24th MAR 2023 - Morning Daily News by Radio NUG


၂၀၂၃ မတ်လ ၂၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိသော လုံခြုံရေးနှင့် ကာကွယ်ရေး ဆိုင်ရာ ကိစ္စရပ်များ ထိရောက်အောင်မြင်စေရေးအတွက် CRPH မှ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီနဲ့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ (CRSH) တွေ့ဆုံဆွေးနွေး

📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး

📌 ၃။ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ၂၀၂၃ ခုနှစ်၊ သုံးလတာကာလအတွင်းလုပ်ငန်းဆောင်ရွက်ချက်များထုတ်ပြန်

📌 ၄။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် နှစ်နှစ်ပြည့် အထိမ်းအမှတ် ဆွေးနွေးပွဲကျင်းပမယ်

📌 ၅။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အဓိပ္ပါယ်ကို လူ့အခွင့်ရေးဆိုင်ရာဒုဝန်ကြီးပြော

📌 ၆။ NUGဂျပန်ကိုယ်စားလှယ်ရုံးက ကြီးမှူးကျင်းပမယ့်ထောက်ပို့တော်လှန် နွေဦးသင်္ကြန်တော်လှန်ရေးရံပုံငွေပွဲအတွက် ဝင်ခွင့်လက်မှတ်များစတင်ရောင်းချ

📌 ၇။ ခင်ဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်၏ ဇနီးဖြစ်သူနဲ့ သမီးဖြစ်သူကို စစ်ခုံရုံးမှ ထောင်ဒဏ်များချမှတ်

📌 ၈။ ပေါက်မြို့အဝင် အိမ်တွင်းမှုကျောင်းတွင်တပ်စွဲကာ ခရီးသွားပြည်သူများအား ငွေကြေးတောင်းခံတဲ့ စကစ တပ်များRPGနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

📌 ၉။ မြောင်နယ်ကို စစ်ကြောင်းထိုးတဲ့ ဘီလူးစစ်ကြောင်းမှ စစ်ကြောင်းမှူးအပါအဝင် အားလုံး၄၂ဦးသေဆုံး

📌 ၁၀။ မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်ရုပ်ရှင်ကို အမေရိကန်နိူင်ငံမှာပြသမယ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိသော လုံခြုံရေးနှင့် ကာကွယ်ရေး ဆိုင်ရာ ကိစ္စရပ်များ ထိရောက်အောင်မြင်စေရေးအတွက် CRPH မှ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီနဲ့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ (CRSH) တွေ့ဆုံဆွေးနွေး


တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိသော လုံခြုံရေးနှင့် ကာကွယ်ရေး ဆိုင်ရာ ကိစ္စရပ်များ ထိရောက်အောင်မြင်စေရေးအတွက် CRPH မှ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီနဲ့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ (CRSH) တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


မတ်လ ၂၂ ရက်နေ့ (၁၅၀၀) နာရီတွင် CRPH မှ လုံခြုံရေးနှင့်ကာကွယ် ရေးဆိုင်ရာကော်မတီသည် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီ (CRSH) နှင့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီ (CRMH) တို့မှ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ပြီး သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီးများအတွင်းရှိ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါတယ်။


တွေ့ဆုံပွဲတွင် လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌများက နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ပြီး ကော်မတီများ၏ ဖွဲ့စည်းပုံ၊ ရည်ရွယ်ချက်နှင့် လက်ရှိ ဆောင်ရွက်လျက်ရှိသော ကော်မတီလုပ်ငန်းစဥ်များအား ရှင်းလင်းပြောကြားခဲ့ပါတယ်။


 ထို့နောက် NUG မှ ချမှတ်ထားသည့် One Year Plan အရ မြန်မာနိုင်ငံတစ်ဝှမ်း ဆောင်ရွက်လျက်ရှိသော အခြေအနေများ၊ ကြုံတွေ့နေရသော စိန်ခေါ်မှုများ၊ One Year Plan ထိရောက်အောင်မြင်စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ချိတ်ဆက် ဆောင်ရွက်နေမှု အနေအထားများ၊ သတိထားဆောင်ရွက်ရမည့်အချက်များ၊ ရှေ့ဆက် ဆောင်ရွက်ရမည့် ကော်မတီလုပ်ငန်းစဥ်များအား တက်ရောက်လာကြသူများက အပြန်အလှန် ဆွေးနွေးမေးမြန်းခဲ့ကြပါတယ်။


========================


📌📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး


မတ်လ၂၃ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး (/၂၀၂၃)ကို ကျင်းပခဲ့ပါတယ်။


အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ခူးထဲဘူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်၍ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊  စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးမှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးနောက် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများမှ မှာကြားလိုသည်များကို တင်ပြဆွေးနွေးခဲ့ကာ ခရိုင်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့် ပတ်သက်၍  သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။


တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ၂၀၂၃ခုနှစ်၊ သုံးလတာကာလအတွင်းလုပ်ငန်းဆောင်ရွက်ချက်များထုတ်ပြန်


နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ၂၀၂၃ခုနှစ်၊ သုံးလတာကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များ ထုတ်ပြန်ခဲ့ပါတယ်။ မတ်လ၂၃ ရက်နေ့မှာ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေးဖော်ပြပါတယ်။


၂၀၂၃ခုနှစ် သုံးလတာကာလအတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် ယူကေနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုသို့ ခရီးစဉ်များ သွားရောက်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံခြားဝန်ကြီးဌာနများမှ ဝန်ကြီး၊ ဒုဝန်ကြီးနှင့် အခြားသော တာဝန်ရှိသူများနှင့် လွှတ်တော်အမတ်များကို တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။


ပြည်ထောင်စုဝန်ကြီးသည် ယူကေ နိုင်ငံခြားရေးဝန်ကြီး (Secretary of State for Foreign, Commonwealth and Development Affairs) James Cleverly ကို ဖေဖော်ဝါရီ ရက်က ယူကေနိုင်ငံခြားရေးဝန်ကြီးရုံးခန်း၌ တွေ့ဆုံခဲ့ပြီး ယူကေနိုင်ငံ၏ အသစ်ချမှတ်လိုက်သော စီးပွားရေးအရေးယူပိတ်ဆို့မှုများနှင့် UNSC တွင် ယူကေနိုင်ငံ၏ ဦးစီးဦးဆောင်ပြုမှုများကို ကျေးဇူးတင်ရှိပါကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။


ထို့ပြင် Labour Party မှ လွှတ်တော်အမတ်များဖြစ်ကြသော All Party Parliamentary Group on Burma အဖွဲ့၏ ဥက္ကဌလည်းဖြစ်သူ Rushanara Ali နှင့် Shadow Minister for Asia and the Pacific ဖြစ်သူ Catherine West တို့ကို တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံရှိ လူနည်းစုများအခွင့်အရေးအပါအဝင် မြန်မာ့နွေဦးတော်လှန်ရေးအတွက် ယူကေပါလီမန်မှ ပိုမိုတိုးမြှင့် ထောက်ခံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ ကြတယ်လို့ဆိုပါတယ်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ခဲ့ပြီး ဖေဖော်ဝါရီ ၁၃ရက်က ပြုလုပ်ခဲ့သော ဝါရှင်တန်ဒီစီရှိ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ရုံးခွဲဖွင့်လှစ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကာ အဆိုပါ ရုံးခွဲဖွင့်လှစ်ခြင်း အခမ်းအနားသို့ အမေရိကန်ပြည်ထောင်စု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Uzra Zeyaနှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါတယ်။


ပြည်ထောင်စုဝန်ကြီးသည် ဖေဖော်ဝါရီ၁၄ ရက်တွင် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန် ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ထိုသို့ တွေ့ဆုံရာတွင် အမျိုးသားညီညွတ်ရေး အစိုးရ၊ နိုင်ငံခြား ရေးဝန်ကြီးဌာန၏ ဝါရှင်တန်ဒီစီရုံးခွဲ ဖွင့်လှစ်ခြင်းအပေါ် ကြိုဆိုကြောင်း အမေရိကန် ဒုတိယနိုင်ငံခြား ရေးဝန်ကြီး Wendy Shermanက ပြောကြားခဲ့ပါတယ်။


========================


📌📌 ၄။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် နှစ်နှစ်ပြည့် အထိမ်းအမှတ် ဆွေးနွေးပွဲကျင်းပမယ်


ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် နှစ်နှစ်ပြည့် အထိမ်းအမှတ် ဆွေးနွေးပွဲကျင်းပမယ်လို့ သတင်းရရှိပါတယ်။


နွေဦးတော်လှန်ရေးနှင့်အတူ မွေးဖွားလာခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် - ဘာ့ကြောင့်၊ ဘယ်ပုံခေါင်းစဥ်နဲ့၂၀၂၃ ခုနှစ်၊ မတ်လ (၂၄) ရက်ညနေ နာရီ မှာဆွေးနွေးမှာဖြစ်ပါတယ်။


အဆိုပါဆွေးနွေးပွဲမှာ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ် ပါဝင်ဆွေးနွေးမယ်လို့လည်းသိရပါတယ်။


၂၀၂၁ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် စတင်ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ပြန်လည်သုံးသပ် ပြင်ဆင်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပခဲ့သော ပထမအကြိမ် ပြည်သူ့ညီလာခံတွင် အတည်ပြုခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်သည် နွေဦးတော်လှန်ရေး၏ လူထုတောင်းဆိုချက်များ၊ နိုင်ငံရေးအင်အားစုများ၏ ညှိနှိုင်းဆွေးနွေး သဘောတူညီချက်များနှင့် မွေးဖွားလာခဲ့ပါတယ်။


========================


📌📌 ၅။  စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အဓိပ္ပါယ်ကို လူ့အခွင့်ရေးဆိုင်ရာဒုဝန်ကြီးပြော


စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အဓိပ္ပါယ်ကို လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီး ခွန်ဗဟန်းထန်ကပြောပါတယ်။ မတ်လအတွင်းမှာ NUG လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးကဆိုပါတယ်။


"စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အဓိပ္ပါယ်ဖွင့်ဆိုတဲ့နေရာမှာ တကယ့်အချုပ်အခြာအာဏာဟာ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်ကပြည်သူတွေမှာပဲ ရှိရပါမယ်။ ပြည်နယ်တွေကနေပဲ ဆင်းသက်ရပါမယ်။ မူလအချုပ်အခြာအာဏာပိုင်ကလည်း ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်တွေမှာပဲရှိပါတယ်။ အဲ့ဒီကမှတဆင့် ပြည်ထောင်စုကို အာဏာခွဲဝေပေးပြီး ပြည်ထောင်စုအဆင့် ပြည်နယ်အဆင့် ဒေသန္တရအဆင့်ဆိုပြီး ဖက်ဒရယ်စနစ်နဲ့ အဆင့်ဆင့်စီမံအုပ်ချုပ်စေတာဖြစ်ပါတယ်။ ဒါမှ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုလို ခေါ်ဆိုနိုင်ပါလိမ့်မယ်။လို့ဆိုပါတယ်။ လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ဖက်ဒရယ်ချာတာအတိုင်း လျှောက်လှမ်းလျက်ရှိပါတယ်။


========================


📌📌 ၆။ NUGဂျပန်ကိုယ်စားလှယ်ရုံးက ကြီးမှူးကျင်းပမယ့်ထောက်ပို့တော်လှန် နွေဦးသင်္ကြန်တော်လှန်ရေးရံပုံငွေပွဲအတွက် ဝင်ခွင့်လက်မှတ်များစတင်ရောင်းချ


NUG ဂျပန်ကိုယ်စားလှယ်ရုံးက ကြီးမှူးကျင်းပမယ့်ထောက်ပို့တော်လှန် နွေဦးသင်္ကြန်တော်လှန်ရေး ရံပုံငွေပွဲ အတွက် ဝင်ခွင့်လက်မှတ်များ စတင်ရောင်းချနေပြီလို့ သတင်းရရှိပါတယ်။ မတ်လ ၂၃ ရက်မှာ NUG ဂျပန်ကိုယ်စားလှယ်ရုံးက အသိပေးဖော်ပြပါတယ်။


"ဧပြီလ ()ရက်နေ့ တိုကျိုမြို့၊ ဟိဘိရပန်းခြံတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဂျပန်အခြေစိုက်ရုံးမှ ကြီးမှုး ကျင်းပပြုလုပ်သွားမည့်ထောက်ပို့တော်လှန် နွေဦးသင်္ကြန်တော်လှန်ရေးရံပုံငွေပွဲ အတွက် ဝင်ခွင့်လက်မှတ်များစတင်ရောင်းချပေးပြီဖြစ်ကြောင်း အသိပေးကြေညာအပ်ပါတယ်"လို့ဆိုပါတယ်။


ပွဲဖြစ်မြောက်ရေး ကုန်ကျစရိတ်များမှာ ယခင်နှစ်များထပ် ပိုမိုကုန်ကျမည်ဖြစ်သော်လည်း ဝင်ခွင့်လက်မှတ်များကို အများအဆင်ပြေစွာဝယ်ယူအားပေးနိုင်ရန်စျေးနှုန်းအားလက်မှတ်()စောင် ¥1000 ဖြင့်သာသတ်မှတ်ထားပါတယ်လို့ဆိုပါတယ်။ Online E tickets နှင့် paper tickets များကို ကြိုတင်ရောင်းချပေးသွားမှာဖြစ်ပါတယ်။


========================


📌📌 ၇။ ခင်ဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်၏ ဇနီးဖြစ်သူနဲ့ သမီးဖြစ်သူကို စစ်ခုံရုံးမှ ထောင်ဒဏ်များချမှတ်


ခင်ဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်၏ ဇနီးဖြစ်သူနဲ့သမီးဖြစ်သူကို စစ်ခုံရုံးမှ ထောင်ဒဏ်များချမှတ်ခဲ့ပါတယ်။ မတ်လ ၂၃ ရက်မှာ လတ်တလောအခြေအနေများနှင့်ပတ်သက်၍ AAPPကအသိပေးဖော်ပြပါတယ်။


စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်၏ ဇနီးဖြစ်သူ ဒေါ်ခင်သန်းနု () ဒေါ်နီလာနှင့် သမီးဖြစ်သူ ဒေါ်အိနန္ဒာအောင်တို့ကို မတ်လ ၂၀ ရက်နေ့တွင် ခင်ဦးမြို့နယ် စစ်ခုံရုံးမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က() ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ်စီ ချမှတ်ခဲ့ကြောင်း သိရှိရပါတယ်။


 ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ဒေါ်ခင်သန်းနုနှင့် ဒေါ်အိနန္ဒာအောင်တို့ကို ခင်ဦးမြို့ရှိ ဂန္ထဝင်တောက်ကြီး လက်ဖက်ရည်ဆိုင်အနီးတွင် အကြမ်းဖက်စစ်အုပ်စု၏တပ်သားများက အင်အားအလုံးအရင်းဖြင့် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။


၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ် မတ်လ ၂၃ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၆၉၅၄) ဦးရှိပြီး ၎င်းတို့အနက်မှ  (၅၁၈၉) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။


========================


📌📌 ၈။ ပေါက်မြို့အဝင် အိမ်တွင်းမှုကျောင်းတွင်တပ်စွဲကာ ခရီးသွားပြည်သူများအား ငွေကြေးတောင်းခံတဲ့ စကစ တပ်များRPGနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ


မကွေးတိုင်း၊ ပေါက်မြို့အဝင် အိမ်တွင်းမှုကျောင်းတွင်တပ်စွဲကာ ခရီးသွားပြည်သူများအား ငွေကြေးတောင်းခံတဲ့ စကစတပ်များ RPGနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပါတယ်။ မတ်လ၂၃ ရက်မှာ စစ်ရေးသတင်းကို မြိုင်ပကဖက အတည်ပြုဆိုပါတယ်။


မတ်လ၂၂ရက်နေ့  မွန်းလွဲ၁၂နာရီ၁၅အချိန်မှာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စကစဘက်က ငါးဦးအပြင်းအထန် ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။ စစ်ဆင်ရေးကို ပေါက်ကျေးရွာ ကာကွယ်ရေးအဖွဲ့များနဲ့ မြိုင်ပကဖ အပါအဝင် မဟာမိတ်တပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။


========================


📌📌 ၉။ မြောင်နယ်ကို စစ်ကြောင်းထိုးတဲ့ ဘီလူးစစ်ကြောင်းမှ စစ်ကြောင်းမှူးအပါအဝင် အားလုံး၄၂ဦးသေဆုံး


စစ်ကိုင်းတိုင်း၊ မြောင်နယ်ကို စစ်ကြောင်းထိုးတဲ့ ဘီလူးစစ်ကြောင်းမှ စစ်ကြောင်းမှူးအပါအဝင် အားလုံး ၄၂ ဦးသေဆုံးခဲ့ပါတယ်။ မတ်လ ၂၃ ရက်မှာ စစ်ရေးသတင်းကို မြောင် CDSOMက အသိပေးဖော်ပြပါတယ်။


"စစ်ကြောင်းမှုးအပုတ်ဘော်ဒီကိုထမ်းကာ ဒဏ်ရာ ပလပွနဲ့ ပြန်နေကြတဲ့ အစွယ်ကျိုးဘီလူးများပြောထားပါတယ် ၂၁ရက်နေ့မနက်ပိုင်းကတည်းက " ဆက်နေရင် ဆက်သေမယ်လို့" ဆက်နေတော့အဲနေ့ ညနေပိုင်းလဲရောက်ရော စစ်ကြောင်းမှုးအပါ ၁၉ဦး"လို့ CDSOMမှ ကိုနွေဦး မြောင်ကဆိုထားပါတယ်။


စကစတပ်ရဲ့ ဘီလူးစစ်ကြောင်းဟာ မြောင်နယ်အတွင်းသို့မတ်လ ၁၂ ရက်နေ့ ကတည်းက ဝင်ရောက်လာခဲ့ပြီး မြောင်သူရဲကောင်းစစ်သည်များမှ နည်းလမ်းပေါင်းစုံဖြင့် တိုက်ခိုက်ခဲ့ရာ မတ်၁၅ရက်နေ့တွင်  ဦး   M2W မိုင်း () ပွိုင့်အောင်  ၆ဦး ၊မတ်လ ၁၆ရက်နေ့တွင် ဦး၊ မတ်လ၂၁ ရက်နေ့ တိုက်ပွဲမှာ ၁၉ ဦး  စုစုပေါင်း ၄၂ ဦးသေဆုံးခဲ့ပါတယ်။


အဆိုပါစစ်ကြောင်းဟာ မတ်လ၂၃ရက် နံနက် ၃နာရီတွင် သရက်သာရွာမှထွက်ခွာကာ ဇရပ်ကုန်းရွာသို့ ထမ်းစင်ဖြင့် အကောင်ကြီးကိုထမ်းကာဝင်ရောက်သွားပြီးချောင်းဦးဘက်ထွက်မယ်လို့ခန့်မှန်းထားပါတယ်။


========================


📌📌 ၁၀။ မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်ရုပ်ရှင်ကို အမေရိကန်နိူင်ငံမှာပြသမယ်


မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်ရုပ်ရှင်ကို အမေရိကန်နိူင်ငံမှာ ပြသမယ်လို့သတင်းရရှိပါတယ်။ အမေရိကန်နိူင်ငံမှာ မတ်လ၂၆ရက်နေ့မှာ ၄င်းဇာတ်ကားကိုပြသသွားမှာ ဖြစ်ပြီးတော့ လတ်တလော ဇာတ်လမ်းနမူနာကိုမပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။


ဒါရိုက်တာဏကြီးရိုက်ကူးသောမပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်ရုပ်ရှင်မှာ မအေးမြအဖြစ် သရုပ်ဆောင်ပိုင်ဖြိုးသုက ပါဝင်သရုပ်ဆောင်ထားပြီး  ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ၄င်းရုပ်ရှင်ကို အမေရိကန်၊ ပြင်သစ်၊ ကနေဒါ၊ ယူကေစတဲ့ နိူင်ငံများမှာလည်း ပြသ သွားမှာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment