၂၀၂၂ ဒီဇင်ဘာလ ၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်တိုင်း လှည်းကူးမြို့နယ်၌ အမျိုးသားရုပ်အလောင်း ၁၃ လောင်းတွေ့ရှိမှုအတွက် အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာချက်တစ်ရပ်ထုတ်ပြန်
📌 ၂။ လူသားတိုင်းအတွက် ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနှင့် တရားမျှတမှု စကားဝိုင်းဆွေးနွေးပွဲ ယာယီသမ္မတ ဒူဝါလရှီးလ မှ အဖွင့်မိန့်ခွန်းပြောမယ်
📌 ၃။ အမေရိကန်အောက်လွှတ်တော်မှာအတည်ပြုလိုက်တဲ့အမျိုးသားကာကွယ်ရေးဥပဒေ (NDAA 2023) ဟာ " မယုံနိုင်စရာအရွေ့တစ်ခုဖြစ်လာမယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ဆို
📌 ၄။ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာအကူအညီတချို့ ပိုရလာတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးအသိပေးပြောကြား
📌 ၅။ အာဆီယံရဲ့ ဘုံသဘောတူညီချက်ငါးချက်အလုပ်မဖြစ်ဘဲ ပိုမိုပြင်းထန်တဲ့ လုပ်ဆောင်ချက်တွေနဲ့အစားထိုးရမယ်လို့ EU လွှတ်တော်မှာ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးပြောကြားခဲ့
📌 ၆။ ကမ္ဘာ့လူ့အခွင့်အရေးနေ့အထိမ်းအမှတ် ပညာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲသို့ဧည့်ပရိသတ် ၃၀၀ ကျော် တက်ရောက်ခဲ့
📌 ၇။ NUG ကတစ်နှစ် မဟာဗျူဟာ စီမံချက်များ ချမှတ်၍ အကောင် အထည်ဖော် ဆောင်ရွက်နေ
📌 ၈။ ထိုင်းနိုင်ငံရောက် မြန်မာအလုပ် သမားများ ကြုံတွေ့နေရတဲ့ အခက်အခဲများနှင့် ပတ်သက်၍ပူးပေါင်းဆောင်ရွက်လိုတယ်လို့ NUG အလုပ်သမားဒုဝန်ကြီးက ထိုင်းနိုင်ငံ လွှတ်တော်၊ အလုပ်သမားရေးရာကော်မတီနဲ့တွေ့ဆုံပြောကြား
📌 ၉။ ယူကေအစိုးရမှ မြန်မာစစ်တပ်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်တိုင်း လှည်းကူးမြို့နယ်၌ အမျိုးသားရုပ်အလောင်း ၁၃ လောင်းတွေ့ရှိမှုအတွက် အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာချက်တစ်ရပ်ထုတ်ပြန်
ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်တိုင်း လှည်းကူးမြို့နယ်၌ အမျိုးသားရုပ်အလောင်း ၁၃ လောင်းတွေ့ရှိမှုအတွက် အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာချက်တစ်ရပ်ထုတ်ပြန်လိုက်ပါတယ်။ ဒီဇင်ဘာ ၉ ရက် ညပိုင်းမှာ ကြေညာချက်အမှတ် (၂၄/၂၀၂၂)ကို ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်အရ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်တိုင်း လှည်းကူးမြို့နယ်၌ အမျိုးသားရုပ်အလောင်း ၁၃ လောင်းတွေ့ရှိမှုအား အမျိုသားညီညွတ်ရေးအစိုးရအနေဖြင့် များစွာတုန်လှုပ်စိတ်ပျက်မိပါတယ်လို့ဆိုပါတယ်။
သေဆုံးသူများထဲတွင် ငယ်ရွယ်သော ရိုဟင်ဂျာလူငယ်များပါဝင်နေကြောင်း တွေ့ရပါတယ်။ ကနဦးတွေ့ရှိချက် များအရ ရုပ်အလောင်းအချို့တွင် ပြတ်ရှဒဏ်ရာများနှင့် ညှဉ်းပမ်းနှိပ်စက်ခံထားရသည့် ဒဏ်ရာများတွေ့ရှိရပါတယ်။ သေဆုံးရသည့်အကြောင်းအရင်းအား စစ်ဆေးရန်အတွက် ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးသို့ ရုပ်အလောင်း များကို ပေးပို့ထားကြောင်းလည်း သတင်းရရှိပါတယ်လို့ဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် သေဆုံးသူများ၏ မိသားစုဝင်များ၊ ချစ်ခင်ရသူများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါတယ်။ ထို့အတူ ဖြစ်ပွားခဲ့သောဖြစ်စဉ်နှင့်ပက်သက်၍ စုံစမ်းစစ်ဆေးမှုအား စတင်ဆောင်ရွက် နေပြီဖြစ်သဖြင့် စုံစမ်းစစ်ဆေးမှုအတွက် အထောက်အပံ့ဖြစ်စေသော လူမှုရပ်ဝန်းမှ အဖွဲ့ဝင်များ၏ အကူအညီများ အားလည်း ဖိတ်ခေါ်အပ်ပါတယ်လို့ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရသည် လူနည်းစုများအပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်လုံးရှိ အရပ်သားပြည်သူများအပေါ် အမုန်းတရားထား အကြမ်းဖက်ခြင်းများကို အတိအလင်းပြတ်ပြတ်သားသား ကန့်ကွက်ရှုံ့ချပြီး ချန်လှပ်ဘေးဖယ်ထားခြင်း၊ နှိမ်ချခွဲခြားခြင်း၊ လူမဆန်စွာအပြစ်ပေးခြင်းများ ကျူးလွန်ရန် လှုံဆော်ပေးသည့် လုပ်ရပ်များအတွက် မြန်မာ့လှုမှုရပ်ဝန်းတွင် နေရာမရှိပါ။ ပြစ်မှုကျူးလွန်သူများအား တရားဥပဒေအတိုင်း အပြည့်အဝအရေးယူ၍ တရားမျှတမှုနှင့် အပြစ်ပေးဆပ်ခြင်းများကို ကျူးလွန်ခံရသူများနှင့် ၎င်းတို့၏မိသားစုများထံ ဆောင်ကျဉ်းပေးရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။
========================
📌📌 ၂။ လူသားတိုင်းအတွက် ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနှင့် တရားမျှတမှု စကားဝိုင်းဆွေးနွေးပွဲ ယာယီသမ္မတ ဒူဝါလရှီးလ မှ အဖွင့်မိန့်ခွန်းပြောမယ်
လူသားတိုင်းအတွက် ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနှင့် တရားမျှတမှု စကားဝိုင်းဆွေးနွေးပွဲ ယာယီသမ္မတ ဒူဝါလရှီးလ မှ အဖွင့်မိန့်ခွန်းပြောမယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာလ ၁၀ ရက်ယနေ့မြန်မာစံတော်ချိန် ညနေ ၆ နာရီမှာ“လူသားတိုင်းအတွက် ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနှင့် တရားမျှတမှု” (Dignity, Freedom, And Justice For All) ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပမှာဖြစ်ပါတယ်။
ဆွေးနွေးပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ မှ အဖွင့်မိန့်ခွန်း ပြောကြားမည်ဖြစ်ပြီး လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် အကြံပေးအဖွဲ့ဝင် ဦးအောင်ကျော်မိုး၊ မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ်၊ မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် မဇူးပဒုမ္မာ နှင့် သရုပ်ဆောင် မချစ်သုဝေ တို့မှ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဆွေးနွေးပွဲကို အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်ပါတယ်။
========================
📌📌 ၃။ အမေရိကန်အောက်လွှတ်တော်မှာအတည်ပြုလိုက်တဲ့အမျိုးသားကာကွယ်ရေးဥပဒေ (NDAA 2023) ဟာ " မယုံနိုင်စရာအရွေ့တစ်ခုဖြစ်လာမယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ဆို
အမေရိကန်အောက်လွှတ်တော်မှာအတည်ပြုလိုက်တဲ့အမျိုးသားကာကွယ်ရေးဥပဒေ (NDAA 2023) ဟာ " မယုံနိုင်စရာအရွေ့တစ်ခုဖြစ်လာမယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ဆိုလိုက်ပါတယ်။ ဒီဇင်ဘာ ၉ ရက်မှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အသိပေးဆိုထားပါတယ်။
"အောက်လွှတ်တော်ဟာ ထောက်ခံမဲ ၃၅၀-၈၀ ဖြင့် ၂၀၂၃ ဘဏ္ဍာနှစ်အတွက် အမျိုးသားကာကွယ်ရေးဥပဒေ (NDAA 2023) ကို အတည်ပြုခဲ့ပါတယ်။ ဆီးနိတ်တွင် အောင်ပွဲခံရန် လိုအပ်နေသေးသော်လည်း ဒီဥပဒေက ကျမတို့နိုင်ငံ (ဒီမိုကရေစီရေးအတွက်) တိုက်ပွဲတွေကြားမှာ လိုအပ်နေတဲ့ မျှော်လင့်ချက်တွေဖြစ်တယ်" လို့ဆိုထားပါတယ်။
အမေရိကန်နိုင်ငံက National Defense Authorization Act 2023 (NDAA)ယခုနှစ်မြန်မာပြည်အတွက် အထောက်အပံ့ပိုပေးဖို့ ထည့်သွင်းရေးသားထားပါတယ်။ National Defense Authorization Act 2023 (NDAA) က အောက်လွှတ်တော် House ကို အောင်မြင်သွားခဲ့ပြီးဖြစ်ကာ Senate ကိုဖြတ်ပြီး သမ္မတလက်မှတ်ထိုးပါက ဥပဒေအတည်ဖြစ်မှာဖြစ်ပါတယ်။
========================
📌📌 ၄။ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာအကူအညီတချို့ ပိုရလာတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးအသိပေးပြောကြား
ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာအကူအညီတချို့ ပိုရလာတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးအသိပေးပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာလအတွင်း တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ကျန်းမာရေးနဲ့ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကဆိုပါတယ်။
"အာဆီယံ summit ထိပ်သီးညီလာခံ အပြီးမှာ နိုင်ငံတကာက ကျွန်တော်တို့တတွေကို ပိုပြီး engage ထိတွေ့ဆက်ဆံမှု လုပ်လာတယ်။ အဲ့ဒီအပေါ်မှာ အခုကျွန်တော်တို့ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ စောင့်ရှောက်မှုတချို့၊ နိုင်ငံတကာအကူအညီတချို့ ပိုရလာတာ အဲ့ဒါဟာ ကျွန်တော်တို့အတွက်တော့ ရှေ့လာမယ့် ၂၀၂၃ အတွက် ဖြစ်လာနိုင်တဲ့ တိုက်ပွဲတွေအတွက် လူသားချင်းစာနာမှုတွေ အတွက်တော့ ပြင်ဆင်ဖို့အတွက် အရင်ထက်စာရင်အားပိုကောင်းလာတယ်"လို့ ပြောပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တစ်နှစ်တာ မဟာ ဗျူဟာ စီမံချက်ထဲတွင် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများပူးပေါင်း၍ တိုက်ပွဲတွေဖြစ်လာနိုင်တဲ့ နေရာများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။
========================
📌📌 ၅။ အာဆီယံရဲ့ ဘုံသဘောတူညီချက်ငါးချက်အလုပ်မဖြစ်ဘဲ ပိုမိုပြင်းထန်တဲ့ လုပ်ဆောင်ချက်တွေနဲ့အစားထိုးရမယ်လို့ EU လွှတ်တော်မှာ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးပြောကြားခဲ့
အာဆီယံရဲ့ ဘုံသဘောတူညီချက်ငါးချက်အလုပ်မဖြစ်ဘဲ ပိုမိုပြင်းထန်တဲ့ လုပ်ဆောင်ချက်တွေနဲ့အစားထိုးရမယ်လို့ EU လွှတ်တော်မှာ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြောကြားခဲ့ပါတယ်။ ဒီဇင်ဘာ ၉ ရက်မှာ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကအသိပေးဖော်ပြပါတယ်။
"ဒီနေ့ EU လွှတ်တော်မှာ ပြောတာပါ။5PC သည် အလုပ်မဖြစ်ပါ။ အဲဒါကို ပိုပြင်းထန်တဲ့ လုပ်ဆောင်ချက်တွေနဲ့ အစားထိုးရမယ်။ 'အာဆီယံ တစ်ခုတည်းတော့ မဖြစ်နိုင်ပါဘူး။ NUG အသိအမှတ်ပြုမှုသည် မရှိမဖြစ်လိုအပ်ပါတယ်။ လေကြောင်း လောင်စာဆီ အပါအဝင် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ပိုမို ကျယ်ပြန့်သင့်တယ်"လို့ဆိုခဲ့ပါတယ်။ ဒါ့အပြင် NUG နှင့် တိုင်းရင်းသားအဖွဲ့များမှတဆင့် လူသားချင်းစာနာထောက်ထားမှုအကူအညီ" များ ပေးဖို့ကိုလည်းဆိုခဲ့ပါတယ်။
========================
📌📌 ၆။ ကမ္ဘာ့လူ့အခွင့်အရေးနေ့အထိမ်းအမှတ် ပညာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲသို့ဧည့်ပရိသတ် ၃၀၀ ကျော် တက်ရောက်ခဲ့
ကမ္ဘာ့လူ့အခွင့်အရေးနေ့အထိမ်းအမှတ် ပညာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲသို့ဧည့်ပရိသတ် ၃၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနတို့ ပူးပေါင်း ၍ ကမ္ဘာ့လူ့အခွင့်အရေးနေ့အထိမ်းအမှတ် ပညာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲ နှင့် ပူးပေါင်းဆွေးနွေးပွဲကို ဒီဇင်ဘာလ ၉ ရက်နေ့ မြန်မာစံတော်ချိန် နံနက် (၈) နာရီခွဲမှ နေ့လယ် (၂) နာရီအထိ ကျင်းပခဲ့ပါတယ်။
အဆိုပါ စာတမ်းဖတ်ပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး၊ လူအခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်း၊ ပညာရေးဝန်ကြီးဌာန၊ ဒုဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာစိုင်းခိုင်မျိုးထွန်း၊ ဒေါ်ဂျာထွယ်ပန်တို့ တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စာတမ်းဖတ်ပွဲသို့ ဧည့်ပရိသတ် ၃၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။ ထို့နောက် စာတမ်းရှင်များက လူ့အခွင့်အရေးဆိုင်ရာ စာတမ်း (၆) စောင်ကို ဖတ်ကြားခဲ့ပြီး တက်ရောက်လာသူများမှ မေးမြန်းဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၇။ NUG ကတစ်နှစ် မဟာဗျူဟာ စီမံချက်များ ချမှတ်၍ အကောင် အထည်ဖော် ဆောင်ရွက်နေ
NUG ကတစ်နှစ် မဟာဗျူဟာ စီမံချက်များ ချမှတ်၍ အကောင် အထည်ဖော် ဆောင်ရွက်နေတယ်လို့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ(ခ)နိုင်သုဝဏ္ဏကဆိုပါတယ်။ ဒီဇင်ဘာ ၉ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲမှာဝန်ကြီးကဆိုပါတယ်။
တစ်နှစ် မဟာဗျူဟာ စီမံချက်များ ချမှတ်၍ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ စစ်ကိုင်းတိုင်း၊မကွေးတိုင်း ဒေသများသည် တော်လှန်ရေးတွင် စံပြတိုင်းဒေသကြီးများဖြစ်ကြောင်း၊ မြေပြင် ပအဖ အဖွဲ့များမှာ ဗဟိုကော်မတီအဖွဲ့ဝင်များ၏ ပြောကြားချက်ကို မှတ်သားဆောင်ရွက်ပြီး လုပ်ငန်း ဆောင်ရွက်ချက်၊ အခက်အခဲများကို ဆွေးနွေးပြောကြားစေလိုကြောင်း ပြောကြားခဲ့ပါတယ်။
ဆက်လက်၍ ဝန်ကြီးဌာနများမှ ဆောင်ရွက်နေသော လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့်သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကာ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါတယ်။ တွေ့ဆုံပွဲသို့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။
========================
📌📌 ၈။ ထိုင်းနိုင်ငံရောက် မြန်မာအလုပ် သမားများ ကြုံတွေ့နေရတဲ့ အခက်အခဲများနှင့် ပတ်သက်၍ပူးပေါင်းဆောင်ရွက်လိုတယ်လို့ NUG အလုပ်သမားဒုဝန်ကြီးက ထိုင်းနိုင်ငံ လွှတ်တော်၊ အလုပ်သမားရေးရာကော်မတီနဲ့တွေ့ဆုံပြောကြား
ထိုင်းနိုင်ငံရောက် မြန်မာအလုပ် သမားများ ကြုံတွေ့နေရတဲ့ အခက်အခဲများနှင့် ပတ်သက်၍ပူးပေါင်းဆောင်ရွက်လိုတယ်လို့ NUG အလုပ်သမားဒုဝန်ကြီးက ထိုင်းနိုင်ငံ လွှတ်တော်၊ အလုပ်သမားရေးရာကော်မတီနဲ့တွေ့ဆုံပြောကြားခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီး ဌာနနှင့် ထိုင်းနိုင်ငံ လွှတ်တော်၊ အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌတို့ တွေ့ဆုံဆွေးနွေးခြင်းကိုဒီဇင်ဘာ၇ရက်Zoom Meeting ဖြင့် ကျင်းပခဲ့ပါတယ်။
တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယဝန်ကြီး က ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ထိုင်းနိုင်ငံရောက် မြန်မာအလုပ် သမားများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ပူးပေါင်းဆောင်ရွက်လိုသည့် ကိစ္စရပ်များကို လည်းကောင်း၊ လွှတ်တော်အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ပူးပေါင်း ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ ရှေ့လုပ်ငန်းစဉ်များကို လည်းကောင်း ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နိုင်သုဝဏ္ဏ၊ ဒုတိယဝန်ကြီး ဦးကျော်နီနှင့် ဌာနတာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ လွှတ်တော် အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့် လွှတ်တော်အလုပ်သမားရေးရာ အတိုင်ပင်ခံ တို့ တက်ရောက်ခဲ့ပါတယ်။
========================
📌📌 ၉။ ယူကေအစိုးရမှ မြန်မာစစ်တပ်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်
ယူကေအစိုးရမှ မြန်မာစစ်တပ်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်လိုက်ပါတယ်။ ဒီဇင်ဘာ ၉ ရက်နေ့မှာ ရန်ကုန် ယူကေသံရုံးကနေ အသိပေးဖော်ပြပါတယ်။
"ယူကေမှ မြန်မာစစ်အစိုးရကို နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လိုက်သည်ဟု ယနေ့တွင် ကြေညာလိုက်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုများအတွက် တာဝန်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပိတ်ဆို့မှုအသစ်များ ချမှတ်လိုက်ခြင်းဖြစ်ပါတယ်"လို့ဆိုထားပါတယ်။
အရေးယူဒဏ်ခတ်မှုတွင်နိုင်ငံတကာလူ့အခွင့်အရေးနေ့ကို လေးစားသမှုပြုရင်း စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး၊ မြန်မာစစ်တပ်၏ ခြေမြန်တပ်မ (LID) ၃၃ နှင့် ခြေမြန်တပ်မ (LID) ၉၉ တို့ကို ယခုတခေါက် ဒဏ်ခတ်ပိတ်ဆို့မှုများပြုလုပ်လိုက်တယ်လို့ဖော်ပြပါတယ်။ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံးသည် စစ်ကြောရေးလုပ်ရာတွင် မုဒိန်းမှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအပါအဝင် ညှင်းပန်းနှိပ်စက်မှုများကို အဓိကကျူးလွန်သူဖြစ်ကြောင်း ဆိုထားပါတယ်။ ခြေမြန်တပ်မ ၃၃ နှင့် ၉၉ တို့သည် ၂၀၁၇ ခုနှစ်၊ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများအပေါ် လိင်အကြမ်းဖက်ခြင်းအပါအဝင် အခြားအကြမ်းဖက်မှုများကို ကျူးလွန်ခဲ့ကြတယ်လို့ဖော်ပြပါတယ်။
ယူကေနိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ်ကလဲဗာလီ က “လူ့အခွင့်အရေးနှင့် တရားဉပဒေစိုးမိုးရေးကဏ္ဍတွေမှာ ယူကေနိုင်ငံက ဉီးဆောင်သူ ဖြစ်အောင် လုပ်ပြနိုင်တာကို ကျွန်တော်အနေနဲ့ ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ မှန်တယ်လို့ ယုံကြည်တဲ့အရာတွေအတွက် ကမ္ဘာ့ဇာတ်ခုံပေါ်မှာ မားမားမတ်မတ်ရပ်တည်နေပါတယ်။ ကျွန်တော်တို့ရဲ့ အခြေခံကျတဲ့ လူ့အခွင့်အရေးတွေက ဆိုးဆိုးဝါးဝါး ချိုးဖောက်ခံနေရပါတယ်၊ အဲဒီချိုးဖောက်မှုတွေရဲ့ နောက်ကွယ်ကသူတွေကို တာဝန်ခံစေဖို့၊ အရေးယူနိုင်ဖို့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနှင့် ဆက်လက်လုပ်ဆောင်သွားပါမယ်။ ဒီလိုမျိုး ကျယ်ပြန့်တဲ့ တုံ့ပြန်လုပ်ဆောင်မှုတွေကတဆင့် ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု အပါအဝင် တခြားမြောက်များစွာသော ရက်စက်ကြမ်းကြုတ်မှုတွေကို ရွံ့ရှာ ထိတ်လန့်ဖွယ် ကျူးလွန်နေတဲ့သူတွေကို ဖော်ထုတ်ပေးသွားမှာဖြစ်ပါတယ်” လို့ဆိုခဲ့ပါတယ်။ လက်ရှိမှာ လူပုဂ္ဂိုလ် ၃၀ ဉီးနှင့် အဖွဲ့အစည်း ၂၃ ခုကို မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တာဝန်ရှိသူတွေအဖြစ် ယူကေအစိုးရက ဒဏ်ခတ်ပိတ်ဆို့ထားပြီးဖြစ်ပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment