ရေဘေးသင့် သပြေပင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက ထိရောက်တဲ့အကူအညီမပေးနိုင်



ရေဘေးသင့် သပြေပင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက ထိရောက်တဲ့အကူအညီမပေးနိုင်
ကိုမြင့်သူ (Radio NUG) စက်တင်ဘာ ၁၉၊ ၂၀၂၄

အကြမ်းဖက်စစ်တပ်က ဆင့်ပါးစပ် နှမ်းပက်ခဲ့တဲ့ သပြေပင်ကျေးရွာမှာ ထိရောက်တဲ့ အကူအညီမရရှိဘူးလို့ ဒေသခံများပြောပါတယ်။

လူရာနဲ့ချီ သေဆုံးခဲ့သလို ကျပ်ဘီလီယံနဲ့ချီ ဆုံးရှုံးခဲ့တဲ့ မိုးထိမိုးမိ ရွှေလုပ်ကွက်အတွင်းက ဘတ်ဖိုးတောင်ကို အခြေပြုပြီး ရွှေရှာဖွေတဲ့လုပ်ငန်းနဲ့ အသက်မွေးကြတဲ့ သပြေပင်ရွာကို အကြမ်းဖက်စစ်တပ်က ခေါက်ဆွဲခြောက် လေးဖာနဲ့ ကွမ်းရွက်တစ်ပိသာ ထောက်ပံ့ထားပြီး ထိရောက်တဲ့အကူအညီတွေ ရောက်မလာဘူးလို့ ဒေသခံတွေက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“လက်ရှိတော့ ထိရောက်တဲ့ အကူအညီက မလာဘူးလေ။ ယမ်ယမ် လေးဖာနဲ့ ကွမ်းတစ်ပိဿာ လာတယ်။ နယ်မြေစခန်းမှူးတွေ လာထိုင်တာတော့ တွေ့တယ်။ ဒါပေမဲ့ ဒါက ထိုင်ရုံပဲ ထိုင်တာလေနော်။ လက်ရှိဆို ဘယ်လောက်ထိ ဆိုးရွားလဲဆိုရင် ဘေးရွာတွေက လာပြီးတော့ ပြိုုပျက်နေတဲ့ အိမ်တွေက သွပ်တွေ ခွာတာရှိတယ်၊ ပြိုပျက်နေတဲ့ အိမ်တွေက ပစ္စည်းတွေ ယူတာ ရှိတယ်။ ကျွန်တော်တို့တွေမှာ ပစ္စည်းတွေ မျောလို့မှ ရင်ကွဲပက်လက် ဖြစ်နေတဲ့ အခြေအနေမှာ ကားတွေ ဘီးတွေ ဖြုတ်တယ်။ တန်းတွေ ဖြုတ်တယ်။ သယ်ပိုးပြီး ရမည်းသင်းမြို့မှာ ရောင်းစားနေကြတယ်။ လုပ်ရက်ကြတယ် ”

သပြေပင်ကျေးရွာက လဲဖြူချောင်းအနီးက ကြီးမားတဲ့ သပြေပင်ကြီးကို အမှီပြုပြီး တည်ခဲ့တဲ့ရွာမို့ သပြေပင်ရွာရယ်လို့ အမည်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီရွာက လွန်ခဲ့တဲ့နှစ်ဆယ့်နှစ်နှစ်က မိုးထိမိုးမိ ရွှေလုပ်ကွက် စတင်ချိန်မှာ ရွှေတူးဖော်ရေးလုပ်ငန်းတွေ စခန်းချရာ နေရာဖြစ်ပြီး အဲဒီကမှ ပြည်ထဲရေး အမည်ပေါက် ရွာကြီးတစ်ရွာ ဖြစ်လာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ညက ရွှေတူးဖော်ရာ ဘတ်ဖိုးတောင်အပြင် ဘုရားကုန်းတောင်၊ ဆူးပုတ်ကုန်း၊ သေနတ်တောင် စတဲ့ မိုးထိမိုးမိ ရွှေလုပ်ကွက် တောင်ကြောတစ်ခုလုံးက တောင်တွေ ပြိုကျပြီး မြေစာတွေ ချောင်းရေထဲ စီးဆင်းလာတဲ့အတွက် အရှိန်ဟုန်ပြင်းတဲ့ ရေလှိုင်းလုံးကြီးတွေ ဖြစ်လာပြီး ချောင်းကမ်းဘေးမှာ တည်ဆောက်ထားတဲ့ လူနေတိုက်တာတွေကို တိုက်စားသွားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ရေစီးနဲ့အတူ မျောပါလာတဲ့ တောင်မြေတွေကြောင့် ချောင်းကမ်းတလျှောက် ၁၅ ပေ အထိ မြင့်တက်သွားသလို လူနေအိမ်တွေကလည်း တက်လာတဲ့ နုန်းမြေအောက် ရောက်ရှိသွားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ချောင်းကမ်းဘေးက ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်သူ မိသားစုတွေရဲ့ ရွှေချိန် သုံးပိဿာလောက် အပါအဝင် မော်တော်ယာဥ်အစီး ၂၀ ခန့်၊ ရွှေလုပ်ငန်းသုံးပစ္စည်းတွေ ရောင်းဝယ်တဲ့ ကုန်မာဆိုင်၊ ဆီပန့်ဆိုင်၊ စားစရာနဲ့ လူသုံးကုန်ဈေးဆိုင်ပေါင်း ၅၀ နီးပါးလည်း ပျက်စီးခဲ့ရတာ ဖြစ်ပါတယ်။

သဘာဝဘေးဒဏ် ခံစားရတဲ့ မိသားစုဝင်တွေဟာ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ မှီခိုနေကြရပြီး လတ်တလောမှာ တကိုယ်ရည်သန့်ရှင်းဖို့အတွက် သုံးရေအခက်အခဲနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ ဒီအခြေအနေကို ဒေသခံရွာသားတစ်ဦးက အခုလို ပြောပါတယ်။

“သုံးရေကတော့ လောလောဆယ် မိုးရေခံပြီးတော့ပဲ ကျွန်တော်တို့က သုံးရတာ။ ရေချိုးလို့ မရဘူး။ ခုလို စမ်းချောင်းလေးတွေမှာ နည်းနည်းကြည်တဲ့နေရာမှာ သွားပြီးတော့ လျှော်ဖွပ်ရတယ်။ ချိုးရတယ်။ သောက်ရေကတော့ လာလှူတဲ့ရေပဲ လောလောဆယ် ရှိတာပေါ့။ ခါတိုင်းတော့ မြို့က ရေသန့်တွေ ဘာတွေ လာတယ်။ အခုက လမ်းပန်းဆက်သွယ်ရေးမကောင်းတော့ ရေသန့်တွေ ဘာတွေ မရောက်တော့ လာလှူတဲ့ရေပဲ သောက်ရတယ်။ ထမင်းချက်ရေကတော့ မိုးရေကို ခံသုံးတယ်။ တောင်ကျရေကတော့ ပိုက်တွေ မရှိတော့ဘူးပေါ့။ အကုန်လုံး မျောကုန်ပြီ။ ပိုက်တွေကလည်း ပေ လေး ငါး ခြောက်ရာ မကဘူးလေ။ အကုန်လုံးက မျောကုန်တော့ မိုးရေပဲ သုံးနေရတယ်”

လတ်တလောမှာ အကြမ်းဖက်စစ်တပ်ရဲ့ ခေါက်ဆွဲခြောက် လေးဖာနဲ့ ကွမ်းတစ်ပိဿာက သဘာဝဘေးဒဏ် ခံစားနေရတဲ့ ထောင်နဲ့ချီရှိတဲ့လူဦးရေအတွက် မပြောပလောက်ပဲ ပြည်သူအချင်းချင်း ထောက်ပံ့ပေးတဲ့ အကူအညီတွေကိုပဲ မှီခိုနေကြရတာ ဖြစ်ပါတယ်။ သဘာဝဘေးဒဏ် ကျရောက်နေတဲ့ မိုးထိမိုးမိဒေသအတွက် ရန်ကုန်မြို့ကနေ လာရောက်ကူညီသူတစ်ဦးကတော့ အခုလို ပြောပါတယ်။

“အများကြီးပဲ ပါလာတာတော့။ ကိုယ်ကိုယ်တိုင် ဝယ်ခြမ်းပြီး ကိုယ်ကိုယ်တိုင် ကြော်လှော်တာတော့။ အဝတ်အစားတွေရော။ မုန့်ခြောက်တွေရော၊ ငံပြာရည်ကြော်။ ငါးပိထောင်းဘူး။ အများကြီးပဲ။ ခေါက်ဆွဲခြောက်။ ကားသုံးစီးအပြည့်ပဲ။ သူတို့ ဖြစ်သလိုမျိုး ကိုယ်တွေလည်း ခံစားရပါတယ်။ ဒါ့ကြောင့်လည်း အခက်အခဲတွေ ကြားထဲက လာရောက် လှူဒါန်းတာပါ။ လာရတယ်ဆိုတာလည်း မလွယ်ပါဘူး။ ရင်နဲ့အမျှလည်း ခံစားရပါတယ်။ ဝမ်းနည်းကြေကွဲရပါတယ်။ ကြည့်ပြီးတော့လည်း စိတ်မချမ်းသာပါဘူး။ ဒါကြောင့် အခက်အခဲတွေကြားထဲက အပင်ပန်းခံပြီးတော့ လာရောက်လှူတန်းတာပါ”

တောင်ပြို ရေကြီးပြီး သဘာဝဘေးဒဏ် ခံစားရတဲ့ဒေသတွေမှာ အဝတ်တစ်ထည် ကိုယ်တစ်ခုသာ ကျန်ခဲ့ကြရတာ ဖြစ်ပါတယ။ ရွှေတူးဖော်ရာဒေသမှာ အနယ်နယ် အရပ်ရပ်က လာရောက်မှီခိုသူတွေများပြီး ဒီလို သဘာဝဘေးကျရောက်နေပေမယ့် မိမိတို့ဒေသကို ပြန်လည်အခြေချဖို့မှာလည်း အခက်အခဲတွေရှိနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒေသခံတွေ ဆက်လက်ရပ်တည်နိုင်ဖို့အတွက် ထိရောက်တဲ့ အကူအညီတွေ လိုအပ်နေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြတာ ဖြစ်ပါတယ်။

“ ရေရှည် အဆင်ပြေဖို့ဆိုရင် ကျွန်တော်တို့က ရိက္ခာထောက်ပံ့ရုံနဲ့တင် မရတော့ဘူး။ သူ့ဟာသူ တာဝန်ရှိတဲ့သူ ဖြစ်ဖြစ်၊ ပြည်သူပဲဖြစ်ဖြစ် အားလုံးက နေရေးထိုင်ရေးကအထိ ဒီအချိန်မှာ နားပူနားဆာကပ်တာ မဟုတ်ပေမယ့် ကျွန််တော်တို့မှာ ပြောစရာ ဒီစကားလုံးပဲ ရှိတော့တယ်။ ပစ္စည်းလွတ်လို့ ကိုယ့်ပစ္စည်းနဲ့ကိုယ် ပြန်ဆောက်ရရင် တစ်မျိုးပေါ့။ ဒီဘက်မှာ မလွတ်တဲ့လူတွေက အများကြီး။ ကျွန်တော်တို့ဆိုရင် တစ်ထောင်ငွေ တစ်ရွက်တောင် မပါဘူး”

အဲဒီသဘာဝဘေးဒဏ်ကြောင့် လူသေဆုံးမှုတွေလည်း ရှိခဲ့ပြီး သပြေပင်ကျေးရွာ အပါအဝင် ဘုရားကုန်း၊ ကင်းရွာ၊ အင်တိုင်း၊ ချောင်းဖျား၊ ဝါးဖြူတောင် စတဲ့ကျေးရွာတွေမှာလည်း ချောင်းရေကြောင့် ထိခိုက်ပျက်စီးတာ ရှိသလို တောင်ပေါ်က ရွှေတူးဖော်ရာ တွင်းတွေထဲမှာလည်း တောင်ပြိုပိတ်မိပြီး ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။ သေဆုံးသူအရေတွက်နဲ့ပတ်သက်ပြီး အကြမ်းဖက်စစ်တပ်က မှန်မှန်ကန်ကန် ထုတ်ပြန်နိုင်တာ မရှိသလို တသက်တာမှာ မကြုံဖူးတဲ့ သဘာဝဘေးဒဏ် ဒေသခံတွေမှာလည်း အလောင်းတွေကို ထိထိရောက်ရောက် ရှာဖွေမှတ်တမ်းတင်ဖို့ကိုလည်း လုပ်ဆောင်နိုင်တာ မတွေ့ရပါဘူး။

ရေစီးနဲ့မျောပါသွားတဲ့ အလောင်းတွေက အနိမ့်ပိုင်းဖြစ်တဲ့ စံပြ ပျဥ်ပြားလိုကျေးရွာတွေမှာ တင်နေတတ်ပြီး တွေ့တဲ့ ရွာသားတွေက မည်သူမည်ဝါ ခွဲခြားမနေတော့ဘဲ အလောင်း တွေ့ရာနေရာအနီးမှာပဲ မြှုပ်နှံလိုက်ကြတာ ဖြစ်ပါတယ်။ ရမည်းသင်းမြို့အနီးက ရွှေတောက ထွက်လာတဲ့ ချောင်းတွေပေါင်းစုံရာ ကြေးနီကန်မှာလည်း အလောင်းတွေ လာပေါ်တတ်သလို အဲဒီမှာပေါ်တဲ့အလောင်းတွေကို လောက်ပဲ ရင်ခွဲရုံကို ပို့ဆောင် စာရင်းတင်ကြတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သပြေပင်ကျေးရွာ လူသေဆုံးမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီ လက်အောက်ခံ ရမည်းသင်းအုပ်ချုပ်ရေးမှူးက လူတစ်ရာ သေဆုံးတယ်လို့ ထုတ်ပြန်ထားပြီး မိုးထိမိုးမိ ရွှေလုပ်ကွက် ဇုန် ၄ ခုစလုံးမှာတော့ လူဦးရေထောင်နဲ့ချီ သေဆုံးနိုင်ဖွယ်ရှိတယ်လို့ ဒေသခံတွေက ခန့်မှန်းထားကြပါတယ်။

ရမည်းသင်း မိုးထိမိုးမိ ရွှေလုပ်ကွက်က မြန်မာနိုင်ငံရဲ့ ရွှေအများဆုံး ထွက်ရှိရာဒေသ ဖြစ်ပြီး အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်က ပြီးခဲ့တဲ့ ၂၀၀၂ ခုနှစ်ကစပြီး ဦးဆောင်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။

NLD အစိုးရလက်ထက်မှာတော့ ရွှေခွန်မဆောင်နိုင်တဲ့အတွက် အစိုးရက တရားစွဲဆိုရာကနေ လူသိများလာတဲ့ ရွှေလုပ်ကွက်တစ်ခုပဲ ဖြစ်ပါတယ်။

သပြေပင်ကျေးရွာမှာ တောင်ပြိုပြီးနောက် မြေကြီးဖုံးလွှမ်းသွားသော နေအိမ်တစ်လုံးအား အိမ်ပိုင်ရှင်ဖြစ်သူမှ လာရောက်ကြည့်ရှုနေစဥ်....
Share:

No comments:

Post a Comment