၂၀၂၃ ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ NUG အစိုးရအနေနဲ့ စစ်ကောင်စီကို ချေမှုန်းပစ်ရေးဟာ ပထမဦးစားပေးဖြစ်သလို၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် ကို ကာကွယ်စောင့်ရှောက်ရေးဟာလည်း ပထမဦးစားပေးဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြားလိုက်
📌 ၂။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံလေကြောင်းပိုင်နက်များကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုများ အတွက် အသုံးပြုခွင့်မပြုရန် NUG အစိုးရတောင်းဆို
📌 ၃။ သယံဇာတမူဝါများကိုရေးဆွဲရာမှာမူဝါဒတွေအားလုံးကို သယံဇာတထိန်းသိမ်းဖို့ရည်ရွယ်ချက်နဲ့ပဲရေးဆွဲတယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆို
📌 ၄။ အကြမ်းဖက် စစ်ကောင်စီဟာ ပြည်သူရဲ့ ဆန္ဒ၊ ပြည်သူရဲ့နှလုံးသားကိုယခုအချိန်ထိ စွဲကိုင်နိုင်ခြင်းမရှိဘူးလို့လူ့အခွင့်ရေးရာဝန်ကြီးဆို
📌 ၅။ ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) အတွက်လက်နက်ကူဖို့ ညောင်စေ့လောက်လှူ ညောင်ပင်ကြီးယူကံစမ်းမဲလက်မှတ်များရောင်းချပေးနေ
📌 ၆။ ပုလောမြို့နယ် ရှပ်ပုံစံပြကျေးရွာမှာတစ်နေကုန်ပစ်ခတ်တဲ့တိုက်ပွဲတွင်း စကစတပ်နဲ့ပျူ လေးဦးသေဆုံး၍သေနတ် (၂) လက်သိမ်းဆည်းရမိ
📌 ၇။ Spring Valour Condominium ရဲရင့်နွေဦး ကွန်ဒိုတိုက်ခန်းများကိုစတင်ရောင်းချတော့မယ်လို့အသိပေးဆို
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ NUG အစိုးရအနေနဲ့ စစ်ကောင်စီကို ချေမှုန်းပစ်ရေးဟာ ပထမဦးစားပေးဖြစ်သလို၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် ကို ကာကွယ်စောင့်ရှောက်ရေးဟာလည်း ပထမဦးစားပေးဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြားလိုက်
NUG အစိုးရအနေနဲ့ စစ်ကောင်စီကို ချေမှုန်းပစ်ရေးဟာ ပထမဦးစားပေးဖြစ်သလို၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် ကို ကာကွယ်စောင့်ရှောက်ရေးဟာလည်း ပထမဦးစားပေးဖြစ်တယ်လို့ယာယီသမ္မတ ဒူဝါလရှီးလကပြောကြားလိုက်ပါတယ်။ ဇန်နဝါရီလ (၁၇) ရက် နေ့မှာကျင်းပပြုလုပ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရ၏ ၃ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက အခုလိုပြောကြားခဲ့ပါတယ်။
"ဒီနေရာမှာ ကျွန်တော့်အနေနဲ့ အထူးတလည် ပြောကြားချင်တာကတော့ NUG အစိုးရအနေနဲ့ စစ်ကောင်စီကို ချေမှုန်းပစ်ရေးဟာ ပထမဦးစားပေးဖြစ်သလို၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် ကို ကာကွယ်စောင့်ရှောက်ရေးဟာလည်း ပထမဦးစားပေးဖြစ်တယ်ဆိုတာကို သတိပြုကြဖို့ပဲ ဖြစ်ပါ တယ်။ ဒါဟာ NUG အစိုးရအနေနဲ့ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ကိုင်တာ မဟုတ်ပါဘူး။ NUG အစိုးရရဲ့ ဖြစ်တည်မှုကိုယ်၌က ပြည်သူလူထုရဲ့ အကျိုးစီးပွားအပေါ်မှာ အခြေခံပြီး နွေဦးတော်လှန်ရေး ကို ဦးဆောင်နေတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ညာဘက်လက်နဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးမူကို ကိုင်ဆွဲပြီး ဘယ်ဘက်လက်နဲ့ လူထုအသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေးမူကို ကိုင်ဆွဲသင့်တယ်လို့ ယူဆပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲ သပိတ်မှောက်ရေးမူနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ရာမှာ နည်းဗျူဟာအရလည်း မှန်မှန်ကန်ကန်ဖြစ်အောင် သတိပြုကြဖို့ ယာယီသမ္မတကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၂။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံလေကြောင်းပိုင်နက်များကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုများ အတွက် အသုံးပြုခွင့်မပြုရန် NUG အစိုးရတောင်းဆို
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံလေကြောင်းပိုင်နက်များကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုများ အတွက် အသုံးပြုခွင့်မပြုရန် NUGအစိုးရတောင်းဆိုလိုက်ကြောင်းကို ဇန်နဝါရီလ ၁၇ ရက်နေ့မှာ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြအသိပေး၏ထားပါတယ်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ နှင့် ၁၁ ရက်နေ့များတွင် ချင်းအမျိုးသားတပ်ဦး (CNF) ဗဟိုဌာနချုပ်တည်ရှိရာ အိန္ဒိယ-မြန်မာနယ်စပ်ရှိ Camp Victoria ကို အကြမ်းဖက်စစ်အုပ်စုက ဂျက်တိုက် လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အဆိုပါတိုက်ခိုက်မှုကြောင့် အရပ်သား အများအပြား ထိခိုက် ဒဏ်ရာရသေကြေခဲ့ရပြီး၊ လူနေအိမ်သုံးလုံးနှင့် နေ့စဥ်ဝန်ဆောင်မှုပေးနေသည့် ဒေသန္တရ ဆေးကုသဆောင် တစ်ဆောင်အပါအဝင် အရပ်သားအခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီး ခဲ့ကြောင်း သိရှိရပါတယ်လို့ဖော်ပြပါတယ်။
အဆိုပါတိုက်ခိုက်မှုတွင် အိမ်နီးချင်း အိန္ဒိယနိုင်ငံ၏လေပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက် အသုံးချမှု ဖြစ်ပေါ်ခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦးမှ ပေးပို့သောသတင်းတင်ပြချက်များအရ သိရှိရပါတယ်။ အခြားသော မြေပြင်သတင်းရင်းမြစ်များအရလည်း အကြမ်းဖက်စစ်အုပ်စု၏ ဗုံးကြဲမှုများသည် အိန္ဒိယ ပိုင်နက်အတွင်းသို့ပင် ကျရောက်ခဲ့ကြောင်းသိရှိရပါတယ်လို့ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုသည် အိမ်နီးချင်းနိုင်ငံများ၏ လေပိုင်နက်များကို ကျူးကျော်အသုံးပြု၍ ရမ်းကားတိုက်ခိုက်မှုများကျူးလွန်ခြင်းသည် ပထမဆုံးအကြိမ် မဟုတ်ဘဲ အခြားသော အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများ၏လေပိုင်နက်များကိုလည်း ကျူးကျော်အသုံးပြုခဲ့သည့် အစဥ်အလာများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိခဲ့ရပြီးဖြစ်တယ်လို့ဖော်ပြပါတယ်။
သို့ဖြစ်ပါ၍ ဒေသတွင်းလုံခြုံရေး၊ တည်ငြိမ်ရေးနှင့် ပြည်သူတို့၏အသက်အိုးအိမ်များ ဘေးကင်း လုံခြုံရေးကို ရှေးရှု၍ မြန်မာပြည်သူတို့၏ အိမ်နီးချင်းနိုင်ငံများအနေဖြင့် မိမိတို့၏လေပိုင်နက်များကို အသုံးပြု၍ မြန်မာနိုင်ငံပြည်သူများကို လေကြောင်းမှ အကြမ်းဖက်တိုက်ခိုက်နေခြင်းများ ကျူးလွန် နေသည့် အကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ်များအား ခွင့်ပြုခြင်း မပြုပါရန် မေတ္တာရပ်ခံ တောင်းဆို လိုက်တယ်လို့ NUG နိုင်ငံရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။
========================
📌📌 ၃။ သယံဇာတမူဝါများကိုရေးဆွဲရာမှာမူဝါဒတွေအားလုံးကို သယံဇာတထိန်းသိမ်းဖို့ရည်ရွယ်ချက်နဲ့ပဲရေးဆွဲတယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆို
ဇန်နဝါရီလ ၁၅ ရက် နေ့ကပြုလုပ်တဲ့ NUGရဲ့ သတင်းစာရှင်းလင်းပွဲမှာ သယံဇာနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က အခုလိုပြောဆိုခဲ့ပါတယ်။ "ကျနော်တို့ဝန်ကြီးဌာနဟာ စတင်ဖွဲ့စည်းကတည်းက သယံဇာတကိုထိန်းသိမ်းရမယ်ဆိုတဲ့ အချက်ကိုစဥ်းစားပြီးတော့ မူဝါဒတွေအားလုံး သယံဇာတကိုထိန်းသိမ်းရမယ်ဆိုတဲ့အချက်နဲ့ပဲရေးဆွဲခဲ့ပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် သယံဇာတကိုထိန်းသိမ်းဖို့ဆိုရာတွင် လာမယ့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံသစ်အတွက် သက်ဆိုင်ရာ ဖက်ဒရယ် ယူနစ်တွေလက်ထဲကို ပြန်လည်ထည့်ပေးနိုင်ဖို့လည်း ရည်ရွယ်တယ်လို့ဆိုပါတယ်။
========================
📌📌 ၄။ အကြမ်းဖက် စစ်ကောင်စီဟာ ပြည်သူရဲ့ ဆန္ဒ၊ ပြည်သူရဲ့နှလုံးသားကိုယခုအချိန်ထိ စွဲကိုင်နိုင်ခြင်းမရှိဘူးလို့လူ့အခွင့်ရေးရာဝန်ကြီးဆို
အကြမ်းဖက် စစ်ကောင်စီဟာ ပြည်သူရဲ့ ဆန္ဒ၊ ပြည်သူရဲ့နှလုံးသားကိုယခုအချိန်ထိ စွဲကိုင်နိုင်ခြင်းမရှိဘူးလို့လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကဆိုပါတယ်။ ဇန်နဝါရီ ၁၅ ရက် ကျင်းပတဲ့“ပါဝင်လက်တွဲ တနင်္သာရီအောင်ပွဲ ” ဖွင့်ပွဲအခမ်းအနားမှာ NUG လူ့အခွင့်ရေးရာဝန်ကြီးကပြောပါတယ်။
"အာဏာရှင် အကြမ်းဖက်စစ်ကောင်စီဟာ အာဏာသိမ်းဖို့ကြိုးစားပေမယ့် အာဏာသိမ်းမှုမအောင်မြင်ဘူးဆိုတာ အားလုံးသိကြမှာပါ။ပြည်သူရဲ့ ဆန္ဒ၊ ပြည်သူရဲ့နှလုံးသားကိုအခုချိန် စွဲကိုင်နိုင်တာမရှိဘဲနဲ့ ပြည်သူတွေကို ဖိနှိပ်ရင်းနဲ့ ပြည်သူတွေရဲ့ မုန်းတီးမှု၊နာကြည်းမှု ပြန်လှန်တွန်းလှန်မှု စိတ်ဓာတ်ရဲ့သက်ရောက်မှုတွေကိုခံနေရပါတယ်။ပြည်သူ့စစ်သားဆိုတာ မဟုတ်တော့ဘဲနဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ဘက်တော်သား၊ ရာဇဝတ်ကောင်တွေလို့ လူတွေမြင်နေရတဲ့ဘဝမှာရှင်သန်နေရပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်း ပြီးနောက်စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုနဲ့အတူ နွေဦးတော်လှန်ရေးဟာ ပေါ်ပေါက်ခဲ့ပြီး ယခုတိုင် လူထုသပိတ်များ ဆင်နွှဲနေဆဲ ဖြစ်ပါတယ်။
========================
📌📌 ၅။ ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) အတွက်လက်နက်ကူဖို့ ညောင်စေ့လောက်လှူ ညောင်ပင်ကြီးယူကံစမ်းမဲလက်မှတ်များရောင်းချပေးနေ
ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) အတွက် လက်နက်ကူဖို့ ညောင်စေ့လောက်လှူ ညောင်ပင်ကြီးယူကံစမ်းမဲလက်မှတ်များရောင်းချပေးနေပြီလို့ ဇန်နဝါရီလအတွင်းမှာ Karenni Democratic Front (KDF) ကအသိပေးဖော်ပြထားပါတယ်။
"ညောင်စေ့လောက်လှူ ညောင်ပင်ကြီးယူ KDFအတွက်လက်နက်ကူ* ကံစမ်းမဲ အစီအစဉ်ကို စတင် အားပေးနိုင်ပြီဖြစ်ပါတယ်ပြည်တွင်းဈေးနှုန်းကတော့ မြန်မာ ငွေ ၁၀၀၀ဝ ကျပ် ဖြစ်တယ်"လို့ဆိုထားပါတယ်။ ကံစမ်းမဲ မှ ရရှိလာသော အလှူငွေ များကို KDFတပ်ဖွဲ့ ၏ လက်နက်၊ခဲယမ်း ဖြည့်တင်းရာတွင်ပြန်လည် အသုံးပြုသွားမှာဖြစ်ပါတယ်။ ဒါ့အပြင်ပြည်ပမှ ကံစမ်းမဲလက်မှတ်ဝယ်ယူရရှိနိုင်တဲ့နေရာများကိုလည်းKarenni Democratic Front (KDF)မှာဖော်ပြထားပါတယ်။
========================
📌📌 ၆။ ပုလောမြို့နယ် ရှပ်ပုံစံပြကျေးရွာမှာတစ်နေကုန်ပစ်ခတ်တဲ့တိုက်ပွဲတွင်း စကစတပ်နဲ့ပျူ လေးဦးသေဆုံး၍သေနတ် (၂) လက်သိမ်းဆည်းရမိ
တနသ်ာရီတိုင်း ပုလောမြို့နယ် ရှပ်ပုံစံပြကျေးရွာမှာတစ်နေကုန်ပစ်ခတ်တဲ့တိုက်ပွဲတွင်း စကစတပ်နဲ့ပျူ လေးဦးသေဆုံး၍သေနတ် (၂) လက်သိမ်းဆည်းရမိခဲ့တယ်လို့ ဇန်နဝါရီလ ၁၇ရက်နေ့မှာ စစ်ရေးသတင်းကိုတနင်္သာရီစစ်ဒေသခွဲကနေ သိရပါတယ်။
ပုလောမြို့နယ်၊ ရှပ်ပုံစံပြကျေးရွာမှာ ၁၆ ရက်နေ့လယ် ၁ နာရီဝန်းကျင်က ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေအကြား မွန်းလွဲပျုင်းကနေ ညနေပိုင်းအထိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ တိုက်ပွဲမှာစစ်ကောင်စီတပ်ဘက်က (၂) ဦး၊ပျူစောထီး (၂) ဦးသေဆုံးပြီးသေနတ်(၂) လက်သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။ ကာကွယ်ရေးတပ်များအထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်၂ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ တယ်လို့ သိရပါတယ်။
========================
📌📌 ၇။ Spring Valour Condominium ရဲရင့်နွေဦး ကွန်ဒိုတိုက်ခန်းများကိုစတင်ရောင်းချတော့မယ်လို့အသိပေးဆို
Spring Valour Condominium ရဲရင့်နွေဦး ကွန်ဒိုတိုက်ခန်းများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက် တွင်စတင်ရောင်းချတော့မယ်လို့ ဇန်နဝါရီ၁၇ရက်နေ့မှာ endofdictatorshipကအသိပေးဖော်ပြပါတယ်။
“အဆုံးသတ်တိုက်ပွဲ၏ အဆုံးအဖြတ်နှစ်” အတွက် အရေးပါသည့် အချက် ၂ ချက် ဖြစ်သည့် ပြည်သူလူထု၏ ထောက်ခံပါဝင်မှု၊တော်လှန်ရေးရန်ပုံ ဖြည့်ဆည်းမှုတို့အတွက် ဖော်ဆောင်သော EOD ရဲ့ ၂၀၂၃ စီမံကိန်း များထဲမှ ပထမဆုံး စီမံကိန်း ဖြစ်ပါတယ်။ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ၊ ၁၀၆ အကြမ်းဖက်တပ်ပိုင် မြေနေရာတွင် ဆောက်လုပ်မှာဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။
တော်လှန်ပြည်သူများအတွက် နွေဦးအလွန်ကာလတွင် ဖေါ်ဆောင်ပေးမည့် “Innya Walk” နှင့်လဲ ဆက်စပ်တည်ရှိနေတဲ့ အချက်အခြာကျသော မြေနေရာဖြစ်သည့်အတွက် တော်လှန်ရေးကာလ အလွန်တွင် စီးပွါးရေး အဆင့်မြင့် အဆောက်အဦးများ၊ ဟိုတယ်၊ စီးပွါးရေးစင်တာ စသည်များကို ဆက်စပ် ဖေါ်ဆောင်သွားမှာလည်းဖြစ်ပါတယ်။
ကွန်ဒိုအခန်းပေါင်း ၈၅၀ ရောင်းချပေးနိုင်မှာ ဖြစ်ပြီးတော့ Studio၊ 1-Bedroom၊ 2-Bedroom နှင့် 3-Bedroom ဟူ၍ အခန်း အမျိုးအစား ၄ မျိုး ပါရှိမှာဖြစ်ပါတယ်။ ဝယ်ယူလိုသူများအနေနဲ့EOD ကိုယ်စားလှယ်များထံတွင် ဝယ်ယူလိုသည့် အခန်းအမျိုးအစား အလိုက် စာရင်းစတင် ပေးသွင်းနိုင်ပြီလို့လည်းသတင်းရရှိပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment