၂၀၂၄ သြဂုတ်လ ၁၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ လူထုတော်လှန်ရေးဆင်နွဲနေချိန်ဖြစ်တဲ့အတွက် နိုင်ငံရေးပါတီများနဲ့ နိုင်ငံရေးသမားများအနေနဲ့ ပထွေးမျှော်ဝါဒ မကျင့်သုံးဖို့ ကရင်နီတပ်မတော် စစ်ဦးစီးချုပ် သတိပေး
📌 ၂။ မောင်တောဒေသက စစ်ရှောင်တွေအတွက် အရေးပေါ်လိုအပ်နေတဲ့ ဆေးဝါးများကူညီပေးဖို့ AA အကူအညီတောင်း
📌 ၃။ ဖားကန့် တပ်မကုန်းကာကွယ်ဖို့ စစ်ကောင်စီက ဘုန်းကြီးကျောင်းနဲ့ ကျောက်စိမ်းလုပ်ကွက်တွေမှာ အင်အားဖြည့်
📌 ၄။ စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုများကို ရပ်တန့်စေရန်နှင့် သဘာဝဘေးဒဏ်ကြောင့် လိုအပ်သည့် အကူအညီများ ရရှိစေရန် အတွက် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီမှ သက်ဆိုင်ရာအဖွဲ့အစည်းများကို တောင်းဆို
၂၀၂၄ ခုနှစ် သြဂုတ်လ ၁၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ကျိန္တလီမြို့မှာ စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲပြီး လက်နက်ကြီးနဲ့ ပစ်တာကြောင့် အရပ်သား ၁၁ ဦးသေဆုံး
🚩 ၂။ ကျောက်မဲမြို့နယ်မှာ တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်
🚩 ၃။ သီပေါနဲ့မိုးမိတ်မှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်
🚩 ၄။ ရိုးမတောင်ခြေကရွာတွေကို မီးရှို့ပြီးပြန်လာတဲ့စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်
🚩 ၅။ ပေါက်ခေါင်းမြို့နယ်မှာ တပ်သားသစ်စုဆောင်းနေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး တင့်လွင့် ပစ်ခတ်ခံရပြီးသေဆုံး
🚩 ၆။ နွားထိုးကြီးမှာ စစ်တပ်ကပစ်တဲ့ လက်နက်ကြီးကြောင့် ရှေးဟောင်းစေတီ ၂ ဆူ ပျက်စီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ လူထုတော်လှန်ရေးဆင်နွဲနေချိန်ဖြစ်တဲ့အတွက် နိုင်ငံရေးပါတီများနဲ့ နိုင်ငံရေးသမားများအနေနဲ့ ပထွေးမျှော်ဝါဒ မကျင့်သုံးဖို့ ကရင်နီတပ်မတော် စစ်ဦးစီးချုပ် သတိပေး
ဩဂုတ်လ(၁၇)
လက်ရှိအချိန်ဟာ လူထုတော်လှန်ရေး ဆင်နွှဲနေချိန်ဖြစ်တဲ့အတွက် နိုင်ငံရေးပါတီများနဲ့ နိုင်ငံရေးသမားများအနေနဲ့ ပထွေးမျှော်ဝါဒ မကျင့်သုံးဖို့ ကရင်နီပြည်တပ်မတော်-KA/KNDF စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ် သတိပေးပြောဆို လိုက်ပါတယ်။
ဒီနေ့ ဩဂုတ်လ ၁၇ ရက်မှာကျရောက်တဲ့ ၇၆ နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့မှာ ကရင်နီပြည် တပ်ပေါင်းစုံက တပ်မှူး တပ်သားများ၊ KNDF တပ်မှူးတပ်သားများနဲ့ ကရင်နီပြည်မှာရှိတဲ့ ပြည်သူလူထုကို အခုလိုသတိပေးပြောလိုက်တာ ဖြစ်ပါတယ်။
ကရင်နီတပ်မတော်ဟာ လူထုနဲ့ တတန်းတည်းရှိရမှာဖြစ်ပြီး လူထုဆန့်ကျင်ရေးမလုပ်ဖို့နဲ့ လူထုကိုသာ ယုံကြည်ဖို့ KA/KNDF စစ်ဦးစီးချုပ်က ပြောပါတယ်။
မိမိကိုယ်ကိုလည်း ယုံကြည်ပါ။ ပြည်သူလူထုဆိုတဲ့နေရာမှာ အချောင်သမား၊ နိုင်ငံရေးအချောင်သမား၊ ကိုယ်ကျိုးရှာတဲ့ စီးပွားရေး အချောင်သမားတွေ မပါဝင်ပါဘူး။ ဒီအချောင်သမားတွေကို အထူးသတိထားဖို့လိုပါတယ်။ ကရင်နီပြည်တွင်းမှာ ရှိတဲ့ နိုင်ငံရေးပါတီများနဲ့ နိုင်ငံရေးသမားများလည်း ပထွေးမျှော်ကိုးဝါဒကို မကျင့်သုံးဖို့ ပြောချင်ပါတယ်။ သတိဆိုတာ ပိုသည်မရှိ လိုသည်ပဲရှိတယ်လို့ ကရင်နီပြည်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်က ထပ်မံသတိပေးထားပါတယ်။
ဒါ့အပြင် ကရင်နီပြည်တပ်မတော်အနေနဲ့ စစ်စည်းကမ်း၊ အမိန့်ညွှန်ကြားချက်၊ လူထုဥပဒေ၊ ဓလေ့ထုံးတမ်းဥပဒေတွေကို လိုက်နာကြဖို့နဲ့ ကမ္ဘာအရပ်ရပ်က ပြဌာန်းထားတဲ့ လူ့ အခွင့်အရေးဆိုင်ရာစာချုပ်များ၊ စစ်သုံ့ပန်းဥပဒေများ၊ စစ်မြေပြင်မှာ စစ်သားတွေလိုက်နာရမယ့် ကျင့်ဝတ်များ၊ ကလေးသူငယ်များနဲ့ အမျိုးသမီးများကို အထူးကာကွယ် စောင့်ရှောက်ဖို့ ဗိုလ် မှူးချုပ် အောင်မြတ်က အထူးမှာကြာထားပါတယ်။
ကရင်နီပြည်တပ်မတော်ဟာ ကရင်နီပြည်အတွင်းမှာနေထိုင်တဲ့သူတွေကို ကာကွယ်စောင့်ရှောက်ရမယ့်တာဝန်ရှိပြီး ကျဆုံးသွားတဲ့ သွေးသောက်ရဲဘော်ရဲဘက်တွေရဲ့ ဝိဥာဉ်နဲ့ အသက်ပေးသွားကြတဲ့ ပြည်သူပြည်သားများ၊ မြို့ပျက်၊ ရွာပျက်၊ အိမ်ပျက်၊ ဘဝပျက်သွားတဲ့ လူထုမျက်နှာကို အောက်မေ့သတိရ နှလုံးသွင်းကြရမယ်လို့လည်း အသိပေးထားပါတယ်။
ကရင်နီပြည်တပ်မတော်ဟာ ၁၉၄၈ ခုနှစ်ကနေ ယနေ့ထိ ကရင်နီပြည်အစိုးရ အုပ်ချုပ်မှုအောက်မှာရှိနေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတခုဖြစ်ပြီး ခုခံတော်လှန်တိုက်ပွဲဝင်နေတဲ့ ညီနောင်အဖွဲ့အစည်းတွေက ရဲဘော်ရဲဘက်တွေကို စိတ်ရှည်သီးခံပြီး လက်တွဲခေါ်ရမယ်လို့လည်း ဗိုလ်မှူးချုပ်အောင်မြတ်က သတိပေးပြောဆိုထားပါတယ်။
နွေဦးတော်လှန်ရေးမှာ လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ လူငယ်များအနေလည်း တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ လုပ်ဆောင် ကြဖို့လည်း KA/KNDF စစ်ဦးစီးချုပ်က တိုက်တွန်းထားပါတယ်။
========================
📌📌 ၂။ မောင်တောဒေသက စစ်ရှောင်တွေအတွက် အရေးပေါ်လိုအပ်နေတဲ့ ဆေးဝါးများကူညီပေးဖို့ AA အကူအညီတောင်း
ဩဂုတ်လ(၁၇)
ရခိုင်ပြည် မောင်တောမြို့နဲ့ အနီးပတ်ဝန်းကျင်နေရာဒေသတွေက စစ်ရှောင်ပြည်သူတွေအတွက် အရေးတကြီးလိုအပ်နေတဲ့ ဆေးဝါးများ ကူညီပေးဖို့ ရခိုင့်တပ်တော် AA က အကူအညီတောင်းခံထားပါတယ်။
ရခိုင့်တပ်တော်အနေနဲ့ မောင်တောမြို့သိမ်းတိုက်ပွဲဆင်နွှဲနေပေမယ့် မြို့တွင်းမှာပိတ်မိနေသူတွေကို အချိန်မီကယ်ထုတ်နေရာ မှာ လူဦးရေ ၂သောင်းနီးပါး ရွှေ့ပြောင်းပေးထားပြီး ဆက်လက်ကယ်ထုတ်နေတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်ဒေသအချို့မှာ ဝမ်းပျက်၊ ဝမ်းလျောရောဂါဖြစ်ပွားနေပြီး ဝမ်းရောဂါဖြစ်ပွားနှုန်းမှာလည်း ယခုရက်ပိုင်းအတွင်း မိုမိုမြင့်တက်လာတဲ့အတွက် သေဆုံးသူ ၅ ဦး ရှိလာပြီလို့ အသိပေးထားပါတယ်။
ရခိုင်ဒေသမှာ ရေကြီးရေလျံမှုဖြစ်ပြီးတဲ့နောက် နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ သောက်သုံးရေမသန့်ခြင်းကြောင့် ဝမ်းရောဂါဖြစ်ပွားမှု မြင့်တက်လာတာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီစစ်ဘေးရှောင်တွေဟာ စစ်ဘေးနဲ့ရေဘေး တပြိုင်တည်းခံစားနေကြရတာဖြစ်တဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေမှာ ဆေးဝါးဆိုင်ရာလိုအပ်မှုတွေရှိနေတာလည်းဖြစ်ပါတယ်။
မောင်တောဒေသမှာဆိုရင် တိုက်ပွဲရှောင်ပြည်သူတွေဟာ ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားနေပြီး ၎င်းတို့အတွက် လိုအပ် နေတဲ့ ဆေးဝါးတွေနဲ့ အထွေထွေရောဂါများအတွက် မရှိမဖြစ်လိုအပ်တဲ့ဆေးဝါးများ အရေးတကြီး လိုအပ်နေတယ်လို့ ရခိုင့် တပ်တော်က ထပ်မံအသိပေးထားပါတယ်။
ဒါ့ကြောင့် အိမ်နီးနားချင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများအနေနဲ့ ဒီလူနာတွေအတွက် အရေးတကြီးလိုအပ်နေတဲ့ ဆေးဝါးတွေကူညီပေးဖို့ ဆေးဝါးလိုအပ်နေသူများကိုယ်စား အာရက္ခပြည်သူ့ ကျန်းမာရေးဌာနက အရေးပေါ် အနေနဲ့ အကူအညီတောင်းခံလိုက်တာဖြစ်ပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ ရခိုင်ဒေသကပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေရာမှာ သူတို့မှာ ရှိတဲ့ ဆေးဝါးတွေနဲ့ လူမျိုးမရွေး ဘာသာမရွေး ကုသပေးနေတယ်လို့ သိရပါတယ်။
========================
📌📌 ၃။ ဖားကန့် တပ်မကုန်းကာကွယ်ဖို့ စစ်ကောင်စီက ဘုန်းကြီးကျောင်းနဲ့ ကျောက်စိမ်းလုပ်ကွက်တွေမှာ အင်အားဖြည့်
ဩဂုတ်လ(၁၇)
ကချင်ပြည်နယ် ဖားကန့်မြို့မှာရှိတဲ့ တပ်မကုန်းကို ကာကွယ်ဖို့ စစ်ကောင်စီဘက်က မြို့တွင်းမှာ စစ်ရေးလှုပ်ရှားမှုတွေ လုပ်လာပြီး စစ်အင်အားဖြည့်တင်းနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်-KIA သတင်းပြန်ကြားရေးဌာနမှာ ဖော်ပြ ထားပါတယ်။
ဖားကန့်မြို့မှာရှိတဲ့ စစ်ကောင်စီစခန်းတွေအတွက်အရေးပါတဲ့ လမောင်ကုန်းနဲ့ တောမော် စစ်ကောင်စီတပ်စခန်းတွေကို KIA တပ်မဟာ-၉ နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဩဂုတ် ၁၅ရက်မှာ သိမ်းပိုက်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီက မြို့တွင်းမှာ စစ်ရေးလှုပ်ရှား လာတာလို့ ဆိုပါတယ်။
ဖားကန့်မြို့တွင်းမှာရှိတဲ့ စစ်တပ်ဟာ မနမှော်ကျေးရွာမှာရှိတဲ့ ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်တွေမှာ နေရာယူထားပြီး စစ်အင်အားဖြည့်တင်းနေသလို ဘုန်းကြီးကျောင်းအချို့မှာလည်း နေရာယူတပ်စွဲထားတယ်လို့ သိရပါတယ်။
မြို့တွင်းမှာ စစ်ကောင်စီဘက်က လှုပ်ရှားလာတာဟာ ဖားကန့် တပ်မကုန်းကို ကာကွယ်တဲ့သဘောဖြစ်နိုင်တယ်လို့ KIA သတင်းပြန်ကြားရေးဌာနက အသိပေးထားပါတယ်။
အခုလို စစ်ကောင်စီဘက်က စစ်အင်အားဖြည့်တင်းလာတဲ့အတွက် ဒေသခံပြည်သူတွေဟာ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်ပြီး လုံခြုံရာနေရာတွေဘက် ထွက်ပြေးတိမ်းရှောင်မှုတွေရှိလာတယ်လို့ ဒေသခံတွေကလည်း ပြောပါတယ်။
KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့ လမောင်ကုန်းနဲ့တောမော်စခန်းတွေဟာ ဖားကန့်မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေလုံခြုံရေးအတွက် အရေးပါတဲ့ စခန်းတွေဖြစ်တယ်လို့ သိရပါတယ်။
========================
📌📌 ၄။ စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုများကို ရပ်တန့်စေရန်နှင့် သဘာဝဘေးဒဏ်ကြောင့် လိုအပ်သည့် အကူအညီများ ရရှိစေရန် အတွက် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီမှ သက်ဆိုင်ရာအဖွဲ့အစည်းများကို တောင်းဆို
ဩဂုတ် ၁၇ RadioNUG
စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုများကို ရပ်တန့်စေရန်နှင့် သဘာဝဘေးဒဏ်ကြောင့် လိုအပ်သည့် အကူအညီများ ရရှိစေရန် အတွက် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီမှ ဩဂုတ်လ ၁၇ရက်နေ့တွင် သဘောထားထုတ်ပြန်ချက်ကိုတောင်းဆိုလိုက်တယ်လို့ သိရပါတယ်။
သဘာဝဘေးအန္တရာယ်ဒဏ်ကို ခံစားနေရသည့် ပြည်သူလူထုအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား အကြမ်းဖက်တိုက်ခိုက်နေမှုများအား ပြင်းထန်စွာ ကန့်ကွက် ရှုံ့ချပြီး လုပ်ရပ်များအား ချက်ချင်းရပ်တန့်ရန်၊ အကြမ်းဖက်စစ်ကောင်စီတပ်၏ အကြမ်းဖက်မှု ဒဏ်ကို ခံစားနေရသော စစ်ဘေးရှောင် ပြည်သူလူထုများ၏ လုံခြုံမှုနှင့် စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး စသည်တို့အတွက် လိုအပ်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီမှုများ နိုင်ငံတကာအဖွဲ့အစည်းများမှ ပေးအပ်ရန် တောင်းဆိုထားပါတယ်။
တစ်ဆက်တည်းမှာပဲ ပြည်တွင်းပြည်ပတွင်ရှိသော ကရင်လူမျိုးနှင့်တကွ ပြည်သူလူထုကို ကိုယ်စားပြုသည့် အရပ်ဖက်အဖွဲ့အစည်းများ၊ တော်လှန်ရေးအဖွဲ့အစည်းများနှင့်တကွ နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းများကလည်း အကြမ်းဖက်စစ်ကောင်စီတပ်၏ ပြည်သူကိုပစ်မှတ်ထား အကြမ်းဖက် တိုက်ခိုက်နေမှုများအား ချက်ချင်းရပ်တန့်ပြီး ပိုမိထိရောက်သောအရေးယူ ဆောင်ရွက်မှုများနှင့် ပိတ်ဆို့မှုများ ပြုလုပ်ရန် ၊မူး(မုန်း)မြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီသည် ဒေသခံတိုင်းရင်းသားပြည် သူများ ကြုံတွေ့နေရသည့် အခက်အခဲပေါင်းများစွာကို တစ်ဖက်တစ်လမ်းမှ တတ်နိုင်သည့် အကူအညီများပေးကာ အကြမ်းဖက်ခံရသည့် အဖိနှိပ်ခံပြည်သူများနှင့်အတူ ဆက်လက် ရပ်တည်သွား မည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ထားပါတယ်။
၂၀၂၄ခုနှစ် ဧပြီလမှစ၍ ဩဂုတ်လ(၁၅)ရက်နေ့ အထိ (၅)လအတွင်း အာဏာသိမ်း စစ်ကောင်စီတပ်များမှ လေယာဉ်တိုက်ခိုက်မှု စုစုပေါင်း (၇)ကြိမ် ပြုလုပ်ခဲ့ပြီး ဒရုန်းနှင့် လက်နက်ကြီးများဖြင့် အကြိမ်ပေါင်း များစွာ ပစ်ခတ်တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သည့်အပြင် ကျေးရွာအတွင်းသို့ ဝင်ရောက်ထိုးစစ်ဆင် မီးရှို့မှုများလည်း ပြုလုပ်ခဲ့တယ်လို့ ဆိုထားပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ပြည်သူ (၁၉) ဦး သေဆုံးခဲ့ရပြီး (၅၄) ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည့်အပြင် လူနေအိမ်စုစုပေါင်း(၂၀၆)အိမ် မီးလောင် ပျက်စီးခဲ့ရကာ (၂၀၂၄)ခုနှစ် ဧပြီလမှ ဩဂုတ်လအတွင်းထပ်မံ ထွက်ပြေးတိမ်းရှောင် နေကြရသည် မှာ ကျေးရွာပေါင်း (၁၉) ရွာမှ အိမ်ခြေပေါင်း (၂,၀၄၀)အိမ်ရှိ လူဦးရေ စုစုပေါင်း (၁၀,၇၄၃) ဦး ခန့် ရှိတယ်လို့ သိရပါတယ်။
ရေကြီးကြီးမှုကြောင့် ဒေသခံပြည်သူ (၁) ဦး သေဆုံးခဲ့ရ ပြီး နေအိမ် စုစုပေါင်း (၂၆)လုံး ပျက်စီးဆုံးရှုံးခဲ့ရသည့်ကာ ကျေးရွာပေါင်း (၁၁၈) ရွာမှ အိမ်ခြေ (၁၃,၂၆၀)အိမ်ရှိ လူဦးရေစုစုပေါင်း (၇၂,၄၂၉) ဦးမှာ ရေဘေးဒုက္ခကို ခံစားနေရပြီး လက်ရှိအချိန်တွင် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင် နေကြရကြောင်း ဖော်ပြထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်ခါးရှဲလ်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ကျိန္တလီမြို့မှာ စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲပြီး လက်နက်ကြီးနဲ့ ပစ်တာကြောင့် အရပ်သား ၁၁ ဦးသေဆုံး
ဩဂုတ်လ(၁၇)
ရခိုင်ပြည် ဂွမြို့နယ်ထဲမှာပါတဲ့ ကျန္တလီမြို့နယ်ခွဲမှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး လေယာဉ်နဲ့ ဗုံးတွေ ဆက်တိုက်ကြဲချခဲ့တာကြောင့် တရက်တည်းမှာပဲ အရပ်သား ၁၁ ဦးသေဆုံးပြီး ၁၁ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။
မနေ့ ဩဂုတ်လ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန်မှာ စစ်တပ်ကပစ်တဲ့ လက်နက်ကြီးကျည်တွေနဲ့ဗုံးတွေ ကျိန္တလီမြို့ အမှတ်-၂ ရပ်ကွက်က ခရစ်ယာန်ဘာသာရေးကျောင်းပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံး ခဲ့ရတာလို့ Western News မှာ ဖော်ပြထားပါတယ်။
သေဆုံးသွားသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေး ၂ဦးပါဝင်ပြီး အသက် ၆၀ ကျော်လူကြီး ၄ဦးပါဝင်တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီဘက်ကကြဲချတဲ့ဗုံးသီးတွေ ကျိန္တလီမြို့က ပြည်သူ့ဆေးရုံပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဆေးရုံတခုလုံး ပျက်စီးသွားတယ်လို့လည်း ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
ကျိန္တလီမြို့ကို ရခိုင့်တပ်တပ်တော် AA က ထိန်းချုပ်ထားပြီဖြစ်ကြောင်းနဲ့ ကျိန္တလီမြို့က စစ်ကောင်စီဖွဲ့ဝင်တွေ ဂွမြိုအနီးက ကုလားပြင်တံတားထိပ်ကို ဆုတ်ခွာသွားကြောင်း ဒေသခံတွေက ပြောဆိုပြီးနောက်ပိုင်းမှာ စစ်တပ်ဘက်က လက်နက်ကြီး အပါအဝင် လေကြောင်းကနေ တိုက်ခိုက်လာတာပဲဖြစ်ပါတယ်။
ကုလားပြင်တံတားထိပ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ခံစစ်ပြင်ထားပြီး ကျိန္တလီမြို့ထဲကို လက်နက်ကြီးတွေနဲ့ နေ့စဉ်နီးပါး ပစ်ခတ်နေသလို လေယာဉ်နဲ့လည်း နေ့စဉ် ဗုံးလာကြဲနေတာလို့ စစ်ရေးသတင်းရင်းမြစ်တွေကလည်း ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ရခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲတွေပြင်းထန်လာတာကြောင့် ကျိန္တလီမြို့က ဒေသခံပြည်သူအများစု စစ်ရှောင်နေကြရသလို ဂွမြို့က ဒေသခံပြည်သူတွေလည်း ဧရာဝတီတိုင်းဘက်ကို စစ်ရှောင်သွားကြပြီလို့ သိရပါတယ်။
========================
🚩🚩 ၂။ ကျောက်မဲမြို့နယ်မှာ တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်
ဩဂုတ်လ(၁၇)
တအာင်းတပ်မတော်-TNLA သိမ်းပိုက်ထားတဲ့ ရှမ်းမြောက်ဒေသ ကျောက်မဲမြို့နယ်က ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းဆောင်ပျက်စီးပြီး ကိုရင်တပါးဒဏ်ရာသွားတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
ကျောက်မဲမြိုနယ် ဟူးကွက်ကျေးရွာမှာ တိုက်ပွဲဖြစ်တာမရှိဘဲ ဩဂုတ် ၁၆ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ဟူးကွက်ကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်းမှာရှိတဲ့ ဆွမ်းစားကျောင်းဆောင်နဲ့ ဇရပ် ၂ ဆောင် ထိမှန်ပျက်စီးသွားတယ်လို့ TNLA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ TNLA ဘက်က သိမ်းပိုက်ထားပြီးဖြစ်တဲ့ နမ့်ဆန်မြို့ကိုလည်း တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်း ကနေ တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၃။ သီပေါနဲ့မိုးမိတ်မှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်
ဩဂုတ်လ(၁၇)
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါနဲ့ မိုးမိတ်မြို့တွေမှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ တအာင်းတပ်မတော်- TNLA က ပြောပါတယ်။
ဩဂုတ်လ ၁၆ ရက်နေ့က သီပေါမြို့မှာရှိတဲ့ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ ၂၃ တပ်စခန်း တိုက်ပွဲတွေဆက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ Jet Fighter နဲ့ ၂ ကြိမ်၊ Y-12 ထောက်ပို့လေယာဉ်နဲ့ ၁၆ ကြိမ်လာရောက်ပြီး ဗုံး ၁၆၃ လုံးကြဲချ ကာ အရပ်သားပြည်သူတွေကို ဦးတည်ပြီး ဗုံးကြဲတိုက်ခိုက်နေတယ်လို့ အသိပေးပါတယ်။
သီပေါမြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ TNLA အနေနဲ့ လက်ရှိမှာ မြို့ကို စိုးမိုးထိန်းချုပ်ထားနိုင်တဲ့ အခြေအနေရှိလာနေပြီး ခလရ- ၂၃ ၊ ခမရ-၅၀၃ နဲ့ ၅၀၄ တပ်ရင်းတို့သာ သိမ်းပိုက်ဖို့ ကျန်တော့တယ်လို့ တအာင်းတပ်မတော်- TNLA ပြောရေး ဆိုခွင့်ရှိသူ လွေးယေဦးက ပြောထားပါတယ်။
TNLA အနေနဲ့ မဟာမိတ်တပ်တွေနဲ့ပူးပေါင်းဖော်ဆောင်နေတဲ့ စစ်ဆင်ရေးမှာ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲ စတဲ့ မြို့တွေကို သိမ်းပိုက်ထားပြီး သီပေါမြို့ကို သိမ်းပိုက်နိုင်ဖို့ ဆက်လက်ထိုးစစ်ဆင်နေတာပဲဖြစ်ပါတယ်။
အလားတူ မိုးမိတ်မြို့နယ် ကင်းချောင်းရွာအနီးမှာလည်း TNLA နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်တာမရှိတဲ့ ကျောက်မဲမြို့နယ် ဟူးကွက်ရွာဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် လာရောက်တိုက်ခိုက်ခဲ့သလို နမ့်ဆန်မြို့ကိုလည်း ဒုတိယအကြိမ်မြောက်အဖြစ် ဂျက်ဖိုက်တာနဲ့ တကြိမ် တိုက်ခိုက်ခဲ့တဲ့ အပြင် သြဂုတ်လ ၁၆ ရက်နေ့ပဲ နောင်ချိုမြို့နယ်ထဲက တောင်ခမ်းရွာအနီးတဝိုက်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် Y-12 နဲ့ ၅ ကြိမ်လာရောက်ပြီး ဗုံး ၆၇ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ ရိုးမတောင်ခြေကရွာတွေကို မီးရှို့ပြီးပြန်လာတဲ့စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်
ဩဂုတ်လ(၁၇)
ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်အပိုင် ရိုးမတောင်ခြေကရွာတွေကို မီးရှို့ဖျက်ဆီးပြီးပြန်လာတဲ့ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF ၃၆၀၁ တပ်ရင်းက ပြောပါတယ်။
အင်အား ၅ဝ ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ပေါက်ခေါင်းမြို့နယ် ဂွေးတောက်ရွာအနီးမှာ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PPDF ၃၆၀၁ တပ်ရင်း တပ်ခွဲ ၁ ကရဲဘော်တွေက ဩဂုတ်လ ၁၅ ရက်နေ့ မနက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
၃ ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၃ ဦး ပြင်းထန်ဒဏ်ရာရသွားပြီး သေဆုံးမှုရှိမရှိ ဆက်လက် စုံစမ်းနေတယ်လို့လည်း အသိပေးထားပါတယ်။
မိုင်းဆွဲခံလိုက်ရတဲ့ ဒီအကြမ်းဖက်စစ်ကြောင်းဟာ ဒဏ်ရာရစစ်သားတွေကို ပုခက် ၃ ဆိုင်းနဲ့ထမ်းပြီး လက်ကြီးကျေးရွာ ဘက် ပြန်လည်ဆုတ်ခွာသွားတယ်လို့လည်း သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရချိန်မှာ အကြမ်းဖက်စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ် တိုက်ခိုက်တာတွေရှိခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးဘူးလို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF ၃၆၀၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၅။ ပေါက်ခေါင်းမြို့နယ်မှာ တပ်သားသစ်စုဆောင်းနေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး တင့်လွင့် ပစ်ခတ်ခံရပြီးသေဆုံး
ဩဂုတ်လ(၁၇)
ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ်မှာ စစ်ကောင်စီတပ်အတွက် တပ်သားသစ်စုဆောင်းနေသော သစ်ရောင်းပြန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တင့်လွင် ပစ်ခတ်ခံရပြီးသေဆုံးသွားတယ်လို့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း သတင်းနှင့်ပြန်ကြားတာဝန်ခံက ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်မှာ စစ်မှုထမ်းစေဖို့ တပ်သားသစ်စုဆောင်းရာမှာ တက်ကြွစွာပါဝင်ဆောင်ရွက်ပေးနေတဲ့ သစ်ရောင်းပြန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တင့်လွင်ကို ဩဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်အချိန်က ၎င်းနေထိုင်ရာ အိုင်စောက်ကျေးရွာမှာပဲ တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့တတာလို့ သိရပါတယ်။
ခုလိုပစ်ခတ်ရှင်းလင်းရာမှာ အုပ်ချုပ်ရေးမှူးရဲ့ ဦးခေါင်းနဲ့ရင်ဘတ်မှာ ကျည်ထိမှန်ပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့ တယ်လို့ ဆိုပါတယ်။
ဒီ အုပ်ချုပ်ရေးမှူးတင့်လွင်ဟာ အကြမ်းဖက်စစ်ကောင်စီအတွက် တပ်သားသစ်တွေ အတင်းအဓ္မစုဆောင်ပေးတာ စစ်မှုထမ်း များအတွက်ဆိုပြီး ဒေသခံပြည်သူတွေဆီကနေ အတင်းအကျပ်ငွေကြေး ကောက်ခံတာတွေလုပ်ဆောင်နေတာကြောင့် ပစ်ခတ်ရှင်းလင်းရတာဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။။
ပြည်ခရိုင်အတွင်းမှာရှိတဲ့ ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေအနေနဲ့ သစ်ရောင်းပြန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးလို အရေးယူခံရခြင်းမရှိစေဖို့ အချိန်မီ ရာထူးကနေ တရားဝင်နုတ်ထွက်ကြဖို့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း သတိပေးထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၆။ နွားထိုးကြီးမှာ စစ်တပ်ကပစ်တဲ့ လက်နက်ကြီးကြောင့် ရှေးဟောင်းစေတီ ၂ ဆူ ပျက်စီး
ဩဂုတ်လ(၁၇)
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ကပစ်တဲ့ လက်နက်ကြီးကျည်ကြောင့် တစိုးရွာက ရှေးဟောင်း စေတီ ၂ ဆူ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
မြင်းခြံမြို့မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ် တပ်မ ၉၉ လက်အောက်ခံ ခမရ ၁၅ တပ်ရင်းက သူစိုးကျေးရွာ (ခ) တစိုး ကျေးရွာကို မနေ့ ဩဂုတ်လ ၁၅ ရက်နေ့ ည ၈ နာရီခန့်အချိန်မှာ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ရှေးဟောင်းစေတီ တဆူ ဖြစ်တဲ့ လှိုင်ရှည် စေတီတော်နဲ့ စေတီငယ်အချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။
လှိုင်ရှည် စေတီတော်ဟာ အင်းဝမိဖုရားကြီး တည်ထားကိုးကွယ်ခဲ့တဲ့ ရှေးဟောင်းသမိုင်းဝင် စေတီတဆူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြင်းခြံမြို့မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်တာမရှိဘဲ လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ပစ်ခတ်နေတာ လို့လည်း ဆိုပါတယ်။
ဩဂုတ်လ ၁၄ ရက်နေ့ကလည်း ခမရ ၁၅ တပ်ရင်းက ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် လက်ဝဲမြင်းနီရွာက ရွှေပွင့်စင်ဘုရား ဝင်းထမြှာရှိတဲ့ စေတီငယ်တဆူ လက်နက်ကြီးကျည် ၂ လုံးထိမှန် ပျက်စီးခဲ့ရတဲ့အပြင် အနီးမှာရှိတဲ့အိမ်တွေ ပျက်စီးသွားပေ မယ့် ဒေသခံပြည်သူတွေတော့ ထိခိုက်မှုရှိခဲ့ဘူးလို့ သိရပါတယ်။
ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက မြင်းခြံခရိုင် အထူးစစ်ဆင်ရေး MDSO ကို သြဂုတ် ၁၀ ရက်နေကစတင်ခဲ့ပြီး နောက်ပိုင်း နွားထိုးကြီးနဲ့ တောင်သာမြို့နယ်ဘက်ကို ခမရ ၁၅ တပ်က နေ့စဉ်နီးပါး လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ပစ်ခတ်နေတာပဲဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်နှင့်ခါးရှဲလ်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment