၂၀၂၂ ဒီဇင်ဘာလ ၂၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ NUG အစိုးရက နိုင်ငံရေးတပ်ဦးအနေနဲ့ ဦးဆောင်တဲ့ ခုခံတော်လှန်စစ်ဟာ တစုံတရာအတိုင်းအတာအထိ ပြီးမြောက်အောင်မြင်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စာရင်းစစ်ချုပ်ကြားဖြတ်အစီရင်ခံစာယာယီသမ္မတနဲ့ ဝန်ကြီးချုပ်ကို ပေးပို့ထား
📌 ၃။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပေါ် စွဲချက်တင်ထားတဲ့ လက်ကျန် ၅ မှုအတွက်ဒီဇင်ဘာ ၃၀ မှာ အပြီးသတ်အမိန့်ချနိုင်
📌 ၄။ နွေဦးတော်လှန်ရေးOne year plan – Phase one Action plan နဲ့ ပတ်သက်ပြီး စီမံဘဏ္ဍာဝန်ကြီးက အစိုးရအဖွဲ့အစည်းအဝေး ကက်ဘိနက်မှာတင်ပြ
📌 ၅။ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာတွင်စကစတပ်က ပြည်သူ ၁၀ ဦးကို သတ်ဖြတ်ခဲ့ပြီး၊ နေအိမ် ၇ လုံးကို မီးရှို့ခဲ့တဲ့ ဖြစ်စဉ် ကို လူ့အခွင့်ရေးရာဝန်ကြီးဌာန ထုတ်ပြန်
📌 ၆။ ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (I.P.D.F) ရဲဘော်များ၏ ဒုတိယအကြိမ် သစ္စာရေသောက်ပွဲအခမ်းအနားကျင်းပ
📌 ၇။ အနောက်ပိုင်းတိုင်းတပ်မဟာ ၇ ၊ တပ်ရင်း ၇၁၀ ကို ပခုက္ကူခရိုင် တပ်ရင်း ၁၄ အဖြစ်ပြောင်းလဲ
📌 ၈။ ဒီဇင်ဘာလ တစ်လထဲမှာပင် ဒီပဲယင်းမြို့နယ်က အိမ်ခြေ ၂၉၀၀ ကျော်ကို အကြမ်းဖက် စစ်တပ်က စံချိန်တင် မီးရှို့ဖျက်ဆီး
📌 ၉။ Burma Academy ကတဆင့် Coursera က Google Professional Certificate Programs တွေကို Scholarship လူ ၅၀၀ စာ ပေးအပ်မယ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ NUG အစိုးရက နိုင်ငံရေးတပ်ဦးအနေနဲ့ ဦးဆောင်တဲ့ ခုခံတော်လှန်စစ်ဟာ တစုံတရာအတိုင်းအတာအထိ ပြီးမြောက်အောင်မြင်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
NUG အစိုးရက နိုင်ငံရေးတပ်ဦးအနေနဲ့ ဦးဆောင်တဲ့ ခုခံတော်လှန်စစ်ဟာ တစုံတရာအတိုင်းအတာအထိ ပြီးမြောက်အောင်မြင်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလကပြောကြားပါတယ်။ ဒီဇင်ဘာ (၂၇) ရက် အမျိုးသားညီညွတ်ရေးအစိုးရ၏ (၈၀) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ကဆိုခဲ့ပါတယ်။
"NUG အစိုးရက နိုင်ငံရေးတပ်ဦးအနေနဲ့ ဦးဆောင်တဲ့ ခုခံတော်လှန်စစ်ဟာ တစုံတရာအတိုင်းအတာအထိ ပြီးမြောက်အောင်မြင်တယ်လို့ ယုံကြည်ပါတယ်။ တောင်တန်းဒေသတွေရဲ့ စစ်ရေးစိုးမိုးနိုင်မှုနဲ့ ပြည်မဒေသ/ အညာဒေသတွေရဲ့ ခုခံတော်လှန်မှုဟာ ထင်မှတ်မထားလောက်အောင် ကြံ့ကြံ့ခံနိုင်စွမ်း ရှိတယ်ဆိုတာ တွေ့ရပါတယ်။ ဒါဟာ ဝမ်းသာစရာ / ပီတိဖြစ်စရာဖြစ်ပါတယ်။ ဒီလို ခုခံတော်လှန်နိုင်မှုဟာ သိပ်ပြီးအရင်းအနှီးကြီးတယ်ဆိုတာလည်း မမေ့ဖို့လိုပါတယ်။ ပျက်စီးသွားတဲ့ စည်းစိမ်ဥစ္စာတွေဟာ ပြန်လည်ရှာဖွေလို့ ရတယ်ဆိုပေမယ့် လူထုက သွေးနဲ့ ချွေးနဲ့ ရင်းထား တဲ့/ တစ်ပြားတစ်ကျပ်က အစအင်မတန် တန်ဖိုးရှိပါတယ်"လို့ ယာယီသမ္မတ ကဆိုပါတယ်။
၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပြည်သူ့ခုခံစစ်ကို ဆင်နွှဲဖို့ အမျိုးသားညီညွတ်ရေးအစိုးရကကြေညာခဲ့ပါတယ်။ လက်ရှိမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်နီဒေသနဲ့ ကရင်ပြည်နယ်တို့ရှိ စိုးမိုးထိန်းချုပ်နယ်မြေများမှာ ပြည်သူ့ ရေးရာဝန်ဆောင်မှုလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်လျက်ရှိပါတယ်။
========================
📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စာရင်းစစ်ချုပ်ကြားဖြတ်အစီရင်ခံစာယာယီသမ္မတနဲ့ ဝန်ကြီးချုပ်ကို ပေးပို့ထား
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စာရင်းစစ်ချုပ်ကြားဖြတ်အစီရင်ခံစာယာယီသမ္မတနဲ့ ဝန်ကြီးချုပ်ကို ပေးပို့ထားတယ်လို့ သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၂၇ ရက် အစိုးရအဖွဲ့အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကဆိုပါတယ်။
“တစ်ခု ပြောလိုတာက စာရင်းစစ်ချုပ်က ယာယီသမ္မတကြီးနဲ့ ကျွန်တော့်ဆီကို ပို့ထားတဲ့ ကြားဖြတ်အစီရင်ခံစာ ကိစ္စပါ။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ တော်လှန်ရေးအစိုးရဖြစ်ပေမယ့် စတင်ဖွဲ့စည်းကတည်းက စာရင်းစစ်ချုပ်ကို ထည့်သွင်းဖွဲ့စည်းခဲ့ပြီး ဘဏ္ဍာငွေကြေးဆိုင်ရာ ကိစ္စရပ်တွေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိနဲ့ စီမံခန့်ခွဲနိုင်ဖို့ စီမံခဲ့ကြတာ ဝန်ကြီးများအားလုံး အသိပဲ ဖြစ်ပါတယ်။ အခုဆိုရင် စာရင်းစစ်ချုပ်ရုံး ဟာလည်း ယာယီသမ္မရုံး၊ ဝန်ကြီးချုပ်ရုံးနဲ့ စာရင်းစစ်ချုပ်အပါအဝင် ဝန်ကြီးဌာနအားလုံးကို ဘဏ္ဍာငွေဆိုင်ရာ ကိစ္စတွေမှာ အမှားအယွင်းမရှိဘဲ စီမံခန့်ခွဲနိုင်ဖို့ နည်းပညာအထောက်အကူများလည်း ကူညီပံ့ပိုးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရက လက်ရှိမှာ ကာကွယ်ရေးဝန်ကြီးဌာန အသုံးစရိတ်ကို ၉၅ ရာခိုင်နှုန်းနီးပါးအသုံးပြုနေပြီး ဝန်ကြီးဌာန များအသုံးစရိတ်ကို ဝန်ကြီးဌာန တစ်ခု ကျပ်သိန်းတစ်ရာ ချထားပေးတယ်လို့ ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၃။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပေါ် စွဲချက်တင်ထားတဲ့ လက်ကျန် ၅ မှုအတွက်ဒီဇင်ဘာ ၃၀ မှာ အပြီးသတ်အမိန့်ချနိုင်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပေါ် စွဲချက်တင်ထားတဲ့ လက်ကျန် ၅ မှုအတွက်ဒီဇင်ဘာ ၃၀ မှာ အပြီးသတ်အမိန့်ချနိုင်ဖွယ်ရှိတယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာနောက်ဆုံးပတ်မှာ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပေါ် မတရားစွဲချက်တင်ထားတဲ့အမှုများကို ဒီဇင်ဘာ၂၆ရက်မှာ ရှေ့နေများက အပြီးသတ်လျှောက်လဲချက်ပေးပြီးသွားပြီ ဖြစ်ပါတယ်။
ထို့အတွက် ဒီဇင်ဘာ ၃၀ မှာ တရားရုံးက အပြီးသတ်အမိန့်တွေချမှတ်နိုင်တယ်လို့ ဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းစဥ်ကတည်းက ဖမ်းဆီးခံထားရတဲ့ အသက် ၇၇ နှစ်အရွယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နေပြည်တော် အချုပ်ထောင်ရဲ့ သီးသန့်ဆောင်မှာထားရှိထားတာ ဖြစ်ပါတယ်။
========================
📌📌 ၄။ နွေဦးတော်လှန်ရေးOne year plan – Phase one Action plan နဲ့ ပတ်သက်ပြီး စီမံဘဏ္ဍာဝန်ကြီးက အစိုးရအဖွဲ့အစည်းအဝေး ကက်ဘိနက်မှာတင်ပြ
နွေဦးတော်လှန်ရေး One year plan – Phase one Action plan နဲ့ ပတ်သက်ပြီး စီမံဘဏ္ဍာဝန်ကြီးဦးတင်ထွန်းနိုင်ကအစိုးရအဖွဲ့အစည်းအဝေး ကက်ဘိနက်မှာတင်ပြဆွေးနွေးခဲ့ပါတယ်။ ဒီဇင်ဘာ ၂၇ ရက် အစိုးရ အဖွဲ့ အစည်းအဝေးမှာ တင်ပြခဲ့တာလို့သတင်းရရှိပါတယ်။ One year plan – Phase one Action plan နဲ့ ပတ်သက်ပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က တင်ပြဆွေးနွေးခဲ့ပါတယ်။
အဲဒီနောက် ဆွေးနွေးတင်ပြ လာတာတွေကို ပြည် ထောင်စု ဝန်ကြီးချုပ်က ပြန်လည်ရှင်းလင်းဆွေးနွေးတာ၊ ယာယီသမ္မတက အမှာ စကားပြောကြားခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၈၀ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၅။ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာတွင်စကစတပ်က ပြည်သူ ၁၀ ဦးကို သတ်ဖြတ်ခဲ့ပြီး၊ နေအိမ် ၇ လုံးကို မီးရှို့ခဲ့တဲ့ ဖြစ်စဉ် ကို လူ့အခွင့်ရေးရာဝန်ကြီးဌာန ထုတ်ပြန်
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာတွင်စကစတပ်က ပြည်သူ ၁၀ ဦးကို သတ်ဖြတ်ခဲ့ပြီး၊ နေအိမ် ၇ လုံးကို မီးရှို့ခဲ့တဲ့ ဖြစ်စဉ် ကို လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်ခဲ့ပါတယ်။ ဒီဇင်ဘာလအတွင်းမှာ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနက ဖော်ပြပါတယ်။
ပုဏ္ဏားကျွန်းအခြေစိုက် ခြေမြန်တပ်ရင်း (၅၅၀) နှင့် စစ်တွေမြို့၊ ပါဒလိပ်အခြေစိုက် ခြေမြန်တပ်ရင်း (၃၄၄) တို့ဟာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာထဲသို့ ဝင်ရောက်၍ ပြည်သူ ၁၀ ဦးကို သတ်ဖြတ်ခဲ့ပြီး၊ နေအိမ် ၇ လုံးကိုမီးရှို့ခဲ့တယ်လို့ဆိုပါတယ်။ အကြမ်းဖက် စစ်တပ်စစ်ကြောင်းဟာ ကျေးရွာများရှိ လူနေအိမ်များအတွင်းသို့ သေနတ်များပစ်ခတ်ဝင်ရောက်ခဲ့၍ အရပ်သားများထိမှန်ခဲ့ပြီး အချို့မှာ ဓားဒဏ်ရာများတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။
========================
📌📌 ၆။ ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (I.P.D.F) ရဲဘော်များ၏ ဒုတိယအကြိမ် သစ္စာရေသောက်ပွဲအခမ်းအနားကျင်းပ
ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (I.P.D.F) ရဲဘော်များ၏ ဒုတိယအကြိမ် သစ္စာရေသောက်ပွဲအခမ်းအနားကျင်းပခဲ့ပါတယ်။ ဒီဇင်ဘာ ၂၇ ရက်မှာ ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (I.P.D.F) ကအသိပေးဆိုပါတယ်။
"1009 တပ်ရင်း (I.P.D.F) တွင် ရှေ့တန်းထွက်ရဲဘော်များရောက်ရှိပြီး ရဲဘော်များစုံစုံလင်လင် လူစုံတက်စုံ ရှိနေသောကြောင့် ဒုတိယအကြိမ် သစ္စာရေသောက်၍သစ္စာဆိုသည့်အခမ်းအနားကို အကျဉ်းချုံးကျင်းပခဲ့ကြပါတယ်"လို့ဆိုပါတယ်။ ပထမအကြိမ်သစ္စာရေသောက်ပွဲထက် ဒုတိအကြိမ်မှာ ပြည်သူ့လှူဒါန်းမှုများဖြင့် ပိုမိုခမ်းနားနေသည်ကို Inle People Defense Force Page မှ အသိပေးဖော်ပြအပ်ပါတယ်လို့ဆိုပါတယ်။
========================
📌📌 ၇။ အနောက်ပိုင်းတိုင်းတပ်မဟာ ၇ ၊ တပ်ရင်း ၇၁၀ ကို ပခုက္ကူခရိုင် တပ်ရင်း ၁၄ အဖြစ်ပြောင်းလဲ
အနောက်ပိုင်းတိုင်းတပ်မဟာ ၇ ၊ တပ်ရင်း ၇၁၀ ကို ပခုက္ကူခရိုင် တပ်ရင်း ၁၄ အဖြစ်ပြောင်းလဲလိုက်ပါတယ်။ ဒီဇင်ဘာလအတွင်းမှာ တရားဝင်အသိပေးဖော်ပြဆိုပါတယ်။
"အနောက်ပိုင်းတိုင်းတပ်မဟာ ၇ ၊ တပ်ရင်း ၇၁၀ ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပခုက္ကူခရိုင် တပ်ရင်း ၁၄ အဖြစ်ပြောင်းလဲ တာဝန်ပေးအပ်လိုက်တယ်"လို့ဆိုပါတယ်။ ထိုကြောင့် အနောက်ပိုင်းတိုင်း တပ်မဟာ ၇ ၊ တပ်ရင်း ၇၁၀ စစ်ရေးအပါအဝင် လှုပ်ရှားမှုများအားလုံးကို ပခုက္ကူခရိုင် တပ်ရင်း ၁၄ အဖြစ် ယနေ့မှ စတင်ပြီး ပြောင်းလဲ သုံးစွဲသွားမယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၈။ ဒီဇင်ဘာလ တစ်လထဲမှာပင် ဒီပဲယင်းမြို့နယ်က အိမ်ခြေ ၂၉၀၀ ကျော်ကို အကြမ်းဖက် စစ်တပ်က စံချိန်တင် မီးရှို့ဖျက်ဆီး
ဒီဇင်ဘာလ တစ်လထဲမှာပင် ဒီပဲယင်းမြို့နယ်က အိမ်ခြေ ၂၉၀၀ ကျော်ကို အကြမ်းဖက် စစ်တပ်က စံချိန်တင် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဒီဇင်ဘာ ၂၇ ရက်မှာ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအတည်ပြုဆိုပါတယ်။
"ဒီပဲယင်းမြို့နယ်အတွင်းဒီဇင်ဘာ ၂၆ ရက်နေ့ ၌အကြမ်းဖက် စကစ မှမီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ဘုရားထွက်ရွာတွင်အိမ်ခြေ (၄၀၀) ခန့် မီးလောင်ပျက်စီးခဲ့ပြီးကြည်ရွာတွင်လည်း အိမ်ခြေ (၃၀၀)ခန့် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ဒီပဲယင်းမြို့နယ် တွင် စကစမှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ တစ်လအတွင်း ကျေးရွာ ၂၂ ရွာ၌ အိမ်ခြေ စုစုပေါင်း ၂၉၀၀ ကျော် မီးရှို့ဖျက်စီးခဲ့ပါတယ်" လို့ဆိုပါတယ်။ လက်ရှိမှာအာဏာသိမ်းပြီးချိန်မှစ၍ ဒီပဲယင်းမြို့နယ်အတွင်း နေအိမ် စုစုပေါင်း ၄၂၀၀ ကျော် မီးရှို့ခံခဲ့ရပြီဖြစ်ကာ စစ်ကိုင်းတိုင်းအတွင်း ပျက်စီးဆုံးရှုံးမှု အများဆုံးမြို့နယ်ဖြစ်လာခဲ့ပါတယ်။
========================
📌📌 ၉။ Burma Academy ကတဆင့် Coursera က Google Professional Certificate Programs တွေကို Scholarship လူ ၅၀၀ စာ ပေးအပ်မယ်
Burma Academy ကတဆင့် Coursera က Google Professional Certificate Programs တွေကို Scholarship လူ ၅၀၀ စာ ပေးအပ်မယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာလနောက်ဆုံးပတ်မှာ Burma Academyကအသိပေးကြေညာခဲ့ပါတယ်။
"Coursera နဲ့ Burma Academy တို့ တွေ့ဆုံဆွေးနွေးပြီး သဘောတူညီမှုရရှိခဲ့တဲ့ Google Professional Certificates Program ကိုအခုအချိန်မှာတော့ ကျောင်းသားကျောင်းသူတွေအနေနဲ့ ဘေးကင်းလုံခြုံစွာနဲ့ Scholarship ကို လျှောက်ထားနိုင်ပြီ ဖြစ်ပါတယ်။Scholarship က လူ ၅၀၀ စာ ပေးအပ်မှာဖြစ်လို့ လူ ၅၀၀ မပြည့်မချင်း လစဉ် လတစ်လရဲ့အစမှာ Burma Academy Facebook Page မှာ Scholarship လျှောက်ထားနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာသွားမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
Scholarship လျှောက်ထားပြီး တက်ရောက်နိုင်မယ့် Programs တွေကတော့
- Google Data analytics
- Google Digital marketing & e-commerce
- Google IT support
- Google IT automation with Python
- Google Project management
- Google UX design တို့ပဲ ဖြစ်ပါတယ်။
လျှောက်ထားလိုသူများအနေနဲ့Burma Academy Facebook Page အပြာခြစ် Blue Mark ပါတဲ့ Pageကဖော်ပြပါ Link များကိုဝင်ရောက်၍ ဖြည့်သွင်းနိုင်မှာဖြစ်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment