12th MAY 2023 - Morning Daily News by Radio NUG



၂၀၂၃ မေလ ၁၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်(၁၉/၂၀၂၃)ကျင်းပ

📌 ၂။ Federal Wings မြေပြင်တိုက်ခိုက်ရေး Drone အဖွဲ့ဝင်များမှ အင်အားအချို့အား ထုတ်နုတ် စုစည်း၍  ကာကွယ်ရေးဝန်ကြီးဌာန၏  အမှတ် (၁၈၀၁) ဒရုန်းတပ်ဖွဲ့ အဖြစ် ဖွဲ့စည်းမယ်

📌 ၃။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထဲရေး ဒုဝန်ကြီးတက်ရောက်

📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရမှ လူ့အခွင့်ရေးဆိုင်ဝန်ကြီးနဲ့ ဒုဝန်ကြီး သြစတြေးလျတာဝန်ရှိသူတို့နဲ့ တွေ့ဆုံ၍မြန်မာအရေးအတွက် ဆွေးနွေးတိုင်ပင်

📌 ၅။ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့အဝင်၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ ခွင့်ပြုထားသည့် အခွန်ကောက်ခံသည့် ဂိတ်ကို စကစတပ်နဲ့ပြည်သူ့စစ်များ ရမ်းသန်းပစ်ခတ်၍ အရပ်သားနှစ်ဦးကျည်ထိမှန်သေဆုံး

📌 ၆။ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ညောင်ပင်သာ မြောက်ကမ်းရွာထဲကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးဝင်၍ အသက် နှစ်အရွယ် ကလေးငယ်အပါအဝင် စုစုပေါင်း၁၇ဦးကိုသတ်ဖြတ်

📌 ၇။ မြောင်နယ် ကျောက်ရစ်ရှိ စကစ အထိုင်စခန်းကို ၄၀မမ နှစ်လုံးဖြင့် ပူးပေါင်းပစ်ခတ်တိုက်ခိုက်ရာ စကစဘက်က တစ်ဦးသေ၊ ငါးဦးထိခိုက်

📌 ၈။ ပခုက္ကူမြို့နယ် ကန်တော်ရွာအနီး လမ်းကင်းဆောင်ရွက်နေသော စခ ပခ အင်အား သုံးဆယ်ကျော်အား အီနာဂါသုံးလုံးချ တိုက်ခိုက်ခဲ့ရာ ပျူတစ်ဦးသေဆုံး

📌 ၉။ မူးယစ်ဆေးဝါး မှောင်ခိုမှု၊ ငွေကြေး ခဝါချမှုတွေနဲ့ စွဲချက်တင်ထားတဲ့ မြန်မာခရိုနီ ထွန်းမင်းလတ်နဲ့အမှုတွဲတူတဲ့ အထက်လွှတ်တော်အမတ် ဥပကစ်တစ်ဦးတည်းကိုစွဲထားတဲ့အမှုတွေကနေ ပြန်လည်ရုတ်သိမ်းလိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်(၁၉/၂၀၂၃)ကျင်းပ


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ်(၁၉/၂၀၂၃)ကို မေလ၁၁ရက် နံနက်(၁၀:၀၀)နာရီ အချိန်တွင် ကျင်းပခဲ့ပါတယ်။


အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။

  

ဆက်လက်ပြီး တက်‌ရောက်လာကြသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟို ကော်မတီအဖွဲ့ဝင်များမှ (၁၈/၂၀၂၃)တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဥ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသောတာဝန်ရှိသူများမှ အကျယ်တဝင့်ဆွေးနွေးခဲ့ကြပါတယ်။


အဆိုပါအစည်းအဝေးသို့  ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ Federal Wings မြေပြင်တိုက်ခိုက်ရေး Drone အဖွဲ့ဝင်များမှ အင်အားအချို့အား ထုတ်နုတ် စုစည်း၍  ကာကွယ်ရေးဝန်ကြီးဌာန၏  အမှတ် (၁၈၀၁) ဒရုန်းတပ်ဖွဲ့ အဖြစ် ဖွဲ့စည်းမယ်


Federal Wings မြေပြင်တိုက်ခိုက်ရေး Drone အဖွဲ့ဝင်များမှ အင်အားအချို့အား ထုတ်နုတ် စုစည်း၍  ကာကွယ်ရေး ဝန်ကြီးဌာန၏  အမှတ် (၁၈၀၁) ဒရုန်းတပ်ဖွဲ့ အဖြစ် ဖွဲ့စည်းမယ်လို့ မေလ (၁၁) ရက်နေ့မှာ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးဖော်ပြပါတယ်။


ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နှင့် ဆက်သွယ်ရေး၊ သတင်း အချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်နှင့် Federal Wings ကော်မတီတို့ဟာ ဧပြီ ၆ရက်မှာ အစည်းအဝေး ကျင်းပပြီးစီးခဲ့တယ်လို့ဆိုပါတယ်။ 


အဆိုပါအစည်းအဝေးတွင် အကြမ်းဖက်စစ်အာဏရှင်အား အမြစ်ပြတ်ချေမှုန်းရန် အတွက် တော်လှန်ရေးလုပ်ငန်းများအား ယခုထက်ပိုမို၍ ထိရောက်စွာဆောင်ရွက်နိုင်ရန် အဓိကထား ဆွေးနွေးခဲ့ကြပြီး   Federal Wings ကော်မတီ အနေဖြင့် Federal Wings နည်းပညာဆိုင်ရာလုပ်ငန်းများ၊  Research & Development လုပ်ငန်းများ၊ ရန်ပုံငွေရရှိရေးလုပ်ငန်းများ၊ ပစ္စည်းရွေးချယ်ဝယ်ယူခြင်း လုပ်ငန်းများအား မူလအတိုင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနနှင့် ချိတ်တွဲ၍ ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။


ဒါ့အပြင် Federal Wings မြေပြင်တိုက်ခိုက်ရေး Drone အဖွဲ့ဝင်များမှ အင်အားအချို့အား ထုတ်နုတ် စုစည်း၍  ကာကွယ်ရေးဝန်ကြီးဌာန၏  အမှတ် (၁၈၀၁) ဒရုန်းတပ်ဖွဲ့ အဖြစ် ဖွဲ့စည်းကာ ကွပ်ကဲမှု အဆင့်ဆင့်ခံယူသွားမယ်လို့ဆိုပါတယ်။


 ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် Federal Wings တိုက်ခိုက်ရေး Drone များ ထုတ်လုပ် တပ်ဆင်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဘဏ္ဍာငွေအား လုပ်ငန်းစီမံကိန်းများအလိုက် ဖြည့်တင်းနိုင်ရန်အတွက် အားဖြည့်ကူညီသွားမယ်လို့သိရပါတယ်။


ဘဏ္ဍာရန်ပုံငွေသုံးစွဲမှုများအား စနစ်တကျရှိစေရန်အတွက် Federal Wings ကော်မတီ၊ ဘဏ္ဍာရေးအဖွဲ့နှင့် ကာကွယ်ရေး ဝန်ကြီးဌာနမှ ဘဏ္ဍာရေးတာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်သွားကာ ကာကွယ်ရေးဝန်ကြီးဌာနနှင့်သက်ဆိုင်ရာ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၏ Chain of Commands ဖြင့် Federal Wings  သည် စစ်ဆင်ရေးများတွင် ပါဝင်တိုက်ခိုက်၍ အကြမ်းဖက်စစ်အာဏာရှင်အား အမြစ်ပြတ်ချေမှုန်းသွားမယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထဲရေး ဒုဝန်ကြီးတက်ရောက်


ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထဲရေး ဒုဝန်ကြီး ခူးထဲဘူးတက်ရောက်ခဲ့ပါတယ်။ 


မေလ ၁၁ရက် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး(၁၇/၂၀၂၃)ကို ကျင်းပခဲ့ပြီး ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ဒုဝန်ကြီးခူးထဲဘူးမှ  အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ တွဲဖက်အမြဲတမ်းအတွင်းဝန်မှ လုပ်ငန်း ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ လိုအပ်သည်များ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင် ကြုံတွေ့နေရသည့်ကိစ္စရပ်များ၊ လိုအပ်ချက်များ၊ အခက်အခဲများကို မေးမြန်းဆွေးနွေးကြကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပါတယ်။


အစည်းအဝေးသို့ ဒုဝန်ကြီး ခူးထဲဘူးမှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်၊ တွဲဖက်အမြဲတမ်းအတွင်းဝန်၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့များမှ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရမှ လူ့အခွင့်ရေးဆိုင်ဝန်ကြီးနဲ့ ဒုဝန်ကြီး သြစတြေးလျတာဝန်ရှိသူတို့နဲ့ တွေ့ဆုံ၍မြန်မာအရေးအတွက် ဆွေးနွေးတိုင်ပင်


အမျိုးသားညီညွတ်ရေးအစိုးရမှ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးနဲ့ ဒုဝန်ကြီး သြစတြေးလျတာဝန်ရှိသူတို့နဲ့ တွေ့ဆုံ၍မြန်မာအရေးအတွက် ဆွေးနွေးတိုင်ပင်ခဲ့တယ်လို့ မေလ ၁၁ရက်မှာ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနက အသိပေးဆိုထားပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်တို့သည် ၂၀၂၃ ခုနှစ်၊ မေလ ၁၁ ရက်နေ၊ နံနက်ပိုင်းတွင် Shadow Minister for International Development and the Pacific, the Hon. Michael McCormack MP နှင့်လည်းကောင်း၊ မွန်းလွဲပိုင်းတွင် The Australian Greens Party အမတ်များနှင့်လည်းကောင်း၊ သြစတြေးလျ ပြည်ထောင်စုလွှတ်တော်တွင် တွေ့ဆုံခဲ့တယ်လို့ဖော်ပြပါတယ်။


ထိုသို့တွေ့ဆုံရာမှာ မြန်မာအရေးအတွက် ဆွေးနွေးတိုင်ပင်မှုများ ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၅။ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့အဝင်၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ ခွင့်ပြုထားသည့် အခွန်ကောက်ခံသည့် ဂိတ်ကို စကစတပ်နဲ့ပြည်သူ့စစ်များ ရမ်းသန်းပစ်ခတ်၍ အရပ်သားနှစ်ဦးကျည်ထိမှန်သေဆုံး


ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့အဝင်၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ ခွင့်ပြုထားသည့် အခွန်ကောက်ခံသည့် ဂိတ်ကို စကစတပ်နဲ့ ပြည်သူ့စစ်များ ရမ်းသန်းပစ်ခတ်၍ အရပ်သားနှစ်ဦးကျည်ထိမှန်သေဆုံးခဲ့ပါတယ်။


မေလ၁၁ရက် စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍AAPPက ဖော်ပြပါတယ်။


"မေလ ရက်နေ့၊ ညနေ နာရီခန့်အချိန်တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့အဝင်၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ ခွင့်ပြုထားသည့် အခွန်ကောက်ခံသည့်ဂိတ်ကို အင်အားခုနှစ်ဦးခန့်ပါဝင်သော အကြမ်းဖက်စစ်အုပ်စု၏တပ်နှင့် ဦးရွှေမင်း ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့က အိမ်စီးကားတစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့တယ်"လို့ဆိုပါတယ်။


ပစ်ခတ်မှုကြောင့် အဆိုပါဂိတ်၌ ရှိနေသော အရပ်သား မရန်ဂျာလီထွမ်ဂျာ၊ အားတီနှင့် ဈေးရောင်းနေသော အမျိုးသားတစ်ဦးတို့ ကျည်စထိမှန်ကာ နေရာတွင်ပင် သေဆုံးခဲ့တယ်လို့ဆိုပါတယ်။


========================


📌📌 ၆။ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ညောင်ပင်သာ မြောက်ကမ်းရွာထဲကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးဝင်၍ အသက် နှစ်အရွယ် ကလေးငယ်အပါအဝင် စုစုပေါင်း၁၇ဦးကိုသတ်ဖြတ်


ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ညောင်ပင်သာ မြောက်ကမ်းရွာထဲကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးဝင်၍ အသက် နှစ်အရွယ် ကလေးငယ်အပါအဝင် စုစုပေါင်း၁၇ဦးကိုသတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။


မေလ ၁၀ရက်နေ့ ညနေပိုင်းအချိန် ထန်းတပင်မြို့နယ်၊ ညောင်ပင်သာ မြောက်ကမ်းရွာထဲကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာလို့ဆိုပါတယ်။


"ကလေးတွေရော၊ လူကြီးတွေရော သတ်ဖြတ်သွားပြီး မီးရှို့ထားခဲ့ပါတယ်။ အားလုံးအရပ်သားတွေပါပဲ"လို့ ဒေသခံ တစ်ဦးကဆိုပါတယ်။


သတ်ဖြတ်ခံရသူအများစုမှာ မိသားစုများ အစုလိုက်ဖြစ်ပြီး အကြမ်းဖက်စစ်တပ်က ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။


မေလ၂ရက် ညနေ (၆း၂၀)နာရီနှင့် (၆း၂၄)နာရီတို့တွင်လည်း ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊(ဇရပ်ကြီးတောင်ခြမ်းဒေသ)ဘုမ္မတီးကျေးရွာ၊ သရက်တန်းကျေးရွာနှင့် ကျွဲလမ်းကျေးရွာတို့အား တိုက်လေယာဥ်နှစ်စီးဖြင့် ဗုံးကျဲခြင်းနှင့် မြေပြင်စကစတပ်မှ လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်ခြင်းတို့ဖြင့် နှစ်ဖက်ညှပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သား၃ဦးသေဆုံးခဲ့ပါတယ်။


========================


📌📌 ၇။ မြောင်နယ် ကျောက်ရစ်ရှိ စကစ အထိုင်စခန်းကို ၄၀မမ နှစ်လုံးဖြင့် ပူးပေါင်းပစ်ခတ်တိုက်ခိုက်ရာ စကစဘက်က တစ်ဦးသေ၊ ငါးဦးထိခိုက်


စစ်ကိုင်းတိုင်း၊မြောင်နယ် ကျောက်ရစ်ရှိ စကစ အထိုင်စခန်းကို ၄၀မမ နှစ်လုံးဖြင့် ပူးပေါင်းပစ်ခတ်တိုက်ခိုက်ရာ စကစဘက်က တစ်ဦးသေ၊ ငါးဦးထိခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ မေလ ၁၁ရက်မှာ စစ်ကိုင်းခရိုင် တပ်ရင်းအမှတ်()-MSPDFက စစ်ရေးသတင်းကို အသိပေးဆိုပါတယ်။


"မေလ၉ရက်နေ့ ညနေ()နာရီကျော်အချိန်တွင် စကစတပ်များ အထိုင်ချရာနေရာ တစ်ခုဖြစ်သော ကျောက်ရစ် စကစအထိုင်ချစခန်း အား  စစ်ကိုင်းခရိုင် တပ်ရင်းအမှတ်()-MSPDFနှင့်အတူ မိတ္ထီလာခရိုင် တပ်ရင်းအမှတ်()-MHLG PDFတို့မှ ၄၀မမ နှစ်လုံးဖြင့် ပူးပေါင်းပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ (မေလ ၉ရက်နေ့) တိုက်ခိုက်ခဲ့သည့် နေ့တွင် စကစဘက်က()ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး (၁၀)ရက်နေ့ ညတွင် တစ်ဦးသေဆုံးသွားခဲ့ပါတယ်"လို့ဆိုပါတယ်။


နောက်ထပ်ဒဏ်ရာ အပြင်းအထန်ရ စကစတပ်ဖွဲ့ဝင်တစ်ဦးမှာလည်း သေလုမျောပါးဖြစ်နေကြောင်းသိရှိရပါတယ်။


========================


📌📌 ၈။ ပခုက္ကူမြို့နယ် ကန်တော်ရွာအနီး လမ်းကင်းဆောင်ရွက်နေသော စခ ပခ အင်အား သုံးဆယ်ကျော်အား အီနာဂါသုံးလုံးချ တိုက်ခိုက်ခဲ့ရာ ပျူတစ်ဦးသေဆုံး


ပခုက္ကူမြို့နယ် ကန်တော်ရွာအနီး လမ်းကင်းဆောင်ရွက်နေသော စခ ပခ အင်အား သုံးဆယ်ကျော်အား အီနာဂါသုံးလုံးချ တိုက်ခိုက်ခဲ့ရာ ပျူတစ်ဦးသေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။ မေလ၁၁ရက်မှာ စစ်ရေးသတင်းကို မြိုင်ပကဖကအတည်ပြုဆိုပါတယ်။


"မေလ၁၁ရက်မနက် ၈နာရီအချိန် ပခုက္ကူမြို့နယ် ကန်တော်ရွာအနီး လမ်းကင်းဆောင်ရွက်နေသော စကစနဲ့ပျူ  အင်အား သုံးဆယ်ကျော်အား အီနာဂါသုံးလုံးချ တိုက်ခိုက်ခဲ့ရာတွင် ပျူတစ် ဦးသေဆုံးပြီး စကစတပ်ကတစ်ဦးဒဏ်ရာရရှိသွားပါတယ်"လို့ဆိုပါတယ်။


စကစနဲ့ပျူများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ရေလာလေးပျူရွာသားတစ်ဦး ရှောင်တိမ်းနေသူ လူငယ်တစ်ဦးသည် သေဆုံးသွားခဲ့ကြောင်း သတင်း ရရှိပါတယ်။


စကစတပ်ကို ဒရုန်းမစ်ရှင်ဖော်ဆောင်မှုတွင် Pku thurain  Black Crbra မြိုင်ပကဖရင်း-၁တို့ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။


========================


📌📌 ၉။ မူးယစ်ဆေးဝါး မှောင်ခိုမှု၊ ငွေကြေး ခဝါချမှုတွေနဲ့ စွဲချက်တင်ထားတဲ့ မြန်မာခရိုနီ ထွန်းမင်းလတ်နဲ့အမှုတွဲတူတဲ့ အထက်လွှတ်တော်အမတ် ဥပကစ်တစ်ဦးတည်းကိုစွဲထားတဲ့အမှုတွေကနေ ပြန်လည်ရုတ်သိမ်းလိုက်


မူးယစ်ဆေးဝါး မှောင်ခိုမှု၊ ငွေကြေး ခဝါချမှုတွေနဲ့ စွဲချက်တင်ထားတဲ့ မြန်မာခရိုနီ ထွန်းမင်းလတ်နဲ့အမှုတွဲတူတဲ့အထက်လွှတ်တော်အမတ် ဥပကစ်တစ်ဦးတည်းကိုစွဲထားတဲ့အမှုတွေကနေ ပြန်လည်ရုတ်သိမ်းလိုက်တယ်လို့သိရပါတယ်။ မေလ၁၁ရက်မှာ ထိုင်းနိူင်ငံရေး ကျွမ်းကျင်သူ စတီဗင်စန်းယုကအသိပေးဆိုထားပါတယ်။


"မူးယစ်ဆေးဝါးမှု၊ ငွေကြေးခဝါချမှုနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့ အဖမ်းခံထားရပြီး ထောင်ထဲရောက်နေတဲ့ မင်းအောင်လှိုင်လူယုံ လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ လုပ်ဖေါ်ကိုင်ဖက်ဖြစ်ပြီး လက်ရှိဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယွတ်မှ ခန့်ထားတဲ့ အထက်လွှတ်တော်အမတ် ဥပကစ် ကိုနိုင်ရာစီမန်က လွှတ်တော်မှာအဆိုတင်သွင်းခဲ့ပြီး မူးယစ်ဆေးဝါးမှုနှင့် ငွေကြေးခဝါချမှု‌တွေနဲ့ တရားစွဲထားတာကို ယနေ့၊ မေလ ၁၁ ရက်နေ့ တရားရုံးက သူ့ကိုစွဲထားတဲ့အမှုတွေကနေ ပြန်လည်ရုတ်သိမ်းလိုက်ပြီလို့ သတင်းရပါတယ်။ အခြေအနေပေးရင်တော့ ထွန်းမင်းလတ်လည်း မြန်မာပြည်ကို အေးအေးဆေးဆေးနဲ့ ပြန်ရောက်သွားနိုင်ပါတယ်"လို့ဆိုပါတယ်။


မြန်မာ ခရိုနီ  လက်နက်ပွဲစားထွန်းမင်းလတ်ကို ထိုင်းနိူင်ငံ ဘန်ကောက်မှာ ဖမ်းဆီးခဲ့ချိန်တုန်းက သူ့ရဲ့ တိုက်ခန်းထဲမှာ သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေထဲမှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သားသမီးတွေ ဘန်ကောက်မှာ ဝယ်ယူ ပိုင်ဆိုင်ထားတဲ့ ကွန်ဒိုတိုက်ခန်း စာရွက်စာတမ်းတွေနဲ့ ဘဏ်စာရင်း စာအုပ်တွေ ပါဝင်ခဲ့ပါတယ်။


၄င်းထွန်းမင်းလတ်နဲ့အတူ ထိုင်းအထက်လွှတ်တော်အမတ် ဥပကစ်ဟာလည်း လုပ်ငန်းများပတ်သက်ယှက်နွယ်မှုရှိကြောင်းစွဲချက်အတင်ခံခဲ့ရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment