၂၀၂၂ မေလ ၁၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌အာဆီယံဘုံသဘောတူညီချက်ငါးချက် အကောင်အထည်ဖော်ဖို့ အချိန်နှောင်းနေပြီလို့ NUG နိုင်ငံခြားရေးဝန်ကြီးပြောဆို
📌မြောက်များလှစွာသော LGBTIQ တွေဟာ အကြမ်းဖက်စစ်ကောင်စီကို နည်းလမ်းအမျိုးမျိုးနဲ့ နေရာအမျိုးမျိုးကနေ ဆက်လက်တိုက်ပွဲဝင်နေဆဲပဲ ဖြစ်တယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးပြောဆို
📌အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ချက်ကြောင့် မြန်မာနိုင်ငံတဝှမ်းလုံးမှာ အနည်းဆုံး LGBTIQ (၁၇) ဦး သေဆုံးခဲ့ရပြီး (၈၅) ဦးဟာ မတရား ဖမ်းဆီးထိမ်းသိမ်းခံထားရ
📌NUG MOE ဌာနမှ သင်ကြားရေးထောက်ကူတစ်ခုဖြစ်သောMBEH Mobile Application ကိုအသုံးပြုရန် မြောင်ပညာရေးကွန်ရက်တိုက်တွန်း
📌ပုလဲမြို့နယ် ချောင်းဦးရွာက စာသင်ကျောင်းကို စကစတပ်များ မီးရှို့
📌ဆောမြို့နယ်၊ ဆောမြို့မရဲစခန်းမှရဲတပ်သားနှစ်ဦး လက်နက်များတပါတည်းယူဆောင်လာပြီးCDM ပြုလုပ်
📌ချဲဗ်ရွန်က အကြမ်းဖက် စစ်အုပ်စုကို ဆက်လက်ငွေကြေးမထောက်ပံရန် မြန်မာ လူထုရဲ့ တောင်းဆိုသံများ ပေးပို့မယ်
📌ကျရှုံးစစ်တပ်ဟာမြန်မာအများစုကိုကိုယ်စားမပြုတော့သလိုတိုင်းရင်းသားတွေကိုလည်း ကိုယ်စားမပြုတော့ဘူးလို့ ရှေ့နေဦးကြီးမြင့်ဆို
📌ရေဦးမြို့နယ် သံသည်တံတားအနီး စကစတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား
📌ခင်ဦးမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေဟာ ထမင်းမစားရတဲ့ရက်တွေတောင်ရှိလာပြီး ရာသီဥတုကြောင့် ကြီးမားတဲ့အခက်အခဲတွေနဲ့ကြုံတွေ့နေ
📌စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်၊ အင်းပတ်ရွာကို စစ်ကောင်စီတပ်တွေ ဒုတိယအကြိမ်ဝင်ရောက်မီးရှို့ပြီး တခြားရွာတွေကလှူဒါန်းထားတဲ့ ရိက္ခာနဲ့အဝတ်အထည်တွေကို ဖျက််ဆီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌အာဆီယံဘုံသဘောတူညီချက်ငါးချက် အကောင်အထည်ဖော်ဖို့ အချိန်နှောင်းနေပြီလို့ NUG နိုင်ငံခြားရေးဝန်ကြီးပြောဆို
မေလအတွင်း radio NUGနဲ့အင်တာဗျူးမှာ အာဆီယံ ဘုံသဘောတူညီချက်နဲ့ပတ်သက်လို့ မေးမြန်းမှုတွင် အာဆီယံဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ဖို့ အချိန်နှောင်းနေပြီလို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကထည့်သွင်းဖြေကြားလိုက်ပါတယ်။
"အာဆီယံ ဘုံသဘောတူညီချက်ကို ကျမတို့က ငြင်းနေတာတော့ မဟုတ်ပါဘူး။သို့သော်လည်းပဲ ဒီသဘောတူချက်ငါးချက်နဲ့တော့ မလုံလောက်ဘူး။နောက်ပြီး ဒီအာဆီယံ ဘုံသဘောတူညီချက်ငါးချက်ကလည်း အကောင်ပထည်ဖော်ဖို့ အချိန်တော့နှောင်းနေပါပြီ။ဒီဘောတူညီချက်အကောင်အထည်ဖော်ဖို့ကို ထိထိရောက်ရောက် ပိုပြီးတော့ ဖိအားပေးဆောင်ရွက်သင့်တယ်။လက်တွေ့ကျတဲ့ချဥ်းကပ်မှုတွေနဲ့သွားသင့်ပါတယ်"လို့ဝန်ကြီးက ပြောကြားထားပါတယ်။
========================
📌📌မြောက်များလှစွာသော LGBTIQ တွေဟာ အကြမ်းဖက်စစ်ကောင်စီကို နည်းလမ်းအမျိုးမျိုးနဲ့ နေရာအမျိုးမျိုးကနေ ဆက်လက်တိုက်ပွဲဝင်နေဆဲပဲ ဖြစ်တယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးပြောဆို
မြောက်များလှစွာသော LGBTIQ တွေဟာ အကြမ်းဖက်စစ်ကောင်စီကို နည်းလမ်းအမျိုးမျိုးနဲ့ နေရာအမျိုးမျိုးကနေ ဆက်လက်တိုက်ပွဲဝင်နေဆဲပဲ ဖြစ်တယ်လို့မေလ၁၇ရက်နေ့မှာလူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းက လူမှုကွန်ရက်မှာ ရေးသားပြောကြားခဲ့ပါတယ်။
"ဒီနေ့ မေလ (၁၇) ရက်ဟာ လိင်စိတ်တိမ်းညွတ်မှုများအပေါ်အခြေပြုသည့်ကြောက်ရွံ့မုန်းတီးမှုများအား ဆန့်ကျင်ရေးအပြည်ပြည်ဆိုင်ရာနေ့ ဖြစ်ပါတယ်။လွတ်လပ်ခြင်း၊ လုံခြုံခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းတို့အတွက် ခေတ်အဆက်ဆက်က အသက်ပေးတိုက်ပွဲဝင်ခဲ့ကြသော၊ တိုက်ပွဲဝင်နေကြသော LGBTIQ များကို ဦးညွတ်အလေးပြုအပ်ပါတယ်။သပိတ်စစ်ကြောင်းတွေ၊ PDFတပ်ရင်းတွေနဲ့ CDM ဝန်ထမ်းတွေကြားမှာ သက်တန့်ရောင် နွေဦးသူရဲကောင်းတွေ တိုက်ပွဲဝင်ဆဲပါ"လို့ဝန်ကြီးကဆိုပါတယ်။
========================
📌📌အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ချက်ကြောင့် မြန်မာနိုင်ငံတဝှမ်းလုံးမှာ အနည်းဆုံး LGBTIQ (၁၇) ဦး သေဆုံးခဲ့ရပြီး (၈၅) ဦးဟာ မတရား ဖမ်းဆီးထိမ်းသိမ်းခံထားရ
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့ကထည်းက မြန်မာနိုင်ငံရှိ LGBTIQ တွေဟာ အကြမ်းဖက်အင်အားသုံးဖြိုခွင်းမှုကို မကြောက်မရွံ့ဘဲ နွေဦးတော်လှန်ရေးမှာ တက်ကြွစွာ ပါဝင်ခဲ့ကြပါတယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ချက်ကြောင့် မြန်မာနိုင်ငံတဝှမ်းလုံးမှာ အနည်းဆုံး LGBTIQ (၁၇) ဦး သေဆုံးခဲ့ရပြီး(၂) ဦးဟာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။ (၈၅) ဦးဟာ မတရား ဖမ်းဆီးထိမ်းသိမ်းခံထားရသလို (၅၀) ဟာ ဖမ်းဝရမ်းကြောင့် တိမ်းရှောင်နေရဆဲဖြစ်တယ်လို့ မေလ၁၇ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးရာဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်များအရသိရပါတယ်။
========================
📌📌NUG MOE ဌာနမှ သင်ကြားရေးထောက်ကူတစ်ခုဖြစ်သောMBEH Mobile Application ကိုအသုံးပြုရန် မြောင်ပညာရေးကွန်ရက်တိုက်တွန်း
NUG MOE ဌာနမှ သင်ကြားရေးထောက်ကူတစ်ခုဖြစ်သောMBEH Mobile Application ကိုအသုံးပြုရန် မေလ၁၆ရက်နေ့မှာ မြောင်ပညာရေးကွန်ရက်ကတရားဝင်ကြေညာခဲ့ပါတယ်။
"ကြားကာလနေအိမ်အခြေပြု/ပြည်သူ့အခြေပြု သင်ကြားရေးတွင် မိမိတို၏ ရင်သွေးများဖြစ်သည့် သားငယ်၊ သမီးငယ်တို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ ဖန်တီးထားသော "ကြားကာလ နေအိမ်အခြေပြု /ပြည်သူ့ခြေပြု အခြေခံပညာသင်ကြားရေး အသိပညာပေးလမ်းညွှန်" များ ထည့်သွင်းထားသော “MBEH Mobile Application”ကို အသုံးပြုနိုင်ရန် အသိပေးတိုက်တွန်းအပ်ပါတယ်"လို့ မြောင်ပညာရေးကွန်ရက်- MEDUကဖော်ပြပါတယ်။
မြောင်ပညာရေးကွန်ရက်- MEDU အနေဖြင့် တော်လှန်ရေးကာလမှစ၍ ယခုအချိန်အထိ မြောင်မြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း ( ၂၆ ) ကျောင်း ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိပါတယ်။
========================
📌📌ပုလဲမြို့နယ် ချောင်းဦးရွာက စာသင်ကျောင်းကို စကစတပ်များ မီးရှို့
မေလ၁၆ရက်နေ့မှာ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ချောင်းဦးရွာက စာသင်ကျောင်းကို စကစတပ်များ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ရေဦးအမတ် ဦးမြင့်ထွေးကဆိုပါတယ်။
"ပုလဲမြို့နယ် ချောင်းဦးရွာက စာသင်ကျောင်းကို စကစတပ်တွေ မီးရှို့သွားတာဟာ စစ်ရေးအရပါ ရှုံးပါတယ်လို့ ဝန်ခံသွားတာအပြင် စစ်ရှုံးသူတို့လုပ်နေကြအတိုင်း မြေလှန်ဖျက်ဆီးခြင်းပဲဖြစ်တယ်။ နယ်မြေစိုးမိုးမှုမလုပ်နိုင်တဲ့အခါကြတော့ အစိုးရဆိုသည့် အင်္ဂါရပ်အရ အုပ်ချုပ်ရေး၊တရားစီရင်ရေး၊ ပညာရေး၊ကျန်းမာရေး၊ အခွန်အခကောက်ခံခြင်းဆိုသည့် လူထုနှင့်အနီးဆုံးအလုပ်တွေကို စကစတပ်တွေမလုပ်နိုင်တာ သေချာလွန်းလို့ တမင်ဖျက်လို့ဖျက်ဆီး လုပ်တာပဲ"လို့ရေဦးအမတ်ဦးမြင့်ထွေးကဆိုပါတယ်။
လက်ရှိတွင် စစ်ကိုင်းအတွင်း စိုးမိုးနယ်မြေများကိုအုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပညာရေး၊ ကျန်းမာရေး နှင့် အခွန်အခကောက်ခံမှု အလုပ်တို့ကို NUG အစိုးရ၏ ကိုယ်စား နယ်မြေစိုးမိုးမှုယူထားတဲ့ ပကဖ၊ PDF နှင့် ပအဖ တို့က လုပ်ဆောင်လျက်ရှိပါတယ်။
========================
📌📌ဆောမြို့နယ်၊ ဆောမြို့မရဲစခန်းမှရဲတပ်သားနှစ်ဦး လက်နက်များတပါတည်းယူဆောင်လာပြီးCDM ပြုလုပ်
မေလ၁၇ရက်မှာဆောမြို့နယ်၊ ဆောမြို့မရဲစခန်းမှရဲတပ်သားနှစ်ဦး လက်နက်များတပါတည်းယူဆောင်လာပြီး လက်နက်ခဲယမ်းအပြည့်အစုံဖြင့်CDM ပြုလုပ်ခဲ့တယ်လို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိတွင် ရဲတပ်သားနှစ်ဦးအား လုံခြုံစိတ်ချရသည့်နယ်မြေတွင် ထားရှိထားပြီးထိုက်သင့်သည့်ဆုကြေးငွေများလည်း ချီးမြှင့်ရန်စီစဥ်လျှက်ရှိတယ်လို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆောမြို့နယ်ကဆိုပါတယ်။
========================
📌📌ချဲဗ်ရွန်က အကြမ်းဖက် စစ်အုပ်စုကို ဆက်လက်ငွေကြေးမထောက်ပံရန် မြန်မာ လူထုရဲ့ တောင်းဆိုသံများ ပေးပို့မယ်
ချဲဗ်ရွန်က အကြမ်းဖက် စစ်အုပ်စုကို ဆက်လက်ငွေကြေးမထောက်ပံရန် မြန်မာ လူထုရဲ့ တောင်းဆိုသံများ ပေးပို့မယ်လို့သတင်းရရှိပါတယ်။ လက်ရှိမှာChevron နဲ့ပတ်သက်တဲ့ Petition အသစ်ကို လူထုထံမှ BloodMoneyMyanmarကကောက်ခံလျက်ရှိပါတယ်။
မေလ ၂၅ ရက်နေ့မှာ ချဲဗ်ရွန် (Chevron) ရဲ့ နှစ်ပတ်လည် အစု ရှယ်ယာရှင် အစည်းအဝေး ရှိပြီး ဒီအစည်းအဝေးမှာ ချဲဗ်ရွန် အစုရှယ်ယာရှင်တွေရဲ့ သူတို့ကုမ္ပဏီအနေနဲ့ မြန်မာစစ်တပ်ကို ငွေကြေးထောက်ပံ နေတဲ့ ကိစ္စရပ်နဲ့ ပက်သက်ပြီး မဲခွဲဆုံးဖြတ်ရန် ဒီနှစ်အတွက် နောက်ဆုံးအခွင့်အရေး လည်းဖြစ်တယ်လို့သိရပါတယ်။
ရေနံကုမ္ပဏီတွေက ပေးချေနေတဲ့ ငွေကြေးတွေဟာ စစ်အုပ်စုအတွက် သက်ဆိုးရှည်စေပြီးလူထုကို ဖိနှိပ်သတ်ဖြတ်ဖို့ရန်အတွက် အသုံးပြုနေတဲ့ သွေးစွန်ငွေတွေလည်း ဖြစ်နေပါတယ်။
========================
📌📌ကျရှုံးစစ်တပ်ဟာမြန်မာအများစုကိုကိုယ်စားမပြုတော့သလိုတိုင်းရင်းသားတွေကိုလည်း ကိုယ်စားမပြုတော့ဘူးလို့ ရှေ့နေဦးကြီးမြင့်ဆို
မေလ၁၇ရက်နေ့မှာ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က လူမှုကွန်ရက်မှာ အသိပေးရေးသားပြောဆိုလိုက်တာကတော့ ကျရှုံးစစ်တပ်ဟာမြန်မာအများစုကိုကိုယ်စားမပြုတော့သလိုတိုင်းရင်းသားတွေကိုလည်း ကိုယ်စားမပြုတော့ဘူးလို့ ဆိုလိုက်ပါတယ်။
"ဒီမိုကရေစီဘက်ကတော့အနာဂါတ်နိူင်ငံရေးကိုမျိုးဆက်တစ်ဆက်ကိုလွဲပေးလိုက်ပြီ။ မင်းကိုနိုင် ဇင်မာအောင်ခေါင်းဆောင်တဲ့ NUGအစိုးရနဲ့ AAတို့ဆွေးနွေးကြတယ်ဆိုတဲ့သတင်းကိုNUGကထုတ်ပြန်လာပါတယ်။ဒါဟာလူငယ်တွေလက်ကိုအနာဂါတ်နိူင်ငံတော်ကိုအပ်လိုက်ထာပါဘဲ။ဒါ့ပြင်သက်ကြီးစစ်ခေါင်းဆောင်ကဘဲဦးဆောင်နေပြန်တော့စစ်တပ်ရဲ့ဦးဆောင်မှုကိုမျှော်လင့်လို့မရနိူင်တော့ပါ။တိုက်ထုတ်ဖြုတ်ချယုံမတပါးအခြားမရှိတော့ပါ"လို့ဆိုထားပါတယ်။
========================
📌📌ရေဦးမြို့နယ် သံသည်တံတားအနီး စကစတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား
မေလ၁၇ရက်နေ့ နံနက်၁၀နာရီ၁၀မိနစ်တွင်ရေဦးမြို့နယ် သံသည်တံတားအနီးမှာ စကစတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။
"ဒီကနေ့နံနက် ရေဦးကထွက်လာသည့် စကစတပ်များဟာ ကားဖြတ်သန်းလို့ မရတဲ့ သံသည်တံတားအနီးချည်ကပ်လာတာကို ပကဖ/PDF၊ ပလဖ အဖွဲ့တို့က မျက်နှာချင်းဆိုင် (၁၀ မိနစ်ခန့်) အပြန်အလှန်ပစ်ခတ်မှုရှိခဲ့ပါတယ်။ ကိုယ့်ဘက်ကကြိုတင်လက်ဦးမှုရယူပစ်ခဲ့ရသည့်အတွက် စကစတပ်များအထိအခိုက် သေဆုံးမှုရှိနိုင်ပါတယ်"လို့ ရေဦးပကဖကဆိုပါတယ်။
စကစဘက်က ၆၀မမ ၊ လက်နက်ငယ်များဖြင့် ပစ်ချိန်တွင် ကာကွယ်ရေးတပ်များ အထိအခိုက်မရှိ အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။
========================
အခု ဆက်လက်ပြီးသတင်းနှင့်အတူ စကားသံ အစီအစဉ်ကဏ္ဍကို တင်ဆက်ပေးသွားပါ့မယ်။
📌📌ခင်ဦးမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေဟာ ထမင်းမစားရတဲ့ရက်တွေတောင်ရှိလာပြီး ရာသီဥတုကြောင့် ကြီးမားတဲ့အခက်အခဲတွေနဲ့ကြုံတွေ့နေရပါတယ်။
စစ်ကိုင်းတိုင်းခင်ဦးမြို့နယ်မှာ စစ်ကောင်စီက ရွာစဉ်လှည့်ပြီး အနိုင်ကျင့်အကြမ်းဖက်တာတွေပြုလုပ်နေတာကြောင့် ပြည်သူတွေဟာ ဦးတည်ရာမဲ့ထွက်ပြေးနေရပါတယ်။ လွင်ပြင်ဒေသ ခင်ဦးမြို့နယ်မှာ မိုးအဆက်အပြတ်ရွာနေတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေဟာ အမိုးအကာတွေအရေးပေါ်လိုအပ်နေပြီး ထမင်းမစားရတဲ့ရက်တွေတောင်ရှိခဲ့တယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ယောက်ကပြောပါတယ်။
ခင်ဦးမြို့နယ်အနောက်ခြမ်းဒေသခံအမျိုးသမီးတစ်ဦး
ခင်ဦးနဲ့ရေဦးမြို့နယ်တွေမှာ စစ်ကောင်စီက သာလွန်အင်အားသုံးနေတာကြောင့် ဒေသတွင်း PDF တွေဟာ ရင်ဆိုင်တိုက်ခိုက်ဖို့မဖြစ်နိုင်သေးဘဲ စစ်ဘေးသင့်ပြည်သူတွေရဲ့အခက်အခဲတွေကို လိုက်လံကူညီပေးတာမျိုးပဲတတ်နိုင်တယ်လို့ ရေဦးဒေသခံ PDF တစ်ယောက်ကပြောပါတယ်။
ရေဦးဒေသခံ PDF တစ်ဦး
ရေဦးမြို့နယ်နဲ့ ခင်ဦးမြို့နယ်ကပြည်သူတွေဟာ နေအိမ်တွေဆုံးရှုံးပြီး ပုံမှန်ဝင်ငွေမရှိတော့တာကြောင့် တနေ့စာတစ်နေ့ရှာဖွေစားသောက်ဖို့တောင်ခက်ခဲနေပါတယ်။ စစ်ကောင်စီက ဆက်သွယ်ရေးလမ်းကြောင်းတွေ၊ ရိက္ခာလမ်းကြောင်းတွေကို စိစစ်ကန့်သတ်နေတာကြောင့် စားနပ်ရိက္ခာရှားပါးပြီး ကုန်ဈေးနှုန်းကလည်း အဆမတန်မြင့်တက်နေပါတယ်။
========================
📌📌စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်၊ အင်းပတ်ရွာကို စစ်ကောင်စီတပ်တွေ ဒုတိယအကြိမ်ဝင်ရောက်မီးရှို့ပြီး တခြားရွာတွေကလှူဒါန်းထားတဲ့ ရိက္ခာနဲ့အဝတ်အထည်တွေကို ဖျက််ဆီးခဲ့ပါတယ်။
ခင်ဦးမြို့နယ်၊ အင်းပတ်ကျေးရွာကို မေလ ၁၆ရက်နေ့ မွန်းလွဲ ၁နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်တွေ ဒုတိယအကြိမ်ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၅လုံးမီးလောင်ပျက်စီးခဲ့ပါတယ်။ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးကိုလည်း စစ်တပ်က ပစ်သတ်ခဲ့ပါတယ်။ စစ်သားတွေ ဖျက်ဆီးပစ်ခဲ့တဲ့အကြောင်းကို အင်းပတ်ရွာသားတွေကအခုလိုပြောပါတယ်။
အင်းပတ်ရွာသူတစ်ဦး
အင်းပတ်ရွာ စာသင်ကျောင်းမှာ ခိုလှုံနေရတဲ့ မီးဘေးသင့်ပြည်သူတွေကို စစ်သားတွေက ဒုတိယအကြိမ်ဝင်ရောက်ပြီး အကြမ်းဖက်အနိုင်ကျင့်ခဲ့တာဖြစ်ပါတယ်။ဒီလိုစစ်ကောင်စီရဲ့လုပ်ရပ်တွေနဲ့ပတ်သက်ပြီး အင်းပတ်ရွာသားတော်လှန်ရေးရဲဘော်တစ်ဦးက အခုလိုပြောထားပါတယ်
အင်းပတ်ရွာသားတော်လှန်ရေးရဲဘော်တစ်ဦး
အင်းပတ်ရွာဟာ ခင်ဦးမြို့နယ်ထဲက အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ကျေးရွာကြီးဖြစ်ပြီး တော်လှန်ရေးမှာ တက်တက်ကြွကြွပါဝင်ခဲ့လို့ အခုလိုအကြမ်းဖက်ခံရတာဖြစ်နိုင်တယ်လို့ ရွာသူတစ်ယောက်ကပြောပါတယ်။
အင်းပတ်ရွာသူတစ်ဦး
ခင်ဦးဒေသခံပရဟိတသမားတွေကတော့ မီးဘေးသင့်ပြည်သူတွေကို ပြည်သူအချင်းချင်းချိတ်ဆက်ပြီး အကူအညီပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေဟာ ထမင်းမစားရတဲ့ရက်တွေတောင်ရှိလာပြီး မိုးဆက်တိုက်ရွာနေတာကြောင့် စားဝတ်နေရေးအတွက် ကြီးမားတဲ့အခက်အခဲတွေနဲ့ကြုံတွေ့နေရပါတယ်။
No comments:
Post a Comment