မစ်ဆူဘီရှီအနေနဲ့ ရဲတံခွန်စီမံကိန်းမှ ငွေကြေးတွေ စစ်တပ်ဆီ မစီးဆင်းဖို့ ခိုင်မာတဲ့ တားဆီးမှုတွေ လုပ်ဆောင်ရပါ့မယ်။ မစ်ဆူဘီရှီကော်ပိုရေးရှင်းအနေနဲ့ NUG နဲ့ တိုင်ပင်ကာ ရဲတံခွန်မှငွေကြေးများကို ငွေစာရင်းတစ်ခုတွင် ထားရှိဖို့ လုပ်ဖော်ကိုင်ဖက်တွေကို တွန်းအားပေးသင့်ပါတယ်။ မစ်ဆူဘီရှီကော်ပိုရေးရှင်းက ရဲတံခွန်ကနေ နုတ်ထွက်လိုက်တာဟာ Petronas နဲ့ PTTEP အပါအဝင် ဒီစီမံကိန်းမှာ အကြီးဆုံးရှယ်ယာရှင်တွေဖြစ်တဲ့ မလေးရှားနဲ့ ထိုင်းအစိုးရတွေကို ပြင်းပြင်းထန်ထန် သတင်းစကား ပေးပို့သင့်ပါတယ်။ ထိုင်းနှင့် မလေးရှားတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ စစ်ကောင်စီနဲ့ အလုပ်လုပ်ခြင်းက အာဆီယံရဲ့ အချက်ငါးချက်ပါ သဘောတူညီချက်ကို ပျက်ပြားစေပြီး စစ်တပ်ရဲ့ သတ်ဖြတ်မှုတွေကို ပံ့ပိုးနေတာဖြစ်ပါတယ်" ဟု ပြောဆိုထားပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment