20th AUG 2023 - Morning Daily News by Radio NUG



၂၀၂၃ သြဂုတ်လ ၂၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မြန်မာပြည်သူလူထုသည် သဘာ၀ဘေး၊ စစ်ဘေးအန္တရာယ်များကို ရင်ဆိုင်ကြုံတွေ့နေကြရသည်သာမက လူသားချင်းစာနာမှုအကူအညီများ ရရှိရန် အာဏာသိမ်းစစ်တပ်က ပိတ်ပင်တားဆီးခြင်းနှင့်ပါ ရင်ဆိုင် ကြုံတွေ့နေရတယ်လို့ ယာယီသမ္မတပြော

📌 ၂။ တော်လှန်ရေးသည် အရှိန်အဟုန်ဖြင့် သွားနေပြီဖြစ်၍ ကဏ္ဍပေါင်းစုံမှဆောင်ရွက်ရန်ရှိသည်များကို မြန်မြန်ဆန်ဆန်ဆောင် ရွက်သွားကြရန်ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတိုက်တွန်း

📌 ၃။ သြစတြေးလျနိုင်ငံBrisbane မြို့က မြန်မာအင်အားစုများကို NUGလူ့အခွင့်ရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး တွေ့ဆုံဆွေးနွေး

📌 ၄။ သြစတေးလျရောက် မြန်မာအဖွဲ့အစည်းမှ မြန်မာနိုင်ငံရှိ နေရပ်စွန့်ခွာပြည်သူများအတွက် ရန်ပုံငွေရှာဖွေပွဲ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးတက်ရောက်

📌 ၅။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် စစ်ကိုင်းဖိုရမ်တို့ zoom platform မှတဆင့် တွေ့ဆုံ၍ စစ်ကိုင်းတိုင်းနေပြည်သူများအတွက် ကုလသမဂ္ဂမှ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများရရှိနိုင်ရေး ဆွေးနွေး

📌 ၆။ နေပြည်တော် အမှတ်(၁၇) ရဲတပ်ရင်းမှလက်နက်ခဲယမ်းနှင့်တကွ ပြည်သူ့ဘက်သို့ ပူးပေါင်းလာသူ ရဲတပ်သားကို ဂုဏ်ပြုဆုငွေ (၃၃)သိန်း ချီးမြှင့်ခဲ့ 

📌 ၇။ ဒီမော့ဆိုး ဖရူဆို ပြည်ထောင်စုလမ်းမကြီး တစ်လျှောက် စစ်ကြောင်းထိုးလာတဲ့ စကစတပ်များ အထိအခိုက်အကျအဆုံးများပြား

📌 ၈။ Spring Yangon Investment Phase II ရဲ့ နွေဦးအောင်လံ စီမံကိန်း မြေကွက်များအရေအတွက်အားဖြင့် ၉၄% ရောင်းချပေးထားပြီး လက်ကျန် မြေကွက် ၅၉ ကွက်ကျန်ရှိသေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မြန်မာပြည်သူလူထုသည် သဘာ၀ဘေး၊ စစ်ဘေးအန္တရာယ်များကို ရင်ဆိုင်ကြုံတွေ့နေကြရသည်သာမက လူသားချင်းစာနာမှုအကူအညီများ ရရှိရန် အာဏာသိမ်းစစ်တပ်က ပိတ်ပင်တားဆီးခြင်းနှင့်ပါ ရင်ဆိုင် ကြုံတွေ့နေရတယ်လို့ ယာယီသမ္မတပြော


သြဂုတ်လ၁၉ရက်

ဩဂုတ်လ (၁၉)ရက်"ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ၏ ထုတ်ပြန်ချက်"မှာ အခုလိုဆိုထားပါတယ်။


"အာဏာသိမ်းစစ်တပ်က စစ်ရေးပစ်မှတ်၊ အရပ်သားပစ်မှတ် ခွဲခြားမှုမရှိဘဲ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခြင်း၊ အရပ်သားကျေးရွာများနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများကို ပိုမိုဆိုးရွားစွာ ကျူးလွန်နေခြင်းကြောင့် မြန်မာနိုင်ငံအတွင်း နေရပ် စွန့်ခွာ ဒုက္ခသည်များ တစ်နေ့ထက်တစ်နေ့ တိုးပွားလာနေပြီး လူသားချင်းစာနာမှုအကူအညီများ အရေးပေါ်လိုအပ်နေသည့် အခြေအနေဖြစ်ပါတယ်။ မြန်မာပြည်သူလူထုသည် သဘာ၀ဘေး၊ စစ်ဘေးအန္တရာယ်များကို ရင်ဆိုင်ကြုံတွေ့နေကြရသည်သာမက လူသားချင်းစာနာမှုအကူအညီများရရှိရန် အာဏာသိမ်းစစ်တပ်က ပိတ်ပင်တားဆီးခြင်းနှင့်ပါ ရင်ဆိုင် ကြုံတွေ့နေရပါတယ်"လို့ဆိုပါတယ်။


ကုလသမဂ္ဂရဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လ (၃၁) ရက်နေ့အထိ နောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ဒသမ သန်းကျော်ရှိလာပြီ ဖြစ်ပြီး ဒီအထဲကမှ လူဦးရေ ဒသမ သန်းနီးပါးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေဖြစ်ပါတယ်။


"နိုင်ငံတကာအနေဖြင့် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုအကူအညီများ အရေးပေါ်လိုအပ်နေသည်ကို အထူးဂရုပြုရန် လိုအပ်ပြီး လူသားချင်းစာနာမှုအကူအညီများ ဆောင်ရွက်ရာ၌ ပြည်သူလူထု တိုက်ရိုက်ခံစားခွင့်ရစေရန် ထိရောက်မြန်ဆန်သည့် နည်းလမ်းကို ရှာဖွေရမှာ ဖြစ်ပါတယ်။ တစ်ဖက်တွင်လည်း လူသားချင်းစာနာမှုအကူအညီများကို စစ်ရေး၊ နိုင်ငံရေးနှင့် ကိုယ်ကျိုးစီးပွားများအတွက် အသုံးချခြင်းကို အထူးဂရုပြုပြီး လူသားချင်းစာနာမှု စံတန်ဖိုးများကို မမေ့လျော့ရန် တိုက်တွန်းလိုက်ရပါတယ်"လို့ ယာယီသမ္မတကဆိုပါတယ်။


========================


📌📌 ၂။ တော်လှန်ရေးသည် အရှိန်အဟုန်ဖြင့် သွားနေပြီဖြစ်၍ ကဏ္ဍပေါင်းစုံမှဆောင်ရွက်ရန်ရှိသည်များကို မြန်မြန်ဆန်ဆန်ဆောင် ရွက်သွားကြရန်ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတိုက်တွန်း


သြဂုတ်လ၁၉ရက်

သြဂုတ်လ၁၈ရက်မှာ ပြုလုပ်တဲ့ ကြားကာလပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှုကော်မတီ အစည်းအဝေး (/၂၀၂၃)တွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အခုလို ဆိုပါတယ်။


"တရားစီရင်ရေးကဏ္ဍသည် နိုင်ငံတစ်ခု၏ မဏ္ဏိုင်တစ်ခုဖြစ်သည်နှင့်အညီ ကျယ်ပြန့်ပြီး လက်ရှိတွင် တရားရေးဝန်ကြီးဌာန၏ တာဝန်ယူ၊ တာဝန်ခံမှုသည် ကြီးလေးကြောင်း၊ တော်လှန်ရေးကာလတွင် မိမိတို့အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးကဏ္ဍ ပိုမိုအားကောင်းစေရန် တရားရေးဝန်ကြီးဌာနအပြင် အခြား ဝန်ကြီးဌာနများအားလုံး ပူး‌ပေါင်းချိတ်ဆက်ကြရန် အရေးကြီးကြောင်း၊ တော်လှန်ရေးသည် အရှိန်အဟုန်ဖြင့် သွားနေပြီဖြစ်၍ ကဏ္ဍပေါင်းစုံမှ ဆောင်ရွက်ရန်ရှိသည်များကို မြန်မြန်ဆန်ဆန်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း"ဝန်ကြီးချုပ်က ဆိုပါတယ်။


အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဋ္ဌ၊ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ သြစတြေးလျနိုင်ငံBrisbane မြို့က မြန်မာအင်အားစုများကို NUGလူ့အခွင့်ရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး တွေ့ဆုံဆွေးနွေး


သြဂုတ်လ၁၉ရက်


NUGလူ့အခွင့်ရေးဆိုင်ရာပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းနှင့် သြစတြေးလျနိုင်ငံBrisbane မြို့မှ မြန်မာအင်အားစုများ သြဂုတ်လ၁၉ရက်မှာတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


"အသံမတိတ်အလံမလိပ်ဘဲ စစ်အာဏာရှင်ကို ဘက်ပေါင်းစုံက ဆက်လက်တွန်းလှန်နေကြသော Brisbane မြို့ကVictim မဟုတ် victory ကို ရအောင်ယူမယ့် victor များနဲ့ တွေ့ဆုံမှု"လို့ဝန်ကြီးကဆိုပါတယ်။


အဆိုပါ တွေ့ဆုံပွဲတွင် ပရော်ဖက်ဆာ ဒေါက်တာမီမီဝင်းဘတ်မှလည်း လူထုကိုဟောပြောဆွေးနွေးမှုတို့လုပ်ဆောင်ခဲ့ပါတယ်။


========================


📌📌 ၄။ သြစတေးလျရောက် မြန်မာအဖွဲ့အစည်းမှ မြန်မာနိုင်ငံရှိ နေရပ်စွန့်ခွာပြည်သူများအတွက် ရန်ပုံငွေရှာဖွေပွဲ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးတက်ရောက်


သြဂုတ်လ၁၉ရက်

သြဂုတ်လ ၁၈ ရက်နေ့ သြစတျေးလျနိုင်ငံ ကလေတန်ခန်းမတွင် သြစတျေးလျရောက်မြန်မာအဖွဲ့အစည်းမှ ဦးဆောင်ပြုလုပ်သည့် မြန်မာနိုင်ငံရှိ နေရပ်စွန့်ခွာပြည်သူများအတွက် ရန်ပုံငွေရှာဖွေပွဲကို ဒေသစံတော်ချိန် ညနေ နာရီတွင် ကျင်းပခဲ့ပြီး လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန  ဒုဝန်ကြီး ခွန်းဗဟန်ထန်မှ တက်ရောက်ခဲ့ပါတယ်။


 ထို့နောက် ဒုဝန်ကြီးကပြောကြားရာမှာ " NUG  ကိုယ်စားပြုအနေဖြင့် တက်ရောက်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၏ ဆောင်ရွက်ထားရှိမှုများ၊ NUG နှင့် EROs များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့မှုများ၊ NUCC အနေဖြင့် တော်လှန်ရေးကာလအလွန်တွင် လုပ်ဆောင်ရန် စီမံဆောင်ရွက်ထားရှိမှုများအကြောင်းနှင့် တော်လှန်ရေးတွင် အောင်ပွဲရရှိရန် ခိုင်မာသော ပံ့ပိုးကူညီမှုများသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်သည့်အတွက် ဤရန်ပုံငွေရှာပွဲကို ပါဝင်ကြသည့် တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရှိပါကြောင်း"အဖွင့်အမှာစကားတွင်ထည့်သွင်းပြောကြားခဲ့ပါတယ်။


ထို့နောက် ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်မှ သြစတေးလျရောက်မြန်မာအဖွဲ့အစည်းများနှင့် ရင်းနှီးစွာတွေ့ဆုံခဲ့ပြီး ရန်ပုံငွေရှာဖွေပွဲတွင် ပါဝင်အားပေးခဲ့တယ်လို့သတင်းပါတယ်။


========================


📌📌 ၅။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် စစ်ကိုင်းဖိုရမ်တို့ zoom platform မှတဆင့် တွေ့ဆုံ၍ စစ်ကိုင်းတိုင်းနေပြည်သူများအတွက် ကုလသမဂ္ဂမှ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများရရှိနိုင်ရေး ဆွေးနွေး


သြဂုတ်လ၁၉ရက်

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် စစ်ကိုင်းဖိုရမ်တို့ zoom platform မှတဆင့် တွေ့ဆုံ၍ စစ်ကိုင်းတိုင်းနေပြည်သူများအတွက် ကုလသမဂ္ဂမှ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများရရှိနိုင်ရေး ဆွေးနွေးခဲ့ကြတယ်လို့ သြဂုတ်လ၁၉ရက်မှာ စစ်ကိုင်းဖိုရမ်က အတည်ပြုပါတယ်။


"မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် စစ်ကိုင်းဖိုရမ်တို့ zoom platform မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲတွင် စစ်ကိုင်းဖိုရမ်အကြောင်း ရှင်းလင်းတင်ပြခြင်းနဲ့ ဖက်ဆစ်စစ်တပ်၏ ယုတ်မာမှုများကို အဆိုးရွားဆုံးခံစားနေရသည့် စစ်ကိုင်းတိုင်းနေ ပြည်သူများအတွက် ကုလသမဂ္ဂမှ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများရရှိနိုင်ရေး ဆွေးနွေးခြင်း"တို့လုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။


နောင်လာမည့် သက်တမ်းတွင် သံအမတ်ကြီးအနေဖြင့် ပြည်သူ့ကိုယ်စားပြု ဆက်လက်ရပ်တည်နိုင်ရေး စစ်ကိုင်းဖိုရမ်မှ အပြည့်အဝထောက်ခံမှုပေးနိုင်ရန် ဆွေးနွေးခဲ့တယ်လို့လည်းဆိုပါတယ်။


========================


📌📌 ၆။ နေပြည်တော် အမှတ်(၁၇) ရဲတပ်ရင်းမှလက်နက်ခဲယမ်းနှင့်တကွ ပြည်သူ့ဘက်သို့ ပူးပေါင်းလာသူ ရဲတပ်သားကို ဂုဏ်ပြုဆုငွေ (၃၃)သိန်း ချီးမြှင့်ခဲ့ 


သြဂုတ်လ (၁၉) ရက်နေ့ 

နေပြည်တော် အမှတ်(၁၇) ရဲတပ်ရင်းမှလက်နက်ခဲယမ်းနှင့်တကွ ပြည်သူ့ဘက်သို့ ပူးပေါင်းလာသူ ရဲတပ်သားကို ဂုဏ်ပြုဆုငွေ (၃၃)သိန်း ချီးမြှင့်ခဲ့တယ်လို့ သြဂုတ်လ၁၉ရက်မှာ ကာကွယ်ရေးဝန်ကြီးဌာနကအသိပေးဆိုပါတယ်။


၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်() စစ်ဒေသ၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ အမှတ်(၁၁) တပ်ရင်းထံသို့ နေပြည်တော် အမှတ်(၁၇) ရဲတပ်ရင်းမှ တပ်သား သည် MA-16 A1 ()လက်၊ ကျည်ဘောက် ()ခု၊ 5.56 ကျည် (၃၀) တောင့်နှင့်တကွ ပြည်သူ့ဘက်သို့ ပူးပေါင်းလာခဲ့တယ်လို့ဆိုပါတယ်။


ပူးပေါင်းလာသည့် ရဲတပ်သားကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်() စစ်ဒေသ၊ ကလေးခရိုင်၊ အမှတ်(၁၁) တပ်ရင်းအနေဖြင့် လုံခြုံဘေးကင်းစွာ ထားရှိပြီး လက်နက်နှင့်တကွ ပြည်သူ့ဘက်သို့ ပူးပေါင်းလာသည့်အတွက် ဂုဏ်ပြုချီးမြှင့်ငွေ (၃၃) သိန်းကျပ်ပေးအပ်ခဲ့တယ်လို့သတင်းရရှိပါတယ်။


ပြည်သူ့ဘက်သို့ ရပ်တည်ကူးပြောင်းလိုခြင်း(သို့) တပ်တွင်းသတင်းပေး ဖရဲသီး အဖြစ် ရပ်တည်လိုသော တပ်မတော်သားများအနေဖြင့် နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းများ/ စစ်ကြောင်းများနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များကို ဆက်သွယ်၍ သော်လည်းကောင်း၊ ပြည်သူ့ ရင်ခွင် ခိုလှုံရေး Telegram Channel @MyanmarPeople သို့ ဆက်သွယ်၍ သော်လည်းကောင်း ချိတ်ဆက် ဆောင်ရွက်နိုင်တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၇။ ဒီမော့ဆိုး ဖရူဆို ပြည်ထောင်စုလမ်းမကြီး တစ်လျှောက် စစ်ကြောင်းထိုးလာတဲ့ စကစတပ်များ အထိအခိုက်အကျအဆုံးများပြား


သြဂုတ်လ၁၉ရက်

ဒီမော့ဆိုး ဖရူဆို ပြည်ထောင်စုလမ်းမကြီး တစ်လျှောက် စစ်ကြောင်းထိုးလာတဲ့ စကစတပ်များ အထိအခိုက်အကျအဆုံးများပြားခဲ့တယ်လို့ သြဂုတ်လ၁၉ရက်မှာ စစ်ရေးသတင်းကို DMO PDF1102က အသိပေးဆိုပါတယ်။


ဒီမော့ဆိုးမြို့မှ ဖရူဆိုဘက်သို့ ဦးတည်၍ သြဂုတ်လ၂ရက်နေ့မှ စ၍ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏လက်အောက်ခံ တပ်မ၅၅တပ်များနဲ့ ကရင်နီပြည်တော်လှန်ရေး ပူးပေါင်းတပ်များအကြား သြဂုတ်လ၁၄ရက်နေ့အထိ နှစ်ပတ်တာတိုက်ပွဲထိတွေ့မှုပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။


အဆိုပါစစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်လာသည့် ဒီမော့ဆိုး ဖရူဆို ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်တွင် နေ့စဥ်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး သြဂုတ်လ၁၀ရက်နေ့မှ ၁၂ရက်အတွင်း ငွေတောင်ရွာသစ်နဲ့ ထီသော်ကူးရွာတို့တွင် တိုက်ပွဲများအထူးပြင်းထန်ခဲ့ကာ ပူးပေါင်းတပ်များမှ ညီညွတ်စွာချေမှုန်းတိုက်ခိုက်ခဲ့၍ တပ်မ၅၅ လက်အောက်ခံတပ်များဖြစ်သည့် ခမရ၁၁၂မှ တပ်ဖွဲ့ဝင်၄၅ဦးနီးပါး ထိခိုက်သေဆုံးပြီး ခလရ၃မှ တပ်ရင်းမှူးနဲ့ဒုရင်းမှူးအပါအဝင် ၂၆ဦးထိခိုက်သေဆုံးခဲ့ကာ လက်နက်ငယ်အစုံ၁၅လက်၊ လက်နက်ကြီး၁လက် ဆက်စပ်လက်နက်ခဲယမ်းများနဲ့ ကျည်ဆန်များ သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။


ထို့အပြင် ဒီမော့ဆိုး ဖရူဆို ပြည်ထောင်စုလမ်းမကြီး တစ်လျှောက် စစ်ရေးတင်းမာနေဆဲ ဖြစ်၍ ပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုဖို့သတိပေးနှိုးဆော်ထားပါတယ်။


========================


📌📌 ၈။ Spring Yangon Investment Phase II ရဲ့ နွေဦးအောင်လံ စီမံကိန်း မြေကွက်များအရေအတွက်အားဖြင့် ၉၄% ရောင်းချပေးထားပြီး လက်ကျန် မြေကွက် ၅၉ ကွက်ကျန်ရှိသေး


သြဂုတ်လ၁၉ရက်

Spring Yangon Investment Phase II ရဲ့ နွေဦးအောင်လံ စီမံကိန်း မြေကွက်များအရေအတွက်အားဖြင့် ၉၄% ရောင်းချပေးထားပြီး လက်ကျန် မြေကွက် ၅၉ ကွက်ကျန်ရှိသေးတယ်လို့  EODက သြဂုတ်လ၁၉ရက်မှာ ဖော်ပြအသိပေးဆိုပါတယ်။


"နွေဦးတော်လှန်ရေး အောင်ပွဲတွေက အသွင်သဏ္ဍန်မျိုးစုံ နေ့စဉ်နဲ့အမျှ မြင်တွေ့နေကြပါပြီ။ တော်လှန်ပြည်သူတွေရဲ့ ရင်းနှီးမြှုပ်နှံမှု အသီးအပွင့်တွေဆိုရင် မမှားပါဘူး။ Spring Yangon Investment Phase II ရဲ့ နွေဦးအောင်လံ စီမံကိန်း မြေကွက်များဟာ အရေအတွက်အားဖြင့် ၉၄% ရောင်းချပေးထားရပြီး မြေကွက်များဖြစ်ပါတယ်။ လက်ကျန် မြေကွက် ၅၉ ကွက်အား တော်လှန်ရေးခွန်အားများအဖြစ် ဆက်လက်ဝယ်ယူ ခွန်အားဖြည့်ကြဖို့ တိုက်တွန်းအပ်ပါတယ်"လို့ဆိုပါတယ်။


နွေဦးအောင်လံ @ South Dagon Spring Victoryကို တောင်ဒဂုံမြို့နယ်၊ အမှတ် လမ်းမကြီးပေါ်၊ ကျန်စစ်သားလမ်းထောင့်၊ စစ်တပ်မှ သိမ်းယူထားသော မြေနေရာတွင်အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။


ထို့ပြင် ကျန်စစ်သားလမ်း၏ တစ်ဘက်တွင် စက်မှုဇုန်များရှိသဖြင့် ဝန်ထမ်းများအတွက် အငှားအိမ်ရာများ၊ အများပိုင် Mid Density တိုက်ခန်းအိမ်ယာ စီမံကိန်းများ နောင်ကာလများတွင် ဖေါ်ဆောင်သွားနိုင်ရန် ပြင်ဆင်ထားရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment