၂၀၂၃ စက်တင်ဘာလ ၁၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရသည် ဆက်လက်ဖြစ်ပွားနေသော စစ်တပ်၏ သမိုင်းဝင် ရက်စက်ကြမ်းကြုတ်မှုများကြားမှ အသက်ရှင် လွတ်မြောက်သူများကို တရားမျှတမှုဖော်ဆောင်ပေးရန် ဆုံးဖြတ်ထား
📌 ၂။ စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းဖို့ အားလုံး ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ အတူဝိုင်းဝန်းကြိုးစားသွားကြဖို့ ယာယီသမ္မတတိုက်တွန်းပြောကြား
📌 ၃။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
📌 ၄။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အလုပ်သမားဝန်ကြီးနဲ့ ပြည်ထဲရေး ဒုဝန်ကြီးတက်ရောက်
📌 ၅။ ကသာမြို့နယ် ဧရာဝတီမြစ်ကမ်းဘေးရှိ တုတ်ကြီးရွာကို စကစတပ်များ စီးနင်းဝင်ရောက်၍ ပြည်သူပိုင်နေအိမ် အလုံး ၃၀ကျော်ကို မီးရှို့ ဖျက်ဆီးကာ အပြစ်မဲ့အရပ်သားပြည်သူ ၆ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်သွား
📌 ၆။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ် ကျေးရွာသို့ စစ်ကြောင်းထိုးချီတက်လာသော ရန်သူ့တပ်ကိုKNLA/PDF-9903 မဟာမိတ်ပူးပေါင်းတပ်က ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ဒုတိယဗိုလ်မှူးကြီး(တပ်ရင်းမှူး) အပါအဝင် (၁၀) ဦးသေဆုံး
📌 ၇။ မူဆယ်နှင့် မိုးကုတ်တွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲ(၃)နေရာဖြစ်ပွားပြီး စကစထံမှ သေနတ်(၁)လက်နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့
📌 ၈။ မိုးလုံးမှိုင်းစစ်ဆင်ရေးနှင့်တိုး၍ မန္တလေးဘက်မှ မိုးကုတ်ဘက်သို့ စစ်ကူလာရောက်သော စစ်ကား၃စီးမိုင်းများမိ၍ RPG နှင့်ပါ ပစ်ခံရကာ စကစတပ်ဖွဲ့ဝင် အယောက် (၂၀) နှင့်အထက်သေဆုံးနိုင်
📌 ၉။ အကြမ်းဖက်စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများ နေထိုင်ရာ အရပ်ဒေသများနှင့် စစ်ဘေးရှောင်စခန်းများကို
လေကြောင်းတိုက်ခိုက်မှုများ ပိုမိုများပြားလာ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရသည် ဆက်လက်ဖြစ်ပွားနေသော စစ်တပ်၏ သမိုင်းဝင် ရက်စက်ကြမ်းကြုတ်မှုများကြားမှ အသက်ရှင် လွတ်မြောက်သူများကို တရားမျှတမှုဖော်ဆောင်ပေးရန် ဆုံးဖြတ်ထား
စက်တင်ဘာ၁၈ရက်
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (၅၄) ကြိမ်မြောက် အစည်းအဝေး၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လူ့အခွင့်အရေးဆိုင်ရာ ရပ်တည်ချက်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ကြေညာချက်အား စက်တင်ဘာ၁၈ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက်တွင် အမျိုးသားညီညွတ်ရေးအစိုးရသည် ဆက်လက်ဖြစ်ပွားနေသော စစ်တပ်၏ သမိုင်းဝင် ရက်စက်ကြမ်းကြုတ်မှုများကြားမှ အသက်ရှင်လွတ်မြောက်သူများကို တရားမျှတမှုဖော်ဆောင်ပေးရန် ဆုံးဖြတ်ထားပါတယ်။
ကျွနု်ပ်တို့သည် အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာနှင့် နိုင်ငံဆိုင်ရာ တာဝန်ခံမှု ယန္တရားများ (အထူးသဖြင့် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်ကို ကျင့်သုံးသော နိုင်ငံများ)နှင့် ပူးပေါင်းဆောင်ရွက်သွားရန် ကတိပြုထားတယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်စာတမ်းသည် ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လူ့အခွင့်အရေးနှင့် လူနည်းစုများကို အကာအကွယ်ပေးမှုအပေါ် အခြေခံထားသော ဘက်ပေါင်းစုံပါဝင်သည့် နိုင်ငံတစ်ရပ်ဖြစ်လာစေရန် ကတိပြုထားပါတယ်။ ထိုအကြောင်းအရာများကို ပြည်သူများအပေါ် ပေးစွမ်းနိုင်ရေးအတွက် ပံ့ပိုးပေးကြရန် နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းအပ်ပါတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဆိုထားပါတယ်။
========================
📌📌 ၂။ စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းဖို့ အားလုံး ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ အတူဝိုင်းဝန်းကြိုးစားသွားကြဖို့ ယာယီသမ္မတတိုက်တွန်းပြောကြား
စက်တင်ဘာ၁၈ရက်
စက်တင်ဘာလ (၁၈) ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ ပြည်သူများထံသို့ သတင်းစကားပါးဆိုခဲ့ပါတယ်။
"လူထုရဲ့ သဘောထားနဲ့ လျှောက်လှမ်းနေရတဲ့ တော်လှန်ရေးဟာ လူထုရဲ့အသံကို အမြဲတမ်းနားထောင်နေဖို့ အထူးအရေးကြီးပါတယ်။ စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းဖို့ ကျွန်တော်တို့အားလုံး ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ အတူဝိုင်းဝန်းကြိုးစားသွားကြဖို့ တိုက်တွန်းချင်ပါတယ်။"လို့ဆိုပါတယ်။
လက်ရှိမှာ လူထုသပိတ်တိုက်ပွဲများ မြို့နယ်အသီးသီးမှာ ဆင်နွှဲလျက်ရှိသလို စစ်ရေးမှာလည်း တော်လှန်ရေးအင်အားစုများက အရှိန်မြှင့်တိုက်ခိုက်လျက်ရှိပါတယ်။
========================
📌📌 ၃။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
စက်တင်ဘာ ၁၈ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှုအစည်းအဝေး (၁၈/၂၀၂၃)ကို စက်တင်ဘာ၁၈ရက်က ကျင်းပခဲ့ပါတယ်။
အစည်းအဝေး၌ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ တွဲဖက်အမြဲတမ်းအတွင်းဝန်မှ (၁၇/၂၀၂၃) ၏ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းခဲ့ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ မြေပြင်အုပ်ချုပ်ရေး ဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေးရာ ဝန်ကြီးဌာန တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။
အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်မှ ဦးဆောင်ကာ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းရှိမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အလုပ်သမားဝန်ကြီးနဲ့ ပြည်ထဲရေး ဒုဝန်ကြီးတက်ရောက်
စက်တင်ဘာလ ၁၈ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၃၇/၂၀၂၃)ကို စက်တင်ဘာ၁၈ရက်က ကျင်းပခဲ့ပါတယ်။
အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏနှင့် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ခူးထဲဘူးတို့မှ တက်ရောက်ကာ အဖွင့်အမှာစကားပြောကြားခဲ့ကြပါတယ်။
ဆက်လက်ပြီး ဝန်ကြီးဌာနများမှ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ ဦးဆောင်ကာ ဝန်ကြီးဌာနအသီးသီးမှ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၅။ ကသာမြို့နယ် ဧရာဝတီမြစ်ကမ်းဘေးရှိ တုတ်ကြီးရွာကို စကစတပ်များ စီးနင်းဝင်ရောက်၍ ပြည်သူပိုင်နေအိမ် အလုံး ၃၀ကျော်ကို မီးရှို့ ဖျက်ဆီးကာ အပြစ်မဲ့အရပ်သားပြည်သူ ၆ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်သွား
စက်တင်ဘာ၁၈ရက်
ကသာမြို့နယ် ဧရာဝတီမြစ်ကမ်းဘေးရှိ တုတ်ကြီးရွာကို စကစတပ်များ စီးနင်းဝင်ရောက်၍ ပြည်သူပိုင်နေအိမ် အလုံး ၃၀ကျော်ကို မီးရှို့ဖျက်ဆီးကာ အပြစ်မဲ့အရပ်သားပြည်သူ ၆ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်သွားခဲ့တယ်လို့ သတင်းရရှိပါတယ်။
စက်တင်ဘာ၁၇ရက် ကသာမြို့နယ်အတွင်းသို့ ရောက်ရှိကာ ဧရာဝတီမြစ်ကမ်းဘေးရှိ တုတ်ကြီးရွာကို စကစတပ်များ စီးနင်းဝင်ရောက်ခဲ့တာလို့ တော်လှန်ရေးအင်အားစုများထံကသိရပါတယ်။
"စက်တင်ဘာ၁၀ရက်နေ့ မနက်ပိုင်း မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကနေ အထက်ကချင်ပြည်နယ် ဗန်းမော်ဘက်သို့ ဆန်တက်သွားတဲ့ စကစသင်္ဘော ၆စီးပေါ် လိုက်ပါလာသည့် အကြမ်းဖက်စစ်အုပ်စုမှ စက်တင်ဘာ၁၇ရက်နေ့တွင် ကသာမြို့နယ်အတွင်းသို့ရောက်ရှိကာ ဧရာဝတီ မြစ်ကမ်းဘေးရှိ တုတ်ကြီးရွာကို စီးနင်းဝင်ရောက်၍ ပြည်သူပိုင်နေအိမ် အလုံး ၃၀ကျော်တို့ကို ဝင်ရောက်စီးနင်း မီးရှို့ခဲ့ပါတယ်"လို့ဆိုပါတယ်။
ထို့အပြင် စကစတပ်များဟာ အပြစ်မဲ့အရပ်သားပြည်သူ ၆ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်သွားကြောင်း သိရှိရပြီး ၂ဦးမှာ နေအိမ်များနဲ့ရော၍ မီးရှို့သတ်ဖြတ်သွားကြောင်း သိရှိရပါတယ်။
========================
📌📌 ၆။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ် ကျေးရွာသို့ စစ်ကြောင်းထိုးချီတက်လာသော ရန်သူ့တပ်ကိုKNLA/PDF-9903 မဟာမိတ်ပူးပေါင်းတပ်က ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ဒုတိယဗိုလ်မှူးကြီး(တပ်ရင်းမှူး) အပါအဝင် (၁၀) ဦးသေဆုံး
စက်တင်ဘာ (၁၈) ရက်နေ့
စက်တင်ဘာ၁၈ရက်မှာ စစ်ရေးသတင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ (စစ်ရုံးချုပ်) ကအသိပေးထုတ်ပြန်ပါတယ်။
"၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်နေ့တွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်ကျေးရွာသို့ စစ်ကြောင်းထိုးချီတက်လာသော ရန်သူ့တပ်၏ တပ်မ(၄၄)၊ တပ်မ(၂၂)နှင့် ကရင်နယ်ခြား စောင့်တပ်(BGF) အပါ အင်အား (၇၀) ဝန်းကျင်ခန့်အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) 9903 နဂါးနီစစ်ကြောင်းတို့ ပူးပေါင်းကာ ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်" လို့ဆိုပါတယ်။
နံနက် (၇:၁၅)နာရီခန့်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး နံနက်(၁၀:၃၀)နာရီဝန်းကျင်တွင် တိုက်ပွဲပြီးဆုံးခဲ့ကာ ရန်သူတပ်များ လွန်စွာအထိနာ၍ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့သိရှိရပါတယ်။ တိုက်ပွဲအတွင်း ရန်သူ့တပ်က Mi-35 ရဟတ်ယာဉ်ဖြင့် (၂၅) မိနစ်ခန့် လာရောက်ပစ်ခတ်သည့်အပြင် အဘစ်ရွာ အမြောက်တပ်မှ (၁၂၂)မမ ဟောင်ဝစ်ဇာဖြင့် လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့ပါတယ်။
တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ ဒုတိယဗိုလ်မှူးကြီး(တပ်ရင်းမှူး)တစ်ဦး စနိုက်ဘာကျည်ဖြင့် သေဆုံးခဲ့ပြီး BGFတပ်ခွဲမှူးအပါအဝင် ရန်သူ့တပ်သား (၁၀) ဦး ထက်မနည်း သေဆုံး ပြီး (၇) ဦး ဒဏ်ရာရရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) 9903 နဂါးနီစစ်ကြောင်းမှ ရဲဘော်တစ်ဦး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်အတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့တယ်လို့သိရှိရပါတယ်။
========================
📌📌 ၇။ မူဆယ်နှင့် မိုးကုတ်တွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲ(၃)နေရာဖြစ်ပွားပြီး စကစထံမှ သေနတ်(၁)လက်နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့
စက်တင်ဘာလ ၁၈ ရက်
တအာင်းပြည်နယ် တပ်မဟာ(၁)စစ်ဒေသ မူဆယ်မြို့နယ်၊ ဟိုပေါ်ရွာမှ နမ့်ကတ်သို့ စစ်အင်အားအများပြားဖြင့် အင်အားဖြည့်တင်းနေသည့် စစ်ကောင်စီတပ် တပ်မ(၉၉)/ ခမရ - ၄၁၉နှင့် တအာင်းတပ်မတော် - TNLA တို့ စက်တင်ဘာ၁၇ရက်နေ့ နံနက်(၇း၄၀)အချိန်တွင် နှစ်ဖက်တိုက်ပွဲစတင်ဖြစ်ပွားခဲ့တယ်လို့ စက်တင်ဘာ၁၈ရက်မှာ စစ်ရေးသတင်းကို PSLF/TNLAက အသိပေးဆိုထားပါတယ်။
စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် လွယ်ကျယ်လောက်မှ ဟိုပေါ်သို့ (၁၁)ကြိမ်၊ နမ့်ကတ်အနီးသို့ (၁)ကြိမ်၊ ၁၀၅ မိုင်တပ်စခန်းမှ လွယ်ပက်သို့ (၅)ကြိမ်၊ သိန္နီတပ်စခန်းမှ မန်မိုင်အနီးသို့ (၇)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုများခဲ့ပြီး ၎င်းတို့ထံမှ သေနတ်(၁)လက်နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့တယ်လို့ဖော်ပြပါတယ်။
၎င်းအပြင် တအာင်းပြည်နယ် တပ်မဟာ(၂) စစ်ဒေသ မိုးကုတ်မြို့နယ် ကုန်းစံမှ တအာင်းတပ်မတော်ရှိရာသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် တပ်မ(၄၄)/ ခမရ-၁၀၂/၁၀၄၊ လပခ/ခလရ-၁၄၈ နှင့် တအာင်းတပ်မတော်တို့ နံနက်(၈းး၅၀)မှ (၁၀း၀၀)နာရီအထိ ကုန်းစံရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ညနေ(၅း၀၀)အချိန်တွင် TNLA မှ စစ်ကောင်စီတပ်အား တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
ထို့အပြင် မိုးကုတ်မြို့နယ် အထက်ညောင်ကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ် တပ်မ(၄၄)/ ခမရ-၁၀၂/၁၀၄၊ လပခ/ခလရ-၁၄၈ နှင့် တအာင်းတပ်မတော် တပ်မဟာ(၂) တပ်ရင်း(၆၆၆)တို့ နေ့လည်(၁၁း၀၀)အချိန်တွင် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
တိုက်ပွဲဖြစ်ပွားသည့် ကုန်းစံအနီးနှင့် အထက်ညောင်ကုန်းရွာအနီးသို့ စစ်ကောင်စီမှ ဂျက်ဖိုက်တာလေယာဉ်ဖြင့် (၂)ကြိမ်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် မိုးကုတ်မြို့နှင့် ဖြူရောင်ကျေးရွာမှ တအာင်းတပ်မတော်ရှိရာ ကုန်းစံအနီးသို့ လက်နက်ကြီးဖြင့် (၁၁)ကြိမ် ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။
========================
📌📌 ၈။ မိုးလုံးမှိုင်းစစ်ဆင်ရေးနှင့်တိုး၍ မန္တလေးဘက်မှ မိုးကုတ်ဘက်သို့ စစ်ကူလာရောက်သော စစ်ကား၃စီးမိုင်းများမိ၍ RPG နှင့်ပါ ပစ်ခံရကာ စကစတပ်ဖွဲ့ဝင် အယောက် (၂၀) နှင့်အထက်သေဆုံးနိုင်
စက်တင်ဘာ၁၈ရက် နံနက် (၆)နာရီဝန်းကျင်တွင် မန္တလေးဘက်မှ မိုးကုတ်ဘက်သို့ စစ်ကူလာရောက်သော စကစ ကား၃စီးအားတိုက်ခိုက်နိူင်ခဲ့တယ်လို့ မိုးကုတ်အခြေပြုတပ်ရင်းများကအတည်ပြုဆိုပါတယ်။
"စက်တင်ဘာ၁၈ရက် နံနက် (၆)နာရီဝန်းကျင်တွင် မန္တလေးဘက်မှ မိုးကုတ်ဘက်သို့ စစ်ကူလာရောက်သော စကစ ကား၃စီးအား မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၁၂၂၁ နှင့် ၁၂၂၃ မှရဲဘော်များမှ လမ်းမှဖြတ်၍ ဟန့်တားတိုက်ခိုက်ခဲ့ပါတယ်။ တစ်စီးမှာ RPG ထိမှန်ခဲ့ပြီး နောက်တစ်စီးမှာ မိုင်း၄လုံးထိမှန်ခဲ့ပါတယ်။ တတိယတစ်စီးမှာ အနည်းငယ်သာထိမှန်ခဲ့ပြီး ထိုကားပေါ်ပါလာသော စကစများနှင့် မိမိတို့ရဲဘော်များအပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်"လို့ဆိုပါတယ်။
ထိုစစ်ဆင်ရေးတွင် မိုင်းကြောင့် စကစ (၈)ယောက်မှာ နေရာတွင် သေဆုံးပြီး ပစ်ခတ်မှုများမှ ထပ်မံသေဆုံးမှုများရှိပြီး အယောက် (၂၀) နှင့်အထက်သေဆုံးနိုင်တယ်လို့သတင်းရရှိခဲ့ပါတယ်။
ဒဏ်ရာရသူများမှာလည်း အယောက်(၂၀) နှင့်အထက်ရှိကာ တော်လှန်ရေးရဲဘော်များမှာ ထိခိုက်ဒဏ်ရာမရရှိပဲ အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။
========================
📌📌 ၉။ အကြမ်းဖက်စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများ နေထိုင်ရာ အရပ်ဒေသများနှင့် စစ်ဘေးရှောင်စခန်းများကို
လေကြောင်းတိုက်ခိုက်မှုများ ပိုမိုများပြားလာ
စက်တင်ဘာ၁၈ရက်
အကြမ်းဖက်စစ်အုပ်စုက စစ်ရေးပစ်မှတ် မဟုတ်သည့် အရပ်သားပြည်သူများ နေထိုင်ရာ အရပ်ဒေသများနှင့် စစ်ဘေးရှောင်စခန်းများကို
လေကြောင်းတိုက်ခိုက်မှုများ ပိုမိုများပြားလာတယ်လို့ စက်တင်ဘာ၁၈ရက်မှာ AAPPကဖော်ပြပါတယ်။
ယခုနှစ်တွင် အကြမ်းဖက်စစ်အုပ်စုက စစ်ရေးပစ်မှတ် မဟုတ်သည့် အရပ်သားပြည်သူများ နေထိုင်ရာ အရပ်ဒေသများ၊ စစ်ဘေးရှောင်စခန်းများ၊ စာသင်ကျောင်း၊ ဆေးရုံနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ဦးတည်တိုက်ခိုက်သည့် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုများပြားလာတယ်လို့ဆိုပါတယ်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းကို အကြမ်းဖက်စစ်အုပ်စုက တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် လေကြောင်းမှ ပစ်ခတ်တိုက်ခဲ့မှုကြောင့် အသက်မပြည့်သေးသည့် ကလေးငယ်များ အပါအဝင် အရပ်သားများ သေဆုံးမှုမှာ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ၁ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။
ယခုအချိန်အထိ စစ်အုပ်စုက ၎င်းတို့ကျူးလွန်မှုများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသည့်အပြင် ပြစ်ဒဏ်မှ လွတ်မြောက်၍ ဆက်လက်ကျူးလွန်နေဆဲဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၃ ခုနှစ် ဧပြီ၁၀ရက်နေ့ ချင်းပြည်နယ် ဝေဘူလမြို့သစ် စစ်ဘေးရှောင်စခန်းကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်၍ CDM ကျောင်းအုပ်မိသားစုအပါအဝင် လူ၉ဦးသေဆုံးခဲ့ရပါတယ်။
အလားတူ ဧပြီ၁၁ရက်နေ့တွင် စစ်ကိုင်းတိုင်း ကန့်ဘလူ ပဇီကြီးကျေးရွာကို လေကြောင်းကဗုံးကြဲ၍ လူဦးရေ၁၆၈ဦးသေဆုံးခဲ့ရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment