၂၀၂၃ မတ်လ ၃၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။အကြမ်းဖက် စစ်တပ်ရဲ့ လုပ်ရပ်တွေကို သတိကြီးစွာထားကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား
📌 ၂။ ပြည်သူ့နွေဦးတော်လှန်ရေးဟာ အနိူင်အရှုံးကိုအဆုံးအဖြတ်ပေးမယ့် အရေးကြီးကာလကို ရောက်ရှိနေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ် အသိပေးပြောကြား
📌 ၃။ ဒုတိယဝန်ကြီး ဒေါ်အိသဥ္ဇာမောင်၏ နီလာလက်စွပ်ကို နွေဦးတော်လှန်ရေးအတွက်လေလံတင်ရောင်းချ
📌 ၄။ နိုင်ငံရေးပါတီအဖွဲ့ ၄၀ ကို ဖျက်သိမ်းရန် မြန်မာစစ်အာဏာရှင်အနေဖြင့် ဆုံးဖြတ်ချက်ချခြင်းသည် မြန်မာပြည်သူလူထု၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ထပ်မံခြိမ်းခြောက်လိုက်ခြင်းဖြစ်တယ်လို့ UKသံရုံးထုတ်ပြန်
📌 ၅။ ဗန်းမောက်မြို့စစ်ကြောင်းထိုးလာသော အင်အား ၇၀ ပါ အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် PDF ပူးပေါင်းတက်တို့ ယနေ့မနက် ပြင်းထန်စွာတိုက်ပွဲ ဖြစ်ပွား
📌 ၆။ စစ်ကိုင်း မှ ဘိုးမင်းကျီးကင်းသို့ ဗိုလ်ချိန်းရန်ထွက်လာသော အင်အား ၄၀ခန့်ပါ စကစတပ်ကားမိုင်းထိ၍ ၁၃ဦးသေဆုံးခဲ့
📌 ၇။ မြိုင်မြို့နယ် အိုင့်မရွာမှာ အကြမ်းဖက်စစ်တပ်က ဝင်ရောက်သောင်းကျန်းဖျက်ဆီး
📌 ၈။ တနင်္သာရီဒေသတစ်ခုလုံးအတွင်း စစ်ဘေးရှောင်ပြည်သူဦးရေ ၄၀,၀၀၀ ခန့်အထိရှိလာ
📌 ၉။ "PROJECT စည်းရိုး"ကမ်ပိန်း ၁၁ရက်မြောက်နေ့မှာ ၂၅ရာခိုင်နှုန်းသာရရှိသေး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။အကြမ်းဖက် စစ်တပ်ရဲ့ လုပ်ရပ်တွေကို သတိကြီးစွာထားကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား
မတ်လ ၃၀ ရက်
မတ်လနောက်ဆုံးပတ်မှာကျင်းပခဲ့တဲ့အစိုးရ အဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်တွေကို သတိကြီးစွာထားကြဖို့ ပြောကြားလိုက်ပါတယ်။
"ကျနော်တို့အားလုံး စစ်တပ်ရဲ့ ထောင်ချောက်ကို သတိကြီးကြီးနဲ့ စောင့်ကြည့်နေရမဲ့ အချိန်လည်းဖြစ်ပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေအားလုံးကိုလည်း အကြမ်းဖက် စစ်တပ်ရဲ့ လုပ်ရပ်တွေကို သတိကြီးစွာထားကြဖို့အတွက် အလေးအနက်တိုက်တွန်း လိုပါတယ်"လို့ဆိုပါတယ်။
စကစဟာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုအချို့ကို အတုအယောင် လွတ်လပ်ရေးနဲ့ အုပ်ချုပ်ခွင့်မူများကို မက်လုံးပေးစည်းရုံးလျက်ရှိပြီး သဘောတူစာချုပ်အတုကိုချုပ်ဆိုဖို့ဖန်တီးနေလျက်ရှိပါတယ်။
========================
📌📌 ၂။ ပြည်သူ့နွေဦးတော်လှန်ရေးဟာ အနိူင်အရှုံးကိုအဆုံးအဖြတ်ပေးမယ့် အရေးကြီးကာလကို ရောက်ရှိနေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ် အသိပေးပြောကြား
မတ်လ ၃၀ ရက်
မတ်လနောက်ဆုံးပတ်မှာ ပြည်သူ့ရင်ခွင်ခိုလှုံကြရန် သတိပေးတိုက်တွန်းသော မိန့်ခွန်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အခုလိုအသိပေးမှာကြားခဲ့ပါတယ်။
"ပြည်သူ့နွေဦးတော်လှန်ရေးဟာ အနိူင်အရှုံး ကိုအဆုံးအဖြတ် ပေးမယ့် အရေးကြီးကာလကို ရောက်ရှိနေပြီ ဖြစ်သလိုဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ရည်မှန်းထားကြတဲ့ တော်လှန်ရေးအင်အားစုတွေ အားလုံးဟာလည်း တိုင်းရငသားပြည်သူတစ်ရပ်လုံးက ပေးအပ်ထားတဲ့အခွင့်အာဏာကို ကိုင်စွဲပြီး အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို အမြစ်လှန် တွန်းလှန်မယ့် ခေတ်ပြောင်းတော်လှန်ရေးကို ညီညွတ်စုစည်းစွာနဲ့ ဆင်နွှဲနေကြပြီ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ တစ်နှစ်တာ မဟာဗျုဟာ စီမံချက်ကိုအကောင်အထည်ဖော်ဆောင်လျက်ရှိပြီးတော့ စစ်ရေးအရှိန်ကိုမြှင့်တင်လျက်ရှိပါတယ်။
========================
📌📌 ၃။ ဒုတိယဝန်ကြီး ဒေါ်အိသဥ္ဇာမောင်၏ နီလာလက်စွပ်ကို နွေဦးတော်လှန်ရေးအတွက်လေလံတင်ရောင်းချ
မတ်လ ၃၀
မတ်လ ၃၀ ရက်မှာ တော်လှန်ရေးရန်ပုံငွေရှာဖွေသူ မပန်ဆယ်လိုက အခုလိုအသိပေးဆိုပါတယ်။
"ကျွန်မတို့ NUG က ဒုတိယဝန်ကြီးမမရဲ့ လက်စွပ်လေးကို တော်လှန်ရေးရဲဘော်တွေအတွက် ရောင်းချင်ပါတယ်။ မအိသဥ္ဇာမောင်ရဲ့ လက်စွပ်လေးဖြစ်ပါတယ်။ မိုးကုတ်တွင်းထွက် နီလာနဲ့ စိန်သုံးထပ်ရံထားတဲ့ ခန့်ထည်လှပတဲ့ လက်စွပ်ပါ။ $5000 ရချင်ပါတယ်"လို့ဆိုထားပါတယ်။
ဒုတိယဝန်ကြီးကတော့ ပိုင်ဆိုင်တဲ့လက်စွပ်ရောင်းချပြီးပါက တော်လှန်ရေးရန်ပုံငွေ အဖြစ် ပြန်လည်အသုံးပြုသွားမှာလည်းဖြစ်တယ်လို့သိရပါတယ်။
========================
📌📌 ၄။ နိုင်ငံရေးပါတီအဖွဲ့ ၄၀ ကို ဖျက်သိမ်းရန် မြန်မာစစ်အာဏာရှင်အနေဖြင့် ဆုံးဖြတ်ချက်ချခြင်းသည် မြန်မာပြည်သူလူထု၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ထပ်မံခြိမ်းခြောက်လိုက်ခြင်းဖြစ်တယ်လို့ UKသံရုံးထုတ်ပြန်
မတ်လ ၃၀ ရက်
မတ်လ ၃၀ ရက် ယနေ့မှာ ရန်ကုန်မြို့ရှိ UK သံရုံးက အခုလိုထုတ်ပြန်ပြောကြားခဲ့ပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအပါအဝင် နိုင်ငံရေးပါတီအဖွဲ့ ၄၀ ကို ဖျက်သိမ်းရန် မြန်မာစစ်အာဏာရှင်အနေဖြင့် ဆုံးဖြတ်ချက်ချခြင်းသည် မြန်မာပြည်သူလူထု၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ထပ်မံခြိမ်းခြောက်ခြင်း ဖြစ်ပါတယ်။
ပြည်သူလူထု၏ ဒီမိုကရေစီဝါဒအခြေခံသောဆန္ဒများကို လေးစားသည့် လေးနက်ပြီး အားလုံးပါဝင်နိုင်သော တွေ့ဆုံဆွေးနွေးမှုများ မလုပ်ဆောင်ဘဲ စစ်အာဏာရှင်အနေဖြင့် ၄င်းတို့ဖန်တီးထားသော ကျပ်တည်းသည့်အခြေအနေကို ဖြေရှင်း၍ မရနိုင်ပါ"လို့ဆိုထားပါတယ်။
ဒါ့အပြင်စစ်အာဏာရှင်၏ နိုင်ငံရေးအရ လှုံ့ဆော်သည့် လုပ်ဆောင်ချက်များနှင့် အကြောက်တရားသွင်း၍ ဆန့်ကျင်မှုများအား ဖိနှိပ်ရန်အတွက် ပိုမိုရက်စက်သော နည်းဗျူဟာများအသုံးပြုခြင်းကို ကျွန်ုပ်တို့ ပြစ်တင်ရှုတ်ချတယ်လို့ဖော်ပြပါတယ်။
အကြမ်းဖက်မှုအားလုံးကို အဆုံးသတ်ပြီး လေးနက်၍ အားလုံးပါဝင်နိုင်သော အပြန်အလှန်ဆွေးနွေးမှုမျိုးဖန်တီးပေးရန် ယူကေအစိုးရသည် လုပ်ဖော်ကိုင်ဖက်များနှင့်အတူ စစ်အာဏာရှင်အား ဆက်လက်ဖိအားပေးလုပ်ဆောင်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။
========================
📌📌 ၅။ ဗန်းမောက်မြို့စစ်ကြောင်းထိုးလာသော အင်အား ၇၀ ပါ အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် PDF ပူးပေါင်းတက်တို့ ယနေ့မနက် ပြင်းထန်စွာတိုက်ပွဲ ဖြစ်ပွား
မတ်လ ၃၀ ရက်
မတ်လ ၃၀ ရက်နေ့မှာ ဗန်းမောက်တော်လှန်ရေးအင်အားစုက တိုက်ပွဲသတင်းကိုအခုလိုအတည်ပြုဆိုပါတယ်။
ဗန်းမောက်မြို့မှ စစ်ကြောင်းထိုးလာသော အင်အား ၇၀ ပါ အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် PDF နဲ့ပူးပေါင်းအဖွဲ့များပြည်သူ့ကာကွယ်ရေးတပ်များသည် အလယ်ရွာ ကံရွာအနီး ယမန်နေ့ ည ၁၀ နာရီတွင်တစ်ကြိမ်၊ ယနေ့ မနက် ၇ နာရီတွင်တစ်ကြိမ် ရင်ဆိုင်တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေပါတယ်"လို့ဆိုပါတယ်။
အထိနာနေသော စကစတပ်များ၏ စစ်ကူတောင်းမှုကြောင့် အင်းတော်မှထွက်ခွာလာသောစစ်ကြောင်း ရွာသာယာကျော်လာပြီဖြစ်ကြောင်း သိရှိရပါတယ်။ ဒဏ်ရာရနေသော အကြမ်းဖက်စစ်ကောင်စီတပ်များကို နှစ်ယောက် သုံးယောက်စီခွဲ၍ ကုန်တင်ကားများ၊ ကျောက်တင်ကားများမှတဆင့် ဗန်းမောက်ဆေးရုံသို့ ပို့ဆောင်နေကြောင်း သိရှိရပါတယ်။
========================
📌📌 ၆။ စစ်ကိုင်း မှ ဘိုးမင်းကျီးကင်းသို့ ဗိုလ်ချိန်းရန်ထွက်လာသော အင်အား ၄၀ခန့်ပါ စကစတပ်ကားမိုင်းထိ၍ ၁၃ဦးသေဆုံးခဲ့
မတ်လ ၃၀
မတ်လ ၃၀ ရက်မှာ စစ်ရေးသတင်းကို People’s knight Defense Force Myinmuကအခုလို အတည်ပြုဆိုပါတယ်။
"မတ် ၂၉ ရက် ည ၉ နာရီ ၄၀မိနစ် အချိန်တွင် စစ်ကိုင်း မှ ဘိုးမင်းကျီးကင်းသို့ ဗိုလ်ချိန်းရန်ထွက်လာသော အင်အား ၄၀ခန့်ပါစကစတပ်ကား တစ်စီးကို မြင်းမူမြို့ နှင့် ဝမ်းပြည့် ကျေးရွာကြားတွင် နှစ်တြိမ်မိုင်းဆွဲ တိုက်ခိုက်ခဲ့ ပြီး ဝမ်းပြည့်ကျေးရွာ နှင့် အလ္လ ကပ္ပ ကျေးရွာကြားတွင် လေးတြိမ်တိုင်မိုင်ဆွဲ တိုက်ခိုက်ခဲ့ပါတယ်။ စကစဘက်မှ ၁၃ ကောင်သေဆုံး ပြီးအများအပြားဒဏ်ရာ ရ ရှိခဲ့ပါတယ်"လို့ဆိုပါတယ်။
အဆိုပါစကစတပ်ကားကို ထိထိမိမိမှန်ခဲ့ပြီး စခများအထိနာ၍ လက်နက်ကြီး လက်နက်ငယ်များဖြင့် အများအပြားပစ်ခက်သော်လည်း တော်လှန်ရေးအဖွဲ့များ အထိအခိုက် မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။
စစ်ဆင်ရေးများကို ကျွန်ုပ်တို့ People's knight Defense Force Myinmu (PKDF-MMU) ၊ Dog Killers Defense Force ( DKPDF -MMU) ၊၊ D.B.B.F-MMU စသောမဟာမိတ်အဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
========================
📌📌 ၇။ မြိုင်မြို့နယ် အိုင့်မရွာမှာ အကြမ်းဖက်စစ်တပ်က ဝင်ရောက်သောင်းကျန်းဖျက်ဆီး
မတ်လ ၃၀ ရက်
မကွေးတိုင်း၊မြိုင်မြို့နယ် အိုင့်မရွာမှာ အကြမ်းဖက်စစ်တပ်က ဝင်ရောက်သောင်းကျန်းဖျက်ဆီးခဲ့ ကြောင်းကို မတ်လ၃၀ရက်နေ့ မနက်ပိုင်းမှာ ဒေသခံ သတင်းအရင်းအမြစ်များက အတည်ပြုဆိုပါတယ်။
"မတ်လ၂၉ရက် နေ့လည်ပိုင်းက မြိုင်မြို့ကနေ တောင်ဘက်ကိုထွက်ခွာလာတဲ့ စစ်ကောင်စီတပ်တွေဟာမနေ့ညက မြိုင်နဲ့ စက်မှု၂ ကြား လမ်းမှာ ညအိပ်ပြီးယနေ့မနက်စော မြိုင်မြို့နယ်အနောက်တောင်ပိုင်း အိုင့်မရွာအတွင်းသို့ ရမ်းသမ်း ပစ်ခတ်ဝင်ရောက်ကာအိုင့်မရွာဘုန်းကြီးကျောင်းကနေဝါးရင်းချိုင့်ရွာဘက်ကို လက် နက် ကြီးများဖြင့် ရမ်း ပစ် နေတယ်လို့ သိရပါတယ်"လို့ဆိုပါတယ်။
စကစတပ်များဟာ မကွေးတိုင်း မြိုင်မြို့နယ်ကို မကြာခဏစစ်ကြောင်းထိုးဝင်ရောက်လျက်ရှိပြီးအရပ်သားများကိုပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။
========================
📌📌 ၈။ တနင်္သာရီဒေသတစ်ခုလုံးအတွင်း စစ်ဘေးရှောင်ပြည်သူဦးရေ ၄၀,၀၀၀ ခန့်အထိရှိလာ
မတ်လ ၃၀ ရက်
မတ်လအတွင်း တနင်္သာရီဒေသအတွင်းရှိ စစ်ရှောင်အခြေအနေကို ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က အခုလိုအသိပေးဖော်ပြပါတယ်။
"တနင်္သာရီဒေသအတွင်း မတ်လပထမအပတ်မှစတင်၍ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်များ၏ တိုက်ပွဲများ၊ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်၍ မီးရှို့ဖျက်ဆီးမှုများ၊ ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် စစ်ဘေးရှောင်ပြည်သူဦးရေ တဟုန်ထိုးမြင့်တက်လာခဲ့ပါတယ်။၂၀၂၃ ခုနှစ် မတ်လတွင် ဒေါနတနင်္သာရီမှမြေပြင်အခြေအနေများ၊ သတင်းဌာနတို့မှအချက်အလက်များအပေါ်ကိုးကားအခြေခံ၍ စုစည်းမှုအရ တနင်္သာရီဒေသတစ်ခုလုံးအတွင်း စစ်ဘေးရှောင်ပြည်သူဦးရေ ၄၀,၀၀၀ ခန့်အထိရှိနေပြီဖြစ်ပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်များမှ ဖြတ်လေးဖြတ်မူကျင့်သုံး၍စစ်ရှောင်များကို ဖိနှိပ်ထားတယ်လို့ဆိုပါတယ်။
========================
📌📌 ၉။ "PROJECT စည်းရိုး"ကမ်ပိန်း ၁၁ရက်မြောက်နေ့မှာ ၂၅ရာခိုင်နှုန်းသာရရှိသေး
မတ်လ ၃၀
"PROJECT စည်းရိုး"ကမ်ပိန်း ၁၁ရက်မြောက်နေ့မှာ ၂၅ရာခိုင်နှုန်းသာရရှိသေးတယ်လို့ မတ်လ၃၀ရက်နေ့မှာ အသိပေးဆိုထားပါတယ်။
"အချိန်အားဖြင့် projectအလယ်လောက်ရောက်လာပြီဆိုပေမဲ့ Target ရဲ့ရာခိုင်နှုန်း တစ်ဝက်ကိုရောက်ဖို့တောင် အလှမ်းဝေးနေသေးတယ် ပြောရမှာပါ။ကျန်တဲ့ရက်တွေမှာ နိုင်ငံအလိုက်က ပြည်တွင်းပြည်ပက ပြည်သူတွေကနေရာခိုင်နှုန်းတိုးအောင် ဆက်ပြီး အားဖြည့်ကူမယ်လို့ ယုံကြည်ထားပါတယ်ဗျ။ ကရင်နီအတွက် အရမ်းကို အရေးကြီးတဲ့ Projectဖြစ်တဲ့အတွက် ပါဝင်ပေးကြဖို့ ထပ်ပြီးတောင်းဆိုပါရစေ"လို့ဆိုထားပါတယ်။
"စည်းရိုး− The Fence” ပရောဂျက်ဟာဆိုရင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာ (၄)အတွက် “၂၁ ရက်အတွင်း လက်နက်ခဲယမ်းဖြည့်တင်းရန် မြန်မာကျပ်ငွေ သိန်း ၁ သောင်း”ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ရည်ရွယ်တဲ့ ပရောဂျက်ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် မတ်လ ၂၀ ရက်နေ့ကနေ ဧပြီလ ၉ ရက်နေ့အထိ ၂၁ ရက်ကြာပြုလုပ်မယ့် ပရောဂျက်ဖြစ်ပြီးကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ရဲ့ ဗျူဟာ (၄)ကို တာဝန်ရှိသူထံမှတစ်ဆင့် တိုက်ရိုက်ပေးအပ်မှာဖြစ်ပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment