၂၀၂၃ မေလ ၁၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ကိုယ်တိုင်ထုတ်လုပ်တဲ့ လက်နက်များ ရဲဘော်တိုင်း ကိုင်တွယ်သုံးစွဲနိူင်တဲ့အခြေအနေ ရောက်ပြီလို့ ကာကွယ်ရေးဝန်ကြီးအသိပေးပြောကြား
📌 ၂။ တစ်နေ့ထက်တစ်နေ့ ဆုတ်ယုတ်နေတဲ့ စစ်တပ်ကို မနိုင်စရာအကြောင်းမရှိဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား
📌 ၃။ သြစတြေးလျတက္ကသိုလ်များတွင် ကျင်းပမယ့် လူထုနှီးနှောဖလှယ်ပွဲများမှာ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းတက်ရောက်မည်
📌 ၄။ ဝါရှင်တန် ဒီစီရှိNUG နိူင်ငံရေးဝန်ကြီးဌာနရုံးသို့ ဧည့်သည်တော်များ လာရောက်တွေ့ဆုံ
📌 ၅။ EU ကဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ထားတဲ့ မြန်မာစစ်တပ်ရဲ့ ရေတပ်ဦးစီးချုပ်ကို အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး (ADMM)မှာ တက်ရောက်ခွင့်ပြုထားတယ်လို့ JusticeForMyanmarက ထုတ်ဖော်
📌 ၆။ မြိုင်မြို့နယ်မှာ စကစလက်အောက်ခံ ပျူစောထီများ အကြိမ်ကြိမ်တိုက်ခိုက်ခံရ၍ အထိနာသေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ကိုယ်တိုင်ထုတ်လုပ်တဲ့ လက်နက်များ ရဲဘော်တိုင်း ကိုင်တွယ်သုံးစွဲနိူင်တဲ့အခြေအနေ ရောက်ပြီလို့ ကာကွယ်ရေးဝန်ကြီးအသိပေးပြောကြား
မေလ၁၂
ကိုယ်တိုင် ထုတ်လုပ်တဲ့ လက်နက်များရဲဘော်တိုင်းကိုင်တွယ် သုံးစွဲနိူင်တဲ့အခြေအနေရောက်ပြီလို့ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က မေလအတွင်းတွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ အတည်ပြု ပြောဆိုထားပါတယ်။
"လက်နက်အစစ်အနေနဲ့ကတော့ ရဲဘော်တစ်ယောက်ချင်းစီတိုင်းကို တပ်ဆင်ပေးနိူင်တဲ့အဆင့် မရောက်သေးပါဘူး။သို့သော် ကျနော်တို့ ကိုယ်တိုင် ထုတ်လုပ်တဲ့ လက်နက်များကတော့ ရဲဘော်တိုင်းကိုင်တွယ် သုံးစွဲနိူင်တဲ့အခြေအနေရှိပါတယ်။ကိုယ်တိုင် ထုတ်လုပ်တဲ့ စစ်လက်နက် ပစ္စည်းတွေကလည်း အဆက့်တစ်ခုအထိ အရည်သွေးမီတဲ့ ပစ္စည်းတွေ ဖြစ်လာပြီလို့ပြောလို့ရတယ်"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့ပေါင်း ၃၀၀ ကျော်၊ မြို့နယ်ပကဖ အဖွဲ့ပေါင်း၂၅၀ ကျော်ဖွဲ့စည်းပြီးဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအတွင်း အတည်ပြုနိုင်ခဲ့သည့် စစ်ဆင်ရေးများအနေဖြင့် မြို့နယ်အလိုက် ဒရုန်း တိုက်ခိုက်မှု (၁၉၃) ကြိမ်စခန်းသိမ်း တိုက်ပွဲ (၄၄) ကြိမ်၊ အရေးကြီးပစ်မှတ် တိုက်ခိုက်မှု (၂၆) ကြိမ်နှင့် မြေပြင်ထိတွေ့ တိုက်ပွဲ အကြိမ်ရေ များစွာ ဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်နှင့်၄င်းတို့ကို ထောက်ခံသူအင်အား (၃၉၄၈) ဦး ကို သေဆုံးစေခဲ့ပြီး (၁၇၆၀) ဦး ကို ထိခိုက်ဒဏ်ရာရရှိစေခဲ့ပါတယ်။
========================
📌📌 ၂။ တစ်နေ့ထက်တစ်နေ့ ဆုတ်ယုတ်နေတဲ့ စစ်တပ်ကို မနိုင်စရာအကြောင်းမရှိဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား
မေလ၁၂ရက်
မေလ၁၁ရက်ကျင်းပတဲ့ယောနကအောင်ပွဲမှသည် နွေဦးအောင်ပွဲဆီသို့ လှမ်းစို့ညီညီ အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အခုလိုပြောကြားခဲ့ပါတယ်။
"ဒီတော်လှန်ရေးဟာ ကျနော်တို့နိူင်မှာ သေချာပါတယ်။တစ်နေ့ထက်တစ်နေ့ ဆုတ်ယုတ်နေတဲ့ စစ်တပ်ကို မနိုင်စရာအကြောင်းကိုမရှိဘူး။အဲဒါကြောင့် ကျနော်တို့ စည်းကမ်းရှိမယ်။စိတ်ဓာတ်လည်းခိုင်မာမယ်။တစ်ယောက်နဲ့တစ်ယောက် လက်တွဲ ညီညီသွားမယ်ဆိုရင် ကျနော်တို့ထင်တာထက် ဒီကနေ့တော်လှန်ရေး အရှိန်အဟုန်ကောင်းကောင်းနဲ့ပြီးသွားမယ်"လို့ဝန်ကြီးကဆိုပါတယ်။
၂၀၂၁ ခုနှစ် စက်တင်ဘာ၇ရက်မှာ ပြည်သူ့ခုခံတွန်းလှန်စစ်များ စတင်ဖို့အမျိုးသားညီညွတ်ရေးအစိုးရကကြေညာခဲ့ပါတယ်။ လက်ရှိမှာ စစ်ရေးအရှိန်ကိုမြှင့်တင်လျက်ရှိပြီးတော့ ၂၀၂၃ ခုနှစ်ဟာ အဆုံးသတ်အတွက်ဘအဆုံးအဖြတ်နှစ်အဖြစ်အသိပေးကြေညာထားပါတယ်။
========================
📌📌 ၃။ သြစတြေးလျတက္ကသိုလ်များတွင် ကျင်းပမယ့် လူထုနှီးနှောဖလှယ်ပွဲများမှာ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းတက်ရောက်မည်
မေလ၁၂ရက်
သြစတြေးလျတက္ကသိုလ်များတွင် ကျင်းပမယ့် လူထုနှီးနှောဖလှယ်ပွဲများမှာ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက်မယ်လို့ NUGလူ့အခွင့်ရေးရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည်သြစတြေးလျတက္ကသိုလ်များတွင် လူထုနှီးနှောဖလှယ်ပွဲများမှာ ဆွေးနွေးမယ်လို့သိရပါတယ်။
တက်ရောက်မယ့် တက္ကသိုလ်အသီးသီးမှာ မေလ၁၂ရက်နေ့တွင် Australian National University၊ မေလ ၃၀ရက်နေ့တွင် Melbourne University၊ ဇွန်လ ၂ရက်နေ့တွင် Sydney University တို့ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းဟာ NUGအစိုးရကိုယ်စားလှယ်အနေဖြင့် သြစတြေးလျနိူင်ငံသို့ မေလ၈ရက်နေ့မှာ ခရီးစဥ်စတင်ခဲ့ပါတယ်။
========================
📌📌 ၄။ ဝါရှင်တန် ဒီစီရှိNUG နိူင်ငံရေးဝန်ကြီးဌာနရုံးသို့ ဧည့်သည်တော်များ လာရောက်တွေ့ဆုံ
မေလ၁၂ရက်
အမေရိကန်နိူင်ငံ ဝါရှင်တန် ဒီစီရှိNUG နိူင်ငံရေးဝန်ကြီးဌာနရုံးသို့ ဧည့်သည်တော်များ လာရောက်တွေ့ဆုံမှုနှင့်ပတ်သက်ပြီး မေလ၁၂ရက်နေ့မှာ ဝါရှင်တန် ဒီစီရှိNUG နိူင်ငံရေးဝန်ကြီးဌာနရုံးကသတင်းထုတ်ပြန်ပါတယ်။
မေလ(၁၀)ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့ရှိ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန (ဒီစီ)ရုံးခန်းသို့ ဒေါက်တာဒေါ်မီမီဝင်းဘတ် Lt. Col (Ret) US Army၊ Professor (Asia - Pacific Center for Security Studies)မှ လာရောက်ခဲ့ပြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမိုးဇော်ဦးက ကြိုဆို တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။
တွေ့ဆုံပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ ဝန်ကြီး ဦးထင်လင်းအောင်လည်းတက်ရောက်ခဲ့ပြီး လက်ရှိဖြစ်ပျက်နေမှုအခြေနေများနှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးကြခဲ့ပါတယ်။
ဆက်လက်၍ အလားတူတွေ့ဆုံပွဲသို့ တိုင်းရင်းသားအဖွဲ့များမှ ကိုယ်စားလှယ်များနှင့်ဘာသာရေးခေါင်းဆောင်များ၊ ရိုဟင်ဂျာအရေးနှင့် အမျိုးသမီး အရေး လှုပ်ရှားဆောင်ရွက်နေ ကြသည့် ခေါင်းဆောင်များ၊ မြန်မာ Community ကိုယ်စားပြုခေါင်းဆောင်များ၊ ရန်ပုံငွေရှာဖွေရေးတာဝန်ခံများနှင့် လူငယ်အဖွဲ့အစည်းမှကိုယ်စားလှယ်များ တက်ရောက်၍ အပြန်အလှန် ဆွေးနွေး၊ မေးမြန်းမှုများ လုပ်ဆောင်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၅။ EU ကဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ထားတဲ့ မြန်မာစစ်တပ်ရဲ့ ရေတပ်ဦးစီးချုပ်ကို အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး (ADMM)မှာ တက်ရောက်ခွင့်ပြုထားတယ်လို့ JusticeForMyanmarက ထုတ်ဖော်
မေလ၁၂ရက်
လူ့အခွင့်အရေးချိုးဖောက်မှုမှာ တာဝန်ရှိ လို့ EU ကဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ထားတဲ့ မြန်မာစစ်တပ်ရဲ့ ရေတပ်ဦးစီးချုပ်ကို အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး (ADMM)မှာ တက်ရောက်ခွင့်ပြုထားတယ်လို့ မေလ၁၁ရက်မှာ Justice For Myanmar က အသိပေးထုတ်ပြန်ပါတယ်။
"အခုသီတင်းပတ်အတွင်း အာဆီယံထိပ်သီးအစည်းအဝေးနဲ့အတူ ဖိလစ်ပိုင်ရေတပ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အာဆီယံရေတပ်စစ်ဦးစီးချုပ်များ အစည်းအဝေး (ANCM) မှာ မြန်မာစစ်တပ်ရဲ့ ရေတပ်ဦးစီးချုပ် မိုးအောင်ပါဝင်လာခဲ့ပြီး ၂၀၂၄ ခုနှစ် အတွက် ANCM ရဲ့ ဦးဆောင်မှုကို ပေးအပ်ခဲ့ပါတယ်။
၄င်းကို “အခွင့်အာဏာကိုအသုံးချပြီး ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနကို ရေယာဥ် / သင်္ဘောတွေနဲ့ တပ်သားနဲ့စစ်လက်နက်တွေကို ရေကြောင်းလမ်းအတိုင်း မြန်မာနိုင်ငံမြောက်ပိုင်းကို ပို့ခဲ့တဲ့အတွက် သူဟာ ကြီးလေးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုမှာ တာဝန်ရှိတယ်။ “ လို့ EU က မှတ်ချက်ပေးပြီး ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ထားတာဖြစ်ပါတယ်"လို့ဆိုပါတယ်။
၂၀၁၇ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ကျူးလွန်မှုမှာ မြန်မာရေတပ်က ပါဝင်ခဲ့ပြီးရိုဟင်ဂျာရွာသားတွေအပေါ် အကြမ်းဖက်တိုက်ခိုက်ဖို့အတွက် ရခိုင်ပြည်မြောက်ပိုင်း အထိ ခြေလျင်တပ်တွေကို စစ်ရေယာဥ်တွေနဲ့ ပို့ဆောင်ခဲ့တာလို့ JusticeForMyanmarကဆိုပါတယ်။
"ခုလိုအချိန်မျိုးမှာ နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူခံထားရတဲ့ စစ်ရာဇဝတ်ကောင် ကို ဒေသတွင်းရေတပ်တွေ ဦးဆောင်ရမယ့်ရာထူးကို အာဆီယံက ပေးလိုက်တာဖြစ်ပါတယ်။လက်ရှိ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး (ADMM)ရဲ့ သဘာပတိ အင်ဒိုနီးရှားနိုင်ငံက မိုးအောင်တို့လို စစ်ရာဇဝတ်ကောင်တွေ အင်အားကောင်းလာဖို့ ဒေသတွင်းက စစ်ဘက်ဆိုင်ရာအဖွဲ့များရဲ့ အကြီးအကဲအဖြစ် တရားဝင်ဖြစ်အောင် ပံ့ပိုးပေးနေတာဖြစ်ပါတယ်"လို့ဖော်ပြထားပါတယ်။
========================
📌📌 ၆။ မြိုင်မြို့နယ်မှာ စကစလက်အောက်ခံ ပျူစောထီများ အကြိမ်ကြိမ်တိုက်ခိုက်ခံရ၍ အထိနာသေဆုံး
မေလ၁၂ရက်
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စကစလက်အောက်ခံ ပျူစောထီများ အကြိမ်ကြိမ်တိုက်ခိုက်ခံရ၍ အထိနာသေဆုံးခဲ့တယ်လို့ မေလ၁၂ရက်မှာ စစ်ရေးသတင်းကို MyaingGaruda PDFကအတည်ပြုဆိုပါတယ်။
"မေလ ၁၁ရက် မနက် ၇နာရီခွဲဝန်းကျင်တွင် ကင်းပုန်းယူလာသော သရက်ကန်ပျူစောထီးများကို သရက်ကန်ပျူစခန်းတောင်ဖက်တွင် ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ကိုလတ် နေရာတွင်ပွဲချင်းပြီးဆုံးသွားပြီး ဘေးနားမှ ပျူစောထီးအများအပြားထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရပါတယ်"လို့ဆိုပါတယ်။
ထို့နောက် သရက်ကန်ပျူစခန်းမှ ပခုက္ကူသို့ ရိက္ခာယူရန်ထွက်လာသော ပျူကားကို သရက်ကန်နှင့်တွင်းမကြားတွင် ကာကွယ်ရေးတပ်ဖွဲ့များမှ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားမှာ လုံးဝပျက်စီးရပ်တန့်သွားပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့သိရပါတယ်။
တိုက်ခိုက်ခဲ့မှုများကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း၁ - တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ (ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) ၊ KMDF(ကမ္မဒေသကာကွယ်ရေးတပ်ဖွဲ့)၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့ ၊ ဘီးလုံးငှက်တပ်ဖွဲ့ ၊ TYKပြောက်ကျားတပ်ဖွဲ့ နှင့် ဧရာအနောက်တပ်ဖွဲ့ စသော ပကဖ ပူပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment