၂၀၂၃ ဧပြီလ ၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ မြန်မာပြည်ရဲ့ နှစ်ရှည်လများ ဖြစ်ပေါ်တည်ရှိနေခဲ့တဲ့ ပြဿနာဟာ အာဏာရှင်တွေရဲ့ ဖိနှိပ်မှုများကြောင့် သာဖြစ်တယ်လို့ဝန်ကြီးချုပ်ပြောကြား
📌 ၂။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်မည်” ဟူသည့် ပြည်ထောင်စု မျှော်ရည်ချက်ကို ရောက်ရှိသည်အထိ လမ်းပြမြေပုံအတိုင်း ဦးလည်မသုန် ဆက်လက်လျှောက်လှမ်း သွားမယ်လို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ နှင့် အမျိုးသားညီညွတ်ရေးအစိုးရပူးတွဲ ကြေညာချက်ထုတ်ပြန်
📌 ၃။ အကြမ်းဖက် စစ်ခေါင်းဆောင်လက်အောက်က တပ်ဖွဲ့ဝင်များအချိန်မီ ပြည်သူ့ဘက်သို့ ကူးပြောင်းလာရန် ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာ လှလှစိုး တိုက်တွန်းပြောကြား
📌 ၄။ Chin National Defense Forceကိုမြန်မာဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချူပ်(MFDMC)မှ Nato ကျည်တောင့် (၂၀၀၀)ဝယ်ယူပေးခဲ့
📌 ၅။ မြိုင်မြို့နယ်တောင်ပိုင်း ဆယ်ပြားရွာအတွင်းကိုစကစတပ်များ ယနေ့မနက် သေနတ်များပစ်ခတ်ကာ ဝင်ရောက်သောင်းကျန်း
📌 ၆။ ချင်းတွင်းတံတားကိုဖြတ်ကူးလာပြီးယင်းမာပင်မြို့နယ်ဘိမ်းနွယ်ချောင်ရွာသို့သေနတ်များပစ်ဖောက်ကာစကစတပ်များစစ်ကြောင်းထိုးဝင် ရောက်၍ ဒေသခံအများအပြားထွက်ပြေးတိမ်းရှောင်နေရ
📌 ၇။ NUGPay နှင့် ပြည်သူများ၏ “ကရင်နီအတွက် ခွန်အားတစ်လက်” Campaign မှ အလှူငွေ စုစုပေါင်း ၂၈၇ သိန်း ရရှိခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ မြန်မာပြည်ရဲ့ နှစ်ရှည်လများ ဖြစ်ပေါ်တည်ရှိနေခဲ့တဲ့ ပြဿနာဟာ အာဏာရှင်တွေရဲ့ ဖိနှိပ်မှုများကြောင့် သာဖြစ်တယ်လို့ဝန်ကြီးချုပ်ပြောကြား
ဧပြီ ၁ ရက်
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂) နှစ်ပြည့်အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အခုလို ထည့်သွင်းပြောကြားခဲ့ပါတယ်။
" မြန်မာပြည်ရဲ့ နှစ်ရှည်လများ ဖြစ်ပေါ်တည်ရှိနေခဲ့တဲ့ ပြဿနာဟာ အခြေခံအားဖြင့် အာဏာရှင်တွေရဲ့ ဖိနှိပ်မှုများကြောင့် နိုင်ငံသားများရဲ့ ဒီမိုကရေစီ နဲ့ ရပိုင်ခွင့်များ ဆုံရှုံးရရုံသာမကဘဲ တိုင်းရင်းသား လူနည်းစုတို့ရဲ့ တန်းတူရေးကို လျစ်လျူရှုခံခဲ့ရခြင်း၊ ခေတ်အဆက်ဆက် သမိုင်းအဆက်ဆက် ဘာသာရေး၊ လူမျိုးရေးမှိုင်းများခံစားခဲ့ကြရပြီး စည်းလုံးမှု အဖြေရှာမရတဲ့ အခြေအနေတို့ကြောင့်လို့ နားလည်နိုင် ပါတယ်။ ဒီကနေ့ ဒီ (၂) နှစ်တာ သက်တမ်းရှိလာပြီဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ်ဟာဆိုရင် ဒီ ရင်းမြစ်ပြဿနာများကို တပြိုင်နက်တည်း ဖြေရှင်းနိုင်မယ့် လမ်းစ၊ တန်းတူရေးကို အာမခံချက်ရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ထောင်နိုင်မယ့် လမ်းစ ဆိုတာကို ပြည်သူ့ခေါင်းဆောင်များအားလုံး တိကျ ရှင်းလင်းစွာ နားလည်ထားပြီးသား ဖြစ်ပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် အကြမ်းဖက် စစ်ကောင်စီအပါအဝင် နောင်ဘယ်သောအခါမျှ လူထုကို အကြမ်းဖက်မည့် အဖွဲ့အစည်းများ၊ အာဏာရှင်များ မပေါ်ပေါက်ရေးအတွက် အတူတကွ ဆက်လက်ကြိုးပမ်းကြဖို့လည်း ဝန်ကြီးချုပ်ကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၂။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်မည်” ဟူသည့် ပြည်ထောင်စု မျှော်ရည်ချက်ကို ရောက်ရှိသည်အထိ လမ်းပြမြေပုံအတိုင်း ဦးလည်မသုန် ဆက်လက်လျှောက်လှမ်း သွားမယ်လို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ နှင့် အမျိုးသားညီညွတ်ရေးအစိုးရပူးတွဲ ကြေညာချက်ထုတ်ပြန်
ဧပြီ၁ရက်
ဧပြီ၁ရက်နေ့တွင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂) နှစ်ပြည့် ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။
ကြေညာချက်တွင် စစ်အာဏာသိမ်းရန် ကြိုးပမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ကြသော သက်ဆိုင်သူ များ (Stakeholders) က စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ် မှန်သမျှ ပပျောက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးသတ်ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊ အရပ်သားပြည်သူ့အစိုးရ ပေါ်ထွန်းရေး ဟူသည့် လုပ်ငန်းများကို ဆောင်ရွက်သွား ရန် ရည်ရွယ်၍ ရေးဆွဲအတည်ပြု ပြဌာန်းခဲ့သော ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်သည် ယနေ့ ၂၀၂၃ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် (၂) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်လို့ဖော်ပြပါတယ်။
တိုင်းရင်းသားပြည်သူလူထုတရပ်လုံး၏ ဆန္ဒနှင့် ထပ်တူဖြစ်သော အထက်ပါ လုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၁) ၏ အခန်း (၃) တွင် အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ် (သို့မဟုတ်) နိုင်ငံရေးလမ်းပြမြေပုံ အဆင့် (၁၂) ဆင့်ကို အတိအလင်း ထည့်သွင်းပြဌာန်းထားပြီးဖြစ်ပါတယ်။
မိမိတို့ တော်လှန်ရေးအင်အားစုများအနေဖြင့် နိုင်ငံရေးလမ်းပြမြေပုံ အဆင့် (၈) တွင် ပါဝင်သည့် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခြင်း လုပ်ငန်းစဉ် အတွက် ချမှတ်ထား သော လမ်းညွှန်အခြေခံမူများထဲတွင် ပါဝင်သည့် “လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုကို အာမခံပြီး ငြိမ်းချမ်းသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်မည်” ဟူသည့် ပြည်ထောင်စု မျှော်ရည်ချက်ကို ရောက်ရှိသည်အထိ မိမိတို့၏ လမ်းပြမြေပုံအတိုင်း ဦးလည်မသုန် ဆက်လက်လျှောက်လှမ်း သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါတယ်လို့ဆိုပါတယ်။
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ပူးတွဲကျင်းပသော ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂) နှစ်ပြည့်အခမ်းအနားသို့ အဖွဲ့အစည်းအသီးသီး က သဝဏ်လွှာများ ပေးပို့ကြသည့်အတွက် ကျေးဇူးတင်ပါကြောင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ရှေ့ခရီးတွင် ပိုမို သွေးစည်း ညီညွတ်သော ပူးပေါင်းဆောင်ရွက်မှုကို မျှော်လင့်ရည်မှန်းလျက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် နှစ်နှစ်ပြည့် အထိမ်းအမှတ် ဆွေးနွေးပွဲများ တွင် ပါဝင်ဆွေးနွေးခဲ့ကြသော ဦးဆောင်ဆွေးနွေးခဲ့ကြသူများ၏ အကြံဉာဏ်များအပါအဝင် ပြည်သူ လူထုတရပ်လုံးနှင့် တော်လှန်ရေး၏ အရေးကြီးသော Stakeholders များ၏ အကြံပြုချက်များ ကိုလည်း အလေးအနက်ထားထည့်သွင်းစဉ်းစားကာ ဆက်လက် လျှောက်လှမ်း သွားမည်ဖြစ်ပါ ကြောင်း ကတိပြုပြောကြားအပ်ပါတယ်လို့ထုတ်ပြန်ပါတယ်။
========================
📌📌 ၃။ အကြမ်းဖက် စစ်ခေါင်းဆောင်လက်အောက်က တပ်ဖွဲ့ဝင်များအချိန်မီ ပြည်သူ့ဘက်သို့ ကူးပြောင်းလာရန် ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာ လှလှစိုး တိုက်တွန်းပြောကြား
ဧပြီ၁ရက်
ဧပြီ၁ရက်နေ့မှာ အမျိုးသမီး၊လူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာ လှလှစိုးက အခုလိုတိုက်တွန်းပြောကြားထားပါတယ်။
"ကရင်နီပြည်ရောက်စဥ်ကစကစဖက်က စစ်သုံ့ပန်းတွေကိုတွေ့ခဲ့တယ်။ဇွန်ဘီတွေလိုဘဲ... စကားလည်းပြန်မပြောတတ်။ တစ် နေရာကိုငေးကြည့်ပြီဆိုရင် ခေါ်လဲမကြား။ထမင်းဆိုလဲ စားဆိုမှစားတယ်။သူတို့ဘာသာ စမစားတတ်။ KNDF တွေကပြောပြတယ်။ ဆရာမရယ်ဒီဘက်ကပစ်တာလဲမရှောင် ဒီတိုင်း ဇွန်ဘီတွေလိုတက်လာတာတဲ့...မူးယစ်ဆေးဝါးတွေ ကျွေးပြီးရှေ့တန်းတက်ခိုင်းတာ။အရွယ်လေးတွေကငယ်ပါတယ်။နှမြောစရာ၊ စစ်ခေါင်းဆောင်တွေထိုးကျွေးခံရတာ။အချိန်မီပြည်သူ့ဖက် ပြောင်းလာပါ။နောက်ကျတယ်ဆိုတာမရှိပါဘူး"လို့ဆိုပါတယ်။
လက်ရှိမှာ စကစဘက်က လက်နက်နဲ့တကွ အလင်းဝင်လာသူများကို ငွေကျပ်၃၅သိန်း၊ သိန်း၆၀ ကျော်မှ စတင်ကာ ဆုကြေးဂုဏ်ပြုငွေများချီးမြှင့်လျက်ရှိပါတယ်။
========================
📌📌 ၄။ Chin National Defense Forceကိုမြန်မာဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချူပ်(MFDMC)မှ Nato ကျည်တောင့် (၂၀၀၀)ဝယ်ယူပေးခဲ့
ဧပြီ၁ရက်နေ့
Chin National Defense Forceကိုမြန်မာဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချူပ်(MFDMC)မှ Nato ကျည်တောင့် (၂၀၀၀)ဝယ်ယူပေးခဲ့တယ်လို့ ဧပြီ၁ရက်နေ့တွင် Chin National Defense Forceကအသိပေးဖော်ပြပါတယ်။
"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၌ အာဏာရှင်စနစ်ချူပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖြစ်ထွန်းပေါ်ပေါက်လာစေရေးအတွက် ချင်းအမျိူးသားအဖွဲ့ချူပ်(CNO)၊ချင်းအမျိူးသားကကွယ်ရေးတပ်ဖွဲ့ (CNDF)သို့ မြန်မာဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချူပ်(MFDMC)မှ Nato ကျည်တောင့် (၂၀၀၀)ဝယ်ယူရန်အတွက် ကျပ်သိန်းနှစ်ရာတိတိအား စေတနာသဒ္ဒါထက်သန်စွာဖြင့် ပါဝင်အားဖြည့်လှူဒါန်းမှုအတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ ချင်းပြည်နယ်ကို စကစတပ်များဟာ ကုန်းကြောင်းလေကြောင်းနဲ့စစ်ဆင်ရေးများဆင်နွှဲလျက်ရှိပါတယ်။
========================
📌📌 ၅။ မြိုင်မြို့နယ်တောင်ပိုင်း ဆယ်ပြားရွာအတွင်းကိုစကစတပ်များ ယနေ့မနက် သေနတ်များပစ်ခတ်ကာ ဝင်ရောက်သောင်းကျန်း
ဧပြီ၁ရက်
ဧပြီ၁ရက်နေ့မှာ စကစတပ်များ စစ်ကြောင်းထိုးမှုကို ဒေသခံ သတင်းအရင်းအမြစ်များကအခုလိုအတည်ပြုဆိုပါတယ်။
"ယနေ့မနက် ၆နာရီခန့်ကမြိုင်မြို့နယ်တောင်ပိုင်း စက်မှု ၂ အတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ မြိုင်မြို့နယ်တောင်ပိုင်း ဆယ်ပြားရွာအတွင်းကို လက်နက်များ ရမ်းသမ်း ပစ် ခ တ် ကာ ဝင်ရောက်နေတယ်လို့ သိရပါတယ်"လို့ဆိုပါတယ်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့ထိ စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူ နေအိမ်ပေါင်း ၆၀,၄၅၉ လုံး ပျက်စီးဆုံးရှုံးခဲ့ရာမှာစစ်ကိုင်းတိုင်းမှာ ၄၇,၇၇၈ လုံး၊ မကွေးတိုင်းမှာ ၉,၀၁၉ လုံးပျက်စီးခဲ့ရပါတယ်။
========================
📌📌 ၆။ ချင်းတွင်းတံတားကိုဖြတ်ကူးလာပြီးယင်းမာပင်မြို့နယ်ဘိမ်းနွယ်ချောင်ရွာသို့သေနတ်များပစ်ဖောက်ကာစကစတပ်များစစ်ကြောင်းထိုးဝင် ရောက်၍ ဒေသခံအများအပြားထွက်ပြေးတိမ်းရှောင်နေရ
ဧပြီ၁ရက်
ဧပြီ၁ရက်နေ့မှာ စကစတပ်များဟာ ဘိမ်းနွယ်ချောင်ရွာသို့ ဝင်ရောက်သွားတယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုကဆိုပါတယ်။
"ဧပြီ၁ရက် မနက်၇နာရီ၄၅အချိန်မုံရွာနမခမှစခများအင်အားပြည့်ကားသုံးစီးနှင့်ချင်းတွင်းတံတားကိုဖြတ်ကူးလာပြီးယင်းမာပင်မြို့နယ်ဘိမ်းနွယ်ချောင်ရွာသို့သေနတ်များပစ်ဖောက်ကာစစ်ကြောင်းထိုးဝင်လာပါတယ်။ဒေသခံပြည်သူများခုနစ်ထောင်ကျော်ခန့်အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရပါတယ်"လို့ဆိုပါတယ်။
အကြမ်းဖက် စကစတပ်များဟာ စစ်ကိုင်းတိုင်းရှိ မြို့နယ်များကို မြေပြင်စစ်ကြောင်းထိုးမှုအပြင် ဝေဟင်တိုက်ခိုက်မှုများပါရှိနေပြီး အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိပါတယ်။
========================
📌📌 ၇။ NUGPay နှင့် ပြည်သူများ၏ “ကရင်နီအတွက် ခွန်အားတစ်လက်” Campaign မှ အလှူငွေ စုစုပေါင်း ၂၈၇ သိန်း ရရှိခဲ့
NUGPay နှင့် ပြည်သူများ၏ “ကရင်နီအတွက် ခွန်အားတစ်လက်” Campaign မှ အလှူငွေ စုစုပေါင်း ၂၈၇ သိန်း ရရှိခဲ့ကြောင်းကို မတ်လ ၃၁ရက်မှာ NUG Payကအသိပေးဖော်ပြပါတယ်။
"NUGPay နှင့် ပြည်သူများ၏ “ကရင်နီအတွက် ခွန်အားတစ်လက်” Campaign မှ အလှူငွေ စုစုပေါင်း ၂၈၇ သိန်း ရရှိခဲ့ပြီး၊ တော်လှန်ရေးအင်အားစုများထံ လှူဒါန်းပြီး ဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။
စစ်အာဏာရှင်စနစ်ကို အပြီးတိုင် မြေလှန်ပစ်ပြီး၊ မျှော်ရည်မှန်းတဲ့ တော်လှန်ရေးအောင်ပွဲအတွက် ပါဝင်ပေးခဲ့ကြသော ပြည်သူများအား မှတ်တမ်းတင်ဂုဏ်ပြုအပ်ကြောင်းNUGPayကဖော်ပြထားပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment