၂၀၂၃ ဇန်နဝါရီလ ၁၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အကြမ်းဖက် စစ်ကောင်စီ၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ လက်မခံဘဲ ငြင်းဆန်ရန်ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ပြောကြား
📌 ၂။ အကြမ်းဖက် စစ်တပ်ရဲ့ဂုဏ်ပြုလက်ဆောင်ခံယူသူတွေအားလုံး ဟာ နွေဦးတော်လှန်ရေး သွေးကြွေးမှာဝင်ပါသူများဖြစ်တယ်လို့ ဒုဝန်ကြီးဦးမော်ထွန်းအောင်ပြောကြားလိုက်
📌 ၃။ NUGPay ရဲ့ စျေးကွက်အတွင်း DMMK လည်ပတ်ငွေ သန်း ၇၀၀၀ ရှိပြီလို့ သတင်းပါး
📌 ၄။ NUG အစိုးရ၏ နွေဦးထီ အစီအစဉ်မှကျန်းမာရေး CDM ဝန်ထမ်းများကို ဒီဇင်ဘာလအတွက် ထောက်ပံ့ငွေခွဲတမ်း ၄၅ သိန်းမျှဝေပေးခဲ့
📌 ၅။ အရာတော်မြို့နယ်နှင့် ဗန်းမောက်မြို့နယ်တွင် တာဝန်ထမ်းဆောင်နေကြသော ပညာရေးဌာန၊ကျန်းမာရေးဌာနနှင့် စိုက်ပျိုးရေးဌာနမှ Non CDM ၂၇ ဦး အလင်းဝင်ရောက်လာ
📌 ၆။ စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူပြည်သူ စုစုပေါင်းမှာ (၂၇၄၃) ဦးထိရှိလာ
📌 ၇။ ၆၀မမ စိန်ပြောင်းထုတ်လုပ်မှုငွေကြေးကုန်ကျစားရိတ်များ မတတ်နိုင်သောကြောင့်ထုတ်လုပ်မှု ရပ်ဆိုင်းထားရတယ်လို့မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့အသိပေး
📌 ၈။ ပေါင်းတည်မြို့နယ်မှာစစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့များအား မိုင်းဆွဲတိုက်ခိုက်ရာစကစတပ်က (၄) ဦးသေဆုံးကာ (၃) ဦးပြင်းထန်ဒဏ်ရာရ
📌 ၉။ ကန့်ဘလူမြို့နယ်ညောင်ကုန်းရွာအား အကြမ်းဖက်စစ်တပ်မှ ဒုတိယအကြိမ်မီးရှို့ဖျက်ဆီး၍ လမ်းပြတစ်ဦးနဲ့ရွာသားတစ်ဦးကိုသတ်ဖြတ်ခဲ့
📌 ၁၀။ မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ် ရွာသာယာ ကျေးရွာ စကစနှင့် ပျူစောထီးများကို သုံးရက်ဆက်တိုက် ဒရုန်းနဲ့မဟာမိတ်ခုနစ်ဖွဲ့ကတိုက်ခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အကြမ်းဖက် စစ်ကောင်စီ၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ လက်မခံဘဲ ငြင်းဆန်ရန်ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ပြောကြား
အကြမ်းဖက် စစ်ကောင်စီ၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ လက်မခံဘဲ ငြင်းဆန်ရန်ပြည်ထဲရေး ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်ကပြောပါတယ်။ ဇန်နဝါရီ ၁၆ ရက်မှာပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ရာမှာ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကပြောပါတယ်။
"အကြမ်းဖက် စစ်ကောင်စီ၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ငြင်းဆန်၍ လက်မခံရန်၊ မြေပြင်တွင် ပြင်းပြင်းထန်ထန် ဖိအားပေးဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မြောင်မြို့နယ်အတွင်း၌လည်း မဲစာရင်းကောက်ယူသည့် အကြမ်းဖက် စစ်ကောင်စီ၏ ထောက်တိုင်များကိုဖမ်းဆီးမိထားကြောင်း၊ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပေါ်လစီပိုင်းအရသော်လည်းကောင်း၊ လတ်တလောအရေးကြီးသည့်ကိစ္စရပ်အရသော်လည်းကောင်း အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ၂၀၂၃ခုနှစ်သည် အရေးကြီးသည့်နှစ်တစ်နှစ်ဖြစ်၍ အားစိုက်ကာ အဖွဲ့များအားလုံး တိုင်ပင်ဆွေးနွေး၍ ဆောင်ရွက်ကြရန်နှင့်ဌာနမှလည်းပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း"ဝန်ကြီးကဆိုပါတယ်။
ဆက်လက်၍ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူမှ ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာသော မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များက မြေပြင်အုပ်ချုပ်ရေး ဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် လိုအပ်ချက်များ စသည်တို့ကို ရှင်းလင်းတင်ပြပြီး မူဝါဒပိုင်းဆိုင်ရာ သိရှိလိုသည်များအား အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်မှ ဦးဆောင်ကာ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း ထောက်လှမ်းရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းတို့မှမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ အကြမ်းဖက် စစ်တပ်ရဲ့ဂုဏ်ပြုလက်ဆောင်ခံယူသူတွေအားလုံး ဟာ နွေဦးတော်လှန်ရေး သွေးကြွေးမှာဝင်ပါသူများဖြစ်တယ်လို့ ဒုဝန်ကြီးဦးမော်ထွန်းအောင်ပြောကြားလိုက်
အကြမ်းဖက် စစ်တပ်ရဲ့ဂုဏ်ပြုလက်ဆောင်ခံယူသူတွေအားလုံး ဟာ နွေဦးတော်လှန်ရေး သွေးကြွေးမှာဝင်ပါသူများဖြစ်တယ်လို့ ဒုဝန်ကြီးဦးမော်ထွန်းအောင်ပြောကြားလိုက်ပါတယ်။ ဇန်နဝါရီလအတွင်း အကြမ်းဖက် စစ်တပ်နဲ့ပတ်သက်လို့ ဒုဝန်ကြီးဦးမော်ထွန်းအောင်ကသုံးသပ်ဆိုထားပါတယ်။
"KBC က ဒေါက်တာခလမ်ဆမ်ဆွန်ကို မတရားဖမ်းဆီးပြီး ကချင်တွေကို ဦးနှိမ်တယ်။ အခုလည်း ရွှေပြည်အေးဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုကို လည်းဂုဏ်ပြုပြီး သမိုင်းဝင် ကက်သလစ် သာသနာ ရွာကို ဖျက်ဆီးပြတယ်။ မိစ္ဆာတပ်ရဲ့ ဂုဏ်ပြုလက်ဆောင်ခံယူသူတွေအားလုံး ဟာ ဒီသွေးကြွေးမှာဝင်ပါသူများဖြစ်ပါတယ်"လို့ ဒုဝန်ကြီးကဆိုပါတယ်။
စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရေဦးမြို့နယ် ၊ ချမ်းသာကျေးရွာကဘုရားကျောင်းကြီးထဲမှာ တပ်စွဲခဲ့တဲ့ စကစတပ်များဟာ ဇန်နဝါရီ၁၅ရက်နေ့မနက်မှာ ဘုရားရှိခိုးကျောင်းကြီးနဲ့ ဘုန်းတော်ကြီးကျောင်းတိုက် ၊ သမိုင်းဝင်ရာပြည့် သီလရှင်ကျောင်းတိုက်တို့ကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။
========================
📌📌 ၃။ NUGPay ရဲ့ စျေးကွက်အတွင်း DMMK လည်ပတ်ငွေ သန်း ၇၀၀၀ ရှိပြီလို့ သတင်းပါး
NUGPay ရဲ့ စျေးကွက်အတွင်း DMMK လည်ပတ်ငွေ သန်း ၇၀၀၀ ရှိပြီလို့ သတင်းပါးလိုက်ပါတယ်။ ဇန်နဝါရီ ၁၆ ရက်မှာ NUG Pay ကနေ အသိပေးဆိုပါတယ်။
"NUGPay အားတော်လှန်ရေးအောင်စိတ်ဖြင့် ဝန်းရံကြသော ပြည်သူများကို အထူးပင် လေးစားဂုဏ်ပြုတန်ဖိုးထားလျက် စျေးကွက်အတွင်း DMMK လည်ပတ်ငွေ သန်း ၇၀၀၀ ရှိပြီဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ"လို့ဆိုပါတယ်။ NUGPayဟာ လက်ရှိမှာသုံးသူလူဦးရေ သောင်းနဲ့ချီရှိနေပြီး စစ်အာဏာရှင် ဘဏ္ဍာရေးစနစ်အောက်ကလွတ်ကင်းတဲ့ တစ်ခုတည်းသော Payတစ်ခုလည်းဖြစ်ပါတယ်။
"NUGPay သည် မြန်မာပြည်သူတို့၏ သတ္တိ၊ လုံ့လ၊ ဝီရိယရှိမှု၊ ကြံ့ကြံ့ခံနိုင်မှု၊ လွတ်လပ်မှုနှင့် ဒီမိုကရေစီအား လိုလားတောင့်တမှုတို့ကိုဖော်ပြသော ပြည်သူ့တော်လှန်ရေး၏ ယာဉ်ရထားတစ်စင်း အဖြစ် ပြည်သူနဲ့အတူ အမြဲရှိနေပါမယ်"လို့ NUG Payကဖော်ပြပါတယ်။
========================
📌📌 ၄။ NUG အစိုးရ၏ နွေဦးထီ အစီအစဉ်မှကျန်းမာရေး CDM ဝန်ထမ်းများကို ဒီဇင်ဘာလအတွက် ထောက်ပံ့ငွေခွဲတမ်း ၄၅ သိန်းမျှဝေပေးခဲ့
NUG အစိုးရ၏ နွေဦးထီ အစီအစဉ်မှကျန်းမာရေး CDM ဝန်ထမ်းများကို ဒီဇင်ဘာလအတွက် ထောက်ပံ့ငွေခွဲတမ်း ၄၅ သိန်းမျှဝေပေးခဲ့ပါတယ်။ ဇန်နဝါရီလအတွင်းမှာ CDM Medical Networkကအသိပေးဖော်ပြပါတယ်။
"၂၀၂၂ ခုနှစ် ဒီဇင်ဘာလ တွင် NUG အစိုးရ၏ နွေဦးထီ project မှ ကျန်းမာရေး CDM ဝန်ထမ်းများအတွက် ထောက်ပံ့ငွေ ကူညီနိုင်ခဲ့မှု ရှင်းတမ်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် NUG အစိုးရ၏ နွေဦးထီ အစီအစဉ်မှ ထောက်ပံ့ငွေများကို ဌာနအသီးသီးသို့ ခွဲဝေထောက်ပံ့ခဲ့ရာ ကျန်းမာရေး CDM ဝန်ထမ်းများအတွက် ထောက်ပံ့ငွေခွဲတမ်း စုစုပေါင်း လေးဆယ့်ငါးသိန်းကျပ်တိတိ ကို ကျန်းမာရေး CDM ဝန်ထမ်း အယောက်၉၀ မျှဝေ ရရှိခဲ့ပါတယ်"လို့ဆိုပါတယ်။
ကျန်းမာရေး CDM ဝန်ထမ်း စုစုပေါင်း ၃ သောင်း ကျော် ရှိသည့် အနက်မှ စားဝတ်နေရေးခက်ခဲနေသော ဝန်ထမ်းများကို အတတ်နိုင်ဆုံးဦးစားပေး ထောက်ပံ့ပေးခဲ့ပါတယ်လို့ဖော်ပြပါတယ်။ ကျန်ရှိနေသေးတဲ့ ကျန်းမာရေးCDMဝန်ထမ်းများကိုလည်း တစ်လချင်း ရရှိသော ထောက်ပံ့ကြေးခွဲတမ်းများ အရ အလှည့်ကျ ခွဲဝေပေးဖို့စီစဉ်ထားတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၅။ အရာတော်မြို့နယ်နှင့် ဗန်းမောက်မြို့နယ်တွင် တာဝန်ထမ်းဆောင်နေကြသော ပညာရေးဌာန၊ကျန်းမာရေးဌာနနှင့် စိုက်ပျိုးရေးဌာနမှ Non CDM ၂၇ ဦး အလင်းဝင်ရောက်လာ
အရာတော်မြို့နယ်နှင့် ဗန်းမောက်မြို့နယ်တွင် တာဝန်ထမ်းဆောင်နေကြသော ပညာရေးဌာန၊ကျန်းမာရေးဌာနနှင့် စိုက်ပျိုးရေးဌာနမှ Non CDM ၂၇ ဦး အလင်းဝင်ရောက်လာပါတယ်။ ဇန်နဝါရီ ၁၆ ရက်မှာ ပြည်ထဲရေးဝန်ကြီးဌာနကအသိပေးဖော်ပြပါတယ်။
"အမျိုးသားညီညွတ်ရအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်နေသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် စစ်ကောင်စီလက်အောက်ခံ Non CDM များအား အလင်းဝင်ရောက်လာကြရန် ကြေညာချက်များထုတ်ပြန်ဆောင်ရွက်လျှက်ရှိရာ (၁၈.၉.၁၀၂၂)ရက်နေ့မှ (၁၂.၁.၂၀၂၃) ရက်နေ့ထိ အရာတော်မြို့နယ်နှင့် ဗန်းမောက်မြို့နယ်တွင် တာဝန်ထမ်းဆောင်နေကြသော ပညာရေးဌာန၊ကျန်းမာရေးဌာနနှင့် စိုက်ပျိုးရေးဌာနမှ Non CDM ၂၇ ဦး အလင်းဝင်ရောက်လာတယ်"လို့ဖော်ပြပါတယ်။
စကစတပ်များဟာ စစ်ကိုင်းတိုင်းတွင် နယ်မြေစိုးမိုးမှုအပြည့်အဝမရှိတော့ဘဲ ကျေးရွာများကိုသာ စစ်ကြောင်းထိုး၍ အရပ်သားအျားကိုပစ်မှတ်ထားတိုက်ခိုက်လျက်ရှိပါတယ်။
========================
📌📌 ၆။ စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူပြည်သူ စုစုပေါင်းမှာ (၂၇၄၃) ဦးထိရှိလာ
စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူပြည်သူ စုစုပေါင်းမှာ (၂၇၄၃) ဦးထိရှိလာပါတယ်။ ဇန်နဝါရီ ၁၆ ရက်နေ့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူများစာရင်းကို AAPP ကဖော်ပြအသိပေးပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများ နှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၇၄၃) ဦး ရှိခဲ့ပြီဖြစ်တယ်လို့အသိပေးဆိုပါတယ်။
ထို့ပြင် ဇန်နဝါရီလ ၁၂ ရက်နေ့၊ နေ့လယ် ၂ နာရီခန့်အချိန်တွင် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပေကေကျေးရွာအုပ်စု၊ လေးဝါးကျေးရွာကို အကြမ်းဖက်စစ်အုပ်စုမှ တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးသီး ခြောက်လုံးကြဲချ၍ တိုက်ခိုက်ခဲ့ရာ ဗုံးသီးများမှာ ကျေးရွာအတွင်းရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းပေါ်ကို ကျရောက်ပေါက်ကွဲသောကြောင့် သင်းအုပ်ဆရာ နှစ်ဦး အပါအဝင် ဒေသခံ ငါးဦး သေဆုံးခဲ့ပြီး ခုနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
========================
📌📌 ၇။ ၆၀မမ စိန်ပြောင်းထုတ်လုပ်မှုငွေကြေးကုန်ကျစားရိတ်များ မတတ်နိုင်သောကြောင့်ထုတ်လုပ်မှု ရပ်ဆိုင်းထားရတယ်လို့မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့အသိပေး
၆၀မမ စိန်ပြောင်းထုတ်လုပ်မှုငွေကြေးကုန်ကျစားရိတ်များ မတတ်နိုင်သောကြောင့်ထုတ်လုပ်မှု ရပ်ဆိုင်းထားရတယ်လို့မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့အသိပေးဆိုပါတယ်။ ဇန်နဝါရီ ၁၆ ရက်မှာ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ကကဖော်ပြအသိပေးပါတယ်။
"ကျွန်တော်တို့မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ -MRG က၂၀၂၂စက်တင်ဘာလမှာ ထုတ်လုပ်အောင်မြင်ခဲ့တဲ့ ကျွန်တော်တို့ MRGရဲ့ 60mm စိန်ပြောင်းဟာ အောက်တိုဘာလမှစပြီး ယခုလက်ရှိအချိန်အထိ မြေပြင်တိုက်ပွဲတွေမှာ အားထားရတဲ့ လက်နက်တစ်ခုဖြစ်ခဲ့ပါတယ်။
ယခုအချိန်မှာ ကျွန်တော်တို့ရဲ့ 60mm စိန်ပြောင်းထုတ်လုပ်မှုကိုငွေကြေးကုန်ကျစားရိတ်များ မတတ်နိုင်သောကြောင့်ထုတ်လုပ်မှု ရပ်ဆိုင်းထားရပါတယ်"လို့ဆိုပါတယ်။ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့-MRG အနေဖြင့် လက်ရှိမြေပြင်မှာ တိုက်ပွဲများဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်ပါတယ်။
========================
📌📌 ၈။ ပေါင်းတည်မြို့နယ်မှာစစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့များအား မိုင်းဆွဲတိုက်ခိုက်ရာစကစတပ်က (၄) ဦးသေဆုံးကာ (၃) ဦးပြင်းထန်ဒဏ်ရာရ
ပဲခူးတိုင်း ပြည်ခရိုင် ပေါင်းတည်မြို့နယ်မှာစစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့များအား မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ ဇန်နဝါရီ ၁၆ ရက်မှာ စစ်ရေးသတင်းကို ပေါင်းတည်PPDF ကအတည်ပြုဆိုပါတယ်။
"ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ရုပ်ဆိုင်ရွာအနီးစစ်ကြောင်းထိုးလာသည့် အင်အား(၃၃)ဦးပါဝင်သော စကစစစ်ကြောင်းအား PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ(၃)မှ ဒုတပ်ခွဲမှူးလင်းယုန် ဦးဆောင်သည့် လင်းယုန်စစ်ကြောင်းကဇန်န်ဝါရီ၁၆ရက်နံနက် (၈:၅၅)နာရီတွင် ပဒေသာမိုင်း၃လုံး ဆွဲတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄) ဦးကျဆုံးပြီး (၃)ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ပါတယ်။ အထိနာလျက်ရှိသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ ရမ်းသမ်းပစ်ခတ်လျက်ရှိပြီး အနီးအနားရှိ တောင်သူများ၏ ယာတဲ(၇)လုံးအား မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်ရဲဘော်များအားလုံးအထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်။
========================
📌📌 ၉။ ကန့်ဘလူမြို့နယ်ညောင်ကုန်းရွာအား အကြမ်းဖက်စစ်တပ်မှ ဒုတိယအကြိမ်မီးရှို့ဖျက်ဆီး၍ လမ်းပြတစ်ဦးနဲ့ရွာသားတစ်ဦးကိုသတ်ဖြတ်ခဲ့
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ညောင်ကုန်းရွာအား အကြမ်းဖက်စစ်တပ်မှ ဒုတိယအကြိမ်မီးရှို့ဖျက်ဆီး၍ လမ်းပြတစ်ဦးနဲ့ရွာသားတစ်ဦးကိူသတ်ဖြတ်ခဲ့ပါတယ်။ ဇန်နဝါရီ ၁၆ ရက်မှာ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ဖြစ်စဥ်ကိုအသိပေးဆိုပါတယ်။
"ကန့်ဘလူမြို့နယ် ညောင်ကုန်းရွာအား စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း ၃၆၈ နှင့် ပျူစောထီးများ စုပေါင်းအင်အား ၁၀၀ ခန့်သည် ဇန်နဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်တွင် အကြမ်းဖက်ဝင်ရောက်ခဲ့ပြီး ညနေ ၃ နာရီ ၅၀ မိနစ်တွင် ညောင်ကုန်းရွာအား ဒုတိယအကြိမ်မြောက် မီးရှို့ဖျက်ဆီးခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
၎င်းအပြင် ပလူသာရွာမှ လမ်းပြအဖြစ်ဖမ်းဆီးခေါ်ဆောင်လာသော ဦးသန်းလွင်( ၅၅)နှစ် နှင့် ညောင်ကုန်းရွာထဲတွင် ပိတ်မိနေသော ဦးနွားတင်(၇၇)နှစ်တို့အား ရက်ရက်စက်စက် ညှင်းပန်းနှိပ်ဆက်၍ မီးရှို့ သတ်ဖြတ်ခဲ့ပြီး ညောင်ကုန်းရွာထဲ၌ ပိတ်မိနေသောအမျိုးသမီး ၃ ဦးအနက် အသက် ၅၈ နှစ် အရွယ် အမျိုးသမီးအား လည်ပင်းပြတ်ရှ ဒဏ်ရာဖြင့်(အသက်အန္တရာယ်မစိုးရိမ်ရ)၊အသက် ၄၂ နှစ် နှင့် ၂၅ နှစ် အရွယ်အမျိုးသမီးနှစ်ဦးတွင် ဝမ်းဗိုက်ဓားဒဏ်ရာများဖြင့် အသက်အန္တရာယ်( စိုးရိမ်)ရထားရှိခဲ့တယ်လို့ဆိုပါတယ်။
========================
📌📌 ၁၀။ မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ် ရွာသာယာ ကျေးရွာ စကစနှင့် ပျူစောထီးများကို သုံးရက်ဆက်တိုက် ဒရုန်းနဲ့မဟာမိတ်ခုနစ်ဖွဲ့ကတိုက်ခိုက်
မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ် ရွာသာယာ ကျေးရွာ စကစနှင့် ပျူစောထီးများကို သုံးရက်ဆက်တိုက် ဒရုန်းနဲ့မဟာမိတ်ခုနစ်ဖွဲ့ကတိုက်ခိုက်ခဲ့ပါတယ်။ ဇန်နဝါရီ ၁၆ ရက်မှာ စစ်ရေးသတင်းကို SKY HERO - Madaya ကအသိပေးဖော်ပြပါတယ်။
"မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ် ရွာသာယာ ကျေးရွာ စကစနှင့် ပျူစောထီးများမှ မြို့နယ်အတွင်း ရွာစဉ်လှည့်၍ လုယက်၊သောင်းကျန်း၊ခိုးဆိုးပြီး ၊မီးရှို့ဖျက်ဆီးနေသောကြောင့် မဟာမိတ် အဖွဲ့(၇)ဖွဲ့မှ ပူးပေါင်း၍ (၃) ရက်ဆက်တိုက်ဒရုန်း(၃) စီး ဗုံးသီး(၁၂)လုံးဖြင့် တိုက်ခိုက်ရာစကစနဲ့ ပျူစောထီး ၃ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ နောက်ထပ် သေဆုံးနိုင်သေးပြီး .ပြန့်ဖောင်ဖြင့် စဉ့်ကူးမြို့သို့သယ်ဆောင်သွားပါတယ်"လို့ဖော်ပြပါတယ်။
စစ်ဆင်ရေးကိုကောင်းကင်တော်လှန်ရေးအင်အားစု(ပြင်ဦးလွင်ခရိုင်ပကဖ)၊ စဉ့်ကူးမြို့နယ်ပကဖ၊ ADRFတော်လှန်ရေးအင်အားစု_မတ္တရာ၊ Peacock Soldier Maadaya၊ Peacock Warrior Force Madaya၊ SKY HERO - Madaya ၊ Adventure - ASD တို့ပူးပေါင်းလုပ်ဆောင်ပြီး မဟာမိတ် (၇) ဖွဲ့မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment