28th OCT 2023 - Evening Daily News by Radio NUG


၂၀၂၃ အောက်တိုဘာလ ၂၈ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် NUGအစိုးရကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံဆွေးနွေး

📌 ၂။ မြန်မာနိုင်ငံတွင် မသန်စွမ်းသူများအပါအဝင် တစ်စုံတစ်ယောက်ချင်းစီ၏ အခွင့်အရေးအား အပြည့်အဝကာကွယ်စောင့်ရှောက်ပေးရန်နှင့် မြှင့်တင်ပေးရန်မှာ စစ်အာဏာရှင်စနစ်အား အပြီးသတ် ချုပ်ငြိမ်းစေဖို့လိုအပ်

📌 ၃။ စစ်ကောင်စီ ရဲ့ တပ်ဖွဲ့ဝင်တွေဟာ အထိုးကျွေးခံ ဘဝကနေ ရုန်းထွက်ပြီး အလင်းဝင်ရောက်ကြဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိူင်ထူးအောင်တိုက်တွန်း

📌 ၄။ နွေဦးတော်လှန်ရေးရဲ့ အဆုံးသတ်နဲ့ အဆုံးအဖြတ်ကို ပြည်သူလူထု ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ ပါဝင်ဖော်ဆောင်မှုနဲ့သာလျှင်  ချည်းကပ်နိုင်လိမ့်မယ်လို့ လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းပြောကြား

📌 ၅။ နေပြည်တော်ကောင်စီနယ်မြေ ကရင်ဖြူဒေသလက်ဖက်တောင်ကျေးရွာ တာဝါတိုင်မှာတပ်စွဲထားသောစခန်းကို ကျားသံလုံးပူးပေါင်းPDF စစ်ကြောင်းမှ သွားရောက်တိုက်ခိုက်၍စစ်သုံးပစ္စည်းတချို့သိမ်းဆည်းရမိ

📌 ၆။ NUG နှင့် CRPH ကို တရားဝင်အစိုးရနှင့် လွှတ်တော်အဖြစ် အသိအမှတ်ပြု သွားရန် ကနေဒါအမတ်နှင့်နိူင်ငံရေးပါတီများက လက်မှတ်ထိုး၍ တိုက်တွန်းတောင်းဆိုမည်

📌 ၇။ ကိုရီးယားသမ္မတ ထံ မြန်မာအရေးကို လူချင်းတွေ့ဆုံ၍ အသိပေးခဲ့

📌 ၈။ အမေရိကန်နိူင်ငံရှိ စင်ကာပူသံရုံးကို မြန်မာအင်အားစုများ ဆန္ဒပြ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် NUGအစိုးရကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံဆွေးနွေး


အောက်တိုဘာ၂၈ရက်


ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် NUGအစိုးရကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်းကို အောက်တိုဘာ၂၈ ရက်မှာ NUG လူ့အခွင့်ရေးရာဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးမှ အသိပေးဆိုပါတယ်။


လူ့အခွင့်အရေးရာဝန်ကြီး ဦးအောင်မျိုးမင်းဦးဆောင်တဲ့  NUG ကိုယ်စားလှယ်အဖွဲ့ဟာအောက်တိုဘာ ၂၆ ရက်နေ့ ကလည်း ကနေဒါလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်များနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာ့ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးအခြေအနေ၊ တရားမျှတမှုဖေါ်ဆောင်ရေးလုပ်ငန်းများ၊ ရိုဟင်ဂျာများအတွက် ရေရှည်တည်တံ့ခိုင်မြဲတဲ့ အဖြေရှာမှုနှင့်လူသားစာနာမှုအကူအညီလိုအပ်မှုကိစ္စများတွင် ကနေဒါအနေဖြင့် ပံ့ပို့ကူညီပေးရန်တို့ဆွေးနွေးခဲ့ပါတယ်။


အဆိုပါတွေ့ဆုံမှုများတွင် လူ့အခွင့်ရေးပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်၊လူ့အခွင့်ရေးဒုဝန်ကြီး ဦးအောင်ကျော်မိုးတို့ပါဝင်ပါတယ်။


========================


📌📌 ၂။ မြန်မာနိုင်ငံတွင် မသန်စွမ်းသူများအပါအဝင် တစ်စုံတစ်ယောက်ချင်းစီ၏ အခွင့်အရေးအား အပြည့်အဝကာကွယ်စောင့်ရှောက်ပေးရန်နှင့် မြှင့်တင်ပေးရန်မှာ စစ်အာဏာရှင်စနစ်အား အပြီးသတ် ချုပ်ငြိမ်းစေဖို့လိုအပ်


အောက်တိုဘာ၂၈ရက်


အောက်တိုဘာ၂၆ရက်တွင်ပြုလုပ်သော (၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေး၌ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို ပြောကြားခဲ့ပါတယ်။


"စစ်တပ်မှ ပြည်သူများအပေါ် မဆင်မခြင်နှင့် အချိုးအစား မညီမျှသော တိုက်ခိုက်မှုများနှင့် အကြမ်းဖက်မှုများ ကျူးလွန်နေခြင်းကြောင့် မြောက်များစွာသော အသက်သေဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊

ဤအခြေအနေတွင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လိုအပ်နေသူများထံ လိုအပ်သည့် အကူအညီများ ပေးအပ်နိုင်ရေးအတွက် အတက်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် မသန်စွမ်းသူများအပါအဝင် တစ်စုံတစ်ယောက်ချင်းစီ၏ အခွင့်အရေးအား အပြည့်အဝကာကွယ်စောင့်ရှောက်ပေးရန်နှင့် မြှင့်တင်ပေးရန် စစ်အာဏာရှင်စနစ်အား အပြီးသတ် ချုပ်ငြိမ်းစေပြီး ဒီမိုကရေစီပြန်လည်အသက်သွင်းကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအား တည်ဆောက်ရမည်ဖြစ်ကြောင်း"သံအမတ်ကြီးကဆိုပါတယ်။


ဒါ့အပြင်  ပဋိပက္ခဒဏ်ခံရသည့် နိုင်ငံများတွင် အသုံးပြုသည့် ကျင့်စဉ်များကို အခြေခံ၍ မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ အခွင့်အရေးများအား ကာကွယ်မြှင့်တင်ပေးရန် ကြိုးပမ်းအားထုတ်နေ သည့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြန်မာပြည်သူများအား ကုလသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများမှ အကူအညီပေးအပ်ရန်လည်းဆိုခဲ့ပါတယ်။


========================


📌📌 ၃။ စစ်ကောင်စီ ရဲ့ တပ်ဖွဲ့ဝင်တွေဟာ အထိုးကျွေးခံ ဘဝကနေ ရုန်းထွက်ပြီး အလင်းဝင်ရောက်ကြဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိူင်ထူးအောင်တိုက်တွန်း


အောက်တိုဘာ၂၈ရက်


အောက်တိုဘာ၂၈ရက်မှာ NUGကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိူင်ထူးအောင်မှ စစ်ကောင်စီ ရဲ့ တပ်ဖွဲ့ဝင်တွေဟာ အထိုးကျွေးခံ ဘဝကနေ ရုန်းထွက်ပြီး အလင်းဝင်ရောက်ကြဖို့ကိုအသိပေးဆိုလိုက်ပါတယ်။


"တကယ်တော့ 1027 စစ်ဆင်ရေး မစခင်မှာ စစ်ကောင်စီ ဟာ အတိုင်း အတာ တခုအထိ ရိပ်စားမိခဲ့ပါတယ်။  စကစ ကြိုတင်ရိပ်စားမှု တွေရှိနေတာ သိပေမယ့် မဟာမိတ်တွေဟာ အကောင်းဆုံး ပြင်ဆင်မှု၊ ခိုင်မာတဲ့ ဆုံးဖြတ်မှု ရဲဝံ့တဲ့ စိတ်ဓာတ်တွေနဲ့ အကောင်းဆုံး တိုက်ပွဲဝင်ခဲ့ပါတယ်။ တကယ်တိုက်ပွဲတွေ တိုက်တဲ့ အခါ မှာ အံအားသင့်ဖွယ် သုံးသပ်ရမိတဲ့ အချက်ကတော့ စစ်‌ကောင်စီ တပ်တွေ သတင်းကို ကြိုတင်ရိပ်စားမိခဲ့တာတောင် အသေအချာ လုံလောက်အောင် ပြင်ဆင်ထားနိုင်ခြင်း မရှိဘူးဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အောက်က တပ်ဖွဲ့ဝင်တွေလည်း ဘာမှ ကြိုသိထားပုံ မရဘူး ထင်ပါတယ်။ ဒါဟာ စစ်ကောင်စီရဲ့ ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှု ညံဖျင်းမှု၊ လက်အောက်ငယ်သားများအတွက် နည်းနည်းမှ ထည့်သွင်းစဉ်းစားမပေးမှု စတာတွေကို ပေါ်လွင်စေပါတယ်။

ဒီအချိန်မှာ စစ်ကောင်စီ ရဲ့ တပ်ဖွဲ့ဝင်တွေဟာ အထိုးကျွေးခံ ဘဝကနေ ရုန်းထွက်ပြီး အလင်းဝင်ရောက်ကျဖို့အတွက် အလေးအနက် စဉ်းစားသင့်ပါပြီ"လို့ဆိုပါတယ်။


လက်ရှိမှာ ပြည်သူ့ခုခံတွန်းလှန်စစ် နှစ်နှစ်ကျော်ကာလအတွင်း စကစတပ်ဖွဲ့ဝင်သုံးသောင်း ကျော်သေဆုံးခဲ့ပြီး ပြည်သူ့ဘက်သို့ကူးပြောင်းအင်အားတစ်သောင်းခွဲခန့်ရှိနေပါတယ်။


========================


📌📌 ၄။ နွေဦးတော်လှန်ရေးရဲ့ အဆုံးသတ်နဲ့ အဆုံးအဖြတ်ကို ပြည်သူလူထု ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ ပါဝင်ဖော်ဆောင်မှုနဲ့သာလျှင်  ချည်းကပ်နိုင်လိမ့်မယ်လို့ လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းပြောကြား


အောက်တိုဘာ၂၈ရက်


နွေဦးတော်လှန်ရေးရဲ့ အဆုံးသတ်နဲ့ အဆုံးအဖြတ်နှင့်ပတ်သက်ပြီး ပြည်သူလူထုကို မန္တလေးလူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းမှ အောက်တိုဘာ၂၈ရက်တွင် ဆိုရှယ်မီဒီယာမှတစ်ဆင့် အခုလိုပြောကြားလိုက်ပါတယ်။


"ပြည်သူတရပ်လုံးရဲ့ အခန်းကဏ္ဍက ဒီတော်လှန်ရေးမှာ ကူသူ လှူသူ၊ အားပေးဝန်းရံသူ သို့မဟုတ်ပွဲကြည့်ပရိသတ်အဆင့်မှာ လုံးဝ မဟုတ်ပါဘူး။ ပြည်သူသည် အခြေအနေပေးရာ တော်လှန်ရေးနည်းနာတွေမှာ ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ ပါဝင်ဆင်နွှဲကြရမယ့်တော်လှန်ရေးသမားများပဲ ဖြစ်ပါတယ်။ ကျနော်တို့ ပြည်သူတွေအနေနဲ့ အချိန်ကျရင် ရန်ကုန်မြို့၊ မန္တလေးမြို့ကြီးတွေထဲကို PDF တပ်မတော် မြို့သိမ်း စစ်ကြောင်းကြီးတွေ ချီပြီး သိမ်းပိုက်လာမှာပဲဆိုတာကို ထိုင်စောင့်နေလို့ မရပါဘူး။ ကျနော်တို့ ပြည်သူ့တော်လှန်ရေးကြီးရဲဲ့ အဆုံးသတ်တိုက်ပွဲသဏ္ဍန်က အဲ့လိုမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး။ဒီနွေဦးတော်လှန်ရေးရဲ့ အဆုံးသတ်နဲ့ အဆုံးအဖြတ်ကို ပြည်သူလူထု ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ ပါဝင်ဖော်ဆောင်မှုနဲ့သာလျှင် မျှော်မြင် ချည်းကပ်နိုင်ပါလိမ့်မယ်။ ပြည်သူအတွက် င်္မဂလာအချိန်က ကျရောက်လာမှာပါ။ လူထုပါဝင်မှု၊ လူထု အထွေထွေ တိုက်ပွဲတွေနဲ့အတူ ဒီတော်လှန်ရေးကို အဆုံးသတ်နိုင်ပါလိမ့်မယ်"လို့ဆိုပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက်နေ့ စစ်တပ်ကနိူင်ငံတော်အာဏာကိုလုယူပြီးနောက်ပိုင်း စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုနဲ့အတူနွေဦးတော်လှန်ရေးဟာပေါ်ပေါက်ခဲ့ပါတယ်။


========================


📌📌 ၅။ နေပြည်တော်ကောင်စီနယ်မြေ ကရင်ဖြူဒေသလက်ဖက်တောင်ကျေးရွာ တာဝါတိုင်မှာတပ်စွဲထားသောစခန်းကို ကျားသံလုံးပူးပေါင်းPDF စစ်ကြောင်းမှ သွားရောက်တိုက်ခိုက်၍စစ်သုံးပစ္စည်းတချို့သိမ်းဆည်းရမိ


အောက်တိုဘာ၂၈ရက်


"နေပြည်တော်ကောင်စီနယ်မြေ ကရင်ဖြူဒေသ လက်ဖက်တောင်ကျေးရွာ တာဝါတိုင်းမှာ အာဏာသိမ်းပြီးနောက် တပ်စွဲထားသောစခန်းကို အောက်တိုဘာ၂၃ရက်နေ့ နံနက်ပိုင်းတွင်း ကျားသံလုံးပူးပေါင်းpdf စစ်ကြောင်းမှာ သွားရောက်တိုက်ခိုက် သိမ်းပိုက် စစ်သုံးပစ္စည်းတချို့သိမ်းဆည်းရရှိပါတယ်"လို့အောက်တိုဘာ၂၈ရက်မှာ ကျားသံလုံးစစ်ကြောင်းသံတောင်မြောက်ပိုင်းအထူးဒေသက စစ်ရေးသတင်းကိုအတည်ပြုဆိုပါတယ်။


နေပြည်တော်ကောင်စီနယ်မြေတွင် ဇွန်လ ၁၂ရက်နေ့ ၂၀၂၃ ခုနှစ်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ပျဉ်းမနား‌မြို့နယ်၊တောင်တန်း‌ ဒေသ၊ကိုးတစ်ကျေးရွာအုပ်စု၊ မြွေဟောက်မြောင်စစ်စခန်းကို ပထမဦးဆုံးစခန်းသိမ်းပိုက်တိုက်ပွဲအောင်မြင်နိုင်ခဲ့ပြီး၊ ဩဂုတ်လ ၁၀ရက်နေ့ ၂၀၂၃ ခုနှစ်တွင် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ ဘို့မသံတောင်စစ်ကောင်စီစခန်းကို လည်း ဝင်ရောက်သိမ်းပိုက်အောင်မြင်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းမီးကျောက်များ ကိုသိမ်းဆည်းရရှိခဲ့ပါတယ်။


 ဝေဟင်တိုက်ပွဲ အဖြစ်လည်း စက်တင်ဘာလ ၁၅ရက်နေ့ ၂၀၂၃ခုနှစ်တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဧလာလေတပ်စခန်း ရှိ Aircraft Hanger သိုလှောင်ရုံများ အတွင်းသို့ ဖျက်အားပြင်းဗုံးသီး () လုံးကြဲချနိုင်ခဲ့ပြီးဖြစ်ပါတယ်။


========================


📌📌 ၆။ NUG နှင့် CRPH ကို တရားဝင်အစိုးရနှင့် လွှတ်တော်အဖြစ် အသိအမှတ်ပြု သွားရန် ကနေဒါအမတ်နှင့်နိူင်ငံရေးပါတီများက လက်မှတ်ထိုး၍ တိုက်တွန်းတောင်းဆိုမည်


အောက်တိုဘာ၂၈ရက်

ကနေဒါလွှတ်တော်အမတ်များအနေဖြင့်မြန်မာနိုင်ငံနှင့် ပတ်သက်၍ ပါတီပေါင်းစုံပါဝင်လက်မှတ်ထိုးထားသည့် တိုက်တွန်းတောင်းဆိုချက်တစောင်ကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ ထိုတောင်းဆိုချက်တွင် ကနေဒါအစိုးရအနေဖြင့် NUG နှင့် CRPH ကို တရားဝင်အစိုးရနှင့် လွှတ်တော်အဖြစ် အသိအမှတ်ပြု သွားရန်၊ လူသားချင်းစာနာမှု အကူအညီများကို နယ်စပ်ဖြတ်ကျော်မှုမှတဆင့် ပိုမိုပေးအပ်ရန် တိုက်တွန်းသွားမည့်အကြောင်း  ပြောကြားခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးနှင့် အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် တို့သည်  Parliamentarian Friends of Democratic Burma အဖွဲ့၏ လွှတ်တော်အမတ်များအပါအဝင် မြန်မာ့အရေးကို တက်ကြွစွာလှုပ်ရှားနေသော ကနေဒါလွှတ်တော်အမတ်များနှင့် အောက်တိုဘာ ၂၅ ရက်နေ့က ပါလီမန်အဆောက်အအုံတွင်တွေ့ဆုံခဲ့ရာမှာ ကနေဒါအမတ်များကဆိုပါတယ်။


တွေ့ဆုံပွဲတွင် ကနေဒါနိုင်ငံလွှတ်တော်အတွင်း မြန်မာနိုင်ငံနှင့် ပတ်သက်သော အရေးယူဆောင်ရွက်မှုများ၊ တောင်းဆိုမှုများ၊  မြန်မာ့အရေးနှင့်ပတ်သက်၍ အစိုးရထံသို့ မေးခွန်းများမေးမြန်းခဲ့ကြသော ကနေဒါလွှတ်တော်အမတ်များအား ပြည်ထောင်စု ဝန်ကြီးမှ မှတ်တမ်းတင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါတယ်။


========================


📌📌 ၇။ ကိုရီးယားသမ္မတ ထံ မြန်မာအရေးကို လူချင်းတွေ့ဆုံ၍ အသိပေးခဲ့


အောက်တိုဘာ၂၈ရက်


ကိုရီးယားသမ္မတမွန်းဂျယ်အင်း ထံ မြန်မာအရေးကို လူချင်းတွေ့ဆုံ၍ အသိပေးခဲ့တယ်လို့ အောက်တိုဘာ၂၈ရက်မှာ မြန်မာအရေးလှုပ်ရှားသူ မရွှေမိုးကိုရီးယားကဆိုပါတယ်။


"ရက်ပေါင်း (၁၀၀၀)ပြည့်တဲ့" တော်လှန် အလင်းဆောင်၊ ရက်တစ်ထောင်"မှာ ကျမတို့ရဲ့ နွေဦးတော်လှန်ရေးဟိုးအစကတည်းက ပထမဦးဆုံး Twitter မှာမြန််မာပြည်သူလူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုအားပေးစကားရေးခဲ့တဲ့ သမ္မတကြီး မွန်းဂျယ်အင်းက ဒီနေ့အထိ မြန်မာပြည်သူတွေနဲ့ အတူရှိနေတယ်ဆိုတာကိုလည်း သတင်းကောင်းပါးလိုက်ပါတယ်။မကြာသေးတဲ့ လပိုင်းမှာ တောင်ကိုရီးယားရောက်တုန်း နားလည်နဲ့ တော်လှန်ရေး ညီမနဲ့မောင်လေးကိုမေးမြန်းပြီးဒီမိုကရေစီသမ္မတကြီးကို ကျမတစ်ယောက်တည်းသွားတွေ့ခဲ့တာပါ"လို့ဆိုပါတယ်။


ကိုရီးယားသမ္မတနိူင်ငံတွင် လက်ရှိNUGကိုယ်စားလှယ်ရုံးကိုလည်းဖွင့်လှစ်အသိအမှတ်ပြုထားပြီး မြန်မာဒီမိုကရေစီအရေးကို ကိုရီးယားနိူင်ငံကလည်းအားတက်သရောပါဝင်လျက်ရှိပါတယ်။


========================


📌📌 ၈။ အမေရိကန်နိူင်ငံရှိ စင်ကာပူသံရုံးကို မြန်မာအင်အားစုများ ဆန္ဒပြ


အောက်တိုဘာ၂၈ရက်


အမေရိကန်နိူင်ငံရှိ စင်ကာပူသံရုံးကို မြန်မာအင်အားစုများ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။


အောက်တိုဘာ၂၇ရက်မှာ အမေရိကန်ပြည်ထောင်စုရောက် မြန်မာအင်အားစုများက စင်ကာပူသံရုံးရှေ့တွင် မြန်မာပြည်သူများနှင့်အတူ စင်ကာပူအစိုးရရပ်တည်ဖို့တောင်းဆိုခဲ့ကြပါတယ်။


"အဓိက စင်ကာပူက စစ်အုပ်စုကိုလက်နက်မသိမသာထောက်ပံ့ပေးနေတယ်။ဒါကြောင့် ကျနော်တို့သံရုံးရှေ့ လာရောက်ပြီးတောင်းဆိုရခြင်းဖြစ်ပါတယ်။မြန်မာပြည်သူများနဲ့အတူရပ်တည်ပေးဖို့ပါ"လို့ ဆန္ဒပြတောင်းဆိုသူတစ်ဦးကပြောကြားထားပါတယ်။


အဆိုပါ မြန်မာအင်အားစုများက စင်ကာပူသံရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုရာတွင် သံရုံးတာဝန်ရှိသူအချို့က မြန်မာအင်အားစုများတောင်းဆိုချက်ကို လာရောက်တွေ့ဆုံနားထောင်ခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment