၂၀၂၃ ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်မြေပြင်လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် စစ်ဒေသကြီးများအလိုက် ပြင်ဆင်နေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား
📌 ၂။ ကသာမြို့နယ်၊မိုးတားလေး ကျေးရွာက အရပ်သားများကို အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်တဲ့ဖြစ်စဥ်ဟာ သူရဲဘောကြောင်တဲ့လုပ်ရပ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆို
📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန နှင့် တရားရေးဝန်ကြီးဌာန၊ တရားဥပဒေစိုးမိုးရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဆိုင်ရာဦးစီးဌာနတို့ တွေ့ဆုံ
📌 ၄။ စခန်းသိမ်းတိုက်ပွဲနှင့် မြို့ပြစစ်ဆင်ရေးတွေကို အကောင်းဆုံးဖော်ဆောင်နိုင်ဖို့မြိုင်ပကဖနဲ့ Earthquake People’s Defence Force တို့ ပူးပေါင်းပြီး မွမ်းမံသင်တန်းဆင်း၍ လက်နက်များတပ်ဆင်
📌 ၅။ မွန်ပြည်နယ်ရေးမြို့နယ်ကျုံလောင်းရွာဟောင်းကျေးရွာကို ရေးဘီလူးအဖွဲ့အပြည့်အဝ ထိန်းချုပ် ၍ နယ်မြေရှင်းလင်းရေးများလုပ်ဆောင်
📌 ၆။ ကသာမြို့နယ် မြစ်အရှေ့ဘက်၊အနောက်ဘက် (၃)နေရာလောက်မှာ ABSDF ပူးပေါင်းအဖွဲ့တွေနဲ့ စကစတပ်တို့ ထိတွေ့တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေ
📌 ၇။ Spring Valour Condominium (ရဲရင့်နွေဦး ကွန်ဒို) အခန်းများဝယ်ယူရန် EOD ကိုယ်စားလှယ်များထံ စာရင်းပေးသွင်းထားသော အခန်းအရေအတွက် ၃၀၀ ကျော်ရှိလာ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်မြေပြင်လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် စစ်ဒေသကြီးများအလိုက် ပြင်ဆင်နေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား
စစ်မြေပြင်လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် စစ်ဒေသကြီးများအလိုက် ပြင်ဆင်နေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဇန်နဝါရီလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၏ သင်တန်းဆင်းပွဲအခမ်းအနားမှာ ထည့်သွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
"စစ်မြေပြင်လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် စစ်ဒေသကြီးများအလိုက် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသားမဟာမိတ်တော်လှန်ရေးအဖွဲ့များနှင့် မိမိတို့ NUG ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး ပေါင်းစပ်ညှိနှိုင်းလုပ်ကိုင်နေကြပါကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက် PDFစစ်ရုံးချုပ်ကို ဖွင့်လှစ်ထားရှိပြီးဖြစ်ကာ ပြည်သူ့ကာကွယ်ရေးတပ်များလိုအပ်ချက်ကိုလည်း ဦးစားပေးအဆင့်အလိုက်ဆောင်ရွက်ပေးလျက်ရှိပါတယ်။
========================
📌📌 ၂။ ကသာမြို့နယ်၊မိုးတားလေး ကျေးရွာက အရပ်သားများကို အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်တဲ့ဖြစ်စဥ်ဟာ သူရဲဘောကြောင်တဲ့လုပ်ရပ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆို
စစ်ကိုင်းတိုင်း ကသာမြို့နယ်၊မိုးတားလေး ကျေးရွာက အရပ်သားများကို အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်တဲ့ဖြစ်စဥ်ဟာ သူရဲဘောကြောင်တဲ့လုပ်ရပ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က ဇန်နဝါရီ၁၉ရက်မှာ သုံးသပ် ပြောဆိုထားပါတယ်။
"ကသာမြို့နယ်၊မိုးတားလေး ကျေးရွာကို စကစ မှ လေယာဉ်နဲ့ ရက်ရက်စက်စက် ဗုံးကြဲခဲ့တဲ့မြင်ကွင်းပါ။ပြည်သူတွေ အိမ်ထဲနေရင်း မြင်မကောင်းအောင် အသက်ပေးခဲ့ရတဲ့ပုံတွေပါပါတယ်။အလှူပွဲတအိမ်လဲ ဗုံးကြဲခံရပြီး ၇ ယောက်ပွဲချင်းပြီး ဆုံးတယ်၊ အများအပြားဒဏ်ရာရတယ်၊ ကိုယ့်အိမ်ကိုယ်ပြေးဝင်ကာမှ နေအိမ်တွေပါ ဗုံး လိုက်ကြဲတယ်။ ကသာနယ် တောတွင်းတနေရာမှာ တိုက်ပွဲ ဖြစ်လို့ စကစ အများအပြား မြေသြဇာ ဖြစ်တာတော့ရှိတယ် ရွာထဲမှာ မဟုတ်ဘူး။ တိုက်ပွဲဖြစ်နေရင် အလှူပွဲ ဘယ်ရှိပါ့မလဲ။ ဒါက သက်သက်မဲ့ သူရဲဘောကြောင် လုပ်ရပ်ပါ"လို့ဝန်ကြီးကဆိုပါတယ်။
စစ်ကိုင်းတိုင်း ကသာမြို့နယ်၊မိုးတားလေး ကျေးရွာ အောက်ပိုင်းသို့ စကစတပ် မှ လေယာဉ်(၂)စီးဖြင့်ဗုံး၅လုံးထက်မနည်းကြဲချ၍ အရပ်သား၇ဦးထက်မနည်းထိခိုက်သေဆုံးမှုများရှိခဲ့ပါတယ်။ ဇန်နဝါရီ ၁၈ ရက် ညနေ (၄:၁၅) အချိန်မှာ ၊မိုးတားလေး ကျေးရွာ အောက်ပိုင်းသို့ စကစ မှ လေယာဉ်(၂)စီးဖြင့်ဗုံးကြဲချသွားတာလို့ ကသာပအဖကအတည်ပြုထားပါတယ်။
ဆက်လက်ပြီး ဇန်နဝါရီလ၁၉ရက်နေ့ ဒီကနေ့မွန်းလွဲပိုင်း(၁၂:၄၀)နာရီ မှစ၍ လာရှိုးဘက်က နေ ဖြတ်လာတယ်လို့ ယူဆရတဲ့ လေယာဉ်(၃)စီးဟာ ကသာမြို့နယ်၊မိုးတားလေးကျေးရွာ ၊တိုက်ကုန်း ရပ်ကွက်ကို ဗုံး(၃)လုံး ကြဲချခဲ့ပါတယ်။ စက်လက်ကြီးများနဲ့ အဆက်မပြတ်ပစ်နေပါတယ်"လို့သတင်းရရှိပါတယ်။
========================
📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန နှင့် တရားရေးဝန်ကြီးဌာန၊ တရားဥပဒေစိုးမိုးရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဆိုင်ရာဦးစီးဌာနတို့ တွေ့ဆုံ
ဇန်နဝါရီ ၁၈ ရက် အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနနှင့် တရားရေးဝန်ကြီးဌာန၊ တရားဥပဒေစိုးမိုးရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဆိုင်ရာဦးစီးဌာနတို့ တွင် ပထမအကြိမ် မိတ်ဆက်တွေ့ဆုံလုပ်ငန်း ပေါင်းစပ်ဖော်ဆောင်နိုင်ရေးအစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်မှတဆင့်ကျင်းပခဲ့ပါတယ်။
အစည်းအဝေးတွင် တော်လှန်ရေးအတွင်းကြုံတွေ့နေရသော အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ် များ၏ အခွင့်အရေးနစ်နာဆုံးရှုံးမှုများကို ဥပဒေအရပြန်လည်ကုစားရေးကိစ္စရပ်များ၊ အသွင်ကူး ပြောင်းရေးကာလအတွင်း လုပ်ဆောင်ရမည့် အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာ ကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြပြီး၊ ရှေ့လုပ်ငန်းစဥ်အနေဖြင့် ဝန်ကြီးဌာနနှစ်ရပ် ပူးပေါင်းလုပ်ဆောင်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို့အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်နှင့် ဝန်ကြီးဌာန တာဝန်ရှိသူများ၊ တရားရေးဝန်ကြီးဌာန၊ တရားဥပဒေစိုးမိုးရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာဦးစီးဌာနမှ ဦးစီးဌာနတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်းသိန်း၊ အကြံပေးပုဂ္ဂိုလ် နှင့် ဦးစီးဌာနဝန်ထမ်းများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ စခန်းသိမ်းတိုက်ပွဲနှင့် မြို့ပြစစ်ဆင်ရေးတွေကို အကောင်းဆုံးဖော်ဆောင်နိုင်ဖို့မြိုင်ပကဖနဲ့ Earthquake People’s Defence Force တို့ ပူးပေါင်းပြီး မွမ်းမံသင်တန်းဆင်း၍ လက်နက်များတပ်ဆင်
စခန်းသိမ်းတိုက်ပွဲနှင့် မြို့ပြစစ်ဆင်ရေးတွေကို အကောင်းဆုံးဖော်ဆောင်နိုင်ဖို့မြိုင်ပကဖနဲ့ Earthquake People’s Defence Force တို့ ပူးပေါင်းပြီး မွမ်းမံသင်တန်းဆင်းခဲ့ပြီးလက်နက်များတပ်ဆင်ပေးခဲ့ကြောင်းကို ဇန်နဝါရီလအတွင်းမှာ Earthquake People’s Defence Forceကအသိပေးဆိုပါတယ်။
"မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပ.က.ဖ)နှင့် Earthquake People’s Defence Force တို့ ပူးပေါင်းပြီး မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကို မြိုင်မြို့နယ် တနေရာမှာ ဇန်နဝါရီလ ၁၇ ရက်နေ့က ကျင်းပခဲ့ပါတယ်။မွမ်းမံသင်တန်း၏ အဓိကရည်ရွယ်ချက်မှာ စခန်းသိမ်းတိုက်ပွဲနှင့် မြို့ပြစစ်ဆင်ရေးတွေကို အကောင်းဆုံးဖော်ဆောင်နိုင်ဖို့ဖြစ်ပြီး စစ်မြေပြင်ရောက်တဲ့အခါ အမိန့်နာခံမှုရှိဖို့နှင့် စည်းလုံးမှုရှိဖို့ဖြစ်ပါတယ်"လို့ဆိုပါတယ်။
မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပ.က.ဖ)နှင့် Earthquake People’s Defence Force မှ ရဲဘော်များသည် (၄၅)ရက်တာ မွမ်းမံသင်တန်းတွင် တိုက်ခိုက်ရေးအတွက် လေ့ကျင့်မှုများကို အပြင်းအထန်လေ့ကျင့်ခဲ့ကြပြီး စိတ်ဓာတ်စစ်ဆင်ရေးများကိုပါ တပါတည်းသင်ယူခဲ့ကြပါတယ်။ မွမ်းမံသင်တန်းအပြီးတွင် ရဲဘော်များကို လက်နက်အပြည့်အစုံ တပ်ဆင်ပေးနိုင်ခဲ့ပြီး မကြာခင်မှာ ပြည်သူတရပ်လုံး မြင်ချင်နေတဲ့ ပုံစံတွေကို မျက်ဝါးမြင်မြင် တွေ့မြင်နိုင်ဖို့အဖွဲ့များမှ ကြိုးစားနေတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၅။ မွန်ပြည်နယ်ရေးမြို့နယ်ကျုံလောင်းရွာဟောင်းကျေးရွာကို ရေးဘီလူးအဖွဲ့အပြည့်အဝ ထိန်းချုပ် ၍ နယ်မြေရှင်းလင်းရေးများလုပ်ဆောင်
မွန်ပြည်နယ်ရေးမြို့နယ်ကျုံလောင်းရွာဟောင်းကျေးရွာကို ရေးဘီလူးအဖွဲ့အပြည့်အဝ ထိန်းချုပ် ၍ နယ်မြေရှင်းလင်းရေးများလုပ်ဆောင်နေတယ်လို့ ဇန်နဝါရီ၁၉ရက်မှာ ရေးဘီးလူးအဖွဲ့ခေါင်းဆောင်ကအသိပေးဖော်ပြထားပါတယ်။
"မွန်ပြည်နယ်ရေးမြို့နယ်ကျုံလောင်းရွာဟောင်းကျေးရွာ ရေးဘီလူးထိန်းချုပ်မြေကိုနယ်မြေရှင်းလင်းခဲ့ပါတယ်"လို့ဖော်ပြပါတယ်။ ဒါ့အပြင်မကြာသေးမီကကျုံလောင်းရွာဟောင်းရှိ Mytelတာဝါတိုင်ကို ရေးဘီလူးအဖွဲ့ဟာ ဖြိုလှဲခဲ့ပြီး စကစရဲ့ အုပ်ချုပ်ရေးမှူးရုံးခန့်ရှေ့ အလံတိုင်ကိုပါဖယ်ရှားခဲ့ပါတယ်။
YEဘီလူးအဖွဲ့ဟာ၂၀၂၂ခု နှစ် ဒီဇင်ဘာလ ၂၀ ရက်ကလည်း ရေးမြို့နယ်အခြေစိုက် ခမရ(၅၈၆)တပ်ရင်းအား RPGဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ဘန်ကာအတွင်းရှိ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့ပါတယ်။ ၂၇ ရက်နေ့ကမူ စစ်ကောင်စီ၏ ခမရ ၅၉၁ လက်အောက်ခံတပ်မှ တပ်သားများလိုက်ပါလာသည့် စစ်ကားအား YEဘီလူး အဖွဲ့မှ ပိတ်ဆို့ပစ်ခတ်ခဲ့ရာ စကစတပ်သားနှစ်ဦးသေဆုံးခဲ့ပါတယ်။
========================
📌📌 ၆။ ကသာမြို့နယ် မြစ်အရှေ့ဘက်၊အနောက်ဘက် (၃)နေရာလောက်မှာ ABSDF ပူးပေါင်းအဖွဲ့တွေနဲ့ စကစတပ်တို့ ထိတွေ့တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေ
စစ်ကိုင်းတိုင်း ကသာမြို့နယ် မြစ်အရှေ့ဘက်၊အနောက်ဘက် (၃)နေရာလောက်မှာ ABSDF၊ ပူးပေါင်းအဖွဲ့တွေနဲ့ စကစတပ်တို့ ထိတွေ့တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေတယ်လို့ ဇန်နဝါရီ ၁၉ ရက် မှာ ကသာ ပအဖက Radio NUG ကိုအတည်ပြုဆိုပါတယ်။
"ကသာမှာ မြစ်အရှေ့ဘက်၊အနောက်ဘက် (၃)နေရာလောက် ထိတွေ့မှုဖြစ်နေပါတယ်။ မနေ့က မိုးတား Case က သေဆုံးသူ နဲ့ ဒဏ်ရာရသူစာရင်းကလည်း တိုက်ပွဲကြားဖြစ်နေတော့ အတည်ပြုရန် နည်းနည်းအခက်အခဲ ဖြစ်နေပါတယ်။ကသာမြို့ပေါ် ဆေးရုံကို လူနာတွေ လည်းသွားကြတော့ စာရင်းကောက်သူတွေအနေနဲ့ အချိန်နည်းနည်းယူ ရမဲ့ အနေအထားရှိနေပါတယ်။ဒီမနက်မှာ မိုးတားလေး ရွာထိပ်(၃)မိုင်အကွာ၊ ဆိပ်သာရွာ၊အိုင်တလူဘုရားကုန်းထိပ် ကနေ ABSDF က စကစတပ်တွေကို
တိုက်ခိုက်နေပါတယ်။စကစတပ်တွေမိုးတားရွာထဲဝင်လာရင် မနေ့က ထိခိုက်ဒဏ်ရာရသူပြည်သူတွေကို ထပ်မံရန်ရှာမှာစိုးလို့ ABSDF နဲ့ ဒေသကာကွယ်ရေးတပ်တွေ Cover လုပ်ပေးနေကြတာပါ"လို့ဆိုပါတယ်။
လတ်တလော ထိတွေ့တိုက်ပွဲတွင် ရွာထဲက ပြည်သူများရှောင်တိမ်းနိုင်ရန် ပူးပေါင်းတပ်များက ကာကွယ် ပစ်ခတ်တိုက်ခိုက်ပေးနေတာလို့ သတင်းရရှိပါတယ်။
========================
📌📌 ၇။ Spring Valour Condominium (ရဲရင့်နွေဦး ကွန်ဒို) အခန်းများဝယ်ယူရန် EOD ကိုယ်စားလှယ်များထံ စာရင်းပေးသွင်းထားသော အခန်းအရေအတွက် ၃၀၀ ကျော်ရှိလာ
Spring Valour Condominium (ရဲရင့်နွေဦး ကွန်ဒို) အခန်းများဝယ်ယူရန် EOD ကိုယ်စားလှယ်များထံ စာရင်းပေးသွင်းထားသော အခန်းအရေအတွက် ၃၀၀ ကျော်ရှိလာတယ်လို့ဘဇန်နဝါရီ ၁၈ ရက်မှာ EOD ကအသိပေးကြေညာပါတယ်။
"Spring Valour Condominium (ရဲရင့်နွေဦး ကွန်ဒို) အခန်းများဝယ်ယူရန် EOD ကိုယ်စားလှယ်များထံ စာရင်းပေးသွင်းထားသော အခန်းအရေအတွက် ၃၀၀ ကျော်သွားပါပြီ။ပြည်သူသာလျှင် အဓိကပါ။ဒီတော်လှန်ရေးအတွက်…
အသက်ခန္ဓာကို အပ်နှင်းထားတဲ့ ပြည်သူတွေရှိတယ်။ဘဝတွေတံတားခင်း အနင်းခံချီတက်နေတဲ့ ပြည်သူတွေရှိတယ်။အိုးအိမ်စည်းစိမ်တွေ ပုံအောပံ့ပိုးနေကြတဲ့ ပြည်သူတွေရှိတယ်။ဒီပွဲက ပြည်သူနိုင်မှရမယ့်ပွဲဆိုတာ သွေးထဲသားထဲက ယုံကြည်နေကြလို့ပါ"လို့ဆိုထားပါတယ်။
Spring Valour Condominium ရဲရင့်နွေဦး ကွန်ဒိုတိုက်ခန်းများကို၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက် တွင် စတင်ရောင်းချမှာ ဖြစ်ပြီးတော့ EOD ရဲ့ ၂၀၂၃ စီမံကိန်း များထဲမှ ပထမဆုံး စီမံကိန်း ဖြစ်ပါတယ်။ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ၊ ၁၀၆ အကြမ်းဖက်တပ်ပိုင် မြေနေရာတွင် ဆောက်လုပ်မည် ဖြစ်ကာ ကွန်ဒိုအခန်းပေါင်း ၈၅၀ ရောင်းချပေးနိုင်မှာလည်းဖြစ်ပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment