ရခိုင်ပြည်သူတွေ မိုခါအပြီး ထပ်ဆင့်ရေဘေးကြောင့် စားနပ်ရိက္ခာဆေးဝါး အကြပ်တွေ့



ရခိုင်ပြည်သူတွေ မိုခါအပြီး ထပ်ဆင့်ရေဘေးကြောင့် စားနပ်ရိက္ခာဆေးဝါး အကြပ်တွေ့
မကြေးမုံ (Radio NUG) ဩဂုတ် ၈၊ ၂၀၂၃
ရခိုင်ပြည်နယ်က မိုခါမုန်တိုင်းသင့်ပြည်သူတွေ ထပ်ဆင့်ရေဘေးကြောင့် သောက်ရေ၊ စားနပ်ရိက္ခာနဲ့ အရေးပေါ်ဆေးဝါးတွေ လိုအပ်နေပါတယ်။ ဒီသတင်းကိုမကြေးမုံက ပေးပို့ထားပါတယ်။ 
သြဂုတ်လ တရက်နေ့ကစပြီး မြင့်တက်လာတဲ့ သံတွဲချောင်းရေက စလို့ ကုလားတန်မြစ်နဲ့ လေးမြို့မြစ်တွေပါ အဆက်မပြတ် ရွာသွန်းနေတဲ့မိုးရေကြောင့် ရေဘေးအန္တရယ် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မောင်တော၊ ဘူးသီးတောင်၊ အမ်း၊ သံတွဲ၊ တောက်ကုတ်စတဲ့ ဒေသတွေမှာ ရေဘေးဒဏ်ကို ခံနေကြရပြီး အကူအညီတွေ လိုအပ်နေတာဖြစ်ပါတယ်။ ဒီအခြေအနေကို မင်းပြားမြိုနယ် မှ ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။ 
အင်တာဗျူးအသံ - 
“ …  နောက်အခက်တွေ့မှာတော့ အသေပျောက်တော့ လောလောဆယ်တော့ ပျက်စီးဆုံးရှုံးတာတော့ မရှိသေးဘူး။ ဒီ စက်လှေနစ်ပြီးသေတာတော့ ရခိုင်မှာရေကြီးတဲ့ နောက်ပိုင်း လှေမြှုပ်ပြီးတော့မှ၊ မျောပါသွားပြီး သေတဲ့အသက်ဆုံးရှုးသွားတဲ့သူတွေလည်း ၆ ယောက်လောက်ရှိပြီပေါ့။ ဒီနောက်ပိုင်းမှာ ဖြစ်လာမှာကတော့ ကျွန်တော်တို့   ထပ်ပြီး စိုးရိမ်တာက ရေကျသွားပြီးတဲ့နောက်ဘက်မှာ လူတွေ ရွာပြန်လာတဲ့အချိန်မှာ ဝမ်း လျှောဝမ်းပျက်တွေ စိုးရိမ်ရတယ်။ အဲ့ဒီလူတွေအတွက် ဆေးဝါး၊ စားနပ်ရိက္ခာရယ်၊ သောက်ရေ သုံးရေရယ် အဲ့ဒါအရေးပေါ်ပေးနိုင်မယ်ဆိုရင်တော့ ပိုကောင်းတယ်ပေါ့လေ နော်။ "
မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတစ်ခုလုံးဟာ ထိခိုက်ခံစားခဲ့ရပြီး ရာခိုင်နှုန်း ကိုးဆယ်လောက် ပျက်စီးခဲ့ရတယ်လို ရခိုင့်တပ်တော် အေအေက ထုတ်ပြန် ထားပါ တယ်။ လက်တလော ရေဘေးမှာလည်း ရခိုင့်တပ်တော်အနေနဲ့ သက်ကြီးရွယ်အို တွေ၊ အမျိုးသမီးနဲ့ ခလေးသူငယ်တွေကို ရေဘေးလွတ်ရာကို ကူညီပြောင်းရွှေ့တာတွေ ဆောင်ရွက် ပေးနေပါတယ်။ မုန်တိုင်းဒဏ်ခံရတဲ့ စာသင်ကျောင်းအများစုက ပြန်လည်ပြု ပြင်နိုင်တာ မရှိသေးတဲ့အပြင် အခုလို ရေဘေးထပ်မံကြုံတွေ့ရတဲ့အတွက် စာသင်ကျောင်း တစ်ရာကျော်က ပိတ်ထားဆဲဖြစ်တယ်လို့ စစ်တွေဒေသခံတစ်ဦးက ပြောပါတယ်။ 
စစ်တွေဒေသခံတစ်ဦး - 
“ ရေကြီးနေတဲ့ ရခိုင်ပြည်နယ်ရှိမြိုနယ်များရဲ့အခြေအနေ … အဓိကကတော့ ဒီမှာ ရခိုင်မှာ ရေကြီးနေတာကတော့ သံတွဲရေကြီးတယ်။ နောက်ပြီးတော့မှ ကျောက်တော်ရယ်၊ မြောက်ဦးရယ်၊ မင်းပြားမြိုနယ်ရယ်။ လေးမြို့ မြစ် အဲ့မှာ ရေတွေကြီးကြတာပေါ့။ ရေကြီးတဲ့အခါကျတော့ ကျောက်တော် ဒီညောင်ချောင်း စစ်ဘေးရှောင်စခန်း ဆိုရင်အကုန်လုံး ရေမြှုပ်လို့ ရွှေ့ပြောင်းရတယ်။ အဲ့လိုပါပဲ၊ တစ်ခြား ကျေးရွာတွေလည်း လက်ရှိဆိုရင်လည်း စာသင်ကျောင်းတစ်ရာကျော်လောက်က ပိတ်ထားရတယ်။ အခြားကျေးရွာ ၇၀၊ ၈၀ လောက်ကလည်း ရေကြီးတဲ့ဒဏ်ကိုခံနေရတယ်။ တကယ်ပြောမယ်ဆိုရင် မိုခါမုန်တိုင်းဖြစ်တာကလည်း လာမယ့် ၁၄ရက်ဆိုရင် သုံးလ ပြည့်တော့မှာပေါ့။ အဲ့တော့ မိုခါတုန်းကလည်း ဒီဘက်မှာ မိုခါမုန်တိုင်းခံခဲ့ရတဲ့ ရခိုင်ဘက် ကမြို့တွေရွာတွေက အထောက်အပံ့တွေ၊ အရေးပေါ်ကူညီဖို့ အထောက်အပံ့တွေတောင်မှ ကောင်းကောင်း မရခဲ့ဘူး။ အဲ့ဒီအပြင် ပြန်လည်ထူထောင်ရေးကာလလည်း ဘာမှလုပ်ပေးတာ မခံစားရဘူးပေါ့။” 
စစ်ကောင်စီအနေနဲ့ မိုခါမုန်တိုင်းပြန်လည်ထူထောင်ရေးကိစ္စတွေမှာ ငွေကြေးအခက်အခဲကြောင့် ကြန့်ကြာနေတာရှိသလို အခုလို ရေဘေးဆက်တိုက်ကြုံလာရတဲ့အခါမှာလည်း ထိထိရောက်ရောက် ကူညီကယ်ဆယ်ဆောင်ရွက်နိုင်တာ မရှိဘူးလို မင်းပြားဒေသခံက ဆက်လက်ပြောပါတယ်။ 
အင်တာဗျူးအသံ - 
“ အစိုးရဘက်က လုပ်တာဆိုလို့ မိုးဇလကထုတ်ပြန်တဲ့ ဒီမြစ်ရေအတက်အကျ ထုတ်ပြန်တာပဲရှိတယ်။ ကျန်တာ ဘာမှ ထူးထူးခြားခြားလုပ်ထားတာ မရှိဘူး။ အစိုးရဘက်ကတော့ မိုခါပြီးကထဲက မိုခါနဲ့ပတ်သက်တဲ့ ကူညီကယ်ဆယ်ရေးတောင် ဘာမှ သူတို့လုပ်တာမရှိဘူး။ အရေးပေါ်အခြေအနေမှာလည်း သူတိုဆီက အကူအညီမရဘူး။ ပြန်လည်ထူထောင်ရေးလုပ်တဲ့အခါမှာလည်း သူတိုဘက်ကလုပ်ပေးတာ သေသေချာချာ ရတယ်လို့ မရှိသေးဘူးပေါ့လေနော်။” 
မိုခါမုန်တိုင်းကြောင့် စားရေရိက္ခာအပါအဝင် နေအိမ်တွေပါ ပျက်စီးဆုံးရှုးခဲ့ရတဲ့ ရခိုင် ပြည်နယ်မှာ အခုလို ရေဘေးဆက်တိုက်ကြုံလာချိန်မှတော့ စားနပ်ရိက္ခာနဲ့ သောက်သုံး ရေလိုအပ်ချက်က ပိုပြီးမြင့်မားလာမှာ ဖြစ်ပါတယ်။ မိုးဇလနဲ့ အရပ်ဘက်မိုးလေဝသလေ့လာစောင့်ကြည့်သူတွေ ခန့်မှန်းထားတာကတော့ မိုးအဆက်မပြတ်ဆက်လက်ရွာသွန်း နိုင်တာဖြစ်လို့  လက်ရှိရေကြီးရေလွှမ်းတဲ့ဒဏ်ကို သြဂုတ်လကုန်ထိခံစားနိုင်ရတယ်လို  ထုတ်ပြန်ထားပါတယ်။





Share:

No comments:

Post a Comment