၂၀၂၂ ဧပြီလ ၂၄ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌စစ်အာဏာရှင်လက်မှ လွတ်မြောက်နိုင်ရေးအတွက် ဒုတိယနှစ်တွင်အပြီးသတ် အောင်မြင်အောင်ဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းအစိုးရအဖွဲ့ အစည်းအဝေးတွင်မှာကြား
📌စစ်အာဏာရှင်ကျဆုံးခန်းမှာ သေဖေါ်ညှိတာ နိုင်ငံတော်အဆင့်ပြက်လုံးလို့ အာဏာသိမ်းစစ်ခေါင်းဆောင် ငြိမ်းချမ်းရေးစကားကို မင်းကိုနိုင် သုံးသပ်ပြောကြား
📌ဖရူဆိုမြို့နယ် ထားလဲနှင့် နန်းဖဲအကြားတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းမှ တပ်သားများ ဖရိုဖရဲဖြစ်ကာ တပ်သား (၁၇) ဦး စစ်ကြောင်းကို စွန့်ခွာထွက်ပြေး၍ ကရင်နီပူးပေါင်းတပ်ထံ ခိုလှုံ
📌ရေတာရှည် PDF ဗိုလ်ကြက်သွန်အဖွဲ့ထံ ပထမဦးဆုံး စကစတပ်သား တစ်ဦး အလင်းဝင်လာ
📌ရှေ့တန်းမထွက်ရသော်လည်း အချိန်တိုင်း၊ နေရာတိုင်း သေနိုင်၍ မိသားစုနဲ့ ဘဝရှေ့ရေးအတွက် အလင်းဝင်ကြရန် CDM ဗိုလ်ကြီးဇေသူအောင်တိုက်တွန်း
📌အကွာအဝေး ၃ မိုင် မှ ၅ မိုင်အတွင်းပစ်ခတ်နိုင်တဲ့ လက်လုပ်လောင်စာဒုံးများ ဒေါင်းလုလင် PDF က ထုတ်လုပ်
📌လောင်းရှည်ဒေသတွင်းရှိ LSR PDF ၏ ထိန်းချုပ်နယ်မြေဖြစ်သော စလင်းချောင်း မြောက်ဘက်ရှိ တောတောင်များအားလုံးသို့ ပြည်သူများ သွားလာရန်ခြင်းမပြုရန်အရေးပေါ် ထုတ်ပြ
📌ရေစကြို-ချောင်းဦးလမ်းမကြီးပေါ်တွင် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ခရီးသွားကားများအား စစ်ဆေးခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌စစ်အာဏာရှင်လက်မှ လွတ်မြောက်နိုင်ရေးအတွက် ဒုတိယနှစ်တွင်အပြီးသတ် အောင်မြင်အောင်ဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းအစိုးရအဖွဲ့ အစည်းအဝေးတွင်မှာကြား
စစ်အာဏာရှင်လက်မှ လွတ်မြောက်နိုင်ရေးအတွက် ဒုတိယနှစ်တွင်အပြီးသတ် အောင်မြင်အောင်ဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းအစိုးရအဖွဲ့ အစည်းအဝေးတွင်မှာကြားလိုက်ပါတယ်။ ဧပြီ ၂၃ ရက် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး (၈/၂၀၂၂) ကျင်းပရာတွင် ပြည်ထောင်စုဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။
"NUG အစိုးရနှင့်တကွ ပြည်သူတစ်ရပ်လုံးပါဝင်၍ စကစ နိုင်ငံရေးမှာ မပါဝင်နိုင်ရေး ကြိုးစားဆောင်ရွက်နေမှုများတွင် စကစအား ထိုက်တန်စွာ အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယခုမြေပြင်တွင် စိုးမိုးနယ်မြေများ ရရှိနေပြီဖြစ်သည့် အားလျော်စွာစိုးမိုးနယ်မြေများကို ခိုင်မာတိုးတက်အောင်ဆောင်ရွက်ကြရမည်ဖြစ်ပြီး အခွန်ကောက်ခံမှုများ စနစ်တကျဖြစ်စေရေးဆောင်ရွက်ကြရန်နှင့် နောက်ထပ်စိုးမိုးနယ်မြေများရရှိအောင် ဆက်လက်လုပ်ဆောင် ကြရမည်ဖြစ်ကြောင်း၊ တစ်နှစ်တာကာလတွင်လည်း ပြည်သူများမှာ ဒုက္ခများစွာကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရပြီဖြစ်သည့်အတွက် စစ်အာဏာရှင်လက်မှ လွတ်မြောက်နိုင်ရးအတွက် ဒုတိယနှစ်တွင်အပြီးသတ် အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း"ပြည်ထောင်စုဝန်ကြီးချုပ်ကဆိုပါတယ်။
အစည်းအဝေးတွင် ဆက်လက်ပြီး ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က မြေပြင်ဆောင်ရွက်ထားချက်များနှင့် ပတ်သက်၍လည်းကောင်း၊ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ဒုတိယပြည်ထောင်စုဝန်ကြီး ဦးမင်းဇေယျာဦးက ဘဏ္ဍာရေးကိစ္စ၊ အခွန်ငွေ ကောက်ခံခြင်းကိစ္စများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပါတယ်။
အစည်းအဝေးဆွေးနွေးချက်များအပေါ် ကြားကာလအုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ပြည်ထောင်စုဝန်ကြီးချုပ်က အတည်ပြုပေးခဲ့ပါတယ်။အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း နှင့်အတူ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများနှင့် အတွင်းဝန်များ တက်ရောက်ခဲ့ကြပါတယ်။
=======================
📌📌စစ်အာဏာရှင်ကျဆုံးခန်းမှာ သေဖေါ်ညှိတာ နိုင်ငံတော်အဆင့်ပြက်လုံးလို့ အာဏာသိမ်းစစ်ခေါင်းဆောင် ငြိမ်းချမ်းရေးစကားကို မင်းကိုနိုင် သုံးသပ်ပြောကြား
စစ်အာဏာရှင်ကျဆုံးခန်းမှာ သေဖေါ်ညှိတာ နိုင်ငံတော်အဆင့်ပြက်လုံးလို့ အာဏာသိမ်းစစ်ခေါင်းဆောင် ငြိမ်းချမ်းရေးစကားကို မင်းကိုနိုင် သုံးသပ်ပြောကြားလိုက်ပါတယ်။ ဧပြီ ၂၃ ရက် လူမှုကွန်ရက်မှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ဆိုလိုက်ပါတယ်။
"စစ်အာဏာရှင်ကျဆုံးခန်းမှာ သေဖေါ်ညှိတာ၊ ဘယ်သူမှ မသိလောက်ဘူး သူထင်နေတာကိုက နိုင်ငံတော်အဆင့်ပြက်လုံးပါ။ စစ်ဗိုလ်တပ်ချုပ်က အရပ်ဝတ်ကြီးခပ်တည်တည်ကောက်စွပ်ပြီး ထွက်ပေါက်ရှာနေတဲ့လုပ်ရပ် ကိုအားလုံးသိကြပါတယ်။ NUG နဲ့ တိုင်းရင်းသားတွေကို သွေးခွဲဖို့ကြံသေးတယ်။ နွေဦးတော်လှန်ရေးအပါဝင် တနိုင်ငံလုံးစာမဟုတ်ပဲ သူပြောသလိုတဖွဲ့ခြင်း လူမျိုးစုအလိုက်ရှင်းရအောင် သူ့ကိုဘယ်ပြည်သူတွေက ရွေးချယ်တင်မြောက်ထားလို့လဲ။ ဘယ်တုန်းက ပြည်သူ့ကိုယ်စားပြု mandate ပေးထားလို့လဲ။ စကစအတွက် မေးခွန်းသတ်ပြန်ပြီ။ သူတို့မှာဘာ mandate မှ မရှိရှာပါ"လို့ဆိုပါတယ်။
ဧပြီလအတွင်း အာဏာသိမ်း စစ်ခေါင်းဆောင်က မိန့်ခွန်းမှာ ၄င်းကိုယ်တိုင် ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ တွေ့ဆုံမယ်လို့ ပြောကြားသွားခဲ့ပါတယ်။
"စစ်တပ်ဆိုတာ Institution တခုမျှသာပါ ၂၀၀၈ ခြေ/ဥရဲ့ အနိုင်ကျင့်ဗိုလ်အကျဆုံးဖြစ်တဲ့ ဝှက်ထားတဲ့ဓားက ဆွေးနွေးဝိုင်းမထိုင်ခင်ကတည်းက ပေါ်နှင့်ပြီ။ သူကတော့ထွက်ပေါက်အဖြစ် တိုင်းရင်းသားဝတ်စုံတွေခြံရံတဲ့ ဓာတ်ပုံအရမ်းလိုချင်နေသူမို့၊ မရ ရရာ ရှာကြံ လုပ်ကြံ ရိုက်ပြချင်ဦးမှာပဲ။ အဲဒီဓာတ်ပုံတွေ ရက်ခြား ရက်ခြား ကမ္ဘာကိုပြ၊ တဖက်ကပြည်သူတွေကို နေ့စဉ်ဖမ်း၊ နှိပ်စက်၊ သတ် လုပ်မှာကိုကော ဘယ်သူ အာမခံ မှာလဲ။ လွတ်လပ်စွာဆန္ဒပြခွင့် အခြေခံတောင်ခွင့်မပြုပဲ အကြမ်းဖက်ဖြိုခွင်းနေသူဆီက ဘာ ဒီမိုကရေစီရဖို့မျှော်လင့်ပါသလဲ"လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်က ထပ်မံဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်ဟာ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပြီး နိုင်ငံတော်အကြီးအကဲများကိုဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။
========================
📌📌ဖရူဆိုမြို့နယ် ထားလဲနှင့် နန်းဖဲအကြားတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းမှ တပ်သားများ ဖရိုဖရဲဖြစ်ကာ တပ်သား (၁၇) ဦး စစ်ကြောင်းကို စွန့်ခွာထွက်ပြေး၍ ကရင်နီပူးပေါင်းတပ်ထံ ခိုလှုံ
စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းမှ တပ်သားများ ဖရိုဖရဲဖြစ်ကာ တပ်သား (၁၇) ဦး စစ်ကြောင်းကို စွန့်ခွာထွက်ပြေး၍ ကရင်နီပူးပေါင်းတပ်ထံ ခိုလှုံတယ်လို့ သတင်းရရှိပါတယ်။ ဧပြီ ၂၃ ရက်နေ့မှာ စစ်ရေးသတင်းကို KNDF တပ်ရင်းက ထုတ်ပြန်ခဲ့ပါတယ်။
"ဖရူဆိုမြို့နယ် ထားလဲကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ကရင်နီ ပူးပါင်းတပ်တို့ ဧပြီလ (၁၆) ရက်နေ့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ထို့ပြင် ကရင်နီပူးပေါင်းတပ်ဖွဲ့ မှ ပြောက်ကျားတိုက်ခိုက်မှုများကို နေ့စဥ်နှင့်အမျှ ပြုလုပ်လျက်ရှိပြီး ဖရူဆိုမြို့နယ် ထားလဲနှင့် နန်းဖဲအကြားတွင် စစ်ကြောင်း ထိုးလာသော စစ်ကောင်စီစစ်ကြောင်းမှ တပ်သားများ ဖရိုဖရဲဖြစ်ကာ တပ်သား (၁၇) ဦး စစ်ကြောင်းကို စွန့်ခွာထွက်ပြေးပြီး၊ တပ်သားအချို့ ကရင်နီပူးပေါင်းတပ်ထံ ခိုလှုံခဲ့ပါတယ်"လို့ဆိုပါတယ်။
ဧပြီလ တတိယအပတ် တိုက်ပွဲနှင့် ပြောက်ကြား တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ (၁၆) ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ခဲ့ပါတယ်။ ကရင်နီးပူးပေါင်းတပ်ဘက်မှလည်း ဒေါခမီးတိုက်ပွဲအတွင်း အကြမ်းဖက်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ရင်း KNDF မှ ရဲဘော် နှစ်ဦး ကျဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။
========================
📌📌ရေတာရှည် PDF ဗိုလ်ကြက်သွန်အဖွဲ့ထံ ပထမဦးဆုံး စကစတပ်သား တစ်ဦး အလင်းဝင်လာ
ရေတာရှည် PDF ဗိုလ်ကြက်သွန်အဖွဲ့ထံ ပထမဦးဆုံး စကစတပ်သား တစ်ဦး အလင်းဝင်လာတယ်လို့ သိရပါတယ်။ ဧပြီ ၂၃ ရက်နေ့မှာ ရေတာရှည်ရှိ ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ရေတာရှည် PDF ဗိုလ်ကြက်သွန်အဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
"ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သန်လျင်မြို့တွင် တာဝန်ထမ်းဆောင်နေသော တပ်သား မင်းလွင်ထွန်းဟာဧပြီ ၈ ရက်တွင် ရေတာရှည်ရှိ ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ရေတာရှည် PDF ဗိုလ်ကြက်သွန်အဖွဲ့ထံ လာရောက်ပူးပေါင်းခဲ့တယ်"လို့ဖော်ပြပါတယ်။
၄င်းဟာ အမှတ် (၂) တပ်ထိန်း၊ တပ်ခွဲ၊ သန်လျင်ကဖြစ်ပြီးတော့ ကွမ်းယာထွက်ဝယ်ရန်အကြောင်းပြကာ ထွက်ပြေးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ လက်နက် မပါလာသော်လည်း ကာကွယ်ရေးတပ်က လက်ခံအသိအမှတ်ပြုကာ လွတ်မြောက်နယ်မြေထံ ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။
========================
📌📌ရှေ့တန်းမထွက်ရသော်လည်း အချိန်တိုင်း၊ နေရာတိုင်း သေနိုင်၍ မိသားစုနဲ့ ဘဝရှေ့ရေးအတွက် အလင်းဝင်ကြရန် CDM ဗိုလ်ကြီးဇေသူအောင်တိုက်တွန်း
ရှေ့တန်းမထွက်ရသော်လည်း အချိန်တိုင်း၊ နေရာတိုင်း သေနိုင်၍ မိသားစုနဲ့ဘဝရှေ့ရေးအတွက် အလင်းဝင်ကြရန် CDM ဗိုလ်ကြီးဇေသူအောင်က စကစတပ်များကို တိုက်တွန်းပြောကြားလိုက်ပါတယ်။ ဧပြီလအတွင်းမှာ စကစတပ်များကို CDM ဗိုလ်ကြီးဇေသူအောင်က လူမှုကွန်ရက်ကနေ ရေးသားပြောကြားခဲ့ပါတယ်။
"တုနှိုင်းမရတဲ့ ဂုဏ်ဒြပ်တဲ့။ ဟာသပါပဲ။ စစ်သားဆိုတာ စစ်တိုက်လို့ သေတာ မဆန်းပါဘူး။ ဒါပေမယ့် သေလို့ ဂုဏ်ပြုမခံရပဲ ပြည်သူတစ်ရပ်လုံး ပျော်နေတာကတော့ ဆန်းတယ်။
သေရင်တောင် အလှောင်ခံရတယ်။ ကိုယ်သေသွားရင်မိသားစု ဘယ်လိုကျန်ခဲ့မလဲ သေချာစဉ်းစားကြပါ။ ကိုယ်က ရှေ့တန်းမထွက်ရလို့ မသေဘူး ထင်မနေနဲ့။ အခုချိန် နေရာတိုင်းမှာ သေနိုင်ပါတယ်။ အဲ့ဒါကြောင့် တစ်နိုင်ငံလုံးအရေးမတွေးဘူးဆိုရင်တောင် ကိုယ့်မီသားစု၊ ကိုယ့်ဘဝအတွက် တော့ တွေးတောကြပါလို့ တိုက်တွန်းအပ်ပါတယ်ဗျာ"လို့ ဆိုထားပါတယ်။
လက်ရှိမှာ တပ်နဲ့ရဲ CDMဝင်လာသူပေါင်းတစ်သောင်းနီးပါးရှိပြီဖြစ်ပါတယ်။ ဒါ့အပြင်လက်နက်နဲ့ခိုလှုံလာတဲ့ စကစတပ်များကို ပြည်သူ့ကာကွယ်ရေတပ်များက သိန်းသုံးဆယ်မှသိန်းငါးဆယ်အထိပေးအပ်ချီးမြှင့်ကာလွတ်မြောက်နယ်မြေကိုပို့ဆောင်ပေးလျက်ရှိပါတယ်။
========================
📌📌အကွာအဝေး ၃ မိုင် မှ ၅ မိုင်အတွင်းပစ်ခတ်နိုင်တဲ့ လက်လုပ်လောင်စာဒုံးများ ဒေါင်းလုလင် PDF က ထုတ်လုပ်
အကွာအဝေး ၃ မိုင် မှ ၅ မိုင်အတွင်းပစ်ခတ်နိုင်တဲ့ လက်လုပ်လောင်စာဒုံး များဒေါင်းလုလင် PDF က ထုတ်လုပ်ခဲ့တယ်လို့သတင်းရရှိပါတယ်။ ဧပြီလ ၂၃ ရက် နေ့မှာ Daung Luth Lin PDFက HPM- 01(Handmade Propellent Missile) လက်လုပ်လောင်စာဒုံးကို မိတ်ဆက်ပြသခဲ့ပါတယ်။
အဆိုပါ လက်လုပ်လောင်စာဒုံးဟာ ထိရောက်မှု အကွာအဝေး ၃ မိုင် မှ ၅ မိုင် အတွင်းပစ်ခတ်နိုင်မယ်လို့ Daung Luth Lin PDF ကဆိုပါတယ်။
"ဧပြီ ၂၃ ရက်နေ့တွင် ဒေါင်းလုလင် - LPDF ထုတ်လုပ်ရေးစခန်းမှ ရှော့ဒုံးကျည် HPM-01 ကိုထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒုံး၏ပစ်ခတ်နိုင်မှုစွမ်းရည်သည် 3-5 မိုင်ထိပစ်ခတ်နိုင်ပါတယ်။ လွှတ်တင်မည့် ရုပ်သံကို အလျဥ်းသင့်သလိုတင်ပေးသွားပါမယ်"လို့ ဆိုထားပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ ကာကွယ်ရေးတပ်ဖွဲ့များဟာ လက်လုပ်ကာဘိုင်သေနတ်များ၊ လက်လုပ် စနိုက်ပါသေနတ်များ၊ ၆၀မမ လက်နက်ကြီးများကို တီထွင်အောင်မြင်လျက်ရှိပါတယ်။
========================
📌📌လောင်းရှည်ဒေသတွင်းရှိ LSR PDF ၏ ထိန်းချုပ်နယ်မြေဖြစ်သော စလင်းချောင်း မြောက်ဘက်ရှိ တောတောင်များအားလုံးသို့ ပြည်သူများ သွားလာရန်ခြင်းမပြုရန်အရေးပေါ် ထုတ်ပြန်
လောင်းရှည်ဒေသတွင်းရှိ LSR PDF ၏ ထိန်းချုပ်နယ်မြေဖြစ်သော စလင်းချောင်း မြောက်ဘက်ရှိ တောတောင်များအားလုံးသို့ ပြည်သူများ သွားလာရန်ခြင်းမပြုရန်အရေးပေါ် ထုတ်ပြန်လိုက်ပါတယ်။ ဧပြီ ၂၃ ရက်နေ့မှာ လောင်းရှည်ဒေသလုံးဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အရေးပေါ် သတိပေးကြေညာခဲ့ပါတယ်။
"လောင်းရှည်ဒေသတွင်းရှိ ပြည်သူများ ကျွန်ုပ်တို့ LSR PDF ၏ ထိန်းချုပ်နယ်မြေဖြစ်သော စလင်းချောင်း မြောက်ဘက်ရှိ တောတောင်များအားလုံးသို့ တောနင်း၊ တောလည်၊ တောင်ယာလယ်ခင်း သွားခြင်း လုံးဝ (လုံးဝ) မပြုလုပ်ကြရန် သတိပေး တားမြစ်ပါတယ်"လို့ဖော်ပြပါတယ်။ သတိပေးတားမြစ်မှုအား အလေးထား လိုက်နာရန်နဲ့ အဆိုပါနေရာများသို့ သွားလာခွင့်ရှိတဲ့ရက်ကို ထပ်မံကြေညာပေးမယ်လို့ ဆိုထားပါတယ်။
========================
📌📌ရေစကြို-ချောင်းဦးလမ်းမကြီးပေါ်တွင် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ခရီးသွားကားများအား စစ်ဆေးခဲ့
ရေစကြို-ချောင်းဦးလမ်းမကြီးပေါ်တွင် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ခရီးသွားကားများအား စစ်ဆေးခဲ့တယ်လို့သတင်းရရှိပါတယ်။ ဧပြီ ( ၂၃ ) ရက်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ -ရေစကြိုမြို့နယ်က ထုတ်ပြန်ချက်အရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကားများအား စစ်ဆေးခဲ့တယ်လို့သိရပါတယ်။
"ရေစကြိုမြို့နယ် ရေစကြို-ချောင်းဦးလမ်းမကြီးပေါ်တွင် လိုအပ်ချက်အရ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကားများအား စစ်ဆေးခဲ့ပါတယ်။ ပြည်သူကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်မှ ရေစကြိုမြို့နယ်တွင်း လမ်းမကြီးများအား လိုအပ်လျင် စစ်ဆေးမှု့များ ပြုလုပ်သွားမည်ဖြစ်သောကြောင့် ခရီးသွားကားများ အနေဖြင့်ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်"လို့ဖော်ပြပါတယ်။
စစ်ရေးလိုအပ်ချက်၊ လုံခြုံရေးလိုအပ်ချက်များအရ ရေစကြိုမြို့နယ်တွင်း လမ်းများအား ပိတ်သွားမှာဖြစ်ပြီးတော့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ -ရေစကြိုမြို့နယ် Page မှ ကြိုတင်သတင်းထုတ်ပြန်ပေးသွားမယ်လို့ဆိုပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment