၂၀၂၂ နိုဝင်ဘာလ ၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ နေ့စဥ်ရက်ဆက်ရွာပေါင်းများစွာကို မီးရှို့ဖျက်ဆီးသတ်ဖြတ်နေတဲ့ မြန်မာစစ်တပ်ကို နိုင်ငံရေးအရ သပ်လျိူပေါက်ပေးလို့မရဘူးလို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြားလိုက်
📌 ၂။ ၆ လကြာ သင်ကြားလေ့ကျင့်ပေးခဲ့တဲ့ ကွန်မန်ဒိုသင်တန်းဆင်းပွဲ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ် တက်ရောက်
📌 ၃။ ကချင်ပြည်နယ်ခုခံစစ်အတွက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ရဲ့ NUGPay ကတဆင့်ထောက်ပို့ပေးရာ ငွေကျပ်သိန်းပေါင်း (၁၀၀) ကျော် ရရှိ
📌 ၄။ အကြမ်းဖက်စစ်တပ်ဟာဆယ်စုနှစ် (၃) ခုကျော်ကြာ အသုံးမပြုတော့တဲ့ သေဒဏ်ပေးမှုကို ပြန်လည်အသုံးပြုကာ နိုင်ငံရေးအကျဉ်းသားများကို သေဒဏ်စီရင်ခဲ့တယ်လို့ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော
📌 ၅။ “နွေဦးရောင်စဉ်” စီမံကိန်းကို မြေကွက် အခင်းအကျင်း ပြောင်းလဲပြီး ပေ ၄၀ x ပေ ၆၀ - ၁၈၉ ကွက် ကိုရောင်းချပေးနေ
📌 ၆။ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့မှာ နွေဦးတော်လှန်ရေးဖလား ဘောလုံးပြိုင်ပွဲကျင်းပမယ်
📌 ၇။ One Dollar အဖွဲ့မှ ဦးစီး၍ နွေဦးရတနာကံစမ်းမဲ အစီအစဉ်စတင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နေ့စဥ်ရက်ဆက်ရွာပေါင်းများစွာကို မီးရှို့ဖျက်ဆီးသတ်ဖြတ်နေတဲ့ မြန်မာစစ်တပ်ကို နိုင်ငံရေးအရ သပ်လျိူပေါက်ပေးလို့မရဘူးလို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြားလိုက်
နိုဝင်ဘာလအတွင်းယင်းမာပင် - ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် ရက်ပေါင်း ၆၀၀ ပြည့်အတွက် ဂုဏ်ပြုစကားပြောကြားရာမှာ ယာယီ သမ္မတ ဒူဝါလရှီးလက အခုလိုထည့်သွင်းပြောကြားလိုက်ပါတယ်။
"နေ့စဥ်ရက်ဆက်ရွာပေါင်းများစွာကို မီးရှို့ဖျက်ဆီးသတ်ဖြတ်နေတဲ့ သန္ဓေယုတ် မြန်မာစစ်တပ်ကို နိုင်ငံရေးအရ သပ်လျိူပေါက်ပေးလို့မရပါဘူး။စစ်ရေးအရလည်း ထွက်ပေါက်မရှိအောင်လုပ်ထားရပါလိမ့်မယ်။စစ်အာဏာရှင် ယန္တရားနဲ့ စစ်အာဏာရှင် အုပ်စုကို အမြစ်ဖြတ် ရှင်းလင်း သုတ်သင်ခြင်းဟာ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ ဘုံရန်မှန်းချက်ဖြစ်ပါတယ်"လို့ဆိုပါတယ်။
နွေဦးတော်လှန်ရေးတစ်နှစ်တာကာလအတွင်း ပြည်သူ့ခုခံတွန်းလှန်စစ်မှာ အကြမ်းဖက်စစ်တပ်က တပ်ဖွဲ့ဝင် နှစ်သောင်းကျော်သေဆုံးခဲ့ပါတယ်။ လက်ရှိမှာ စကစဟာ ၂၀၂၃ ရွေးကောက်ပွဲကို နိုင်ငံရေးထွက်ပေါက်အဖြစ်ကျင်းပရန် စီစဥ်လျက်ရှိပါတယ်။
========================
📌📌 ၂။ ၆ လကြာ သင်ကြားလေ့ကျင့်ပေးခဲ့တဲ့ ကွန်မန်ဒိုသင်တန်းဆင်းပွဲ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ် တက်ရောက်
တောင်ပိုင်းစစ်ဒေသအတွင်းက တော်လှန်ရေးနယ်မြေတစ်ခု၌ ၆ လကြာ သင်ကြားလေ့ကျင့် သပေးခဲ့တဲ့ ကွန်မန်ဒိုသင်တန်းဆင်းပွဲမှာ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က တက်ရောက်ကာ သင်တန်း ဆင်းရဲဘော်တွေနဲ့ ရင်းနှီးစွာတွေ့ဆုံစကားပြောခဲ့ပါတယ်လို့ နိုဝင်ဘာ၂ရက်နေ့တွင် တောင်ပိုင်းစစ်ဒေသ သတင်းနဲ့ ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်ရ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ဖွဲ့စည်းပြီး တစ်နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံ အနှံ့အပြားက တော်လှန်ရေးနယ်မြေတွေမှာ အခြေခံစစ်သင်တန်းတွေ၊ မွမ်းမံသင်တန်းတွေ၊ တောတွင်းပြောက်ကျားသင်တန်း တွေ၊ မြို့ပြပြောက်ကျားသင်တန်းတွေ၊ အထူးကွန်မန်ဒိုသင်တန်းတွေ၊ ခေါင်းဆောင်ငယ်သင်တန်းတွေကို သင်တန်းပို့ချ သင်ကြားပေးလျက်ရှိပါတာ်။
လက်ရှိမှာ စစ်ဘက်ဆိုင်ရာသင်တန်းတွေကို မဟာမိတ်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းတိုင်ပင်ကာ စဉ်ဆက်မပြတ် ဆောင်ရွက် လျှက်ရှိပြီး လက်နက်များတပ်ဆင်ကာ တစ်နိုင်ငံလုံး စစ်ရေးလှုပ်ရှားမှုများဟန်ချက်ညီ ဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိတယ်လို့ တောင်ပိုင်းစစ်ဒေသ သတင်းနဲ့ ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။
========================
📌📌 ၃။ ကချင်ပြည်နယ်ခုခံစစ်အတွက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ရဲ့ NUGPay ကတဆင့်ထောက်ပို့ပေးရာ ငွေကျပ်သိန်းပေါင်း (၁၀၀) ကျော် ရရှိ
နိုင်ငံတကာရောက် မြန်မာပြည်သူများအနေနဲ့ ကချင်ပြည်နယ်ခုခံစစ်အတွက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ရဲ့ NUGPay ကနေ တဆင့်ထောက်ပို့ပေးရာ ငွေကျပ်သိန်းပေါင်း (၁၀,၂၃၀,၀၀၀) ကျော်ရရှိခဲ့ပါတယ်လို့ နိုဝင်ဘာ ၂ ရက်နေ့ညပိုင်းမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကဆိုလိုက်ပါတယ်။
"NUGPay မိသားစု တော်တော်များလာပါပြီ။ NUGPay ရဲ့ စွမ်းပကားကို ဒီတခါ စမ်းသပ်မှု အတော်အောင်မြင်ပါတယ်။ ထုတ်သုံးနေပါတယ်။ ဝင်လာဆဲလဲ ဖြစ်ပါတယ်။ ခြေသံလဲလုံ၊ ရှေ့တန်းကရဲဘော်များ အလိုအပ်ဆုံးများကို တတ်နိုင်သလောက် လိုက်ဖြည့်နေပါတယ်။ စိတ်တူကိုယ်တူ မိတ်ဆွေများလဲ ပါဝင်ကြပါတယ်"လို့ဆိုပါတယ်။
နိုင်ငံတကာရောက် မြန်မာပြည်သူများ ကချင်ပြည်နယ်ခုခံစစ်အတွက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ရဲ့ NUGPay ကတဆင့်ထောက်ပို့ကူညီနိုင်တယ်လို့ ဝန်ကြီးက အောက်တိုဘာ ၃၀ ရက်မှာအသိပေးဆိုခဲ့ပါတယ်။ နိုင်ငံအလိုက် NUGPay ကိုယ်စားလှယ်များမှတဆင့် ထောက်ပို့နိုင်ပြီဖြစ်ကြောင်းအသိပေးပြီးနောက် နိုဝင်ဘာ ၂ ရက်နေ့အထိ ငွေကျပ် (၁၀,၂၃၀,၀၀၀) ကျော်ရရှိခဲ့ပါတယ်။
========================
📌📌 ၄။ အကြမ်းဖက်စစ်တပ်ဟာဆယ်စုနှစ် (၃) ခုကျော်ကြာ အသုံးမပြုတော့တဲ့ သေဒဏ်ပေးမှုကို ပြန်လည်အသုံးပြုကာ နိုင်ငံရေးအကျဉ်းသားများကို သေဒဏ်စီရင်ခဲ့တယ်လို့ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော
နိုဝင်ဘာ ၂ ရက်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီတွင် လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးဘာသာရပ်အောက်၌ ကျင်းပပြုလုပ်သော လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာအပေါ် အထွေထွေဆွေးနွေးခြင်းအစီအစဉ်မှာ သံအမတ်ကြီးက အခုလိုပြောကြားလိုက်ပါတယ်။
"စစ်အာဏာသိမ်းထားသည့် (၂၁) လအတွင်းမှာပင် စစ်တပ်အနေဖြင့် မြန်မာပြည်သူများအပေါ်၌ ရက်စက်ကြမ်းကြုတ်မှုအမျိုးမျိုးကို ကျူးလွန်ခဲ့ကြောင်း၊ အထူးသဖြင့် ဆယ်စုနှစ် (၃) ခုကျော်ကြာ အသုံးမပြုတော့သည့် သေဒဏ်ပေးမှုကို ပြန်လည်အသုံးပြုကာ နိုင်ငံရေးအကျဉ်းသားများကို သေဒဏ်စီရင်ခဲ့ကြောင်း၊ ထို့ပြင် ပြည်သူများကို မတရားဖမ်းဆီးချုပ်နှောင်ထိန်းသိမ်းခြင်း၊ မိသားစုဝင်များကို ဓားစာခံများအဖြစ် ဖမ်းဆီးချုပ်နှောင်ခြင်းတို့ကိုလည်း လုပ်ဆောင်ခဲ့ကြောင်း၊ စစ်တပ်မှနိုင်ငံတစ်ဝှမ်း ကျူးလွန်နေသည့် တိုက်ခိုက်မှုများသည် ၎င်းအား ဆန့်ကျင်သူများကိုသာမက ၎င်းတို့အား ထောက်ခံ အားပေးနေသူများကိုပါ ပစ်မှတ်ထားနေခြင်းဖြစ်တယ်"လို့ဆိုပါတယ်။
ဒါ့အပြင်ဖက်ဆစ်စစ်တပ်အနေဖြင့် ပြည်သူများအား လေကြောင်းမှတဆင့် ပိုမိုတိုးမြှင့်တိုက်ခိုက် လျက်ရှိပြီး ပြည်သူများ၏ အသက်အိုးအိမ်ကို စိုးစဉ်းမျှ ထည့်သွင်းစဉ်းစားခြင်း မရှိကြောင်းကို ပြသနေကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းနှင့် ကချင်ပြည်နယ် အနန့်ပါ တွင် တေးဂီတပွဲပြုလုပ်ရန် အကြိုပြင်ဆင်နေမှုတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းမှာ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များဖြစ်တယ်လို့ သံအမတ်ကြီးကတင်ပြခဲ့ပါတယ်။
========================
📌📌 ၅။ “နွေဦးရောင်စဉ်” စီမံကိန်းကို မြေကွက် အခင်းအကျင်း ပြောင်းလဲပြီး ပေ ၄၀ x ပေ ၆၀ - ၁၈၉ ကွက် ကိုရောင်းချပေးနေ
Spring Mandalay Investment ရဲ့“နွေဦးရောင်စဉ်” စီမံကိန်းကို မြေကွက် အခင်းအကျင်း ပြောင်းလဲပြီး ပေ ၄၀ x ပေ ၆၀ - ၁၈၉ ကွက် ကိုရောင်းချပေးနေပါတယ်လို့ နိုဝင်ဘာ ၃ ရက်နေ့မှာ EOD ကအသိပေးဆိုထားပါတယ်။
"မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ ရေတံခွန်တောင်ခြေမှာ ဖော်ထုတ်ပေးမယ့် “နွေဦးရောင်စဉ်” စီမံကိန်းကို မြေကွက် အခင်းအကျင်း ပြောင်းလဲပြီး ပြန်လည် ရောင်းချပေးနေပါပြီ"လို့ဆိုပါတယ်။ နွေဦးရောင်စဉ်မှာ ကျန်ရှိတဲ့ မြေကွက်အရေအတွက်ဟာပေ၆၀ x ပေ၈၀ - ၃၀ ကွက် ၊ ပေ ၄၀ x ပေ ၆၀ - ၁၈၉ ကွက် တို့ဖြစ်ပါတယ်။
"ပြည်တော်ဝင်ပြီး နန်းသိမ်းမယ့် Spring Mandalay Investment မှာ ပါဝင် ထောက်ပို့ကြပါစို့"လို့ endofdictatorship ကအသိပေးဆိုထားပါတယ်။
========================
📌📌 ၆။ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့မှာ နွေဦးတော်လှန်ရေးဖလား ဘောလုံးပြိုင်ပွဲကျင်းပမယ်
နယ်သာလန် နိုင်ငံ အမ်စတာဒမ်မြို့မှာနိုဝင်ဘာလ ၆ ရက်နေ့တွင် နွေဦးတော်လှန်ရေးဖလား ဘောလုံးပြိုင်ပွဲကျင်းပမယ်လို့ CRPH NUG Support team ဂျာမနီက အသိပေးဖော်ပြပါတယ်။
“Spring Revolution Cup Amsterdam 2022“ လာမဲ့ နိုဝင်ဘာလ ၆ ရက်နေ့၊နယ်သာလန် နိုင်ငံ အမ်စတာဒမ် မြို့မှာကျင်းပမှာဖြစ်ပါတယ်လို့ဆိုပါတယ်။
နွေဦးတော်လှန်ရေးဖလား ဘောလုံးပြိုင်ပွဲကို ဂျာမဏီနိုင်ငံမှ Chin Revolution Team Germany နဲ့ FC BurmeseUnity Germany အသင်းတို့သွားရောက်ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ အချိန်နဲ့အခြေအနေပေးနိုင်သူတွေလူကိုယ်တိုင်လာရောက်အားပေးကြဖို့ လည်းဖိတ်ခေါ်ထားပါတယ်။
========================
📌📌 ၇။ One Dollar အဖွဲ့မှ ဦးစီး၍ နွေဦးရတနာကံစမ်းမဲ အစီအစဉ်စတင်
One Dollar အဖွဲ့မှ ဦးစီး၍ နွေဦးရတနာကံစမ်းမဲ အစီအစဉ်စတင်လိုက်ကြောင်းကို နိုဝင်ဘာ ၃ ရက်နေ့မှာ ကံစမ်းမဲနဲ့ပတ်သက်လို့ ဆရာတော်အရှင်ဇဝနကအသိပေးမိန့်ကြားထားပါတယ်။
"နွေဦးအောင်နိုင်ရေးခရီစဉ်နှင့် One Dollar for people of Burma အဖွဲ့၏ လှုပ်ရှားမှူတို့တွင် စေတနာထက်သန်ရက်ရက်ရောရော ပူးပေါင်းလာကြသော အလှူရှင်တို့၏ တန်ဖိုးကြီးရတနာ ပစ္စည်းတို့ကို ပိုမိုထိထိရောက်ရောက် ခရီးပေါက်စေဖို့ One Dollar အဖွဲ့မှ ဦးစီး၍ နွေဦးရတနာကံစမ်းမဲ အစီအစဉ်ကို စတင်ပါပြီ"လို့ မိန့်ကြားပါတယ်။ ကံစမ်း မဲလက်မှတ်တစ်စောင်ကို ဒေါ်လာ $20 ဖြစ်ပြီး ပေါက်မဲများမှာ လက်ဝတ်ရတနာများနဲ့ပန်းချီကားများပါဝင်မှာဖြစ်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment