၂၀၂၃ သြဂုတ်လ ၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အထူးအစည်းအဝေးပွဲ ယာယီသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးချုပ်တို့တက်ရောက်
📌 ၂။ တော်လှန်ရေးမှာ တစ်လှေတည်းစီး တစ်ခရီးတည်းသွားသူချင်း တတ်နိုင်သ၍ ညီညီညွတ်ညွတ် ဖေးဖေးမမနဲ့ ပန်းတိုင်အောင်ပွဲကိုပဲ အာရုံပြုဖို့ ယာယီသမ္မတ ဒူဝါလရှီးလ သတင်းစကားပါးဆို
📌 ၃။ တရားစီရင်ရေးမဏ္ဍိုင်ကို လက်တွေ့အကောင်အထည် ဖော်ဆောင်ရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနအချင်းချင်း ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ဆို
📌 ၄။ အကြမ်းဖက်စစ်အုပ်က ငါးဦးနှင့်အထက် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု အနည်းဆုံး (၁၄၄)မှု ကျူးလွန်ခဲ့ပြီး၊ အပြစ်မဲ့ပြည်သူ (၁၅၉၅) ဦးကို သတ်ဖြတ်ခဲ့
📌 ၅။ ပြည်ပရောက် မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသော သား/သမီးများ မူလအခွင့်အရေးမဆုံးရှုံးစေရန် ရည်ရွယ်၍ မွေးစာရင်းလက်မှတ် ထုတ်ပေးမယ်လို့ ပြည်ထဲရေးဒုဝန်ကြီး ခူးထဲဘူးဆို
📌 ၆။ ဇွန်လတွင်နွေဦးထီ project မှ ကျန်းမာရေး CDM ဝန်ထမ်း၁၁၀ ဦးအတွက် ထောက်ပံ့ငွေ ငါးဆယ့်ငါးသိန်းကျပ်ကူညီနိုင်ခဲ့
📌 ၇။ BPLA တပ်ဖွဲ့ရဲ့ စနိုက်ပါသင်တန်းကို ရခိုင့်တပ်တော်(AA)က လေ့ကျင့်သင်ကြားပေးခဲ့
📌 ၈။ ဒီမော့ဆိုမြို့နယ်၊ သဲတောင် စကစလက်နက်ကြီး စခန်းကို ကာကွယ်ရေးတပ်များက ၈၁မမ တာဝေးပစ်လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်၍ စကစ စခန်းအဆောက်အဦများ ထိမှန်ပျက်စီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အထူးအစည်းအဝေးပွဲ ယာယီသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးချုပ်တို့တက်ရောက်
ဇူလိုင်၃၁
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့သည် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအပြောင်းအလဲများနှင့် ပတ်သက်၍ အထူးအစည်းအဝေးတစ်ရပ်ကို ဇူလိုင်၃၁ရက်မှာ ကျင်းပခဲ့ပြီး ယာယီသမ္မတနှင့် ပြည်ထောင်စု ဝန်ကြီးချုပ်တို့ တက်ရောက်ခဲ့ပါတယ်။
အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလကပြောကြားရာ-
“ကျနော်တို့မှာ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ရှိပါတယ်။ (၁) အာဏာရှင်လုံးဝအမြစ်ပြတ်ရေးနဲ့ (၂) ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးသာ အဓိကဖြစ်ပါတယ်။ အရေးကြီးဆုံး လမ်းကြောင်း ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ နိုင်ငံရေးလမ်းကြောင်း (political path) က ရပြီးသားဖြစ်ပါတယ်။ ဘယ်လိုအခက်အခဲဖြစ်ဖြစ်၊ ခြိမ်းခြောက်မှုပဲဖြစ်ဖြစ် အကြမ်းဖက်စစ်အုပ်စု အကွက်ဆင်တဲ့ဘက် မလိုက်သွားဖို့ အရေးကြီးပါတယ်”လို့ နိုင်ငံတော်ယာယီသမ္မတက ပြောပါတယ်။
ထို့နောက်NUCC ကောင်စီဝင် ဒေါ်ခေတ်ငြိမ်းအေးက ပြောကြားရာမှာ “NUCC/NUG က ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အပေါ် ယုံကြည်ပြီး ရှေ့ဆက်သွားရင်းနဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်မယ် ယူဆပါတယ်။ အစိုးရအပြောင်းအလဲ (regime change) မဟုတ်ပဲ၊ စနစ်အပြောင်းအလဲ (system change) ဖြစ်ပါတယ်။ စစ်အုပ်စုက သပ်လျှိုလာတာတွေက နည်းလမ်းမျိုးစုံသုံးနေတယ်ယုံကြည်ပါတယ်။ ဘယ်လိုဖြစ်လာပါစေ ခေါင်းဆောင်များ/အစုအဖွဲ့ကြား အားလုံးညီညီညွတ်ညွတ် ရှေ့ဆက်သွားကြဖို့ လိုပါတယ်”လို့ဆိုပါတယ်။
အစည်းအဝေးတွင် လက်ရှိဖြစ်ပေါ်ပြောင်းလဲနေသော နိုင်ငံရေး အခြေအနေများနှင့် ပတ်သက်၍ သုံးသပ်ဆွေးနွေးကြပြီး၊ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့်အညီ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် မဟာမိတ်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်သော လုပ်ငန်းများကို ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ခဲ့ကြပါတယ်။
ထို့နောက်အစည်းအဝေးနိဂုံးချုပ်စကားကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားရာ“ဒေါ်အောင်ဆန်းစုကြည် ထွက်လာရင် ပြောင်းသွားမလားမေးကြတာ ရှိပါတယ်။ ကျနော်တို့ လုံးဝမပြောင်းပါဘူး။ ပြည်သူလူထုဆန္ဒအတိုင်းသွားမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူလူထုဆန္ဒကို အလေးထားပါတယ်။ ကျနော်တို့မပြောင်းပါဘူးလို့ ဒီအစည်းအဝေးမှာလည်းပြောချင်ပါတယ်။ ၂၀၀၈ ရှိနေသ၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်နိုင်မှာမဟုတ်။ အဓိကက အကြမ်းဖက်စစ်အုပ်စုပြုတ်ကျဖို့ လိုအပ်နေပါတယ်။ ဝိုင်းဝန်း ဆောင်ရွက်ကြရင်မဖြစ်နိုင်စရာမရှိပါဘူး”လို့ဆိုပါတယ်။
အစည်းအဝေးသို့ နိုင်ငံတော်ယာယီသမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ်၊ ဝန်ကြီး၊ ဒုဝန်ကြီးများနှင့် NUCC ကောင်စီဝင်များ စုစုပေါင်း ၇၂ ဦး တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ တော်လှန်ရေးမှာ တစ်လှေတည်းစီး တစ်ခရီးတည်းသွားသူချင်း တတ်နိုင်သ၍ ညီညီညွတ်ညွတ် ဖေးဖေးမမနဲ့ ပန်းတိုင်အောင်ပွဲကိုပဲ အာရုံပြုဖို့ ယာယီသမ္မတ ဒူဝါလရှီးလ သတင်းစကားပါးဆို
ဇူလိုင်၃၁
အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ ပြည်သူများထံသို့ သတင်းစကားပါးရာမှာအခုလို ဆိုလိုက်ပါတယ်။
“ကျွန်တော်တို့အားလုံးဟာ တော်လှန်ရေးမှာ လုပ်ကိုင်ဆောင်ရွက်ပုံတွေ မတူညီကြပေမယ့် လျှောက်တဲ့လမ်းချင်းတူလို့ လူချင်းတွေ့ကြတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်လှေတည်းစီး တစ်ခရီးတည်းသွားသူချင်း တတ်နိုင်သ၍ ညီညီညွတ်ညွတ် ဖေးဖေးမမနဲ့ ပန်းတိုင်အောင်ပွဲကိုပဲ အာရုံပြုပြီး လျှောက်လှမ်းကြရမှာဖြစ်ပါတယ်”လို့ယာယီသမ္မတကဆိုပါတယ်။
လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့ပေါင်း ၃၀၀ ကျော်၊ မြို့နယ်ပကဖ အဖွဲ့ပေါင်း ၂၅၀ ကျော်နဲ့ တစ်နိုင်ငံလုံးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အင်အားပေါင်း သိန်းနဲ့ချီရှိနေပါတယ်။
========================
📌📌 ၃။ တရားစီရင်ရေးမဏ္ဍိုင်ကို လက်တွေ့အကောင်အထည် ဖော်ဆောင်ရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနအချင်းချင်း ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ဆို
ဇူလိုင်၃၁
ဇူလိုင်၂၉ရက်မှာ ပြုလုပ်တဲ့ ကြားကာလပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှုကော်မတီ အစည်းအဝေး (၇/၂၀၂၃)တွင် ဝန်ကြီးချုပ်က အခုလိုဆိုပါတယ်။
"ယခုကာလသည် ဥပဒေများ လုပ်ထုံးလုပ်နည်းများအတိုင်း သတိကြီးစွာထားပြီး လုပ်ကိုင်ဆောင်ရွက်ရသည့်အပြင် တော်လှန်ရေးကာလ ဖြစ်သည့်အတွက် တရားရေးဝန်ကြီးဌာန၏ တရားစီရင်ရေးမဏ္ဍိုင်ကို လက်တွေ့ အကောင်အထည် ဖော်ဆောင်ရာတွင် အခက်အခဲများ များစွာ ရှိမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနအချင်းချင်း ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုသည် လွန်စွာအရေးကြီးကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသူများမှ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီးနောက် တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက တော်လှန်ရေးရှေ့တစ်လှမ်းတိုးရန် လိုအပ်ကြောင်း၊ တရားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနများသည် ထဲထဲဝင်ဝင် ပေါင်းစပ်ဆောင်ရွက်နိုင်ရန် အရေးကြီးကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများအားလုံး ဝိုင်းဝန်းကြိုးပမ်းကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဋ္ဌ၊ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ ကော်မတီ အတွင်းရေးမှူး၊ တရားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းနောင်ခိုင်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ အကြမ်းဖက်စစ်အုပ်က ငါးဦးနှင့်အထက် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု အနည်းဆုံး (၁၄၄)မှု ကျူးလွန်ခဲ့ပြီး၊ အပြစ်မဲ့ပြည်သူ (၁၅၉၅) ဦးကို သတ်ဖြတ်ခဲ့
ဇူလိုင်၃၁ရက်
အကြမ်းဖက်စစ်အုပ်က ငါးဦးနှင့်အထက် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု အနည်းဆုံး (၁၄၄) မှု ကျူးလွန်ခဲ့ပြီး၊ အပြစ်မဲ့ပြည်သူ (၁၅၉၅) ဦးကို သတ်ဖြတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာနက ဇူလိုင်၃၁ရက်မှာ ထုတ်ပြန်အသိပေးပါတယ်။
အကြမ်းဖက်စစ်အုပ်စုသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင်အာဏာသိမ်းရန် ကြိုးပမ်းခဲ့ပြီးနောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ကျူးလွန်လာခဲ့ရာ အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ ကောက်ယူ ရရှိထားသော အချက်အလက်များအရ ငါးဦးနှင့်အထက် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု အနည်းဆုံး (၁၄၄) မှု ကျူးလွန်ခဲ့ပြီး၊ အပြစ်မဲ့ပြည်သူ (၁၅၉၅) ဦးကို သတ်ဖြတ်ခဲ့ကြောင်း တွေ့ရှိရပါတယ်လို့ ဖော်ပြပါတယ်။
၂၀၂၁ ခုနှစ်တွင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု (၁၁)ကြိမ်၊ ၂၀၂၂ ခုနှစ်တွင် (၈၅)ကြိမ်နှင့်၊ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ (၄၈) ကြိမ် အထိ ကျူးလွန်မှုရှိခဲ့ကြောင်း မှတ်တမ်းကောက်ယူထားနိုင်ခဲ့တယ်လို့ဆိုပါတယ်။
ကောက်ယူရရှိထားသော မှတ်တမ်းများအရ နောက်ဆုံးကျူးလွန်ခဲ့သော အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုမှာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့၊ စစ်ကိုင်းတိုင်း၊ ယင်းမာပင် မြို့နယ်၊ စုန်းချောင်းကျေးရွာတွင် ကျူးလွန်ခဲ့သော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်ပြီး အဆိုပါသတ်ဖြတ်မှုတွင် အသက် (၁၈)နှစ်အောက် (၄) ဦးအပါအဝင် အပြစ်မဲ့ပြည်သူ (၁၄) ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း ခံခဲ့ရတယ်လို့ ဆိုပါတယ်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ကောက်ယူရရှိထားသော အကြမ်းဖက် စစ်အုပ်စု၏ ချိုးဖောက်မှုများအပေါ် တရားမျှတမှုဖော်ဆောင်နိုင်ရန် အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ထုတ်ပြန်ပါတယ်။
========================
📌📌 ၅။ ပြည်ပရောက် မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသော သား/သမီးများ မူလအခွင့်အရေးမဆုံးရှုံးစေရန် ရည်ရွယ်၍ မွေးစာရင်းလက်မှတ် ထုတ်ပေးမယ်လို့ ပြည်ထဲရေးဒုဝန်ကြီး ခူးထဲဘူးဆို
ဇူလိုင်၃၁
ဇူလိုင်လ ၂၉ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန၏ ပြည်ပမွေးတိုးလုပ်ငန်းဗဟိုကော်မတီ အစည်းအဝေးမှာ ပြည်ထဲရေးဒုဝန်ကြီး ခူးထဲဘူးက အခုလိုပြောပါတယ်။
အစည်းအဝေး၌ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ခူးထဲဘူးမှ ပြည်ပရောက် မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသော သား/သမီးများ မူလအခွင့်အရေးမဆုံးရှုံးစေရန် ရည်ရွယ်၍ မွေးစာရင်းလက်မှတ် ထုတ်ပေးခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန တွဲဖက်အတွင်းဝန်မှ ပြည်ပရောက် မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသော သား/သမီးများအား မွေးစာရင်းလက်မှတ် ထုတ်ပေးရေး လုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါတယ်။
အစည်းအဝေးသို့ ပြည်ပမွေးစာရင်းလက်မှတ် ထုတ်ပေးရေးလုပ်ငန်းဆိုင်ရာ ဗဟိုကော်မတီ အဖွဲ့ဝင်များဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ ဆက်သွယ်ရေး သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန တို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၆။ ဇွန်လတွင်နွေဦးထီ project မှ ကျန်းမာရေး CDM ဝန်ထမ်း၁၁၀ ဦးအတွက် ထောက်ပံ့ငွေ ငါးဆယ့်ငါးသိန်းကျပ်ကူညီနိုင်ခဲ့
ဇူလိုင်၃၁
ဇွန်လတွင် နွေဦးထီ project မှ ကျန်းမာရေး CDM ဝန်ထမ်း ၁၁၀ ဦးအတွက် ထောက်ပံ့ငွေ ငါးဆယ့်ငါးသိန်းကျပ်ကူညီနိုင်ခဲ့တယ်လို့CDM Medical Networkက ဇူလိုင်၃၁ရက်မှာ အသိပေးဆိုပါတယ်။
"၂၀၂၃ ခုနှစ် ဇွန်လတွင် နွေဦးထီ အစီအစဉ်မှ ထောက်ပံ့ငွေများကို ဌာနအသီးသီးသို့ ခွဲဝေထောက်ပံ့ခဲ့ရာ ကျန်းမာရေး CDM ဝန်ထမ်းများအတွက် ထောက်ပံ့ငွေခွဲတမ်း စုစုပေါင်း ငါးဆယ့်ငါးသိန်းကျပ်တိတိကို ကျန်းမာရေး CDM ဝန်ထမ်း ၁၁၀ဦးမှ မျှဝေ ရရှိခဲ့ပါတယ်"လို့ဆိုပါတယ်။
ကျန်းမာရေး CDM ဝန်ထမ်း စုစုပေါင်း ၃ သောင်းကျော် ရှိသည့် အနက်မှ စားဝတ်နေရေးခက်ခဲနေသော ဝန်ထမ်းများကို အတတ်နိုင်ဆုံး ဦးစားပေး ထောက်ပံ့ပေးခဲ့ပြီး ကျန်ရှိနေသေးတဲ့ ကျန်းမာရေး CDM ဝန်ထမ်းများကိုလည်း တစ်လချင်း ရရှိသော ထောက်ပံ့ကြေးခွဲတမ်းများ အရ အလှည့်ကျ ခွဲဝေပေးဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။
========================
📌📌 ၇။ BPLA တပ်ဖွဲ့ရဲ့ စနိုက်ပါသင်တန်းကို ရခိုင့်တပ်တော်(AA)က လေ့ကျင့်သင်ကြားပေးခဲ့
ဇူလိုင်၃၁
BPLA တပ်ဖွဲ့ရဲ့ စနိုက်ပါသင်တန်းကို ရခိုင့်တပ်တော်(AA)က လေ့ကျင့်သင်ကြားပေးခဲ့တယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က ဇူလိုင်၃၁ရက်မှာ အသိပေးဆိုပါတယ်။
"ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၏ ပထမဆုံး စနိုက်ပါသင်တန်းဆင်းပွဲကို ၂၀၂၃ ခုနှစ်၊ဇူလိုင်လ ၂၄ ရက်တွင် ကျင်းပခဲ့ပါတယ်"လို့ဆိုပါတယ်။
အဆိုပါသင်တန်းကို ရခိုင့်တပ်တော်(AA)က လေ့ကျင့်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းသား ၁၁ ဦးတွင် ၅ ဦးသာ သင်တန်းပြီးဆုံးအောင်မြင်ခဲ့တယ်လို့ဆိုပါတယ်။
========================
📌📌 ၈။ ဒီမော့ဆိုမြို့နယ်၊ သဲတောင် စကစလက်နက်ကြီး စခန်းကို ကာကွယ်ရေးတပ်များက ၈၁မမ တာဝေးပစ်လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်၍ စကစ စခန်းအဆောက်အဦများ ထိမှန်ပျက်စီး
ဇူလိုင်၃၁
ဒီမော့ဆိုမြို့နယ်၊ သဲတောင် စကစလက်နက်ကြီး စခန်းကို ကာကွယ်ရေးတပ်များက ၈၁မမ တာဝေးပစ်လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်၍ စကစ စခန်းအဆောက်အဦများ ထိမှန်ပျက်စီးခဲ့တယ်လို့ နေပြည်တော်- ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဇူလိုင်၃၁ရက်မှာ အတည်ပြုဆိုပါတယ်။
"နေပြည်တော်- ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တိုင်း/ခရိုင်/မြို့နယ် ပကဖ) နှင့် DMO Local PDF တပ်ရင်း-၁ တို့မှ ပူးပေါင်း၍ ဒီမော့ဆိုမြို့နယ်၊ သဲတောင် စကစလက်နက်ကြီး စခန်းသို့ နေပြည်တော်-ပကဖ မှ ထုတ်လုပ်ထားသည့် ၈၁မမ တာဝေးပစ်လက်နက်ကြီးဖြင့် ပစ်ခဲ့တိုက်ခိုက်ခဲ့ရာ စကစ စခန်းရှိ အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
ဇူလိုင်၂၃ ရက်မှ ၂၇ နေ့ရက်နေ့ အထိ (၄)ရက်ကြာ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စကစဘက်မှ ခြေကုပ်ယူထားသည့် သဲတောင်လက်နက်ကြီးစခန်းအား စွန့်ခွာသွားခဲ့တယ်လို့သိရှိရပြီး စကစ ဘက်မှ သေဆုံး၊ ပျက်စီး စာရင်းအား ထပ်မံအတည်ပြုသတင်းထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment