၂၀၂၂ သြဂုတ်လ ၂၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ PDFများဟာ မြန်မာပြည်သူများရဲ့မျှော်လင့်ချက်နဲ့ ပြည်သူ့တော်လှန်ရေးရဲ့အသက်ဝိညာဥ်ဖြစ်လာတယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြားလိုက်
📌 ၂။ ကချင်ပြည်နယ်မှာ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများ လုပ်ငန်းပြီးစီးပါကလုပ်ကွက်များကို ပစ်ထား၍ မြေစာပုံပြိုကျကာလူငယ်လူရွယ်များ မသေသင့်ပဲ အသက်ဆုံးရှုံးရ
📌 ၃။ ယမန်နေ့ည ရေဦးတိုင်းရင်းဆေးရုံမှ စကစတပ်များ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှု ကြောင့် ရေဦးနယ် မူးသားကုန်းရွာမှ ၇ နှစ်သမီး အပါအဝင် မိသားစု ၄ ဦး နှင့်အမျိုးသမီး တစ်ဦးလက်နက်ကြီးထိမှန်
📌 ၄။ ကောလင်းမြို့နယ်အနောက်ခြမ်းချောင်းနားတိုက်နယ် သစ်ဆိမ့်ကုန်းရွာသို့ အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်၍ ကိုယ်ဝန်ဆောင်တစ်ဦးအပါအဝင်အသက် ၆ နှစ်ကျော် ကလေးအပါ လေးဦးသေဆုံး
📌 ၅။ ကျောင်းသားလက်ရုံးတပ်တော် အပတ်စဉ်သစ်အတွက် တပ်သားသစ်စုဆောင်း
📌 ၆။ အရေးကြီး၍ ပြင်ပသို့သွားလာပါက အကြမ်းဖက် စစ်တပ် ယူနီဖောင်းချွတ်၍ လုံခြုံရေးနဲ့သွားလာရန် စကစကညွှန်ကြား
📌 ၇။ ထီးချိုင့်မြို့နယ် ရေဖြူလွင်ထိတွေ့တိုက်ပွဲတွင် ကျဆုံး စကစတပ်ရုပ်အလောင်းများ ယနေ့အထိ လာကောက်ယူခြင်းမရှိသေး၈။ ထမင်းချက်ဖို့ ပြင်နေတဲ့ စကစတပ်သားကို KNDF နဲ့ပူးပေါင်းတပ်များ စတင်ပစ်ခတ်ရာမှတိုက်ပွဲဖြစ်
📌 ၈။ ထမင်းချက်ဖို့ ပြင်နေတဲ့ စကစတပ်သားကို KNDF နဲ့ပူးပေါင်းတပ်များ စတင်ပစ်ခတ်ရာမှတိုက်ပွဲဖြစ်
📌 ၉။ “နွေဦးရိပ်မွန် နဲ့ နွေဦးမော်ကွန်းသစ်” အိမ်ယာစီမံကိန်းများကို NUG ကရောင်းချမယ်
📌 ၁၀။ တိုက်ပွဲဖြစ်နေသော ကရင်ဒေသအတွက် NUGPay ကနေ ပြည်သူများပါဝင်ထောက်ပို့ကူညီနိုင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ PDFများဟာ မြန်မာပြည်သူများရဲ့မျှော်လင့်ချက်နဲ့ ပြည်သူ့တော်လှန်ရေးရဲ့အသက်ဝိညာဥ်ဖြစ်လာတယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြားလိုက်
PDF များဟာ မြန်မာပြည်သူများရဲ့မျှော်လင့်ချက်နဲ့ ပြည်သူ့တော်လှန်ရေးရဲ့အသက်ဝိညာဥ်ဖြစ်လာတယ်လို့ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြားလိုက်ပါတယ်။ သြဂုတ်လအတွင်းကျင်းပတဲ့ တနသ်ာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ အထူးစစ်ပညာသင်တန်း ဆင်းပွဲသို့ပေးပို့တဲ့သဝဏ်လွှာမှာ ဝန်ကြီးကထည့် သွင်းပြောပါတယ်။
"ယခုအခါ PDF များဟာ မြန်မာပြည်သူများရဲ့ မျှော်လင့်ချက်ဖြစ်လာတယ်။ PDF တော်လှန်ရေးရဲ့ အသက်ဝိညာဥ်ဖြစ်လာတယ်။ ဒီတော်လှန်ရေးမှာ ငါတို့ထမ်းဆောင်ရမယ့် တာဝန်ဟာ အင်မတန် ကြီးလေးတယ်လို့ နားလည်ထားရမယ်"လို့ ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့ပေါင်း ၂၅၇ ရင်း၊ မြို့နယ်ပကဖ ၂၅၀ နဲ့ LDF မြို့ပြပြောက်ကျားလူငယ် ၄၀၁ ဖွဲ့ရှိကြောင်းသတင်းရရှိပါတယ်။
========================
📌📌 ၂။ ကချင်ပြည်နယ်မှာ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများ လုပ်ငန်းပြီးစီးပါကလုပ်ကွက်များကို ပစ်ထား၍ မြေစာပုံပြိုကျကာလူငယ်လူရွယ်များ မသေသင့်ပဲ အသက်ဆုံးရှုံးရ
ကချင်ပြည်နယ်မှာ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများ လုပ်ငန်းပြီးစီးပါကလုပ်ကွက်များကို ပစ်ထား၍ မြေစာပုံပြိုကျကာလူငယ်လူရွယ်များ မသေသင့်ပဲ အသက်ဆုံးရှုံးရတယ်လို့ ဒုဝန်ကြီးအိသဉ္ဇာမောင်ပြောကြားလိုက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ လစဥ်ဆွေးနွေးပွဲ (၄) - “တော်လှန်ပြည်သူတို့ သိသင့်တဲ့ ဓာတ်သတ္တုကဏ္ဍအကြောင်းအရာများ”ဆွေးနွေးပွဲမှာ ဒုဝန်ကြီးအိသဉ္ဇာမောင်ကပြောကြားခဲ့ပါတယ်။
"ကုပဏီတွေက ကျောက်တူးပြီးသွားရင် ဒီအတိုင်းပဲ ထားသွားတယ်။သူကအိမ်တွေ ရွာတွေထဲတူးခွင့်မရှိဘူး။ ဒါပေမယ့် မြေကွက်ကိုရောင်းလိုက်တော့ အိမ်ထဲလည်းတူးကြတယ်။သူကအကုန်တူးသွားတဲ့အခါ ကြတော့ ကြာလာတဲ့အခါ မြေစာပုံတွေ ပြိုကျတယ်။တစ်ခါ တစ်ခါပြိုကျရင် လူအများကြီးသေတယ်။သွားကြည့်လိုက်ရင် လူငယ် လူရွယ်တွေများတယ်"လို့ဆိုပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို လုပ်ငန်းရှင်များကဂရုစိုက်မှုအားနည်းကာ ထိုဒဏ်များကို ဒေသခံအများစုကဘခံစားရတယ်လို့ ဒုဝန်ကြီးကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၃။ ယမန်နေ့ည ရေဦးတိုင်းရင်းဆေးရုံမှ စကစတပ်များ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှု ကြောင့် ရေဦးနယ် မူးသားကုန်းရွာမှ ၇ နှစ်သမီး အပါအဝင် မိသားစု ၄ ဦး နှင့်အမျိုးသမီး တစ်ဦးလက်နက်ကြီးထိမှန်
ယမန်နေ့ည ရေဦးတိုင်းရင်းဆေးရုံမှ စကစတပ်များ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှု ကြောင့် ရေဦးနယ် မူးသားကုန်းရွာမှ ၇ နှစ်သမီး အပါအဝင် မိသားစု ၄ ဦး နှင့်အမျိုးသမီး တစ်ဦးလက်နက်ကြီးထိမှန်ခဲ့တယ်လို့သတင်းရရှိပါတယ်။ သြဂုတ်လ ၂၃ ရက်ညမှာ ရေဦးတိုင်းရင်းဆေးရုံမှ စကစတပ်များ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့တာလို့ ဒေသခံသတင်းအရင်းအမြစ်များကဆိုပါတယ်။
"ယမန််နေ့ည ရေဦးတိုင်းရင်းဆေးရုံမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှု ကြောင့် ရေဦးနယ် မူးသားကုန်းရွာမှ ၇နှစ်သမီး အပါအဝင် မိသားစု ၄ ဦး နှင့် ခင်ဦးနယ် မူးသာကျေးရွာမှ အမျိုးသမီးပြည်သူတစ်ဦး နှင့် နွားတစ်ကောင် လက်နက်ကြီး ထိမှန်ခဲ့ကာ ထိခိုက်ဒဏ်ရာများ ရရှိထားပါတယ်"လို့ဆိုပါတယ်။ သြဂုတ်လ ၂၄ ရက်ယနေ့မနက်မှာလည်း ရေဦးမှ ကား၂ စီး အင်အားအပြည့်ဖြင့်စကစတပ်များ ချကာ ခင်ဦးနယ်သို့ ခြေလျင် ၅၀ ခန့်အား မူးမြစ်ကူးတံတားအရှေ့ဘက်တွင် ကာကွယ်ရေးများမှ မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ဘေးပတ်ဝန်းကျင်အား လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့ပါတယ်။
========================
📌📌 ၄။ ကောလင်းမြို့နယ်အနောက်ခြမ်းချောင်းနားတိုက်နယ် သစ်ဆိမ့်ကုန်းရွာသို့ အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်၍ ကိုယ်ဝန်ဆောင်တစ်ဦးအပါအဝင်အသက် ၆ နှစ်ကျော် ကလေးအပါ လေးဦးသေဆုံး
ကောလင်းမြို့နယ်အနောက်ခြမ်းချောင်းနားတိုက်နယ် သစ်ဆိမ့်ကုန်းရွာသို့ အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်၍ ကိုယ်ဝန်ဆောင်တစ်ဦးအပါအဝင်အသက် ၆ နှစ်ကျော်ကလေးအပါ လေးဦးသေဆုံးခဲ့ပါတယ်။ သြဂုတ်လ ၂၄ ရက်မှာ စစ်ရေးသတင်းကို ကောလင်းတော်လှန်ရေးအင်အားစုများကဆိုပါတယ်။
"ကောလင်းမြို့နယ်အနောက်ခြမ်းချောင်းနားတိုက်နယ် သစ်ဆိမ့်ကုန်းရွာသို့ သြဂုတ်လ ၂၃ ရက် နံနက် ၁၁ နာရီ ၄၁ အချိန်တွင် စကစမှလေကြောင်းနှင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာပြည်သူ ၅ ဦး ထိခိုက်၊ လေးဦးသေဆုံးခဲ့ပါတယ်"လို့ဆိုပါတယ်။ သေဆုံးခဲ့သောပြည်သူများထဲတွင် အသက်ခြောက်နှစ်ခွဲ ကလေးငယ်တစ်ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် တစ်ဦးပါဝင်နေခဲ့ပါတယ်။
========================
📌📌 ၅။ ကျောင်းသားလက်ရုံးတပ်တော် အပတ်စဉ်သစ်အတွက် တပ်သားသစ်စုဆောင်း
ကျောင်းသားလက်ရုံးတပ်တော် အပတ်စဉ်သစ်အတွက် တပ်သားသစ်စုဆောင်းနေပြီလို့သတင်းရရှိပါတယ်။ သြဂုတ်လအတွင်းမှာ ကျောင်းသားလက်ရုံးတပ်တော်ကအသိပေးဆိုပါတယ်။
"ကျောင်းသားသမဂ္ဂခွပ်ဒေါင်းအလံတော်အောက်တွင် ကျောင်းသားလက်ရုံးတပ်တော်နှင့်အတူ တိုက်ပွဲဝင်မည့် တပ်သားသစ်များ စတင်လက်ခံစုဆောင်းနေပြီဖြစ်ပါတယ်။ ကျောင်းသားလက်ရုံးတပ်တော်မှာ တက္ကသိုလ်ကျောင်းသားရဲဘော်များသာမကဘဲ အမှန်တရားအတွက် အသက်ပင်ပဓာဏမထား တော်လှန်တိုက်ပွဲဝင်သည့် ကျောင်းသားစိတ်ဓာတ်ရှိသူမည်သူမဆို အမှုထမ်းဆောင်နိုင်ပါတယ်"လို့ ဆိုပါတယ်။
တပ်တော်သို့ ဝင်ရောက်အမှုထမ်းလိုသူများအနေဖြင့် တပ်တော်၏ Facebook Page သို့ဆက်သွယ်စုံစမ်းနိုင်တယ်လို့သတင်းရရှိပါတယ်။ တပ်သားသစ်ဝင်ရောက်လိုသူများအနေနဲ့ လက်နက်ကိုင်တော်လှန်ရေးအတွက် စိတ်ပိုင်းဖြတ်ပြီးသူဖြစ်ရမှာ ဖြစ်ပြီးတော့အသက် (၁၈) နှစ်မှ အသက် (၅၀) နှစ်အတွင်းနဲ့ အခြေခံကျန်းမာရေးကောင်းမွန်သူဖြစ်ရမှာဖြစ်ပါတယ်။
========================
📌📌 ၆။ အရေးကြီး၍ ပြင်ပသို့သွားလာပါက အကြမ်းဖက် စစ်တပ် ယူနီဖောင်းချွတ်၍ လုံခြုံရေးနဲ့သွားလာရန် စကစကညွှန်ကြား
အရေးကြီး၍ ပြင်ပသို့သွားလာပါက အကြမ်းဖက် စစ်တပ် ယူနီဖောင်းချွတ်၍ လုံခြုံရေးနဲ့သွားလာရန် စကစကညွှန်ကြားထားတယ်လို့ သတင်းရရှိပါတယ်။ သြဂုတ်လအတွင်းမှာ တရားဝင်စာထုတ်အကြောင်းမကြားသော်လည်း နှုတ်နဲ့ညွှန်ကြားထားတယ်လို့ စုံစမ်းသိရှိရပါတယ်။
"အခု ရန်ကုန်အနီးတစ်ဝိုက်မှာတောင် စစ်သားစုဆောင်ရေးပေါ့။ မင်္ဂလာဒုံစျေးတစ်ဝိုက်သူတို့မလုပ်ကြတော့ဘူး။လူသစ်တောင်မစုနိုင်တော့ဘူးပြောရမယ်။ထပ်သိရတာက နေပြည်တော်က နုတ်နဲ့ညွှန်ကြားတယ်။ ရင်းမှူးတွေ၊ ဒုရင်းမှူးတွေ အပြင်မထွက်ပါနဲ့ပေါ့။ထွက်မယ်ဆိုလည်း လုံခြုံရေးနဲ့ ယူနီဖောင်းချွတ်သွားရမယ်လို့ဆိုတယ်"လို့ စကစတပ်နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကဆိုပါတယ်။ လက်ရှိမှာ တပ်တွင်းတပ်ပြင်လုံခြုံရေးအား တင်းကြပ်စွာချထားပြီး လက်နက်တိုက်များလုံခြုံရေးကို အထူးဂရုပြုရန် ထပ်ဆင့်မှာကြားကြောင်းသတင်းရရှိပါတယ်။
========================
📌📌 ၇။ ထီးချိုင့်မြို့နယ် ရေဖြူလွင်ထိတွေ့တိုက်ပွဲတွင် ကျဆုံး စကစတပ်ရုပ်အလောင်းများ ယနေ့အထိ လာကောက်ယူခြင်းမရှိသေး
စစ်ကိုင်းတိုင်းထီးချိုင့်မြို့နယ် ရေဖြူလွင်ထိတွေ့တိုက်ပွဲတွင် ကျဆုံး စကစတပ်ရုပ်အလောင်းများ ယနေ့အထိ လာကောက်ယူခြင်းမရှိသေးဘူးလို့သတင်းရရှိပါတယ်။ သြဂုတ်လ၂၄ ရက်မှာ ထီးချိုင့် Special.9-HPDF ကဖော်ပြပါတယ်။
"သြဂုတ်လ ၂၂ ရက်နေ့ ရေဖြူလွင်ဘက် ထိတွေ့မှုမှာ စခ ၁၅ ကောင်ခန့် ကျဆုံးပြီး ယနေ့ထိ အလောင်း မကောက်ရသေးဘဲ ရှိသေးပါတယ်"လို့ ဆိုပါတယ်။ ကာကွယ်ရေးနဲ့ပူးပေါင်းတပ်များဖြစ်တဲ့ KIA၊PDF နဲ့ ပကဖ တွေ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
========================
📌📌 ၈။ ထမင်းချက်ဖို့ ပြင်နေတဲ့ စကစတပ်သားကို KNDF နဲ့ပူးပေါင်းတပ်များ စတင်ပစ်ခတ်ရာမှတိုက်ပွဲဖြစ်
ကရင်နီဒေသ ရှေ့တန်းတစ်နေရာမှာထမင်းချက်ဖို့ ပြင်နေတဲ့ စကစတပ်သားကို KNDF နဲ့ပူးပေါင်းတပ်များ စတင်ပစ်ခတ်ရာမှတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းကို သြဂုတ်လ ၂၃ ရက်မှာ KNDF B02 ကစစ်ရေးသတင်းကိုဖော်ပြပါတယ်။
"ထမင်းချက်ရန်ပြင်ဆင်နေသည့် ဖက်ဆစ်စစ်တပ်အားပစ်ခတ်ခဲ့ပါတယ်။ စစ်ဆင်ရေးကို မနက် ၁၁ နာရီဝန်းကျင်ခန့်တွင် စခန်းတွင်းထမင်းချက်ရန်ပြင်ဆင်စဉ် စတင်ပစ်ခတ်ခဲ့ပါတယ်။ ဖက်ဆစ်စစ်တပ် စခန်းတွင်းမှ လက်နက်ကြီးလက်နက်ငယ် အမြောက်အများဖြင့် မိမိတို့အားပြန်လည်ပစ်ခတ်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘူး"လို့ ဆိုပါတယ်။
စစ်ဆင်ရေးကို KA/KNDF B-02/14 တို့မှပူးပေါင်းပြီး လုပ်ဆောင်ခဲ့ပါတယ်။ စခန်းတွင်းမှ ရန်သူလက်နက်ကြီးပြောင်းနှစ်ခုအနက် တစ်ခုမှာ ကာကွယ်ရေးတပ်တို့၏ ဒရုန်းဗုံးဖြင့် ထိမှန်ပြီး လဲခဲ့ပါတယ်။ စကစစစ်တပ်ဘက်မှ ထိခိုက်စစ်သားငါးဦးထက်မနည်းရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။
========================
📌📌 ၉။ “နွေဦးရိပ်မွန် နဲ့ နွေဦးမော်ကွန်းသစ်” အိမ်ယာစီမံကိန်းများကို NUG ကရောင်းချမယ်
“နွေဦးရိပ်မွန် နဲ့ နွေဦးမော်ကွန်းသစ်” အိမ်ယာစီမံကိန်းများကို NUG ကရောင်းချမယ်လို့ သြဂုတ်လ ၂၄ ရက်မှာ End of Dictator Ship ကအိမ်ယာစီမံကိန်းအကြောင်းကိုအသိပေးဆိုပါတယ်။
"အာဏာရှင်နိဂုံး အဆုံးသတ်ရန်အတွက် အရေးကြီးလှသော တော်လှန်ရေး ရန်ပုံငွေများ ရရှိရန် ရည်ရွယ်သည့် အိမ်ယာစီမံကိန်းများကို မကြာမီ စတင် ရောင်းချပါတော့မယ်။ “နွေဦးရိပ်မွန် စီမံကိန်း @Min Dhamma” နှင့် “နွေဦးမော်ကွန်းသစ် စီမံကိန်း @Thanthuma” တို့ ပါဝင်မှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။ အဆိုပါစီမံကိန်းမြေနေရာဟာ ရန်ကုန်မြို့ရဲ့အချက်အခြာကျတဲ့မြေနေရာဖြစ်ပြီးတော့ စီမံကိန်း အသေးစိတ်၊ မြေပိုင်ဆိုင်ခွင့်၊ စျေးနှုန်း၊ အရစ်ကျ ငွေပေးချေပုံ တို့ကို မကြာမီ ကြေ ညာသွားမယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၁၀။ တိုက်ပွဲဖြစ်နေသော ကရင်ဒေသအတွက် NUGPay ကနေ ပြည်သူများပါဝင်ထောက်ပို့ကူညီနိုင်
တိုက်ပွဲဖြစ်နေသော ကရင်ဒေသအတွက် NUGPay ကနေ ပြည်သူများပါဝင်ထောက်ပို့ကူညီနိုင်တယ်လို့ NUG Pay ကဆိုပါတယ်။ သြဂုတ်လ၂၃ ရက်နေ့မှာ NUG Pay ကအသိပေးဆိုပါတယ်။
"တိုက်ပွဲဖြစ်နေသော ကရင်ဒေသအတွက် NUGPay က ပြည်သူနဲ့ အတူ ပါဝင်ကူညီသွားပါမယ်။ လှူဒါန်းမှုများအား ဩဂုတ်လ ၃၁ ရက်နေ့ထိ လက်ခံသွားမှာ ဖြစ်ပြီး တိုက်ပွဲဒေသများအရောက် ပေးပို့သွားမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။ ကရင်ပြည်နယ် ဝေါလေမှာ ဇူလိုင်လအတွင်း ဥကရစ်ထ အောင်ပွဲရယူနိုင်ဖို့ ၄၈ နာရီအတွင်းထောက်ပို့ငွေ စုစုပေါင်း (၄၆) သိန်းကျော်ရရှိ၍ PDF ရဲဘော်များထံ NUG Pay ကပေးပို့ခဲ့ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment