၂၀၂၂ သြဂုတ်လ ၂၀ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ပြည်သူ့ရင်ခွင်ခိုလှုံရေးအကောင်အထည်ဖော်ဆောင်မှု ကော်မတီ တွေ့ဆုံဆွေးနွေး
📌 ၂။ စစ်လက်နက်တွေ ရရှိဖို့ အမျိုးသားညီညွတ်ရေးအစိုးရက နေရာပေါင်းစုံကရရှိအောင်လုပ်နေတယ်လို့ဆို
📌 ၃။ နွေဦးတိုက်ပွဲမှာ ကျောင်းသားလူငယ်တွေရဲ့ ရဲဝံ့စွာ တိုက်ပွဲဝင်နိုင်မှုဟာ အရေးကြီးဆုံးအခန်းကဏ္ဍဖြစ်တယ်လို့ ဒုဝန်ကြီးအိသဉ္ဇာမောင်ဆို
📌 ၄။ Spring Yangon Investment ကရရှိတဲ့ ရန်ပုံငွေတွေရဲ့ ၉၅% ကို မင်းအောင်လှိုင်နဲ့ အဖွဲ့ကို ထိုက်တန်တဲ့ ပြစ်ဒါဏ်ပေးနိုင်ရေး၊ တော်လှန်ရေး အောင်မြင်ရေးအတွက် သုံးမယ်
📌 ၅။ အောင်လံလွှင့်ချီ နွေဦးထီ” ရဲ့ အပတ်စဉ် ၁၀ (၂၀၂၂ ဩဂုတ်လ) ထီလက်မှတ်များကို WPC မိသားစု အဖွဲ့ဝင်များ ထံတွင် ရနိုင်ပြီး ကိုဂျင်မီနဲ့ ကိုဇေယျာသော်ကို ဂုဏ်ပြုတဲ့ digital စာအိတ်နဲ့ပေးပို့ပေးမယ်
📌 ၆။ “InyaView@6.5 Mile ရှယ်ယာရောင်းချရမှု ၁.၇ သန်းပြည့်
📌 ၇။ မြန်အောင်မြို့နယ်၊ ကညင်ငူကျေးရွာတွင် နေထိုင်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထား သော ကျောင်းဆရာမ ဒေါ်စံပယ်အောင်အောင်နှင့် ခင်ပွန်းဖြစ်သူတို့ကို စကစတပ်များကဖမ်းဆီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ပြည်သူ့ရင်ခွင်ခိုလှုံရေးအကောင်အထည်ဖော်ဆောင်မှု ကော်မတီ တွေ့ဆုံဆွေးနွေး
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ပြည်သူ့ရင်ခွင်ခိုလှုံရေးအကောင်အထည်ဖော်ဆောင်မှု ကော်မတီ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဩဂုတ်လ ၁၉ ရက်နေ့ နံနက် (၀၉:၀၀) နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတဆင့်ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ပြည်သူ့ရင်ခွင်ခိုလှုံရေးအကောင်အထည်ဖော်ဆောင်မှု ကော်မတီ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
တွေ့ဆုံဆွေးနွေးပွဲပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် ပြည်ထောင်စုဝန်ကြီးချုပ်၊ ပြည်သူ့ရင်ခွင်ခိုလှုံရေးအကောင်အထည်ဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းတို့က အသီးသီး အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်းက တွေ့ဆုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက် နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါတယ်။
ဆက်လက်၍ တက်ရောက်လာကြသော ပြည်သူ့ရင်ခွင်ခိုလှုံ ရေး အကောင်အထည်ဖော်ဆောင်မှုကော်မတီမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် အတွင်းရေးမှူးအဖွဲ့ဝင်များက ကော်မတီ၏ ဖွဲ့စည်းပုံ၊ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ရှေ့ဆက်လုပ်ဆောင်ရန်ရှိသည်များနှင့် ကြုံတွေ့နေရသည့် အခက်အခဲများအပေါ် ဆွေးနွေးတင်ပြခဲ့ ပြီး တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များက အပြန်အလှန် မေးမြန်း အကြံပြုခဲ့ကြ ပါတယ်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် ကော်မတီဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေး မှူးများ၊ ပြည်ထောင်စုဝန်ကြီးချုပ်၊ ပြည်သူ့ရင်ခွင်ခိုလှုံရေး အကောင်အထည်ဖော်ဆောင်မှု ကော်မတီ ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ပြည်သူ့ရင်ခွင်ခိုလှုံရေး အကောင်အ ထည်ဖော်ဆောင်မှုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ စစ်လက်နက်တွေ ရရှိဖို့ အမျိုးသားညီညွတ်ရေးအစိုးရက နေရာပေါင်းစုံကရရှိအောင်လုပ်နေတယ်လို့ဆို
စစ်လက်နက်တွေ ရရှိဖို့ အမျိုးသားညီညွတ်ရေးအစိုးရက နေရာပေါင်းစုံကရရှိအောင်လုပ်နေတယ်လို့ သြဂုတ်လအတွင်း ကျင်းပတဲ့တော်လှန်ရေးရန်ပုံငွေရှာဖွေပွဲအခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။
"နိုင်ငံခြားရေဝန်ကြီးတို့ သမ္မတတို့ လက်နက်လိုချင်ပါတယ်လို့ ကျနော်တို့ နိုင်ငံတကာကိုထွက်ပြောထားပြီးဖြစ်ပါတယ်။ အပေါ်ကရော၊ အောက်ကရော၊ ဘေးကရော၊ အနောက်ကရော ဒါကို ကျနော်တို့တစ်တွေ ရှာဖွေနေတယ်ဆိုတာ အားလုံးသိမှာပါ။ ဒါကိုရဖို့ ကြိုးစားနေတာ ဒီနေ့မှမဟုတ်ပါဘူး။ တနှစ်၊တနှစ်ခွဲရှိပါပြီ"လို့ ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ကာကွယ်ရေးတပ်ဖွဲ့များကို လက်နက်တပ်ဆင်ရေးနဲ့ အမိန့်ပေးကွပ်ကဲမှုစနစ်ကိုတည်ထောင်လျက်ရှိပြီး ကာကွယ်ရေးအသုံးစရိတ်ကို ၉၅ ရာခိုင်နှုန်း အထိအသုံးပြုလျက်ရှိပါတယ်။
========================
📌📌 ၃။ နွေဦးတိုက်ပွဲမှာ ကျောင်းသားလူငယ်တွေရဲ့ ရဲဝံ့စွာ တိုက်ပွဲဝင်နိုင်မှုဟာ အရေးကြီးဆုံးအခန်းကဏ္ဍဖြစ်တယ်လို့ ဒုဝန်ကြီးအိသဉ္ဇာမောင်ဆို
နွေဦးတိုက်ပွဲမှာ ကျောင်းသားလူငယ်တွေရဲ့ ရဲဝံ့စွာ တိုက်ပွဲဝင်နိုင်မှုဟာ အရေးကြီးဆုံးအခန်းကဏ္ဍဖြစ်တယ်လို့ ဒုဝန်ကြီးအိသဉ္ဇာမောင်ကပြောပါတယ်။ သြဂုတ်လ (၁၉) ရက်ဆောမြို့နယ်၊ အခြေခံပညာကျောင်းသားများရေးရာအဖွဲ့ခွဲ အလုပ်အမှုဆောင်များ ဖွဲ့စည်းတည်ထောင်ခြင်း အခမ်းအနားသို့ ပေးပို့တဲ့သဝဏ်လွှာမှာ ဒုဝန်ကြီးက ပြောထားပါတယ်။
"မြန်မာပြည်ရဲ့ ဖက်ဆစ်တော်လှန်ရေး၊နယ်ချဲ့ဆန့်ကျင်ရေး၊စစ်အာဏာရှင် စန်ဖျက်သိမ်းရေးလှုပ်ရှားမှုတွေမှာ ကျောင်းသားလူငယ်တွေဟာ တပ်ဦးကနေ ရဲရဲဝံ့ဝံ့ပါဝင်ခဲ့ကြတယ်။ အခုနွေဦးတိုက်ပွဲမှာလည်း ကျောင်းသားလူငယ်တွေ ရဲတိုက်ပွဲဝင်နိုင်မှုဟာ အရေးကြီးတဲ့အခန်းကဏ္ဍဖြစ်ပါတယ်"လို့ ဆိုပါတယ်။
ဆောမြို့နယ် အခြေခံပညာကျောင်းသားများရေးရာအဖွဲ့ခွဲ ဖွဲ့စည်းတည်ထောင်ခြင်း အခမ်းအနားမှာဆောမြို့နယ် အခြေခံပညာကျောင်းသားများရေးရာအဖွဲ့ခွဲ၏ အလုပ်အမှုဆောင်များကို ခန့်အပ်လွှဲများ ပေးအပ်ခဲ့ပြီး အခြေခံပညာကျောင်းသားများရေးရာအဖွဲ့ချုပ်၏ ကိုယ်စားလှယ်နှစ်ဦးမှ အခြေခံပညာကျောင်းသားများ ရေးရာအဖွဲ့ချုပ်၏ အလံတော်နှင့် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းဥပဒေတို့ကို ဆောမြို့နယ် အခြေခံပညာ ကျောင်းသားများရေးရာအဖွဲ့ခွဲထံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
========================
📌📌 ၄။ Spring Yangon Investment ကရရှိတဲ့ ရန်ပုံငွေတွေရဲ့ ၉၅% ကို မင်းအောင်လှိုင်နဲ့ အဖွဲ့ကို ထိုက်တန်တဲ့ ပြစ်ဒါဏ်ပေးနိုင်ရေး၊ တော်လှန်ရေး အောင်မြင်ရေးအတွက် သုံးမယ်
Spring Yangon Investment ကရရှိတဲ့ ရန်ပုံငွေတွေရဲ့ ၉၅% ကို မင်းအောင်လှိုင်နဲ့ အဖွဲ့ကို ထိုက်တန်တဲ့ ပြစ်ဒါဏ်ပေးနိုင်ရေး၊ တော်လှန်ရေး အောင်မြင်ရေးအတွက် သုံးမယ်လို့သတင်းရရှိပါတယ်။ သြဂုတ်လ ၁၉ ရက်မှာ End of Dictator Ship ကဖော်ပြအသိပေးပါတယ်။
"ကျွန်တော်တို့ ပိုင်တဲ့ ရန်ကုန်မြို့ကြီးမှာ စစ်တပ်က အရှက်မရှိ တရားမဝင် သိမ်းပိုက် ထားတဲ့ မြေနေရာ တွေ ဘယ်လောက်တောင်များတယ် ဆိုတာ သိပါသလား။ မြေပုံမှာ မှတ်သားထားတဲ့ နေရာတွေ အားလုံးဟာ အကြမ်းဖက် စစ်တပ်က တရားမဝင် သိမ်းထားတဲ့ နေရာတွေ ချည်းပါပဲ။ ဒီမြေပုံ စာရင်း မှာပါတဲ့ နေရာတွေကို ပေါင်းလိုက်ရင် စုစုပေါင်း ဧကထောင်သောင်း ရှိပါတယ်။ အမျိုးသား ညီညွတ်ရေး အစိုးရ က စီစဉ်ဖေါ်ထုတ်မယ့် ရန်ကုန်မြို့ ပြန်လည်ထူထောင်ရေး စီမံချက် ဖြစ်တဲ့ Spring Yangon Investment မှာ ရင်းနှီး မြှုပ်နှံလိုက်ကြပါ။ဒီပရောဂျက်က ရရှိတဲ့ ရန်ပုံငွေတွေရဲ့ ၉၅% ကို မအလနဲ့ အဖွဲ့ကို ထိုက်တန်တဲ့ ပြစ်ဒါဏ်ပေးနိုင်ရေး၊ တော်လှန်ရေး အောင်မြင်ရေးအတွက် သုံးမှာ ဖြစ်ပါတယ်"လို့ ဆိုပါတယ်။
Spring Yangon Investment ဆိုတာဟာ ရန်ကုန်မြို့မှာ အကြမ်းဖက် စစ်တပ်က မတရားသိမ်းထားတဲ့ ပြည်သူ့မြေတွေကို ပြည်သူပိုင် အဖြစ်ပြန်သိမ်းပြီး အကျိူးရှိမယ့် လူနေအိမ်ရာ၊ စီးပွါးရေးစင်တာ၊ စိမ်းလန်းမြေ၊ နွေဦးပန်းခြံ၊ မျိုးဆက်သစ်တို့၏ လွတ်လပ်ရင်ပြင်၊ ပြည်သူ့သူရဲကောင်းများ ဗိဗ္မာန်၊ နွေဦးတော်လှန်ရေးပြတိုက် စတဲ့ စီမံချက်တွေ ဖေါ်ထုတ်ကြမယ့်၊ ရန်ကုန်ကို ပြန်လည် တည်ဆောက်ကြမဲ့ စီမံချက်ပဲ ဖြစ်ပါတယ်။
========================
📌📌 ၅။ အောင်လံလွှင့်ချီ နွေဦးထီ” ရဲ့ အပတ်စဉ် ၁၀ (၂၀၂၂ ဩဂုတ်လ) ထီလက်မှတ်များကို WPC မိသားစု အဖွဲ့ဝင်များ ထံတွင် ရနိုင်ပြီး ကိုဂျင်မီနဲ့ ကိုဇေယျာသော်ကို ဂုဏ်ပြုတဲ့ digital စာအိတ်နဲ့ပေးပို့ပေးမယ်
အောင်လံလွှင့်ချီ နွေဦးထီ” ရဲ့ အပတ်စဉ် ၁၀ (၂၀၂၂ ဩဂုတ်လ) ထီလက်မှတ်များကို WPC မိသားစု အဖွဲ့ဝင်များ ထံတွင် ရနိုင်ပြီး ကိုဂျင်မီနဲ့ ကိုဇေယျာသော်ကို ဂုဏ်ပြုတဲ့ digital စာအိတ်နဲ့ပေးပို့ပေးမယ်လို့သတင်းရရှိပါတယ်။ သြဂုတ်လ ၁၉ ရက်မှာ WPC Facebook ကနေအသိပေးကြေညာပါတယ်။
“အောင်လံလွှင့်ချီ နွေဦးထီ” ရဲ့ အပတ်စဉ် ၁၀ (၂၀၂၂ ဩဂုတ်လ) ထီလက်မှတ်များကို WPC မိသားစု အဖွဲ့ဝင်များ ထံတွင် ရနိုင်ပါတယ်။ အပတ်စဉ် ၁၀ အတွက် ကိုဂျင်မီနဲ့ ကိုဇေယျာသော်ကို ဂုဏ်ပြုတဲ့ digital စာအိပ်လေးနဲ့ ထီလက်မှတ်တွေကို ထည့်ပေးမှာပါ။ ထီရောင်းအား အကောင်းဆုံး အေးဂျင့်အဖွဲ့ ဖြစ်တဲ့ WPC မိသားစု အဖွဲ့ဝင်တွေဆီကနေ သက်ဆိုင်ရာ နိုင်ငံအလိုက် ဝယ်လို့ရပါတယ်"လို့ ဆိုပါတယ်။ WPC Facebook Messenger ကနေလည်း ဆက်သွယ်ပြီး currency အမျိုးမျိုးနဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
========================
📌📌 ၆။ “InyaView@6.5 Mile ရှယ်ယာရောင်းချရမှု ၁.၇ သန်းပြည့်
InyaView@6.5 Mile ရှယ်ယာရောင်းချရမှု ၁.၇ သန်းပြည့်တယ်လို့သတင်းရရှိပါတယ်။ သြဂုတ်လ ၁၉ ရက်မှာ End of Dictator Ship ကဖော်ပြအသိပေးပါတယ်။
"ခြင်းကြားရှင်းမယ့် အင်းလျား (၂) စတင်တာ ၂ ပတ်ပြည့်တဲ့ ဒီနေ့ညမှာ အစုရှယ်ယာ ၁.၇ သန်းဖိုး ပြည့်တော့မှာ ဖြစ်ပါတယ်။ InyaView@6.5 Mile ဟာ ဩဂုတ် ၁၈ က ကြေညာတဲ့ Spring Yangon နဲ့ သဘောသဘာဝ မတူတဲ့ ပရောဂျက် ဖြစ်တာမို့ သတ်မှတ်တန်ဖိုး ဒေါ်လာ ၇ သန်း ပြည့်တဲ့အထိ ဆက်လက်ရှိနေဦးမှာ ဖြစ်ပါတယ်။ တူတာ တစ်ခုကတော့ EOD ပရောဂျက်အားလုံးဟာ အာဏာရှင် အမြစ်ဖြတ်ဖို့၊ ဖက်ဆစ်ခြင်းကြားတွေကို ရှင်းလင်းဖို့ ပါပဲ"လို့ဆိုပါတယ်။
မင်းအောင်လှိုင်ရဲ့ ပိုင်ဆိုင်မှုတွေထဲက ရန်ကုန်မြို့ ၆ မိုင်ခွဲရှိ မြေနဲ့ အိမ်ကို ဒေါ်လာသန်း၂၀ ကျော်တန်သော်လည်း ဒေါ်လာ ၇ သန်းနဲ့သာ EOD ကရောင်းချပေးနေတာဖြစ်ပါတယ်။ မြေနဲ့ အိမ်ရဲ့ ကာလတန်ဖိုးက ဒေါ်လာ သန်း ၂၀ ကျော်တန်ကြေးရှိသော်လည်း ကြိုပွိုင့်မို့ ဒေါ်လာ ၇ သန်းနဲ့ Finical Right ကို အစုရှယ်ရာ အနေနဲ့ တစ်စုကို ဒေါ်လာ ၁၀၀ နဲ့ ရှယ်ယာပေါင်းက ၇ သောင်းတိတိကိုရောင်းချပေးမှာဖြစ်ပါတယ်။
========================
📌📌 ၇။ မြန်အောင်မြို့နယ်၊ ကညင်ငူကျေးရွာတွင် နေထိုင်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထား သော ကျောင်းဆရာမ ဒေါ်စံပယ်အောင်အောင်နှင့် ခင်ပွန်းဖြစ်သူတို့ကို စကစတပ်များကဖမ်းဆီး
ဧရာဝတီတိုင်း၊မြန်အောင်မြို့နယ်၊ ကညင်ငူကျေးရွာတွင် နေထိုင်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထား သော ကျောင်းဆရာမ ဒေါ်စံပယ်အောင်အောင်နှင့် ခင်ပွန်းဖြစ်သူတို့ကို စကစတပ်များကဖမ်းဆီးခဲ့ပါတယ်။ မြန်အောင်မြို့နယ်၊ ကညင်ငူကျေးရွာမှာနေထိုင်တဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထား သော ကျောင်းဆရာမ ဒေါ်စံပယ်အောင်အောင်နှင့် ခင်ပွန်းဖြစ်သူ ကိုဝေပိုင်ဖြိုးတို့ကို ၎င်းတို့၏နေအိမ်၌ အကြမ်းဖက်စစ်အုပ်စုမှ ဩဂုတ်လ ၁၃ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း AAPP ကဖော်ပြပါတယ်။
၄င်းတို့ကို စစ်အုပ်စု၏ သတင်းပေး အား သတ်ဖြတ်ရာတွင် ပါဝင်သည်ဟု စွပ်စွဲကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၂၀၆၄) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၃၉၇) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment