တောင်တန်းဒေသနေတိုင်းရင်းသားများ ဘိန်းစိုက်ပျိုးမှုကို ပိုပြီး မှီခိုလာ



တောင်တန်းဒေသနေတိုင်းရင်းသားများ ဘိန်းစိုက်ပျိုးမှုကို ပိုပြီး မှီခိုလာ
မကြေးမုံ၊ (Radio NUG) မတ် ၁၇၊ ၂၀၂၄


တောင်တန်းနဲ့ပြည်မတပေါင်းတစည်းထဲ လွတ်လပ်ရေးရရှိဖို့ စာချုပ်ချုပ်ဆိုခဲ့တဲ့ သမိုင်းဝင် ပင်လုံမြို့မှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် ကျယ်ပြောလှတဲ့ဘိန်းခင်းကြီးကိုမျက်စိ တဆုံးတွေ့မြင်လာရပါတယ်။ အခုလိုပူပြင်းခြောက်သွေ့တဲ့ တပေါင်းလအချိန်ခါမှာ မြင့် မားလှတဲ့ ရှမ်းတောင်တန်းကြီးတွေပေါာမှာတော့ တစ်ပင်လုံးဖွေးဖွေးဖြူနေတဲ့ သလပ်ပန်းပင်တွေကလွဲလို့ ခြောက်သွေ့နေတဲ့ကိုင်းပင်တွေ နဲ့ အစိမ်းရောင်ကျဲပါး တဲ့အခြား အပင်တွေကိုတွေ့မြင်ရမှာပါ။ အဲ့ဒီတောင်တန်းကြီးတွေရဲ့တောင်ခြေနားမှာတော့ စပါး သိမ်းထားတဲ့ မြေပြန့်လယ်မြေတွေမှာ ရေသွင်းပြီးစနစ်တကျ စိုက်ပျိုးထားတဲ့ ဘိန်းခင်း တွေကို တောင်ကြားလွင်ပြင်တဆုံး အရောင်အသွေးအစုံလင်နဲ့ တွေ့မြင်ရမှာဖြစ်ပါတယ်။ တောင်တန်းနေတိုင်းရင်းသားတွေမှာ ဘာ့ကြောင့် ဘိန်းစိုက်ပျိုးမှုတွေတိုးလာရပါလဲ။ ရှမ်း ပြည်တောင်ပိုင်းမှာ ဘိန်းအများ ဆုံးစိုက်ပျိုးတဲ့ မြို့နယ်ထဲမှာပါဝင်တဲ့ ပင်လုံမြို့က ဒေသခံ ဘိန်းတောင်သူတစ်ဦးကတော့ အခုလိုပြောပါတယ်။

“ ဒီကောင်က ဈေးကောင်းတယ်။ ကျန်တဲ့ဟာက ဈေးမရှိဘူး။ တစ်ပုံးမှ သုံးလေး ထောင် ပဲရောင်းရတယ်။ ထောပတ်က တစ်ပိသာမှ ၆၀၀။ အကောင်းဆုံးမှ တစ်ထောင်ကျော်ပဲရ တယ်။ သူက အသီးလှရင် တစ်မျိုး၊ မလှရင်တစ်မျိုး။ ဘိန်းကအဲ့လိုမဟုတ်ဘူး။ ကောင်း ကောင်းထားရင်လည်း သူဌေးကြိုက်ရင်သူက ပေးတယ်။ လှရင်တော့ ဈေးတော့သိပ်မကွာ ဘူး ”

မြန်မာ့စားဖိုချောင်လို့တင်စားလို့ရတဲ့ ရှမ်းပြည်တောင်ပိုင်းဒေသဟာ ငရုပ်၊ ကြက်သွန်၊ အာ လူး၊ မုန်ညှင်း၊ ဂေါ်ဖီ၊ ပန်းဂေါ်ဖီစတဲ့ စားဖိုဆောင်သုံးသီးနှံတွေအပြင် ထောပတ်၊ ကော်ဖီ၊ လက်ဖက်စတဲ့ နှစ်ရှည်အပင်တွေပါ ဖြစ်ထွန်းရာဒေသဖြစ်ပါတယ်။ သီးနှံတွေဖြစ်ထွန်း ရှင်သန်ပေမယ့် စိုက်ပျိုးစီးပွားအရ ဈေးကွက်ခိုင်မာပြီး အကျိုးအမြတ်ရရှိအောင် ဆောင်ရွက် ပေးနိုင်တာမရှိတဲ့အတွက် သီးနှံဈေးတွေကျဆင်းပြီး အရှုံးနဲ့ရင်ဆိုင်ရတာမျိုးက မကြာခဏ ဆိုသလိုဖြစ်လေ့ဖြစ်ထရှိပါတယ်။ အခုလို စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာတော့ ဖြတ်လေးဖြတ်ပိတ်ဆို့မှုတွေ၊ ကျပ်ငွေတန်ဖိုး ကျဆင်းတာတွေ၊ စက်သုံးဆီအခက်အခဲတွေ ၊ ပို့ကုန်ရငွေတွေကို လက်ဝါးကြီးအုပ်မှုတွေကြောင့် စိုက်ပျိုးထားတဲ့သီးနှံတွေ ဈေးကွက် တင်ပို့ဖို့ခက်ခဲလာပြီး အဆုံးအရှုံးတွေနဲ့ ပိုပြီးရင် ဆိုင်လာရပါတယ်။ ဒါကြောင့် ဈေးကွက် လမ်းကြောင်းသေချာတဲ့ ဘိန်းကို ပိုပြီး စိုက်ပျိုးလာ ကြသလို အ ကြမ်းဖက် စစ်တပ်အ ပါအဝင် ပြည့်သူ့စစ်အဖွဲ့အစည်းအသီးသီး က နယ်မြေ အလိုက် ဘိန်းတောင်သူအပေါ် ဘိန်းခွန်လို့ သုံးနှုန်းပြီး ငွေကြေး ကောက် ခံလာကြပါတယ်။ ဒါ့အပြင် ဘိန်းစိုက်ပျိုး မှုက နေရလာ တဲ့ ဘိန်းစေးတွေကို အကြမ်းဖက် စစ်တပ်အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့ အသီးသီးက တစ်ဆင့် ထိုင်းနိုင်ငံကိုတင်ပို့ ရောင်းချ ကြ တယ်လို့ စစ်တပ်နဲ့ အနီး ကပ်ဆက်ဆံခဲ့တဲ့ ကုန်သွယ် စီးပွားဆိုင်ရာ အသင်းအဖွဲ့ဝင် တစ်ဦးက အခုလို ရှင်းပြ ပါတယ်။

“ စိုက်တာကတော့အနည်းအကျဥ်းတော့ရှိပါတယ်။ ကယားက ဖြတ်သန်းစရာ လမ်းပဲ။ ထိုင်းကိုထုတ်ဖို့က ကယားကိုဖြတ်ရတယ်လေ။ ထိုင်းက လာ ဝယ်တာလည်း ရှိ တယ်။ ထုတ်တာလည်းရှိတယ်၊ လက်နက်ကိုင်တွေက ထုတ်ပေးတယ် ”

ရှမ်းပြည်နယ်ရဲ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှုက မြို့နယ်ပေါင်း ၅၉ မြို့နယ်မှာ ရွာငံနဲ့ပင်းတယ မြို့နယ်ကလွဲလို့ ကျန် ၅၇မြို့နယ်တွေမှာ စိုက်ပျိုးထုတ်လုပ်နေတယ်လို့ စိုက်ပျိုးရေးဦးစီး ဌာနက ၂၀၁၉ခုနှစ်မှာ ထုတ်ပြန်ထားပါတယ်။ လတ်တလောအခြေအနေတွေအရ အဲ့ဒီမြို့ နယ်တွေက လူသွား၊ လူလာနည်းတဲ့ တောင်တန်းနဲ့လျှိုမြောင်တွေမှာ ဘိန်းစိုက်ပျိုးမှု ရှိနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပါတယ်။ ဒါအပြင်၂၀၂၃ ခုနှစ်ဒီဇင်ဘာလမှာ ထုတ်ပြန် ခဲ့တဲ့ UNODC ရဲ့ထုတ်ပြန်ချက်မှာလည်း တစ်နိုင်ငံ လုံးအတိုင်းအတာအရ ဘိန်းစိုက်ဧက ၁၁၇,၇၅၀ ဧကရှိတဲ့အနက် ရှမ်းပြည်နယ်မှာ ဘိန်းစိုက်ဧက ၂၁,၀၀၀ ရှိပြီး ဘိန်းစိုက်ပျိုးမှု အများဆုံးဒေသဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ရှမ်းပြည်နယ်အတွင်းက ဒေသခံတိုင်း ရင်းသားတွေရဲ့ ဘိန်းစိုက်ပျိုးမှုအလေ့အထကို ဒေသခံ စိုက်ပျိုးဝန်ထမ်းတစ်ဦးကအခုလို ပြောပါတယ်။

“ တစ်ချို့ဆိုရင် ရွာလုံးကျွတ်စိုက်တဲ့နေရာတွေရှိတယ်။ အဲ့ဒီရွာတွေက ဘာလုပ်ရလဲဆိုရင် တိုက်ဖျတ်ရေးတွေ ဘာတွေရှိလို့ရှိရင် အမှုဖော်ရမယ်ဆိုရင် တစ်ရွာလုံးကတစ်ယောက်က သွားပြီးတော့ ထောင်ထဲ၊ အချုပ်ထဲသွားနေရတယ်။ သူ့ကို ကျန်တဲ့ရွာတွေက လူတွေက ထောက်ပံ့တာ၊ အဲ့လိုမျိုး။ အလှည့်ကျပေါ့ ”

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ မြန်မာပြည်သူတွေကို စစ်တပ်က အကြမ်းဖက်နှိမ်နင်းတာတွေကို နေရာအနှံ့ပြုလုပ်လာတဲ့အခါမှာ အချိန်ခါမှီစိုက်ပျိုးထုတ်လုပ်ရတဲ့ သီးနှံလုပ်ငန်းဟာ စလယ်ဆုံး ထိခိုက်ပျက်စီးလာပါတယ်။ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုက တစ်ဧက သိန်းလေးဆယ် အရင်းမှာ သိန်းရှစ်ဆယ်လောက် ပြန်ရတဲ့အပြင် ဘိန်းစေးခြစ် တဲ့ ရာသီမှာ ဝယ်သူကလည်း ဘိန်းခင်းထဲအရောက် ပုံမှန်လာဝယ်လေ့ရှိပါတယ်။ ဒါ့အပြင် ဌာနဆိုင်ရာက အနှစ်လေးဆယ်ကျော်ကြာ ဆောင်ရွက်ခဲ့တဲ့ ဘိန်းစိုက်ပျိုးမှုပ ပျောက်ရေး စီမံကိန်း တွေက လည်း အောင်မြင်လာတာမရှိတဲ့အတွက် စစ်တပ်ကအာဏာသိမ်း ထားသ၍၊ စစ်ပွဲတွေမပြီးဆုံးသ၍ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုက ဆက်လက်တိုးတက်လာအုန်းမှာဖြစ်ပြီး ကမ္ဘာ မှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ထိပ်တန်းနိုင်ငံအဖြစ် ဆက်လက် တည် ရှိနေအုန်းမှာဖြစ်ပါတယ်။

Photo - ပင်လုံမြို့နယ်ထဲက ရေခြံထဲမှာ စိုက်ပျိုးထားတဲ့ ဘိန်းစိုက်ခင်းတစ်ခုအား ၂၀၂၄ခုနှစ် မတ်လအတွင်း တွေ့မြင်ရစဥ်
Share:

No comments:

Post a Comment