၂၀၂၃ ဇန်နဝါရီလ ၁၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်ဘေးဒုက္ခနဲ့ ကြုံနေတဲ့ ပြည်သူ လူထုတွေ အမြောက်အများ ရှိနေသလို နေ့စဉ်လိုလို သောက်စားပျော်ပါးနေတဲ့ လူအုပ်စုတွေလည်း အမြောက်အများ ရှိနေတယ်လို့ ယာယီသမ္မတဆို
📌 ၂။ အကြမ်းဖက်စစ်ကောင်စီကို မြန်မာတစ်ပြည်လုံးက တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အားကောင်းမောင်းသန်တော်လှန်တိုက်ထုတ်နေတဲ့အတွက် အာဏာရှင်တို့နိဂုံးချုပ်တော့မယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်ခိုင်သန်းပြောကြား
📌 ၃။ တစ်နှစ်မဟာဗျူဟာစီမံချက်များကို အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြမည်ဆိုပါကမျှော်မှန်းသည်ထက် ပိုမိုကောင်းမွန်သည့် ရလဒ်ကို ရရှိမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဆို
📌 ၄။ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ One Year Plan ဆောင်ရွက်ထားရှိမှု အခြေအနေကို အစိုးရအဖွဲ့အစည်းအဝေးမှာ တင်ပြရှင်းလင်း
📌 ၅။ ဒါရိုက်တာကိုပေါက်ရဲ့ဒုတိယမြောက်ရုပ်ရှင်ရောင်နီလာရာလမ်းကို နယ်သာလန်နိုင်ငံမှာစတင်ပြသမယ်
📌 ၆။ တော်လှန်ရေးကို အောင်မြင်ဖို့အတွက် ၂၀၂၃ မှာ ပိုပြီး စစ်ရေးအရှိန်ပိုပြီး မြှင့်တင်မယ်လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် TGR ကအသိပေး
📌 ၇။ ရဲစခန်းတွင် တပ်စွဲထားသော စစ်သားနှင့် ရဲများက စခန်းကို စွန့်ခွာထွက်ပြေးသွားသောကြောင့်လောင်းလုံးမြို့နယ်၊ သကျက်တောရွာ နယ်မြေရဲစခန်းကို မီးရှို့ဖျက်ဆီး
📌 ၈။ ခမရ ၁၂ မှရွှေဘိုမြို့နယ် အုံးပေါက်ကျေးရွာ ကို ရောက်ရှိနေသောကြောင့် Who am i-Army နှင့် ပူးပေါင်း တပ်ဖွဲ့ များက တာဝေးပစ်များ ဖြင့် ပစ်ခတ်တိုက်ခိုက်
📌 ၉။ ရေစကြိုမြို့နယ် ဇီးတောကျေးရွာရှိပျူနဲ့စကစတပ်များကို ဒရုန်းနဲ့ဗုံးကြဲချ
📌 ၁၀။ ပဲခူးတိုင်း၊ နတ်တလင်း မြို့နယ်မှာ တက္ကသိုလ်ကျောင်းသားတစ်ဦးကို ဆိုင်ကယ်ရပ်မပေးလို့ဆိုကာ စကစတပ်က ပစ်ခတ်သတ်ဖြတ်
📌 ၁၁။ ဂန့်ဂေါမြို့နယ် နေရာအချို့တွင် ငါးထောင်ကျပ်တန်နှင့် တစ်သောင်းကျပ်တန် ငွေစက္ကူအတုများပြန့်နှံ့နေတယ်လို့ ဂန့်ဂေါပအဖ သတိပေး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်ဘေးဒုက္ခနဲ့ ကြုံနေတဲ့ ပြည်သူ လူထုတွေ အမြောက်အများ ရှိနေသလို နေ့စဉ်လိုလို သောက်စားပျော်ပါးနေတဲ့ လူအုပ်စုတွေလည်း အမြောက်အများ ရှိနေတယ်လို့ ယာယီသမ္မတဆို
စစ်ဘေးဒုက္ခနဲ့ ကြုံနေတဲ့ ပြည်သူ လူထုတွေ အမြောက်အများရှိနေသလို နေ့စဉ်လိုလို သောက်စားပျော်ပါးနေတဲ့ လူအုပ်စုတွေလည်း အမြောက်အများရှိနေတယ်လို့ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။ ဇန်နဝါရီ (၁၇) ရက် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၃ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားခဲ့ပါတယ်။
"လက်ရှိ နိုင်ငံအတွင်းက အခြေအနေတွေကို ခြုံငုံပြီး ကြည့်လို့ရှိရင် စစ်ဘေးဒုက္ခနဲ့ ကြုံနေတဲ့ ပြည်သူ လူထုတွေ အမြောက်အမြား ရှိနေသလို နေ့စဉ်လိုလို သောက်စားပျော်ပါးနေတဲ့ လူအုပ်စုတွေလည်း အမြောက်အမြား ရှိနေပါတယ်။ ဒါဟာ ကျွန်တော့်အနေနဲ့ ဒုက္ခရောက်တဲ့ ပြည်သူလူထုကို ကရုဏာ သက်ပြီး အခြားတစ်ဖက်ကိုတော့ အပြစ်တင်နေတာ မဟုတ်ပါဘူး။ ပဋိပက္ခဒဏ် ကြာညောင်းလာတာနဲ့ အမျှ၊ လူတန်းစား ကွာဟလာတဲ့ အခြင်းအရာတစ်ခုကို ထောက်ပြတာဖြစ်ပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင်စစ်ရေး ၊နိုင်ငံရေးအကျပ်အတည်းကို အကြောင်းပြုပြီး နဂိုမူလ အခြေအနေထက် ပိုမိုချမ်းသာသွားကြတဲ့ အကြမ်းဖက်စစ်အုပ်စု အပေါင်းအပါ တချို့လည်း ရှိနေတယ်လို့ ယာယီသမ္မတကဆိုပါတယ်။
========================
📌📌 ၂။ အကြမ်းဖက်စစ်ကောင်စီကို မြန်မာတစ်ပြည်လုံးက တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အားကောင်းမောင်းသန်တော်လှန်တိုက်ထုတ်နေတဲ့အတွက် အာဏာရှင်တို့နိဂုံးချုပ်တော့မယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်ခိုင်သန်းပြောကြား
အကြမ်းဖက်စစ်ကောင်စီကို မြန်မာတစ်ပြည်လုံးက တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အားကောင်းမောင်းသန်တော်လှန်တိုက်ထုတ်နေတဲ့အတွက် အာဏာရှင်တို့နိဂုံးချုပ်တော့မယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်ခိုင်သန်းပြောကြားလိုက်ပါတယ်။ ဇန်နဝါရီလ (၁၇) ရက်ကျင်းပတဲ့တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၃) စစ်ဒေသခွဲရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၏ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားမှာပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ကဆိုပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တစ်နှစ်တာမဟာဗျူဟာ စီမံချက်ကို ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း၊ အောင်မြင်သင့်သလောက် အောင်မြင်နေပြီဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီကို မြန်မာတစ်ပြည်လုံးက တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အားကောင်းမောင်းသန်တော်လှန်တိုက်ထုတ်နေသည့်အတွက် အာဏာရှင်တို့နိဂုံးချုပ်တော့မည်ဖြစ်ကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။ အခမ်းအနားမှာပြည်ထောင်စုဝန်ကြီးချုပ်ကဒေါနစစ်ကြောင်းတာဝန်ရှိသူထံသို့ လက်နက်များပေးအပ်ခဲ့ပြီးသင်တန်းဆင်းရဲဘော်များကို တစ်ဦး ချင်း သစ္စာရေ တိုက်ကျွေးမှုများလုပ်ဆောင်ခဲ့ပါတယ်။
"တိုင်းရင်းသားမဟာမိတ်တော်လှန်ရေးအဖွဲ့များနှင့် မိမိတို့ NUG ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး ပေါင်းစပ်ညှိနှိုင်းလုပ်ကိုင်နေကြပါကြောင်း၊ တော်လှန်ရေးမှာ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်နေကြသူများအားလုံး၏ ဇွဲနဘဲကြီးမှုကြောင့် မကြာမီ တော်လှန်ရေးအောင်ပွဲအသီးအပွင့်များကို ခံစားကြရတော့မှာဖြစ်ကြောင်း"ဝန်ကြီးချုပ်ကထပ်မံဆိုပါတယ်။
သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်၊ တောင်ပိုင်းတိုင်းစစ်ဒေသမှ ဗိုလ်မှူးကြီးစောဖီးနစ်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ်(၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသမှူး ဗိုလ်စောရှား နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ တစ်နှစ်မဟာဗျူဟာစီမံချက်များကို အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြမည်ဆိုပါကမျှော်မှန်းသည်ထက် ပိုမိုကောင်းမွန်သည့် ရလဒ်ကို ရရှိမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဆို
တစ်နှစ်မဟာဗျူဟာစီမံချက်များကို အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြမည်ဆိုပါကမျှော်မှန်းသည်ထက် ပိုမိုကောင်းမွန်သည့် ရလဒ်ကို ရရှိမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဆိုလိုက်ပါတယ်။ ဇန်နဝါရီ ၁၇ ရက် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီများအစည်းအဝေး ကျင်းပရာမှာ ဝန်ကြီးကဆိုပါတယ်။
"တိုင်းဒေသကြီးကော်မတီဝင်များသည် ပြည်သူ့ကို ကိုယ်စားပြုကြသူများဖြစ်ကာ လုပ်ငန်းများကို သိရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ တစ်နှစ်မဟာဗျူဟာကို လိုက်ပါဆောင်ရွက်၍ တော်လှန်ရေးစစ်ရှိန်မြင့်သည့်အချိန်၊ တော်လှန်ရေး အဆုံးသတ်တိုက်ပွဲကို ပါဝင်ကြရန်ဖြစ်ကြောင်း၊ တစ်နှစ်မဟာဗျူဟာအရ ဝန်ကြီးဌာနမှလည်း စီမံချက်များကို ဆောင်ရွက်လျက်ရှိပြီး အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြမည်ဆိုပါက မျှော်မှန်းသည်ထက် ပိုမိုကောင်းမွန်သည့် ရလဒ်ကို ရရှိမည်ဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုတွင် အကျိုးရှိရန်အတွက် မြေပြင်တွင် အကောင် အထည်ဖော် ချိတ်ဆက်ဆောင်ရွက်နိုင်သည်အထိ လိုအပ်ချက်များကို ထိထိရောက်ရောက် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း"ဝန်ကြီးကဆိုပါတယ်။
ဆက်လက်ပြီး ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများမှ တစ်လတာအတွင်း လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားပြုကော်မတီများမှ သိရှိလိုသည်များကို အကျယ်တဝင့် ဆွေးနွေးမေးမြန်းခဲ့ပါတယ်။ အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ One Year Plan ဆောင်ရွက်ထားရှိမှု အခြေအနေကို အစိုးရအဖွဲ့အစည်းအဝေးမှာ တင်ပြရှင်းလင်း
ကျန်းမာရေး ဝန်ကြီးဌာနရဲ့ One Year Plan ဆောင်ရွက်ထားရှိမှု အခြေအနေကို အစိုးရအဖွဲ့အစည်းအဝေးမှာ တင်ပြရှင်းလင်းခဲ့ပါတယ်။ ဇန်နဝါရီ ၁၇ ရက်အမျိုးသားညီညွတ်ရေးအစိုးရက ၃ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ တင်ပြခဲ့ပါတယ်။
အစည်းအဝေးမှာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ကျန်းမာရေး ဝန်ကြီးဌာနရဲ့ One Year Plan ဆောင်ရွက်ထားရှိမှု အခြေအနေတွေကို တင်ပြတာ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးမိုးဇော်ဦးက အပတ်စဉ်ကျင်းပတဲ့ Ministerial Meeting မှာ ဆွေးနွေးချက်တွေ ကို အစိုးရအဖွဲ့ဝင်တွေကို မျှဝေအသိပေး တင်ပြတာတွေပြုလုပ်ခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၃ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ အပါအဝင် ပြည်ထောင်စု ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၅။ ဒါရိုက်တာကိုပေါက်ရဲ့ဒုတိယမြောက်ရုပ်ရှင်ရောင်နီလာရာလမ်းကို နယ်သာလန်နိုင်ငံမှာစတင်ပြသမယ်
ဒါရိုက်တာကိုပေါက်ရဲ့ဒုတိယမြောက်ရုပ်ရှင်ရောင်နီလာရာလမ်းကို နယ်သာလန်နိုင်ငံမှာစတင်ပြသမယ်လို့သတင်းရရှိပါတယ်။ ဇန်နဝါရီလအတွင်းမှာ ရုပ်ရှင်ပြသရေးကော်မတီကအသိပေးဆိုပါတယ်။
"ဖေဖော်ဝါရီ၄ ရက်နေ့မှာစပြမယ့် နိုင်ငံတွေထဲမှ နယ်သာလန် နိုင်ငံရဲ့ကြော်ငြာပါ။ဒါရိုက်တာကိုပေါက်ရဲ့ဒုတိယမြောက်ရုပ်ရှင်“ရောင်နီလာရာလမ်း(Rays of hope)” Netherlands မှာကြည့်ရှု့ရန်အတွက် လက်မှတ်များတစ်စောင် ၁၅ယူရို နဲ့ စတင်ဝယ်ယူလို့ရပါပြီ"လို့ဆိုထားပါတယ်။
အာဏာမသိမ်းခင်အခြေအနေကနေအာဏာသိမ်းပြီးနောက် ဆန္ဒပြပြည်သူတစ်ယောက်ဘဝ၊ ပြေးခဲ့ရပုန်းခဲ့ရသော ဝရမ်းပြေးဘဝ၊ ထို့နောက် တော်လှန်ရေးသမားဘဝ၊အစရှိသောဘဝတွေမှာ ဖြတ်သန်းခဲ့ရသော ဒါရိုက်တာကိုပေါက်၏ “၂ နာရီစာ” ဒီ documentary film လေးကိုဖေဖော်ဝါရီ ၄ ရက်စနေနေ့မှာ Amsterdam မြို့ “မသောက်မိသောမိုးခါးရေပြသခဲ့သော” ရုပ်ရှင်ရုံ LAB111 တွင်နေ့လည် ၁၂ နာရီမှာ ပြသသွားမှာဖြစ်ပါတယ်။
========================
📌📌 ၆။ တော်လှန်ရေးကို အောင်မြင်ဖို့အတွက် ၂၀၂၃ မှာ ပိုပြီး စစ်ရေးအရှိန်ပိုပြီး မြှင့်တင်မယ်လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် TGR ကအသိပေး
တော်လှန်ရေးကို အောင်မြင်ဖို့အတွက် ၂၀၂၃ မှာ ပိုပြီး စစ်ရေးအရှိန်ပိုပြီး မြှင့်တင်မယ်လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် TGR ကအသိပေးဆိုပါတယ်။ ဇန်နဝါရီ ၁၇ ရက်မှာ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် TGR ကဖော်ပြဆိုပါတယ်။
မြောင်မြို့နယ် TGRပြည်သူ့ကာကွယ်ရေးတပ်က တော်လှန်ရေး တစ်လျှောက်လုံး အလုပ်တွေ မနားတမ်းလုပ်လာခဲ့တာ ၂၀၂၃ခု နှစ် ရောက်ရှိလာပြီ။ ပြည်သူတွေလည်း ပင်ပန်းလို့ ညည်းညူလာကြပြီလား။ကျနော်တို့လည်း ပင်ပန်းကြပါတယ်။ အားမလျော့ရဲဘူး။ ဒီတော်လှန်ရေးကို အောင်မြင်ဖို့အတွက်ဘဲ ၂၀၂၃မှာ ပိုပြီး စစ်အရှိန်ပိုပြီး မြှင့်တင်မယ်"လို့ဆိုထားပါတယ်။ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် TGRဟာ စကစတပ်များကို ခုခံတွန်းလှန်တိုက်ခိုက်နေတဲ့တော်လှန်ရေးအင်အားစုတစ်ရပ်လည်းဖြစ်ပါတယ်။
========================
📌📌 ၇။ ရဲစခန်းတွင် တပ်စွဲထားသော စစ်သားနှင့် ရဲများက စခန်းကို စွန့်ခွာထွက်ပြေးသွားသောကြောင့်လောင်းလုံးမြို့နယ်၊ သကျက်တောရွာ နယ်မြေရဲစခန်းကို မီးရှို့ဖျက်ဆီး
ရဲစခန်းတွင် တပ်စွဲထားသော စစ်သားနှင့် ရဲများက စခန်းကို စွန့်ခွာထွက်ပြေးသွားသောကြောင့်လောင်းလုံးမြို့နယ်၊ သကျက်တောရွာ နယ်မြေရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဇန်နဝါရီ ၁၆ ရက် ည ၁၁ နာရီ ဝန်းကျင်ခန့်တွင် ရဲစခန်းကို လောင်းလုံးပြည်သူ့ ကာကွယ်ရေးအဖွဲ့ (LLPDF)က မီးရှို့ခဲ့တယ်လို့အတည်ပြုဆိုပါတယ်။
လောင်းလုံးမြို့နယ်၊ သကျက်တောရွာ နယ်မြေရဲစခန်းကို PDF တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ပြီး ရဲစခန်းကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ရဲစခန်းတွင် တပ်စွဲထားသော စစ်သားနှင့် ရဲများက စခန်းကို စွန့်ခွာထွက်ပြေးသွားခဲ့တာလို့သိရပါတယ်။
========================
📌📌 ၈။ ခမရ ၁၂ မှရွှေဘိုမြို့နယ် အုံးပေါက်ကျေးရွာ ကို ရောက်ရှိနေသောကြောင့် Who am i-Army နှင့် ပူးပေါင်း တပ်ဖွဲ့ များက တာဝေးပစ်များ ဖြင့် ပစ်ခတ်တိုက်ခိုက်
ခမရ ၁၂ မှရွှေဘိုမြို့နယ် အုံးပေါက်ကျေးရွာ ကို ရောက်ရှိနေသောကြောင့် Who am i-Army နှင့် ပူးပေါင်း တပ်ဖွဲ့ များက တာဝေးပစ်များ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဇန်နဝါရီ ၁၇ ရက်မှာ စစ်ရေးသတင်းကို Who am i-Army ကအတည်ပြုဆိုပါတယ်။
"ဇန်နဝါရီလ ၁၃ရက်နေ့ ကကျောက်မြောင်း မြို့ ခမရ ၁၂ မှရွှေဘိုမြို့နယ် အုံးပေါက်ကျေးရွာ ကို စကစ အင်အား ၄၀ ဦးခန့်ဖြင့် ရောက်ရှိနေသောကြောင့် မိမိ တို့ Who am i-Army နှင့် ပူးပေါင်း တပ်ဖွဲ့ များက တာဝေးပစ်များ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။ ဇန်နဝါရီ ၁၆ ရက် ယမန်နေ့ ည ၇ နာရီပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှု့ တွင် Who am i-Army ၊ Mother love၊ Ghost Rider Special Task Force (Burma)၊ နေလစင်္ကြာ-Shwebo PDF နှင့် ဒေါင်းနီ တပ်ဖွဲ့ တို့ ပူးပေါင်း ပါဝင်ခဲ့တယ်။ တာဝေးပစ်များဖြင့် ပစ်ခတ်တိုက်မှု့ကြောင့် စကစတပ်က ၅ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကာ ကျောက်မြောင်းမြို့ ခမရ ၁၂ သို့ သုံးဘီးဖြင့် သယ်ယူသွားခဲ့ပြီး နောက်ဆက်တွဲသေဆုံးမှု့ စုံစမ်းဆဲဖြစ်ပါတယ်။
ဇန်နဝါရီလ ၁၂ ရက်နေ့မှ စ၍ ရွှေဘိုမြို့နယ် တည်ပင်ကျေးရွာ၊ မောင်းတပ်ကျေးရွာ၊ အုံးပေါက်ကျေးရွာ၊တအုံကျေးရွာ နှင့် တယော်တောကျေးရွာ များ ကို စကစ များ အင်အားအများအပြားဖြင့် ဖြန်ကျက် စစ်ကြောင်းထိုးထားနေခြင်းကြောင့် အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်သဖြင့် အများပြည်သူများ အနေဖြင့် အရေမကြီးပဲ ရွှေဘို-ကျောက်မြောင်း လမ်းပိုင်းအားအသုံးမပြုကြရန် Who am i-Army မှ မေတ္တာရပ်ခံထားပါတယ်။
========================
📌📌 ၉။ ရေစကြိုမြို့နယ် ဇီးတောကျေးရွာရှိပျူနဲ့စကစတပ်များကို ဒရုန်းနဲ့ဗုံးကြဲချ
မကွေးတိုင်း ရေစကြိုမြို့နယ် ဇီးတောကျေးရွာရှိပျူနဲ့စကစတပ်များကို ဒရုန်းနဲ့ဗုံးကြဲချခဲ့ပါတယ်။ ဇန်နဝါရီ ၁၇ ရက်မှာ စစ်ရေးသတင်းကို CDSOM အနောက်ပိုင်း တိုက်ခိုက်ရေး 001 တပ်ခွဲကအသိပေးဖော်ပြပါတာ်။
"ဇန်နဝါရီ ၁၆ ရက် ရေစကြိုမြို့နယ်မှာစကစတပ်နဲ့ပျူများ တပ်စွဲနေသော ဇီးတောကျေးရွာကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံးရေးအဖွဲ့- CDSOM အနောက်ပိုင်း တိုက်ခိုက်ရေး 001 တပ်ခွဲ နှင့်အတူ ညီနောင်မဟာမိတ်တပ်ဖွဲ့များ ပူပေါင်းပြီး လက်လုပ် အီနာဂါချိတ်ဆွဲကာ ပျူများစခန်း၊ စကစတပ်နဲ့ပျူများစုဝေးသောနေရာ၊ ကင်းတဲစခန်းနှင့် ကင်းဘေး(ကတုတ်ကျင်း)ဘေးကို ၂၁ ကြိမ် ခါချပေးခဲ့လိုက်ပါတယ်"လို့ဆိုပါတယ်။ စကစတပ်နဲ့ပျူအထိအခိုက်အသေအပျောက်များကိုတော့ စုံစမ်းစိစစ်နေဆဲတယ်လို့သိရပါတယ်။
အဆိုပါ Drone Mission ကို စစ်ကိုင်းခရိုင်း တပ်ရင်း(4) MSPDF၊အညာသားပြောက်ကျား တပ်ဖွဲ့၊SSTS တပ်ဖွဲ့၊Super Fight PDF၊ပခုက္ကူခရိုင်း တပ်ရင်း(10)၊ခွဲ(3) PHOENIX အထူးပြောက်ကျား တပ်ဖွဲ့ -ရေစကြို ၊ပခုက္ကူခရိုင်း တပ်ရင်း(10)၊ခွဲ(1) သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ တို့မှ ညီနောင် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းခဲ့ပါတယ်။
========================
📌📌 ၁၀။ ပဲခူးတိုင်း၊ နတ်တလင်း မြို့နယ်မှာ တက္ကသိုလ်ကျောင်းသားတစ်ဦးကို ဆိုင်ကယ်ရပ်မပေးလို့ဆိုကာ စကစတပ်က ပစ်ခတ်သတ်ဖြတ်
ပဲခူးတိုင်း၊ နတ်တလင်း မြို့နယ်မှာ တက္ကသိုလ်ကျောင်းသားတစ်ဦးကို ဆိုင်ကယ်ရပ်မပေးလို့ဆိုကာ စကစတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ ဇန်နဝါရီ ၁၇ ရက်မှာ စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများကို AAPP ကဖော်ပြပါတယ်။
"ဇန်နဝါရီလ ၁၄ ရက်နေ့၊ ညနေ ၄ နာရီခန့်အချိန်တွင် ပဲခူးတိုင်း၊ နတ်တလင်း မြို့နယ်၊ လှပခြင်းကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာတွင်နေထိုင်သော တက္ကသိုလ်ကျောင်းသား ကိုဝင်းဇော်ထွန်းသည် သရက်ကုန်းကျေးရွာမှ နတ်တလင်း မြို့သို့သွားစဉ် တာပွန်မြို့၊ ကုန်းသာကျေးရွာအုပ်စု၊ ကြို့လေးပင်ကျေးရွာထိပ်ရှိ အကြမ်းဖက်စစ်အုပ်စုတပ်၏ စစ်ဆေးရေးဂိတ်အရောက်၌ ဆိုင်ကယ်ကို မရပ်ပေးဘဲ ဖြတ်မောင်းသွားခဲ့ချိန်တွင် စစ်ဆေးရေးဂိတ်ရှိ စစ်သား ကျော်မင်းသူမှ ကိုဝင်းဇော်ထွန်းအား သေနတ်ဖြင့် လေးချက် ပစ်၍ သတ်ဖြတ်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများ နှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၇၄၇) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။
========================
📌📌 ၁၁။ ဂန့်ဂေါမြို့နယ် နေရာအချို့တွင် ငါးထောင်ကျပ်တန်နှင့် တစ်သောင်းကျပ်တန် ငွေစက္ကူအတုများပြန့်နှံ့နေတယ်လို့ ဂန့်ဂေါပအဖ သတိပေး
မကွေးတိုင်း ဂန့်ဂေါမြို့နယ် နေရာအချို့တွင် ငါးထောင်ကျပ်တန်နှင့် တစ်သောင်းကျပ်တန် ငွေစက္ကူအတုများပြန့်နှံ့နေတယ်လို့ ဂန့်ဂေါပအဖ သတိပေးကြေညာလိုက်ပါတယ်။ ဇန်နဝါရီ ၁၇ ရက်မှာဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးကြေညာချက် (၁/၂၀၂၃)ကိုထုတ်ပြန်ခဲ့ပါတယ်။
"ယခုရက်ပိုင်းအတွင်း ဂန့်ဂေါမြို့နယ် နေရာအချို့တွင် ငါးထောင်ကျပ်တန်နှင့် တစ်သောင်းကျပ်တန် ငွေစက္ကူအတုများပျံ့နှံ့နေသည်ကို စိစစ်တွေ့ရှိရပါသည်။ ပြည်သူများအနေဖြင့် ကုန်ပစ္စည်းဝယ်ယူရောင်းချခြင်းနှင့် ငွေပေးချေခြင်းကိစ္စများတွင်ငွေစက္ကူများကို အတု၊အစစ် သေချာစွာ စစ်ဆေးခွဲခြားပြီးမှ ပေးချေခြင်း၊ လက်ခံခြင်း ပြုကြပါရန် အသိပေးတိုက်တွန်းပါတယ်"လို့ဖော်ပြပါတယ်။
ငွေစက္ကူအတုများကို တွေ့ရှိပါကလည်းရပ်/ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ တဆင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ အမြန်ဆုံး သတင်းပေးအကြောင်းကြားပေးဖို့ကြေညာထားပါတယ်။ ဂန့်ဂေါမြို့နယ်အတွင်း ငွေစက္ကူအတုများကို အတုမှန်းသိလျက် ဖြန့်ဝေခြင်း၊ အသုံးပြုခြင်း စသည်တို့ကိုစစ်ဆေးတွေ့ရှိပါက ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့လည်းဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဆိုပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment