၂၀၂၃ ဒီဇင်င်ဘာလ ၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ကောလင်းမြို့နယ်မှာ ပြည်သူ့အုပ်ချုပ်ရေးစတင်နေပြီလို့ NUG ကြေညာ
📌 ၂။ အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်၊ လက်နက်ကြီးတွေနဲ့တိုက်ခိုက်မှုကြောင့် အရပ်သား ၇ ဦး သေဆုံး
📌 ၃။ လွိုင်ကော်မြို့ အခြေစိုက် ခလရ ၅၄ လက်နက်တိုက် ဒရုန်းဖြင့် တိုက်ခိုက်ခံရ
📌 ၄။ စစ်ကောင်စီနဲ့ဆွေးနွေးဖို့ အာဆီယံဆော်သြမှု အဖွဲ့အစည်း ၆၀၀ ကျော် ကန့်ကွက်
📌 ၅။ မုံရွာမြို့နယ် ကြာပိုင်ရွာ၌ အရပ်သား ၁၁ ဦးကို အကြမ်းဖက်စစ်တပ်က မီးရှို့သတ်ဖြတ်
📌 ၆။ နွေဦးအကျဉ်းထောင်ရှိ စစ်ဘက်အကျဉ်းသားများကို လူ့အခွင့်အရေးနှင့်အညီ စောင့်ရှောက်မှုပေး
📌 ၇။ လုံခြုံရေး တင်းကျပ်ထားတဲ့ ရန်ကုန်မြို့တွင် အကြမ်းဖက် စစ်တပ် ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ကောလင်းမြို့နယ်မှာ ပြည်သူ့အုပ်ချုပ်ရေးစတင်နေပြီလို့ NUG ကြေညာ
စစ်ကိုင်းတိုင်း ကောလင်းခရိုင် ကောလင်းမြို့နယ်မှာ အုပ်ချုပ်ရေး၊ ကာကွယ်ရေးနဲ့တရားဥပဒေ စိုးမိုးရေး၊ ပြည်သူ့ဝန်ဆောင် မှုပေးရေး၊ တရားစီရင်ရေး၊ ဘဏ်လုပ်ငန်းများ စီမံခန့်ခွဲရေး၊ Non CDM ဝန်ထမ်းများအရေး စတဲ့ အပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းတွေ စတင်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒီဇင်ဘာလ ၃ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ် ဖွဲ့စည်းတာဝန်ပေးထားတဲ့ ကောလင်းခရိုင် အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိ နှိုင်းရေးအဖွဲ့အနေနဲ့ ကောလင်းမြို့နယ် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ကိုင်တွယ်ဆောင်ရွက်နေတာဖြစ်ပါတယ်။
ကောလင်းမြို့နယ်ဟာ ခရိုင်အဆင့် အစိုးရဌာနများ ရုံးစိုက်ရာမြို့ ဖြစ်တာနဲ့အညီ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဝန်ကြီး ဌာနအသီးသီးကလည်း သက်ဆိုင်ရာဝန်ကြီးဌာနရုံးများ ပြန်လည်လည်ပတ်နိုင်ရေး ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ရပ်ကျေးနဲ့တိုက်နယ်အဆင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ကာ အဆင့်ဆင့် စီမံကွပ်ကဲမှုအားကောင်းစေရေး ဆောင်ရွက်လျက်ရှိပါတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကာကွယ်ရေးနဲ့တရားဥပဒေစိုးမိုးရေးကဏ္ဍမှာလည်း ကောလင်းမြို့နယ်မှာရှိတဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ပြည်သူ့ လုံခြုံရေးအဖွဲ့(ပလဖ) နဲ့ ပြည်သူ့ရဲတပ်ဖွဲ့တို့ပေါင်းစပ်ကာ စည်း ၃ စည်းနဲ့ တာဝန်ယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ပြည်သူ့ဝန်ဆောင်မှုပေးရေးကဏ္ဍာမှာဆိုရင်လည်း ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ ဆရာဝန်၊ သူနာပြု ဆရာမ၊ အခြေခံ ကျန်းမာရေးဝန်ထမ်း၊ စေတနာ့ဝန်ထမ်း ၆၅ ဦး ပါဝင်တဲ့ မြို့နယ်ကျန်းမာရေးအဖွဲ့က လုံခြုံတဲ့နေရာတွေမှာ အရေးပေါ်ကုသမှု များဆောင်ရွက်ပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ စစ်ဘေးရှောင်ဦးရေအနေနဲ့ ၁၂,၆၁၀ ဦးကျော်ရှိနေပြီး လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆို င်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနအနေနဲ့ ကောလင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဦးစီးဌာနကသိမ်းဆည်းရရှိထား တဲ့ ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ ဆန်၊ဆီ၊ဆားတို့ကို စစ်ဘေးရှောင်ပြည်သူ တွေကို ထောက်ပံ့ပေးထားပြီး လူသားစာနာ လုပ်ငန်းများ လည်ပတ်နိုင်ရေးအတွက်လည်း စနစ်တကျ စီမံခန့်ခွဲနေတယ်လို့ သိရပါတယ်။
ပညာရေးကဏ္ဍမှာဆိုရင်လည်း အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးမှု BECA စာမေးပွဲတွေကျင်းပနိုင်ဖို့ ပြင်ဆင်နေပြီး ကျောင်းသူ၊ကျောင်းသားတွေ ပညာရေးနစ်နာမှုမရှိအောင် ပညာရေးဝန်ကြီးဌာနကဦးဆောင်ကာ Online၊ On Ground စနစ်တွေနဲ့ စာသင်ကျောင်းတွေဖွင့်နိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ဘဏ်လုပ်ငန်းများစီမံခန့်ခွဲရေးကဏ္ဍမှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလဗဟိုဘဏ်အနေနဲ့ ကောလင်းခရိုင် မြန်မာ့စီးပွားရေးဘဏ်ကသိမ်းဆည်းရရှိခဲ့တဲ့ ငွေသားလက်ကျန် ကျပ်ငွေ သန်း ၉၅ဝ ကျော်နဲ့ ပုဂ္ဂလိကဘဏ်တွေက သိမ်းဆည်းရရှိခဲ့တဲ့ ငွေသားလက်ကျန် ကျပ်သန်းပေါင်း ၄၄ သောင်းကျော်ကို စာရင်းသွင်းမှတ်တမ်းတင်ထားပြီး နိုင်ငံတော်ပိုင်ဘဏ္ဍာငွေများနဲ့ ပြည်သူလူထုအပ်နှံငွေများ နစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနဲ့အညီ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေအဖြစ်သတ်မှတ်ကာ စနစ်တကျစီမံခန့်ခွဲသွားမယ်လို့ အသိပေးထားပါတယ်။
Non-CDM ဝန်ထမ်းတွေနဲ့ပတ်သက်လို့လည်း CDM နိုင်ငံဝန်ထမ်းများဆိုင်ရာ မူဝါဒကိုအခြေခံပြီး ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီက ထုတ်ပြန်ထားတဲ့ “ကြားကာလ Non CDM ဝန်ထမ်းများ စီမံခန့်ခွဲရေး ဆိုင်ရာညွှန်ကြားချက်” နဲ့အညီ စီမံဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ကောလင်းမြို့နယ်အတွင်း CDM ပြုလုပ်ထားတဲ့ နိုင်ငံ့ဝန်ထမ်းတွေအပြင် အခြားမြို့နယ်တွေက CDM ပြုလုပ်ခဲ့တဲ့ နိုင်ငံ့ ဝန်ထမ်းဦးရေများစွာလည်း ပြန်လည်တာဝန်ထမ်းဆောင်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထား ပါတယ်။
========================
📌📌 ၂။ အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်၊ လက်နက်ကြီးတွေနဲ့တိုက်ခိုက်မှုကြောင့် အရပ်သား ၇ ဦး သေဆုံး
ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ-၁ ကိုးကန့်ခရိုင်မှာရှိတဲ့ ရှိရှမ်းဒေသနဲ့မန်တုံဒေသတွေကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဉ်တွေ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ ၇ ဦး သေဆုံးခဲ့ပြီး နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ကိုးကန့် MNDAA က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ ၃ဝ ဂက်နေ့က နန်ထင်မိန်တောင်ကုန်းပေါ်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီစခန်းကနေ ရှိရှမ်းဒေသ တာရွှေထန် ကျေးရွာအုပ်စု နန်ကော်ရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ဦး သေဆုံးပြီး တဦးဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲဒီနေ့ညအချိန်မှာလည်း နန်ကော်ရွာကို ဂျက်တိုက်လေယာဉ်နဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အိမ် ၃ လုံး ပျက်စီးခဲ့ပြီး ကားထဲမှာအိပ်နေတဲ့ အိမ်ပိုင်ရှင်တဦး ထပ်မံသေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အလားတူ တုန်ရှမ်းဒေသ မန်တုံပရွာအုပ်စု ရှရှင်ကျိုင့်ကျေးရွာကိုလည်း အကြမ်းဖက်စစ်တပ်က နိုဝင်ဘာလ ၃ဝ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်အချိန်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၄ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူတွေဟာ အသက် ၁ဝ နှစ်ကနေ ၃၈ နှစ်အတွင်းရှိပြီး ဒဏ်ရာရသူတွေက အသက် ၁ဝ နှစ်နဲ့ ၁၂ နှစ် အရွယ်တွေ ဖြစ်ကာ တအာင်းတိုင်းရင်းသားတွေဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။
========================
📌📌 ၃။ လွိုင်ကော်မြို့ အခြေစိုက် ခလရ ၅၄ လက်နက်တိုက် ဒရုန်းဖြင့် တိုက်ခိုက်ခံရ
ဒီဇင်ဘာ ၃ရက်
စစ်ကောင်စီတပ်တွင်း ဖရဲသီး သတင်းပေးမှု အရ လွိုင်ကော်အခြေစိုက် ခလရ ၅၄ တပ်တွင်းရှိ လက်နက်တိုက်ကို လွိုင်ကော် PDF နဲ့ Falcon Wings တို့က ဒရုန်းဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၁ ရက်က ပြုလုပ်ခဲ့တဲ့ အဆိုပါ တိုက်ခိုက်မှုကြောင့် ခလရ ၅၄ တပ်အတွင်းရှိ လက်နက်တိုက် မီးလောင်ကျွမ်း ပေါက်ကွဲမှုများ ဆက်လက်ဖြစ်ပွားခဲ့ပြီး အဆောက်အအုံရော လက်နက်တိုက်ပါ ပြာကျသွားခဲ့တယ်လို့ လွိုင်ကော် PDF က ဆိုပါတယ်။
"စစ်ကောင်စီရဲ့ လွိုင်ကော်မြို့ အခြေစိုက် ခလရ ၅၄ တပ်အတွင်းမှာရှိတဲ့ လက်နက်တိုက်ကို မြေပုံပေါ်မှ ဖျောက်ဖျက်ပစ်လိုက်ပြီ ဖြစ်ပါတယ်" လို့ လွိုင်ကော် PDF ရုပ်ပုံနဲ့တစ်ကွ ထုတ်ပြန်ထား ပါတယ်။
နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ခဲ့တဲ့ ၁၁,၁၁ စစ်ဆင်ရေးတွင် လွိုင်ကောမြို့ရဲ့ ၃ ပုံ ၂ ပုံကို တော်လှန်ရေး တပ်ပေါင်းစုက တပ်ဖြန့်ထားနိုင်တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် - KNDF က အသိပေးထားပါတယ်။
လက်ရှိ အခြေအနေအရ စစ်ရေးအရှိန် မြင့်တက်လာတဲ့အတွက် ပြည်သူများရဲ့ ထောက်ပံ့မှု များစွာ လိုအပ်နေသေးပြီး ပါဝင်ပေးကြဖို့ကိုလည်း KNDF က မေတ္တာရပ်ခံထားပါတယ်။
========================
📌📌 ၄။ စစ်ကောင်စီနဲ့ဆွေးနွေးဖို့ အာဆီယံဆော်သြမှု အဖွဲ့အစည်း ၆၀၀ ကျော် ကန့်ကွက်
ဒီဇင်ဘာ ၃။
အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အနေနဲ့ မြန်မာနိုင်ငံမှာ “အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ” လုပ်ဖို့ ဆော်သြနေတာဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ အာဏာရှင် တိုက်ဖျက်ရေး အားထုတ်ကြိုးပမ်းမှုတွေကို ထိခိုက်ပျက်ပြားအောင် ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် ရပ်တန့်ဖို့ မြန်မာ့အရေး ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်း ၆၀၀ ကျော်က အာဆီယံကို တောင်းဆိုလိုက် ပါတယ်။
တရားမဝင်တဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ ကျူးလွန်ခဲ့တဲ့ ရက်စက် ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေအတွက် တရားမျှတမှု ရရှိရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို မြန်မာပြည်သူတွေက လိုလားနေကြပြီး အာဆီယံအနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ ကိုက်ညီတဲ့ လုပ်ဆောင်ချက်တွေကိုသာ ခိုင်ခိုင်မာမာ ဆောင်ရွက်သင့်ကြောင်း ပြည်တွင်းပြည်ပ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ၆၀၁ ဖွဲ့က ဒီဇင်ဘာလ ၁ ရက်နေ့မှာ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
အာဆီယံအနေနဲ့ မြန်မာစစ်ကောင်စီက လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို တာဝန်ခံလာအောင် အရေးယူ ဖိအားပေးနိုင်ခြင်း မရှိဘူးလို့ ကြေညာချက်မှာ ဆိုထားပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီ လက်ချက်နဲ့ လူပေါင်း ၄,၂၀၀ ကျော် သေဆုံးခဲ့ပြီး ၂၅,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရသလို၊ နေအိမ် အဆောက်အအုံပေါင်း ၇၆,၀၀၀ ကျော် ချိတ်ပိတ်ခံ ထားရကြောင်း ထောက်ပြထားပါတယ်။
အာဆီယံအနေနဲ့ ဒီလို အခြေအနေတွေကို လစ်လျူရှုထားပြီး ဖိနှိပ်မှု ခံစားနေရတဲ့ သူတွေကို စစ်ကောင်စီနဲ့ စေ့စပ်ညှိနှိုင်းဖို့ပဲ ဆက်လက် တိုင်းတွန်းနေတယ်လို့ အာဆီယံရဲ့ ဆောင်ရွက်ချက်တွေကို အဆိုပါ ကြေညာချက်မှာ ဝေဖန်ထောက်ပြထားပါတယ်။
========================
📌📌 ၅။ မုံရွာမြို့နယ် ကြာပိုင်ရွာ၌ အရပ်သား ၁၁ ဦးကို အကြမ်းဖက်စစ်တပ်က မီးရှို့သတ်ဖြတ်
အကြမ်းဖက်အုပ်စုဟာ မုံရွာမြို့နယ် ကြာပိုင်ရွာမှာ အရပ်သား ၁၁ ဦးကို နေအိမ်အတွင်းပိတ်ပြီး မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေး ပကဖ က ဒီဇင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
မုံရွာမြို့နယ် စွမ်းရည်ထက်စက်သုံးဆီအရောင်းဆိုင်ဂိတ်ကနေထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးနဲ့ တောပုရွာက ပျူစောထီးတွေပါဝင်တဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ဒီဇင်ဘာလ ၂ ရက်နေ့ မနက် ၉ နာရီအချိန်ကစပြီး ကြာပိုင်ရွာကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။
ဒါအပြင် အကြမ်းဖက်စစ်အုပ်စုဟာ ဓားစာခံအဖြစ်ခေါ်ထားတဲ့ အပြစ်မဲ့အရပ်သား ၁၁ ဦးကို နေအိမ်အတွင်း ပိတ်ပြီး မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မီးရှို့ဖျက်ဆီးခံရတဲ့အိမ်ခြေ ၁ဝဝ နီးပါးရှိပြီး ထွန်စက်၊ ဆိုင်ကယ်၊ ဖုန်း၊ပိုက်ဆံတွေနဲ့ အိမ်တွင်းရှိပရိဘောဂတွေကိုလည်း အကြမ်းဖက်စစ်အုပ်စုက တောပုရွာဘက် သယ်ဆောင်သွားကြတယ်လို့လည်း သိရပါတယ်။
တောပုရွာက ပျူစောထီးတွေဟာ အနီးအနားမှာရှိတဲ့ကျေးရွာတွေကိုဝင်ရောက်ပြီး ဓားပြတိုက်တာ၊ လူသတ် မီးရှို့မှုတွေ ကျူးလွန်ပြီး ဒေသခံပြည်သူတွေကိုဒုက္ခပေးနေတယ်လို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေး ပကဖ က ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၆။ နွေဦးအကျဉ်းထောင်ရှိ စစ်ဘက်အကျဉ်းသားများကို လူ့အခွင့်အရေးနှင့်အညီ စောင့်ရှောက်မှုပေး
ဒီဇင်ဘာလ ၃။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ နွေဦးအကျဉ်းထောင်တွင် ထားရှိသော စစ်ဘက်အကျဉ်းသား များကို လူ့အခွင့်အရေးနှင့်အညီ စောင့်ရှောက်မှုပေးခဲ့တယ်လို့ ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ဆိုပါတယ်။
ဒီဇင်ဘာလ ၂ ရက်နေ့က အဆိုပါ အကျဉ်းထောင်ရှိ အကျဉ်းသားများကို ဆေးကုသမှု ပေးခြင်းနဲ့ အသိတရား ရှိစေရေး ဟောပြောခဲ့ပြီး လူ့အခွင့်အရေးနဲ့အညီ ပြောဆိုဆက်ဆံ ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။
ထိုသို့ ဆောင်ရွက်မှုကို မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ဘဏ္ဍာရေးမှူး၊ ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ခေါင်းဆောင်တို့မှ သွားရောက်ဆောင်ရွက် ခဲ့တာဖြစ်တယ်လို့ MOHAI ရဲ့ သတင်းထုတ်ပြန်ချက် အရ သိရပါတယ်။
========================
📌📌 ၇။ လုံခြုံရေး တင်းကျပ်ထားတဲ့ ရန်ကုန်မြို့တွင် အကြမ်းဖက် စစ်တပ် ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်
ဒီဇင်ဘာ ၃။
အာဏာသိမ်း စစ်တပ်က လုံခြုံရေး တင်းကျပ်ထားပြီး စစ်ဆေးမှုတွေ ဆက်တိုက်လုပ်ဆောင် နေတဲ့ ရန်ကုန်မြို့တွင် ဒီကနေ့ ဒီဇင်ဘာ ၃ ရက်က "ဖက်ဆစ်မိစ္တာ ကျဆုံးခန်း - 1127" စာတန်း ချိတ်ဆွဲပြီး အကြမ်းဖက် စစ်တပ် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ လှုပ်ရှားမှုကို Kyimyindaing Networks (KMD18) နဲ့ Mayangone Democratic Front (MDF) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီက တင်းကျပ်စွာ လုံခြုံရေး ချထားပေမယ့် ရန်ကုန်မြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဆက်တိုက် ပေါ်ပေါက်နေသလို လှုပ်ရှားမှု ပြုလုပ်ခဲ့တဲ့ နေရာအနီးက ပြည်သူတွေကိုလည်း စစ်ကောင်စီက ဖိနှိပ်တာတွေလည်း ပြုလုပ်နေပါတယ်။
အာဏာသိမ်းကာလ ရက်ပေါင်း ၁၀၃၆ ရက် တိုင်အောင် မြန်မာနိုင်ငံ နေရာဒေသ အသီးသီးမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ် လှုပ်ရှားမှုတွေ တစ်ရက်မပြတ် ဖော်ဆောင်နေကြပြီး စစ်အာဏာရှင်ကို ဆန့်ကျင်နေကြတာ ဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့် မင်းစစ်သွေးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment