၂၀၂၃ ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပြည်သူရှိရင် ပါတီရှိမှာဖြစ်လို့ ပါတီပျက်မှာကိုမစိုးရိမ်နဲ့ လို့ ဒေါ်အောင်ဆန်းစုကြည် သတင်းစကားပါး
📌 ၂။ NUG ခေါင်းဆောင်များ တော်လှန်ရေးရဲဘော်များနှင့်အတူ မြေပြင်မှာ တသားတည်းရှိနေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် ထုတ်ဖော်ပြောကြား
📌 ၃။ နွေဦးတော်လှန်ရေး ခရီးဘယ်လောက်ပေါက်ပြီလဲဆိုတာအားလုံးပါဝင်နေတဲ့ လုပ်ကိုင်မှုနဲ့ တော်လှန်ရေးအရွေ့တိုးတက်မှုကိုကြည့်ရှုသိရှိနိုင်တယ်လို့ဒုဝန်ကြီး ဦးမော်ထွန်းအောင်ဆို
📌 ၄။ PDF တွေထိန်းချုပ်နိုင်တဲ့နယ်မြေကျယ်လာတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနအတွင်းဝန်အသိပေးဆို
📌 ၅။ လူ့အခွင့်အရေးသင်တန်းဆင်း လက်ရွေးစင်သင်တန်းသား (၇၅) ဦး ကလူ့အခွင့်အရေးချိုးဖောက်မှုများအား မှတ်တမ်းယူ၍“မြန်မာ နိုင်ငံလုံးဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားသို့ပို့ဆောင်ပေးနိုင်ခဲ့
📌 ၆။ အမေရိကန်ဒေါ်လာ ၆၀၀၀ အထိရရှိရန် ရည်ရွယ်လုပ်ဆောင်နေတဲ့ ဒရုန်းဝဲ အမုန်းဆွဲ ကမ်ပိန်း ၅၀ ရာခိုင်နှုန်းကျော်ရရှိထား
📌 ၇။ အရာတော်နယ်မှာ မဲစာရင်းကောက်သူ အားလုံးကို အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ အရာတော် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထုတ်ပြန်
📌 ၈။ ဘာလင်မြို့ရှိ စစ်သံရုံးရှေ့ ဖေဖော်ဝါရီ၁ရက်နေ့ စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့် ဆန္ဒထုတ်ဖော်မယ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပြည်သူရှိရင် ပါတီရှိမှာဖြစ်လို့ ပါတီပျက်မှာကိုမစိုးရိမ်နဲ့ လို့ ဒေါ်အောင်ဆန်းစုကြည် သတင်းစကားပါး
ပြည်သူရှိရင် ပါတီရှိမှာဖြစ်လို့ ပါတီပျက်မှာကို မစိုးရိမ်နဲ့လို့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တဆင့်စကားပါးလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် အဖွဲ့ချုပ် ပါတီဝင်အားလုံး ကျန်းမာရေးဂရုစိုက်ရန်နဲ့ ညီညီညွတ်ညွတ် လုပ်ကိုင်ကြရန်၊ မပြေလည်မှုများကို ညှိနှိုင်း လုပ်ကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကအမှာပါးခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်ကော်မတီမှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၈) ရက်သတင်းထုတ်ပြန်ချက်တွင်စစ်ကောင်စီသည် အတုအယောင်ရွေးကောက်ပွဲတစ်ရပ်ကိုကျင်းပရန် ကြံစည်နေပြီး နိုင်ငံရေးအရ တရားဝင်မှုရရှိနိုင်ရေးနှင့် နိုင်ငံတကာအသိအမှတ်ပြု ထောက်ခံမှု ရရှိနိုင်ရေးတို့အတွက် ကြိုးပမ်းနေသည်ကို တွေ့ရှိရပါသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်လုံးဝ လက်ခံအသိအမှတ် ပြုမည်မဟုတ်ကြောင်းဆိုထားပါတယ်။
========================
📌📌 ၂။ NUG ခေါင်းဆောင်များ တော်လှန်ရေးရဲဘော်များနှင့်အတူ မြေပြင်မှာ တသားတည်းရှိနေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် ထုတ်ဖော်ပြောကြား
NUG ခေါင်းဆောင်များ တော်လှန်ရေးရဲဘော်များနှင့်အတူ မြေပြင်မှာ တသားတည်းရှိနေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဇန်နဝါရီလ (၁၇) ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၏ သင်တန်းဆင်းပွဲမှာ ဆိုခဲ့ပါတယ်။
"ပြည်တွင်းပြည်ပ အင်အားစုအားလုံး ဟန်ချက်ညီညီ၊ စုဖွဲ့မှုအရှိန်အဟုန်ကောင်းမွန်စွာဖြင့်ရှေ့ဆက်နေနိုင်ပြီဖြစ်ကြောင်း၊ နိုင်ငံရေး၊ စစ်ရေး ထူးကဲသာလွန်သည့် အကျိုးရလဒ်များ ဖြစ်ပေါ်တိုးတက်လျက်ရှိပါကြောင်း၊ NUG ခေါင်းဆောင်များဟာ တော်လှန်ရေးရဲဘော်များနှင့်အတူ မြေပြင်မှာ တသားတည်းရှိနေကြောင်း၊ စစ်မြေပြင်လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် စစ်ဒေသကြီးများအလိုက် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း"ဝန်ကြီးချုပ်ကပြောပါတယ်။
တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၃) စစ်ဒေသခွဲရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၏ မွမ်းမံသင်တန်းဆင်းပွဲမှာ ပြည်ထောင်စုဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ က ဒေါနစစ်ကြောင်း သင်တန်းဆင်းရဲဘော်များကို ဝန်ကြီးချုပ်ကိုယ်စား ဂုဏ်ပြုငွေ ၁၀ သိန်း ကျပ်တိတိကို ပေးအပ်ခဲ့တယ်လို့လည်း သတင်းရရှိပါတယ်။
========================
📌📌 ၃။ နွေဦးတော်လှန်ရေး ခရီးဘယ်လောက်ပေါက်ပြီလဲဆိုတာအားလုံးပါဝင်နေတဲ့ လုပ်ကိုင်မှုနဲ့ တော်လှန်ရေးအရွေ့တိုးတက်မှုကိုကြည့်ရှုသိရှိနိုင်တယ်လို့ဒုဝန်ကြီး ဦးမော်ထွန်းအောင်ဆို
နွေဦးတော်လှန်ရေး ခရီးဘယ်လောက်ပေါက်ပြီလဲဆိုတာအားလုံးပါဝင်နေတဲ့ လုပ်ကိုင်မှုနဲ့ တော်လှန်ရေးအရွေ့တိုးတက်မှုကိုကြည့်ရှုသိရှိနိုင်တယ်လို့ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်က ဇန်နဝါရီ ၁၇ ရက်မှာ သုံးသပ်ပြောကြားထားပါတယ်။
"တော်လှန်ရေး ခရီးဘယ်လောက်ပေါက်ပြီလဲဆိုတာသိဖို့ အတွက် ဆိုရင် ကျနော့ အနေနဲ့ကတော့Institutions, organizations and mobilizations စတဲ့အချက်တွေကိုပဲ ကြည့်ဖြစ်မယ်ထင်တယ်။Institutions ကတော့ တော်လှန်ရေးကို ထောက်ခံတဲ့၊ ဝိုင်းရံတဲ့ အဖွဲ့အစည်းတွေ ဘယ်လောက် ရှိလာပြီလဲ( အရေအတွက် ကိုကြည့်မယ်) ပြီးတော့ အဲ့ဒီအဖွဲ့အစည်းတွေက စနစ်တကျလည်ပတ်ပြီး( အလှည့်ကျတာဝန်ယူနိုင်မှု၊ စဉ်ဆက်မပြတ်တာဝန်ယူနိုင်မှု) တိုးတက်မှု ရှိနေလား၊ စတာတွေနဲ့ တိုင်းတာကြည့်ပြီးသိရှိနိုင်ပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ တစ်နှစ်တာမဟာဗျူဟာ စီမံချက်ကို ရေးဆွဲအကောင်အထည်ဖော်ဆောင်လျက်ရှိပြီးတော့ စစ်ရေးအရှိန်မြှင့်တင်မယ်လို့လည်း အသိပေးကြေညာထားပါတယ်။
========================
📌📌 ၄။ PDF တွေထိန်းချုပ်နိုင်တဲ့နယ်မြေကျယ်လာတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနအတွင်းဝန်အသိပေးဆို
PDF တွေထိန်းချုပ်နိုင်တဲ့နယ်မြေကျယ်လာတယ်လို့ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် နိုင်ထူးအောင်က ဇန်နဝါရီလအတွင်းကျင်းပတဲ့“မမများနဲ့ ပွဲကမယ်” အလယ်ပိုင်းဒေသပရောဂျက်၏ မြေပြင်တော်လှန်ရေးစကားဝိုင်းမှာ ဆိုခဲ့တာဖြစ်ပါတယ်။
"တော်လှန်ရေးရဲ့ အရွေ့ဟာ တဖြည်းဖြည်းနဲ့ရွေ့လာလိုက်တာ နယ်မြေတွေလည်း ချဲ့ထွင်နိုင်ခဲ့ပါတယ်။တဖြည်းဖြည်းနဲ့လည်း အလယ်ကိုရောက်ရှိလာပြီဖြစ်ပါတယ်။ဒါ့ကြောင့် အခု ဒီကမ်ပိန်းလုပ်တဲ့ဒေသဟာ အရေးကြီးတဲ့နေရာဖြစ်သလို အရေးကြီးတဲ့အချိန်လည်းဖြစ်နေပြီလို့ပြောလို့ရပါတယ်။ဒီတော်လှန်ရေးဟာ ရွေ့နေတယ်။ဘယ်တုန်းကမှရပ်မသွားခဲ့ဘူး။တဖြည်းဖြည်းနဲ့ PDF တွေထိန်းချုပ်နိုင်တဲ့နယ်မြေတွေကျယ်လာပါတယ်"လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ် စက်တင်ဘာ၇ရက်နေ့မှာ ပြည်သူ့ခုခံတွန်းလှန်စစ်များ စတင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာခဲ့ပါတယ်။ လက်ရှိမှာ ပြည်သူ့ခုခံတွန်းလှန်စစ် တနှစ်ကျော်ကာလအတွင်း စကစတပ်က သေဆုံးသူ နှစ်သောင်းကျော်ရှိခဲ့ပြီ ဖြစ်ပါတယ်။
========================
📌📌 ၅။ လူ့အခွင့်အရေးသင်တန်းဆင်း လက်ရွေးစင်သင်တန်းသား (၇၅) ဦး ကလူ့အခွင့်အရေးချိုးဖောက်မှုများအား မှတ်တမ်းယူ၍“မြန်မာ နိုင်ငံလုံးဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားသို့ပို့ဆောင်ပေးနိုင်ခဲ့
လူ့အခွင့်အရေးသင်တန်းဆင်း လက်ရွေးစင်သင်တန်းသား (၇၅) ဦး ကလူ့အခွင့်အရေးချိုးဖောက်မှုများအား မှတ်တမ်းယူ၍“မြန်မာ နိုင်ငံလုံးဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားသို့ပို့ဆောင်ပေးနိုင်ခဲ့တယ်လို့ဇန်နဝါရီ၁၈ရက်မှာ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ပညာရေး ၀န်ကြီးဌာနကသတင်းထုတ်ပြန်ခဲ့ပါတယ်။
"လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းယူနိုင်ရေးအတွက် အခြေခံလူ့အခွင့်အရေးသင်တန်း နှင့် ဒေတာ လုံခြုံရေး၊ လူလုံခြုံရေးကို အဓိကထားကာ မှတ်တမ်းယူနိုင်သည့် သင်တန်းများကို လူ့အခွင့်အရေး၀န်ကြီးဌာန နှင့် ပူးပေါင်းကာ ဒေသအသီးသီးမှ သင်တန်းသား စုစုပေါင်း (၂၀၀) ဦးအား သင်တန်း (၂၈) ခု ပေးခဲ့ပြီး ဖြစ်ပါတယ်။ သင်တန်းဆင်းပြီးခဲ့သော သင်တန်းသားများထဲမှ လက်ရွေးစင်သင်တန်းသား (၇၅) ဦး က ဦးဆောင်၍ မြေပြင်သို့သွားရောက်ကာ (သို့) အွန်လိုင်းဖြင့်ချိတ်ဆက်ကာ မှတ်တမ်းကောက်ယူပြီး “လူ့အခွင့်အရေးချိုးဖောက်မှုများအားမှတ်တမ်းယူရေးအဖွဲ့” သို့ ပေးပို့ပါတယ်။ ထို့နောက် “လူ့အခွင့်အရေး ချိုးဖောက်မှုများအားမှတ်တမ်းယူရေးအဖွဲ့”က ဒေတာများအား သိမ်းဆည်းကာ “မြန်မာ နိုင်ငံလုံးဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား Independent Investigative Mechanism for Myanmar – IIMM” သို့ ပေးပို့ခဲ့ပြီး/ပေးပို့နေဆဲလည်းဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ပညာရေး ၀န်ကြီးဌာနက “လူ့အခွင့်အရေးချိုးဖောက်မှုများအား မှတ်တမ်းယူရေး အဖွဲ့” ကို ၂၀၂၂ ခုနှစ် ဇွန်လတွင် ဖွဲ့စည်းခဲ့ပါတယ်။
========================
📌📌 ၆။ အမေရိကန်ဒေါ်လာ ၆၀၀၀ အထိရရှိရန် ရည်ရွယ်လုပ်ဆောင်နေတဲ့ ဒရုန်းဝဲ အမုန်းဆွဲ ကမ်ပိန်း ၅၀ ရာခိုင်နှုန်းကျော်ရရှိထား
အမေရိကန်ဒေါ်လာ ၆၀၀၀ အထိရရှိရန် ရည်ရွယ်လုပ်ဆောင်နေတဲ့ ဒရုန်းဝဲ အမုန်းဆွဲ ကမ်ပိန်း ၅၀ ရာခိုင်နှုန်းကျော်ရရှိထားပါတယ်။ ဇန်နဝါရီ ၁၈ ရက်မှာ falconwings ဒရုန်းတပ်ဖွဲ့ကအသိပေးဖော်ပြပါတယ်။
"ဒရုန်းဝဲ အမုန်းဆွဲ "ကမ်ပိန်း ပဉ္စမမြောက်နေ့ပါ။ကမ်ပိန်း Target ရဲ့ (၅၀)% ရာခိုင်နှုန်းကျော်ရရှိနေပြီမို့၁၀၀ရါခိုင်နှုန်းပြည့်သွားအောင် ဝုန်းပေးကြပါဗျို့ ။ဒရုန်းနဲ့ ဝုန်းလို့ရမယ့် "ဒ-ရုန်းဝဲ - အမုန်းဆွဲ " ကမ်ပိန်းကို ဇန်နဝါရီလ (၁၄) ရက်မှဇန်နဝါရီလ (၂၄)ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ထောက်ပို့ငွေ ကျပ်(၁)သောင်း မှစတင်ကာ အညတရ Page ရဲ့အောက်ဖော်ပြပါ Messenger Link သို့ဆက်သွယ်ပြီး အကန့်အသတ်မရှိ ထောက်ပို့နိုင်ပါတယ်"လို့ဆိုပါတယ်။
Falcon Wings ဆိုတာကတော့ NUG ရယ်၊ ကရင်နီ တော်လှန်ရေးအင်အားစုတွေရယ်နဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေတာပြီး၂၀၂၂ခု နှစ် အတွင်းမှာ ဒရုန်း Mission ပေါင်း (၁၂၅) ကြိမ်တိတိ လုပ်နိုင်ခဲ့တယ် သိရပါတယ်။ ထူးထူးခြားခြား အစီအစဥ်ကတော့ နာနတ်သီးရဲ့ အမြှီးမှာ ကိုယ်ရေးစေချင်တဲ့ အမည်ပြောင် (သို့) စာသားအတိုင်း ရေးသားပြီး အရောက်ပို့ပေးနိုင်မှာပဲ ဖြစ်ပါတယ်။ အလှူငွေကျပ် အနည်းဆုံး ၁ သိန်းခွဲ (သို့မဟုတ်) USD 55 $ နဲ့ညီမျှတဲ့ပမာဏ ထည့်ဝင်ပြီး ဒီအစီအစဥ်မှာ ပါဝင်နိုင်ပါတယ်။
========================
📌📌 ၇။ အရာတော်နယ်မှာ မဲစာရင်းကောက်သူ အားလုံးကို အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ အရာတော် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထုတ်ပြန်
အရာတော်နယ်မှာ မဲစာရင်းကောက်သူ အားလုံးကို အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ အရာတော် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထုတ်ပြန်လိုက်ပါတယ်။ ဇန်နဝါရီလ (၁၇) ရက်မှာ အရာတော် ပအဖက အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင်အတုအယောင်ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ခြင်း မပြုရန် ကြေညာချက်ကိုထုတ်ပြန်ပါတယ်။
မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်,ဖက်ဆစ်စစ်အုပ်စုသည် တရားမဝင် အတု အယောင် ရွေးကောက်ပွဲအတွက် ဇန်နဝါရီလ (၉) ရက်နေ့မှ ၃၁ ရက်နေ့အထိ (၂၃) ရက်တာ “တစ်အိမ်တက်ဆင်း” လူဦးရေစာရင်း ကောက်ယူသွားရန် ဆောင်ရွက်လျှက်ရှိသော်လည်း အချို့သောနေရာများတွင် ဇန်နဝါရီလ ၇ ရက်နေ့ ကတည်းက စစ်ကောင်စီ၏ လက်ကိုင်တုတ် ဖြစ်သော အုပ်ချုပ်ရေးအဖွဲ့များနှင့် လဝကအဖွဲ့များက လူဦးရေနှင့် သန်းခေါင်စာရင်းများကို အတင်းအကျပ်ကောက်ခံနေပြီဖြစ်ကြောင်း သိရှိရပါတယ်လို့ဖော်ပြပါတယ်။
အဆိုပါ အကြမ်းဖက်,ဖက်ဆစ် စစ်အုပ်စု၏ တရားမဝင်အတုအယောင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ကြေညာချက်အတိုင်းတစ်အိမ်တက်ဆင်း မြေပြင်လူဦးရေစာရင်းကောက်ယူနိုင်ရေးအတွက် အားပေး အားမြှောက်ပြုဆောင်ရွက်ကြသည့် အကြမ်းဖက်,ဖက်စစ်စစ်အုပ်စု၏ အုပ်ချုပ် ရေးအဖွဲ့များ၊ လဝကအဖွဲ့များနှင့် အခြားမည်သည့်ဒေါက်တိုင်မဆို အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ပြင်းပြင်းထန်ထန် တရားစွဲဆို အရေးယူ ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
========================
📌📌 ၈။ ဘာလင်မြို့ရှိ စစ်သံရုံးရှေ့ ဖေဖော်ဝါရီ၁ရက်နေ့ စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့် ဆန္ဒထုတ်ဖော်မယ်
ဘာလင်မြို့ရှိ စစ်သံရုံးရှေ့ ဖေဖော်ဝါရီ၁ရက်နေ့ စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့် ဆန္ဒထုတ်ဖော်မယ်လို့မြန်မာအရေး လှုပ်ရှားဆောင်ရွက်တဲ့ ဂျာမနီရောက် မြန်မာဖွားများကအသိပေးဆိုထားပါတယ်။
"Frankfurt"မှအချိန်ပေးနိုင်သူများ မိမိအစီစဥ်ဖြင့်သွားရောက်ဝိုင်းရံပေးကြပါလို့ လေးစားစွာတိုက်တွန်းအပ်ပါတယ်"လို့လည်းဆိုထားပါတယ်။ အဆိုပါ ဘာလင်မြို့ရှိ စစ်သံရုံးရှေ့ ဖေဖော်ဝါရီ၁ရက်နေ့ စစ်အာဏာသိမ်းမှု၂နှစ်ပြည့် ဆန္ဒထုတ်ဖော်မှုကို ဖေဖော်ဝါရီ၁ရက်နေ့ မွန်းလွဲ၂နာရီ၃၀အချိန်မှာ ကျင်းပလှုပ်ရှားသွားမှာဖြစ်ပြီးတော့ နိုင်ငံတကာအသီးသီးရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားများကလည်း ပါဝင်လှုပ်ရှားမှုတွေဆောင်ရွက်ကြမှာဖြစ်ပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment