၂၀၂၃ ဇွန်လ ၁၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ Indiana ပြည်နယ်၊Indianapolisမြို့ရှိ မြန်မာပြည်ဖွားတိုင်းရင်းသားမိသားစုများနဲ့လူထုတွေ့ဆုံပွဲများသို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ဥက္ကဌ ဦးအောင်ကြည်ညွန့်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများတက်ရောက်
📌 ၂။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီတွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈နှစ်ပြည့်မွေးနေ့ဆုတောင်းပွဲအခမ်းအနားကျင်းပမည်
📌 ၃။ ကလေးများအတွက် လုံခြုံပြီး ပျော်စရာကောင်းတဲ့ နေရာတစ်ခုဖြစ်အောင် လုပ်ဆောင်ဖို့ ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးတိုက်တွန်းပြောကြား
📌 ၄။ ရန်ကုန် ဖက်ဒရယ်စကူးလ်ကျောင်း တည်ထောင်ခြင်း (၁) နှစ်ပြည့်အခမ်းအနား NUGပညာရေးဒုဝန်ကြီးတက်ရောက်
📌 ၅။ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ရန် အကောင်အထည်ဖော်ဆောင်မည်
📌 ၆။ ချင်းပြည်နယ်ထဲမှာ ထန်တလန်ဟာ လေကြောင်းတိုက်ခိုက်မှု အခံရဆုံးဖြစ်ပြီး မင်းတပ်ဟာ ဒုတိယအတိုက်ခိုက်ခံရဆုံးဖြစ်တယ်လို့ဆို
📌 ၇။ ဖရူဆိုPDFရဲ့ RPG တစ်လက် ကမ်ပိန်း နှစ် ရာခိုင်နှုန်းသာရရှိသေး၍ ပြည်သူလူထုဝိုင်းဝန်းပေးရန်နှိုးဆော်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ Indiana ပြည်နယ်၊Indianapolisမြို့ရှိ မြန်မာပြည်ဖွားတိုင်းရင်းသားမိသားစုများနဲ့လူထုတွေ့ဆုံပွဲများသို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ဥက္ကဌ ဦးအောင်ကြည်ညွန့်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများတက်ရောက်
ဇွန်လ၁၂ရက်
အမေရိကန်ပြည်ထောင်စု၊ Indiana ပြည်နယ်၊Indianapolisမြို့ရှိ မြန်မာပြည်ဖွားတိုင်းရင်းသားမိသားစုများနဲ့လူထုတွေ့ဆုံပွဲများသို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ဥက္ကဌ ဦးအောင်ကြည်ညွန့်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများတက်ရောက်ခဲ့ကြောင်းကို ဇွန်လ၁၂ရက်မှာ NUGနိူင်ငံရေးဝန်ကြီးဌာနရုံး ဝါရှင်တန်ဒီစီက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဇွန်လ(၁၁)ရက်နေ့အမေရိကန်ပြည်ထောင်စု၊ Indiana ပြည်နယ်၊Indianapolisမြို့ရှိ မြန်မာပြည်ဖွားတိုင်းရင်းသားမိသားစုများမှ ကျင်းပပြုလုပ်သောလူထုတွေ့ဆုံပွဲများသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ဥက္ကဌ ဦးအောင်ကြည်ညွန့်နှင့်အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)၏ကျန်းမာရေးနှင့်ပညာရေးဝန်ကြီးဌာနမှ ဝန်ကြီးဒေါက်တာဇော်ဝေစိုး၊ ဆက်သွယ်ရေး၊သတင်းနှင့်နည်းပညာဝန်ကြီးဌာနမှ ဝန်ကြီး ဦးထင်လင်းအောင်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးတို့တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။
သရဏမဉ္ဇူကျောင်းတိုက်တွင်ပြုလုပ်သော မြန်မာမိသားစုဝင်များတွေ့ဆုံပွဲကိုနေ့လည်(၁)နာရီတွင်ကျင်းပခဲ့ပြီး၊CHIN COMMUNITY OF INDIANA (CCI)မှဦးစီးကျင်းပသောတွေ့ဆုံပွဲကို ညနေ(၆)နာရီတွင်ကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။
တွေ့ဆုံပွဲများတွင်CRPH နှင့်NUG အဖွဲ့တို့မှ တာဝန်ရှိသူများမှ မြန်မာပြည်တွင်ဖြစ်ပျက်နေသောအခြေနေများ၊ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းစဉ်များနှင့် အနာဂတ်တွင်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီးရှင်းလင်းပြောကြားခဲ့ကြပြီး တက်ရောက်လာသူများမှလည်း သိလိုသည်များကိုပြန်လည်မေးမြန်း၍ ရင်းနှီးပွင့်လင်းစွာတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
========================
📌📌 ၂။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီတွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈နှစ်ပြည့်မွေးနေ့ဆုတောင်းပွဲအခမ်းအနားကျင်းပမည်
ဇွန်လ၁၂ရက်
ဒေါ်အောင်ဆန်းစုကြည်၏ ၇၈နှစ်ပြည့်မွေးနေ့ ဆုတောင်းပွဲအခမ်းအနားကို ဇွန်လ၁၇ရက်တွင် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီဧရိယာတွင် ရည်ရွယ်ချက်သုံးရပ်နှင့် ကျင်းပသွားမှာဖြစ်ပြီးတော့ NUG ပြည်ထောင်စုဝန်ကြီးများနှင့် လူထုတွေ့ဆုံပွဲကိုပါ တစ်ပါတည်းကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။
လူထုတွေ့ဆုံပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးတို့ပါ တက်ရောက်မှာ ဖြစ်ပါတယ်။
နိူင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့အား အကြမ်းဖက်စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက်နေ့ကတည်းက မတရားဖမ်းဆီးထားခြင်းဖြစ်ပါတယ်။
========================
📌📌 ၃။ ကလေးများအတွက် လုံခြုံပြီး ပျော်စရာကောင်းတဲ့ နေရာတစ်ခုဖြစ်အောင် လုပ်ဆောင်ဖို့ ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးတိုက်တွန်းပြောကြား
ဇွန်လ၁၂ရက်
ကလေးများအတွက် လုံခြုံပြီး ပျော်စရာကောင်းတဲ့ နေရာတစ်ခုဖြစ်အောင် လုပ်ဆောင်ဖို့လိုအပ်ကြောင်း ဇွန်လ၁၁ရက်နေ့မှာ အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးက တိုက်တွန်းပြောကြားလိုက်ပါတယ်။
"ကလေးများသည် ကောင်းကင်မှ ပန်းများဖြစ်ပါတယ်။ ဒီကမ္ဘာကြီးကို ငါတို့ကလေးတွေအတွက် လုံခြုံပြီး ပျော်စရာကောင်းတဲ့ နေရာတစ်ခုဖြစ်အောင် လုပ်လိုက်ကြရအောင်"လို့ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ နယ်မြို့များမှာ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ရာတွင် ကလေးသူငယ်သေဆုံးမှုများပါရှိခဲ့ပါတယ်။
========================
📌📌 ၄။ ရန်ကုန် ဖက်ဒရယ်စကူးလ်ကျောင်း တည်ထောင်ခြင်း (၁) နှစ်ပြည့်အခမ်းအနား NUGပညာရေးဒုဝန်ကြီးတက်ရောက်
ဇွန်လ၁၂
ရန်ကုန်ဖက်ဒရယ်စကူးလ်ကျောင်းတည်ထောင်ခြင်း (၁) နှစ်ပြည့်အခမ်းအနားကို ဇွန်လ (၁၁) ရက်နေ့တွင် မနက် (၉) နာရီမှ နေ့လည် (၁၂) အထိ ကျင်းပခဲ့ရာ အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဂျာထွယ်ပန် တက်ရောက်၍အမှာစကားပြောကြားခဲ့ပါတယ်။
ထို့နောက်အစုအဖွဲ့အသီးအသီးမှ ပေးပို့လာသောသဝဏ်လွှာများကို ဖတ်ကြားခဲ့ပြီး၊ကျောင်းတာဝန်ခံမှ ကျောင်း၏လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခြင်း၊ပြည်ထောင်စုလွှတ်တောက်ကိုယ်စားပြုကော်မတီ (CRPH) ပညာရေးကော်မတီ ဥက္ကဌ ဆရာရောဘတ် မှ အမှတ်တရစကားပြောကြားခြင်းတို့ဆောင်ရွက်ခဲ့ပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနမှ ကြားကာလပညာသင်ကြားရေးအား မြေပြင်နှင့် အွန်လိုင်းကျောင်းတွင် အကောင် အထည်ဖော်ဆောင်သင်ကြားစေလျက်ရှိပြီး အသိအမှတ်ပြုမှုများဆက်တိုက်လုပ်ဆောင်လျက်ရှိပါတယ်။
========================
📌📌 ၅။ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ရန် အကောင်အထည်ဖော်ဆောင်မည်
ဇွန်လ၁၂ရက်
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ရန် အကောင်အထည်ဖော်ဆောင်မယ်လို့ ဇွန်လ၁၂ရက်မှာ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းခြင်းကို တရားဝင်မိတ်ဆက်အသိပေးကြေညာလိုက်ပါတယ်။
ကရင်နီပြည် အုပ်ချုပ်ရေးကောင်စီကို - ဥက္ကဌ အဖြစ် ခူးဦးရယ် (KNPP)၊ ဒု ဥက္ကဌ အဖြစ် ခွန်းဘီးထူး (KNDF)တို့က ဦးဆောင်မှာဖြစ်ပြီးတော့ ကောင်စီအဖွဲ့ဝင်၆ဦးနဲ့ကနဦး ဖွဲ့စည်းဦးဆောင်သွားမှာ ဖြစ်ကာ ပြည်နယ်ရေးရာဌာနအနည်းဆုံး၁၂ရပ်ကို ထားရှိသွားမှာဖြစ်ပါတယ်။
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ရန်နှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကိုအကောင်အထည်ဖော်ဆောင်ရန်အပြင်
ပညာရေး၊ကျန်းမာရေး၊ စားနပ်ရိက္ခာနှင့်အခြေခံလိုအပ်ချက်တို့ကိုဖြည့်ဆည်းမှာဖြစ်တယ်လို့သိရပါတယ်။
========================
📌📌 ၆။ ချင်းပြည်နယ်ထဲမှာ ထန်တလန်ဟာ လေကြောင်းတိုက်ခိုက်မှု အခံရဆုံးဖြစ်ပြီး မင်းတပ်ဟာ ဒုတိယအတိုက်ခိုက်ခံရဆုံးဖြစ်တယ်လို့ဆို
ဇွန်လ၁၂
ချင်းပြည်နယ်ထဲမှာ ထန်တလန်ဟာ လေကြောင်းတိုက်ခိုက်မှုအခံရဆုံးဖြစ်ပြီး မင်းတပ်ဟာ ဒုတိယအတိုက်ခိုက်ခံရဆုံးဖြစ်တယ်လို့ CDF-Mindatကဆိုပါတယ်။ ဇွန်လ၁၂ရက်မှာ စစ်ကောင်စီရဲ့တိုက်ခိုက်မှုနဲ့ပတ်သက်လို့ CDF-Mindatကအသိပေးဆိုပါတယ်။
"၂၀၂၃ နှစ်စကနေ ဧပြီလကုန်အထိကောက်တဲ့ စစ်တမ်းအရ တနိုင်ငံလုံးမှာ ချင်းပြည်ဟာ လေကြောင်းတိုက်ခိုက်အခံရဆုံး ဖြစ်ပါတယ်။ ချင်းပြည်နယ်ထဲမှာမှ ထန်တလန်ဟာ လေကြောင်းတိုက်ခိုက်မှုအခံရဆုံးဖြစ်ပြီး မင်းတပ်ဟာ ဒုတိယ ဖြစ်ပါတယ်။ စစ်ကောင်စီဟာ ဘယ်သူဘာပြောပြော နားဝင်မယ့်အရာမဟုတ်တော့တာ အားလုံး အသိပါ။ သူ့ဖက်က ရှိသမျှအစွမ်းထုတ်ပြီး တော်လှန်ပြည်သူအပေါင်းကို ခြေမှုန်းဖို့ ကြိုးစားနေတာ အားလုံး အသိပါ။
လေကြောင်းရန်ကို CDF-Mindat အနေနဲ့ မကာကွယ်နိုင်တဲ့အပြင် ခုခံတိုက်ခိုက်ဖို့လည်း မတတ်နိုင်သေးပါဘူး။ ဒါပေမယ့် ကျနော်တို့ လုပ်နိုင်တာတွေ အများကြီး ရှိပါတယ်။ အခုလုပ်နေတဲ့ ကမ်ပိန်းသာ အောင်မြင်မယ်ဆို မြေပြင်မှာ ကျနော်တို့ အများကြီး လုပ်နိုင်တာတွေ ရှိပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ ချင်းပြည်နယ် မင်းတပ်အခြေစိုက် CDF Mindatဟာ အားယူထပျံ အောက်ချင်းအားမာန် သိန်းငါးထောင်ကမ်ပိန်းကို စတင်လုပ်ဆောင်နေပြီး မည်သူမဆိုပါဝင်ထောက်ပို့နိူင်မှာလည်းဖြစ်ပါတယ်။
========================
📌📌 ၇။ ဖရူဆိုPDFရဲ့ RPG တစ်လက် ကမ်ပိန်း နှစ် ရာခိုင်နှုန်းသာရရှိသေး၍ ပြည်သူလူထုဝိုင်းဝန်းပေးရန်နှိုးဆော်
ဇွန်လ၁၂ရက်
ဇွန်လ ၁၂ရက်မှာ HprusoPDFက ကမ်ပိန်းနဲ့ပတ်သက်လို့ အခုလိုအသိပေးဆိုထားပါတယ်။
ဇွန်လ ၁၀ ရက်နေ့တွင် ကျနော်တို့ ဖရူဆို pdf ရဲ့ RPG တစ်လက် project လေး စတင်ခဲ့ပါတယ် ခင်ဗျ။၁၁ ရက်နေ့တွင် ကျနော်တို့ ရရှိမှု ရာခိုင်နှုန်းက ၂ ရာခိုင်နှုန်း ကျော်ကျော်ပဲ ရရှိသေးပါတယ် ခင်ဗျ။ income money မရှိတဲ့ ကျနော်တို့ အဖို့ ပြည်သူဟာ အဓိက ကျ ပါတယ်။တစ်ယောက် တစ်လက် ပါ၀င်အားဖြည့်ပေးကြပါဦး"လို့ဆိုပါတယ်။
HprusoPDFဟာNUG /MOD ရဲ့ အသိအမှတ်ပြု PDFတပ်ဖွဲ့ ဖြစ်ပြီး အလယ်ပိုင်းတိုင်း စစ်ဒေသ၏ စစ်ဒေသ (၃) တပ်ရင်း အမှတ် (၁၁၀၄) ဖရူဆို မြို့နယ် အခြေစိုက် တပ်ရင်း /တပ်ဖွဲ့ ဖြစ်ပါတယ်။ ပါဝင်အားဖြည့်လိုသူများအနေနဲ့ဖရူဆို pdf page messenger အပြင် ဖရူဆို pdf telegram acc မှာလည်း ပါဝင်အားဖြည့်လို့ ရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment