22nd APR 2023 - Morning Daily News by Radio NUG


၂၀၂၃ ဧပြီလ ၂၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ဒီမိုကရေစီစံနှုန်းတွေကို အလေးအမြတ်ပြုတဲ့ ပညာရေးဖြစ်ထွန်းဖို့လိုသလို၊ ဖက်ဒရယ်စနစ်နဲ့ ကိုက်ညီတဲ့ ပညာရေးစနစ်မျိုးလည်း ဖြစ်ရမယ်လို့ ယာယီသမ္မတပြော

📌 ၂။ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များအနေဖြင့်လည်း နွေဦးတော်လှန်ရေးတွင် စွမ်းစွမ်းတမံ ပါဝင်လှုပ်ရှားနေမှုများကို တွေ့ရှိရသည့်အတွက် ကျေနပ်အားရမိတယ်လို့ ယာယီသမ္မတဒူဝါလရှီးလဆို

📌 ၃။ အကြမ်းဖက် စစ်အာဏာရှင်များကို အမြစ်ပြတ်ချေမှုန်းရာတွင် နွေဦးတော်လှန်ရေးသည် နောက်ဆုံးသော တော်လှန်ရေးဖြစ်သကဲ့သို့ အားလုံးပါ၀င်သော တော်လှန်‌ရေးဖြစ်ရန် အလွန်အရေးကြီး

📌 ၄။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်း၊ မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး

📌 ၅။ နိုင်ငံရေး အကျဉ်းသားအားလုံး ချက်ချင်းလွှတ်" လှုပ်ရှားတောင်းဆိုမှုတွင် ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုး ပါဝင်လှုပ်ရှား

📌 ၆။ မြင်းခြံထောင်အတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ဝန်ထမ်းများက ဖိနှိပ်ရိုက်နှက်မတရားခံနေရ

📌 ၇။ လေကြောင်းထပ်မံတိုက်ခိုက်ရပြီးနောက် ကန့်ဘလူ ပဇီကြီးကျေးရွာအပါအဝင် အနီးနားရှိ ကျေးရွာ ရွာမှ စစ်ဘေးရှောင်ပြည်သူ (၇၀၀၀) ကျော်ရှိလာ

📌 ၈။ ကနီမြို့နယ်တွင် အချိန်အခါမဲ့ မိုးရွာ၍လေတိုက်ခတ်မှုကြောင့် လူနေအိမ်၁၅၀နီးပါးပျက်စီး

📌 ၉။ “Spring Inya Condo, စောစောဝယ်ယူသူများအနေနဲ့  မိမိနှစ်သက်ရာ အခန်း၊ အလွှာနိမ့်မြင့်၊ အရပ်မျက်နှာလှည့်ကို ရွေးချယ်ဝယ်ယူခွင့်ရရှိမယ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဒီမိုကရေစီစံနှုန်းတွေကို အလေးအမြတ်ပြုတဲ့ ပညာရေးဖြစ်ထွန်းဖို့လိုသလို၊ ဖက်ဒရယ်စနစ်နဲ့ ကိုက်ညီတဲ့ ပညာရေးစနစ်မျိုးလည်း ဖြစ်ရမယ်လို့ ယာယီသမ္မတပြော


ဒီမိုကရေစီ စံနှုန်းတွေကို အလေးအမြတ်ပြုတဲ့ ပညာရေးဖြစ်ထွန်းဖို့ လိုသလို၊ ဖက်ဒရယ်စနစ်နဲ့ ကိုက်ညီတဲ့ ပညာရေးစနစ်မျိုးလည်း ဖြစ်ရမယ်လို့  ဧပြီလ ၂၁ ရက်မှာ ကျင်းပတဲ့ နွေဦးတော်လှန်ရေးကာလ အဆင့်မြင့်ပညာရေးကဏ္ဍ ပထမအကြိမ် ညီလာခံတွင် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ပါတယ်။


"နွေဦးတော်လှန်ရေးဟာ ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည် ထူထောင်ပြီး လူထုရဲ့ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်တဲ့ တော်လှန်ရေးတစ်ရပ်ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ ဒီမိုကရေစီ စံနှုန်းတွေကို အလေးအမြတ်ပြုတဲ့ ပညာရေးဖြစ်ထွန်းဖို့ လိုသလို၊ ဖက်ဒရယ်စနစ်နဲ့ ကိုက်ညီတဲ့ ပညာရေးစနစ်မျိုးလည်း ဖြစ်ရပါလိမ့်မယ်။ ဒါ့အပြင် လူထုရဲ့အသိဉာဏ်ပွင့်လန်းမှုအတွက် ပညာရေး လွတ်လပ်ခွင့်ဆိုတဲ့ အခြေခံမူကို ကိုင်စွဲပြီး ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးကို တည်ဆောက်ကြဖို့ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် ပညာရေးအလုပ်ဟာ ရေရှည်လုပ်ငန်းစဉ်ဖြစ်တာမို့  အားလုံးဟာ စိတ်ရှည်လက်ရှည်နဲ့ ဝိုင်းဝန်း မြှုပ်နှံတည်ဆောက်မှ ဖြစ်မယ်လို့ ယာယီသမ္မတကပြောပါတယ်။


========================


📌📌 ၂။ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များအနေဖြင့်လည်း နွေဦးတော်လှန်ရေးတွင် စွမ်းစွမ်းတမံ ပါဝင်လှုပ်ရှားနေမှုများကို တွေ့ရှိရသည့်အတွက် ကျေနပ်အားရမိတယ်လို့ ယာယီသမ္မတဒူဝါလရှီးလဆို


မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များအနေဖြင့်လည်း နွေဦးတော်လှန်ရေးတွင် စွမ်းစွမ်းတမံ ပါဝင်လှုပ်ရှားနေမှုများကို တွေ့ရှိရသည့်အတွက် ကျေနပ်အားရမိတယ်လို့ ဧပြီ၂၁ရက် အီဒုလ်ဖိသိရ် ဝါကျွတ် အီးဒ်ပွဲတော်နေ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ၏ နှုတ်ခွန်းဆက်စကားမှာ ထည့်သွင်းဆိုပါတယ်။


"၂၀၂၃ ခုနှစ် ဧပြီလ (၂၁)ရက်နေ့ယနေ့ကျရောက်သော အစ္စလာမ်ဘာသာဝင်တို့၏ အီဒုလ်ဖိသိရ် ဝါကျွတ် အီးဒ်ပွဲတော်နေ့တွင် ပြည်တွင်း ပြည်ပမှာရှိနေကြသည့် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များအားလုံးကို ကျန်းမာရွှင်လန်းကြပါစေလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များအနေဖြင့်လည်း နွေဦးတော်လှန်ရေးတွင် စွမ်းစွမ်းတမံ ပါဝင်လှုပ်ရှားနေမှုများကို တွေ့ရှိရသည့်အတွက် ကျေနပ်အားရမိပါတယ်"လို့ဆိုပါတယ်။


ဆက်လက်၍ စစ်အာဏာရှင်စနစ်အား အပြီးတိုင်တွန်းလှန်ကာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ခွင့်တူညီမျှပြီး ခွဲခြားဆက်ဆံမှု ကင်းစင်သည့် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ကဏ္ဍတွင် ပြည်သူလူထုတစ်ရပ်လုံးနှင့် လက်တွဲကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အတူတကွ ဝိုင်းဝန်းကြိုးစားအားထုတ်သွားကြမယ်ဆိုတာကိုယုံကြည်တယ်လို့လည်း ယာယီသမ္မတကဆိုပါတယ်။


========================


📌📌 ၃။ အကြမ်းဖက် စစ်အာဏာရှင်များကို အမြစ်ပြတ်ချေမှုန်းရာတွင် နွေဦးတော်လှန်ရေးသည် နောက်ဆုံးသော တော်လှန်ရေးဖြစ်သကဲ့သို့ အားလုံးပါ၀င်သော တော်လှန်‌ရေးဖြစ်ရန် အလွန်အရေးကြီး


အကြမ်းဖက် စစ်အာဏာရှင်များကို အမြစ်ပြတ်ချေမှုန်းရာတွင် နွေဦးတော်လှန်ရေးသည် နောက်ဆုံးသော တော်လှန်ရေးဖြစ်သကဲ့သို့ အားလုံးပါ၀င်သော တော်လှန်‌ရေးဖြစ်ရန် အလွန်အရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာကပြောပါတယ်။


ဧပြီ၂၁ရက်နေ့“Blue Shirt Day for Burma” တော်လှန်ရေးခေါင်းဆောင်ကြီး ဦးဝင်းတင် ကွယ်လွန်သည့် ()နှစ်ပြည့်နှင့် ပတ်သက်ပြီး ပြည်ထောင်စု ဝန်ကြီး Dr. Sasa ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းဆိုပါတယ်။


"အကြမ်းဖက် စစ်အာဏာရှင်များကို အမြစ်ပြတ်ချေမှုန်းရာတွင် နွေဦးတော်လှန်ရေးသည် နောက်ဆုံးသော တော်လှန်ရေးဖြစ်သကဲ့သို့ အားလုံးပါ၀င်သော တော်လှန်‌ရေးဖြစ်ရန် အလွန်အရေးကြီးနေပါတယ်။ တောင်ပေါ်မြေပြန့်မရွေး၊ လူမျိုးဘာသာမရွေး၊ တိုင်းရင်းသားမရွေး ရှိသမျှအင်အားကို အသုံးပြုပြီး တစ်ညီတစ်ညွတ်တည်း တော်လှန်ပြီး ခရီးကို အဆုံးအထိ ချီတက်ရန် အရေးကြီးပါတယ်။ ရောဂါကို အမြစ်ပြတ်ကုသရာတွင် တစ်၀က်တစ်ပိုင်းကုသသည်ဟူ၍မရှိသကဲ့သို့ ကင်ဆာရောဂါကဲ့သို့ မြန်မာနိုင်ငံကို ဖျက်ဆီးနေသော၊ အသက်တွေသေဆုံးနေစေသော အကြမ်းဖက်စစ်အာဏာရှင်များကို တော်လှန်ရာတွင်လည်း အမြစ်ပြတ်သည့်အထိတော်လှန်ရမှာဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိကာလတွင် မြန်မာပြည်သူလူထုနဲ့ ယူကရိန်းပြည်သူလူထုတို့သည် မိမိတို့နိုင်ငံများအတွက်သာ တော်လှန်ရေးတိုက်ပွဲ၀င်နေကြခြင်းမဟုတ်ဘဲ တစ်ကမ္ဘာလုံးအတွက် အရေးကြီးလှသော ပထဝီနိုင်ငံရေးအကျပ်အတည်းကြီးကို ကျော်လွှားရန်အတွက် ဒီမိုကရေစီအရေးကို အသက်နဲ့လဲပြီး အသီးသီးတိုက်ပွဲ၀င်နေကြတယ်လို့ ဝန်ကြီးဒေါက်တာဆာဆာက ထပ်လောင်းဆိုပါတယ်။


========================


📌📌 ၄။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်း၊ မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး


ဧပြီ၂၁ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်စစ်ကိုင်းတိုင်း၊မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၁၆/၂၀၂၃)ကိုကျင်းပခဲ့ပါတယ်။


အစည်းအဝေးမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ ()နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး တက်ရောက်လာသော ဝန်ကြီးဌာနများမှ ဌာနနှင့်သက်ဆိုင်သည်များကို ပြောကြားခဲ့ပြီး၊ စစ်ကိုင်းခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ လုပ်ငန်းဆောင်ရွက်ချက်အပေါ်  ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ  မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာနမှာ တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေး‌‌ဖြေကြားခဲ့ကြပြီး ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ-၁၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်မှလည်း အမှာစကားပြောကြားခဲ့ပါတယ်။


အစည်းအဝေးသို့   ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၅။ နိုင်ငံရေး အကျဉ်းသားအားလုံး ချက်ချင်းလွှတ်" လှုပ်ရှားတောင်းဆိုမှုတွင် ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုး ပါဝင်လှုပ်ရှား


နိုင်ငံရေး အကျဉ်းသားအားလုံး ချက်ချင်းလွှတ်" လှုပ်ရှားတောင်းဆိုမှုတွင် ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးပါဝင်လှုပ်ရှားခဲ့တယ်လို့ အမျိုးသမီး၊ လူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဧပြီ၂၁ရက်တွင် အသိပေးဖော်ပြပါတယ်။


စစ်တပ်၏ မတရားသဖြင့် ဖမ်းဆီးမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ဖမ်းဆီးခံနိုင်ငံရေး အကျဉ်းသားများမှာ ထောင်တွင်းလူ့အခွင့်အရေးချိုးဖောက်မှုများ၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှု မရရှိမှုများနှင့် ညှင်းပန်းနှိပ်စက်မှုများအား ကြုံတွေ့နေရပါတယ်လို့ဖော်ပြပါတယ်။

 

ထို့ကြောင့်စစ်ကောင်စီမှ မတရားဖမ်းဆီးထားသူများကို ချက်ချင်းလွှတ်ပေးရန် နှင့်  နိုင်ငံတကာအစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော လူမှုအဖွဲ့အစည်းများအနေဖြင့် မြန်မာ့နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးရန် စစ်ကောင်စီအား ဖိအားပေးဖို့  တောင်းဆိုလိုက်ပါတယ်လို့ လှုပ်ရှားမှုတွင်ပါဝင်သူများက တောင်းဆိုခဲ့ကြပါတယ်။


========================


📌📌 ၆။ မြင်းခြံထောင်အတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ဝန်ထမ်းများက ဖိနှိပ်ရိုက်နှက်မတရားခံနေရ


မြင်းခြံထောင်အတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ဝန်ထမ်းများက ဖိနှိပ်ရိုက်နှက်မတရားခံနေရတယ်လို့ ဧပြီ၂၁ရက်မှာ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးဆိုပါတယ်။


"မြင်းခြံထောင်အတွင်းမှာ နိုင်ကျဉ်းတွေကို ထောင်ဝန်ထမ်းများရဲ့ ဖိနှိပ်ရိုက်နှက် မတရားခံနေရတယ်လို့ သိရပါတယ်။ မိသားစုထံမှ ပါဆယ်၊ စားစရာပေးပို့တာတွေကို ပိတ်ပင်ကန့်သတ်မှု အများအပြားပြုလုပ်ထားပြီး ထောင်တွင်းရောင်းချတဲ့ဆိုင်တွေမှာ ဈေးကြီးပေးဝယ်ယူခိုင်းနေတယ်လို့ သိရပါတယ်"လို့ဆိုပါတယ်။


ထို့အပြင်ကျန်းမာရေးမကောင်းတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အပြင်ဆေးကုသမှုရရှိဖို့မိသားစုထံမှ ငွေကြေးတောင်းယူပြီး ဆေးကုသခွင့်မရဘဲ ငွေကြေးလိမ်လည်ရယူတာတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။


========================


📌📌 ၇။ လေကြောင်းထပ်မံတိုက်ခိုက်ရပြီးနောက် ကန့်ဘလူ ပဇီကြီးကျေးရွာအပါအဝင် အနီးနားရှိ ကျေးရွာ ရွာမှ စစ်ဘေးရှောင်ပြည်သူ (၇၀၀၀) ကျော်ရှိလာ


လေကြောင်းထပ်မံတိုက်ခိုက်ရပြီးနောက် ကန့်ဘလူ ပဇီကြီးကျေးရွာအပါအဝင် အနီးနားရှိ ကျေးရွာ ရွာမှ စစ်ဘေးရှောင်ပြည်သူ (၇၀၀၀) ကျော်ရှိလာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဧပြီ ၂၁ ရက်မှာ အသိပေးဖော်ပြပါတယ်။


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာသို့ ဧပြီ၁၂ရက်နေ့က လေကြောင်း တိုက်ခိုက်ခံရပြီးနောက် ၂၀ ရက်နေ့တွင်လည်း ထပ်မံလေကြောင်းတိုက်ခိုက် ခံရသည်အတွက် ပဇီကြီးကျေးရွာအပါအဝင် အနီးနားရှိ ကျေးရွာ ရွာမှ စစ်ဘေးရှောင်ပြည်သူ (၇၀၀၀) ကျော်ရှိနေပါတယ်လို့ဆိုပါတယ်။


အဆိုပါစစ်ဘေးရှောင်များ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားကြရသည့် အတွက် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများကို ပြည်ထောင်စုဝန်ကြီးဌာနများ၏ ကြီးကြပ်ကွပ်ကဲမှု၊ စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ တာဝန်ခံအသီးသီး၏ စီမံခန့်ခွဲမှုဖြင့် ပြည်ထောင်စုအဆင့်နှင့် မြို့နယ်အဆင့်တို့တွင် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်ပြီး ထောက်ပံ့ကူညီမှုများဆောင်ရွက်ပေးလျက်ရှိတယ်လို့သိရပါတယ်။


အဆိုပါ ကန့်ဘလူမြို့နယ် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းအဖွဲ့က ဦးဆောင်ပြီး ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်ပြည်သူများအတွက် အရေးပေါ် လိုအပ်လျက်ရှိသည့် အခြေခံစားသောက်ကုန်၊ လူသုံးကုန်အပါအဝင် ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာ ပစ္စည်းများအား ၎င်းတို့လက်ဝယ် ချိတ်ဆက်ပံ့ပိုးပေးလျက်ရှိတယ်လို့သတင်းရရှိပါတယ်။


ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီကြောင့် လေကြောင်းတိုက်ခိုက်ခံရသော ချင်းပြည်နယ် ဖလမ်းမြို့နယ်နှင့် မင်းတပ်မြို့နယ်အပအဝင်၊ မကွေးတိုင်း၊ မြိုင်မြို့နယ်တို့၌လည်း လူသားချင်းစာနာမှုအကူအညီများ ပံ့ပိုးဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။


========================


📌📌 ၈။ ကနီမြို့နယ်တွင် အချိန်အခါမဲ့ မိုးရွာ၍လေတိုက်ခတ်မှုကြောင့် လူနေအိမ်၁၅၀နီးပါးပျက်စီး


စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် အချိန်အခါမဲ့ မိုးရွာ၍လေတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၅၀နီးပါးပျက်စီးခဲ့ပါတယ်။


ဧပြီ၂၁ရက်မှာ ကနီမြို့နယ် ဒေသခံ သတင်းအရင်းအမြစ်ကအတည်ပြုဆိုထားပါတယ်။


"ကနီမြို့နယ်တွင် ယနေ့ ညနေ(၅းဝဝ) အချိ်န်က အချိန်အခါမဲ့ လေတိုက်ခတ်၍ မိုးရွာသွန်းမှု့ကြောင့် ချင်းတွင်းမြစ် အနောက်ဘက်ကမ်း ကျေးရွာ()ရွာရှိလူနေအိမ် (၁၅၀) ခန့် အမိုးအကာများပျက်စီးခဲ့တယ်"လို့ဆိုပါတယ်။


ဧပြီလ (၁၇)ရက်နေ့ မှ ဧပြီလ (၂၃)ရက်နေ့ အထိ တစ်ပတ်အတွင်း မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်းချက်ကို NUGက သတင်းထုတ်ပြန်ထားရာတွင်လေတိုက်ခတ်မှုပုံစံများ ပြောင်းလဲလာ၍ မြန်မာနိုင်ငံဒေသအတော်များများတွင် အချိန်အခါမဟုတ် ပျံကျမိုးများ ထစ်ချုန်းရွာလာနိုင်တယ်လို့ဆိုထားပါတယ်။


========================


📌📌 ၉။ “Spring Inya Condo, စောစောဝယ်ယူသူများအနေနဲ့  မိမိနှစ်သက်ရာ အခန်း၊ အလွှာနိမ့်မြင့်၊ အရပ်မျက်နှာလှည့်ကို ရွေးချယ်ဝယ်ယူခွင့်ရရှိမယ်


“Spring Inya Condo,စောစောဝယ်ယူသူများအနေနဲ့  မိမိနှစ်သက်ရာ အခန်း၊ အလွှာနိမ့်မြင့်၊ အရပ်မျက်နှာလှည့်ကို ရွေးချယ်ဝယ်ယူခွင့်ရရှိမယ်လို့ သိရပါတယ်။


ဧပြီ၂၁ရက်မှာ နွေဦးတော်လှန်ရေး ရင်းနှီးမြုပ်နှံမှုနဲ့ပန်သက်လို့ EODက အသိပေးဆိုပါတယ်။


"EOD Projects တွေရဲ့ အခန်းစျေးနှုံးများသတ်မှတ်ရာမှာ အထပ်အလိုက်စျေးနှုံးခွဲခြား သတ်မှတ်ခြင်းမရှိပါဘူး။ အခန်းအမျိုးအစား တစ်ခုချင်းစီအလိုက် စျေးနှုံးခွဲခြားမှုသာ ရှိပါတယ်။ Spring Inya Condo မှာပါဝင်တဲ့ Early Bird အခွင့်အရေး ကတော့ မိမိနှစ်သက်ရာ အခန်း၊ အလွှာနိမ့်မြင့်၊ အရပ်မျက်နှာလှည့် စသည်ဖြင့် ရွေးချယ်ခွင့်ရှိမှာ ဖြစ်ပါတယ်။ 

Early Bird စည်းကမ်းသတ်မှတ်ချက်ကလဲ ရိုးရှင်းပါတယ်။ အရောင်းစတင်ဖွင့်လှစ်တဲ့ အချိန်နာရီကစလို့ ၂၄ နာရီအတွင်းမှာ တော်လှန်ရေးကာလအတွင်း ပေးသွင်းရမည့် ပမာဏဖြစ်သော စုစုပေါင်းတန်ဖိုးရဲ့ ၄၀%ကို အပြည့်ပေးသွင်းသူတိုင်းသည် Early Bird စာရင်းဝင်ပါတယ်"လို့ဆိုပါတယ်။


Spring Inya Condo ကိုပါရမီလမ်းမပေါ်ရှိ အကြမ်းဖက်တပ်ပိုင် မြေနေရာ ဧက ၃၀ အနက်မှ ဦးထွန်းငြိမ်းလမ်းဘက် နေရာတွင် ဆောက်လုပ်မှာဖြစ်တယ်လို့သိရပါတယ်။


မြေတန်ဖိုးမြင့်မားသည့် အင်းလျားကန်စောင်းတွင် ရှားပါးမြေနေရာကျယ် ဖြစ်ပြီးအင်းလျားကန်ရှုခင်းကို ဖြတ်သန်းပြီး ရွှေတိဂုံကို တိုက်ရိုက်ဖူးမြင်နိုင်မည့် ရန်ကုန်မြင်ကွင်းကျယ်ကို ရရှိမှာဖြစ်တယ်လို့ဆိုပါတယ်။


တော်လှန်ပြည်သူများအတွက် နွေဦးအလွန်ကာလတွင် ဖေါ်ဆောင်ပေးမည့် “Innya Walk” နှင့် နီးကပ်စွာ တည်ရှိနေသော နေရာဖြစ်ကာကွန်ဒိုအခန်းပေါင်း ၇၅၀ ရောင်းချပေးနိုင်မှာ ဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment