အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးဒဏ်အပြင် တောင်ပြိုမှုကြောင့် လူသေဆုံးခဲ့ပြီး ပင်လျံကျေးရွာသားများ မကြုံစဖူး စိတ်ထိခိုက်ခံစားရလာ



အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးဒဏ်အပြင် တောင်ပြိုမှုကြောင့် လူသေဆုံးခဲ့ပြီး ပင်လျံကျေးရွာသားများ မကြုံစဖူး စိတ်ထိခိုက်ခံစားရလာ

Radio NUG အောက်တိုဘာ ၁၇၊ ၂၀၂၄


ပြီးခဲ့တဲ့ မတ်လအတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ပူးပေါင်းမဟာမိတ်တပ်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပင်လျံဘုန်းတော်ကြီးကျောင်းနဲ့ ကျေးရွာတစ်ခုလုံး မီးလောင် ပျက်စီးခဲ့ရပြီး စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ တောင်ပြို ရေကြီးမှုတွေကြောင့် အဓိကအသက်မွေးလုပ်ငန်းဖြစ်တဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ ပါပျက်စီးခဲ့ရပါတယ်။ မိုးမပြတ်သေးတဲ့ တောင်ပေါ်ဒေသမှာ မိုးကြီးရွာတိုင်း မြေပြိုမှာကို ဒေသခံတွေစိုး ရိမ်နေကြပြီး အသစ်ဆောက်ထားတဲ့ အိမ်တွေမှာ သီးခြားမနေရဲဘဲ ဘုန်းကြီး ကျောင်းဝင်းထဲမှာ အုပ်စုဖွဲ့ နေထိုင်လာကြရပါတယ်။ ဒီအခြေနေကို အဆိုပါဒေသခံအမျိုးသမီးတစ်ဦးက အခုလို ပြောပါတယ်။

“စစ်ဘေးဒဏ်လည်း၊ မီးလောင်တဲ့ထဲလည်း အိမ်ပါသွားတယ်။ နေတာ နှစ်လ မကြာသေးဘူး။ မီးစင်တာလည်း နှစ်ရက်ပဲ ထွန်းရသေးတယ်။ မြေပြိုတဲ့အထဲ ပါသွားတယ်။ စိတ်ကို မကောင်းဘူးလို့။ စစ်ဘေး လည်း တစ်လကျော်ကျော်လောက် ထွက်ပြေးရတယ်။ မနေရဲဘူး။ ဒီရွာထဲမှာ”

ရှမ်းပြည်နယ် ဒေသခံအများစုက အလုပ်ကြိုးစားကြပြီး ဘာသာရေးယုံကြည်ချက် ခိုင်မာကြသလို မြို့နယ်တိုင်းရှိ တောင်ပေါ်၊ တောင်အောက်ကျေးရွာ အားလုံးနီးပါးမှာ ကြီးမားခမ်းနားလှတဲ့ ဘုန်းတော်ကြီးကျောင်းတွေကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ သင်္ကြန်အခါအနီး အလုပ်တွေ အကုန်ရပ်နားပြီး ဘုန်းကြီး ကျောင်းတက်ကြတဲ့ အလေ့အထက ယခုထက်တိုင် အစဥ်အလာမပျက်တဲ့ ပွဲတော်တစ်ခုအနေနဲ့ ရှိခဲ့ကြပါတယ်။ အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ပွဲတွေကြား ဘုန်းတော်ကြီးကျောင်း ပျက်စီးသွားလို့ စိတ်ထိခိုက်ခံစားရပုံကို ကျေးရွာသားတစ်ဦးက အခုလို ပြောပါတယ်။

“ပြောချင်တာပေါ့ဗျာ၊ စိတ်ခံစားချက်၊ ဒီရပ်ရွာ ကိုယ့်ရဲ့ တန်ဖိုးထားတဲ့ ဘာသာတရား၊ ကိုယ့်ရဲ့ ကိုင်းရှိုင်းတဲ့တရား၊ ကျွန်တော်တို့ ပအိုးဝ်တမျိုးသားလုံးက ကျောင်းသာမရှိရင် ဘာသာမဲ့လို ခံစားရတယ်။ အခု ဘုန်းကြီးကျောင်းလည်း မီးရှို့ခံရတော့၊ မီးရှို့ခံရတော့ ဘာသာမဲ့ တအားကျကုန်တာပေါ့ဗျာ။ လူတိုင်းက ဘုန်းကြီးကျောင်းကြည့်ပြီးတော့ မျက်ရည်ကျရတယ်ဗျ”

လတ်တလောမှာ စစ်ဘေးအပြင် မြေပြို ရေကြီးတဲ့ဘေးကလည်း ထပ်မံဖြစ်ပွားနိုင်တဲ့အတွက် မြေဆီလွှာ မပျက်စီးအောင်နဲ့ တောင်ပြိုတဲ့ဒဏ်ကို ကြိုတင်ကာကွယ်ဖို့ ဝါးပင်တွေနဲ့ သစ်ပင်တွေကို အစားထိုးပြန်လည်စိုက်ပျိုးဖို့ လိုအပ်တယ်လို့ အဆိုပါ ဒေသခံက ဖြည့်စွက်ပြောပြီး ဝါးနဲ့ သစ်ပင်တွေက အခြားအိမ်တွေ ပျက်စီးဆုံးရှုံးမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ခဲ့တယ်လို့ အဆိုပါ ကျေးရွာသားက ဖြည့်စွက်ပြောပါတယ်။

ပင်လျံကျေးရွာမှာ မြေပြိုမှုကြောင့် နေအိမ်နှစ်လုံး ထိခိုက်ပျက်စီးခဲ့ပြီး လူတစ်ဦးလည်း သေဆုံးခဲ့ပါတယ်။ ရှမ်းပြည်နယ်ဟာ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း သစ်တောအများဆုံး ပျက်စီး ပြုန်းတီးတဲ့ဒေသ ဖြစ်တယ်လို့ ပတ်ဝန်းကျင်ပျက်စီးမှုနဲ့ သစ်တောပြုန်းတီးတာတွေကို စောင့်ကြည့်လေ့လာနေတဲ့ ကမ္ဘာ့သစ်တောစောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဲဒီထဲမှာ အပြာရင့်ရောင်နဲ့ပြထားတဲ့ တောင်ကြီးမြို့နယ်နဲ့ ကပ်လျက် ပန်းရောင်နဲ့ပြထားတဲ့ ဟိုပုံးမြို့နယ်ဟာ တောင်ကြီးခရိုင်ထဲ မှာပါဝင်ပြီး အဲဒီခရိုင်ဟာ အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း သစ်တောဧရိယာ ဧက ၃၀၀ နီးပါး ပျောက်ကွယ်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဟိုပုံးဒေသခံတစ်ဦးကလည်း အခုလို တောင်ပြိုမှုတွေကို ကာကွယ်ဖို့ သစ်တောတွေ ပြန်လည်တည်ထောင်ရမယ်လို့ အတွေ့အကြုံအရ ဆိုပါတယ်။

“ကျွန်တော်တို့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ လိုတယ်။ ဝါးတွေ၊ ကျွန်တော်တို့နေတဲ့ ဒီဒေသက ပတ်ပတ်လည်က တောင်တွေပဲ။ သဘာဝပတ်ဝန်းကျင်ကို ကြိုမမြင်တဲ့ဟာ ဖြစ်နေတယ်။ ကျွန်တော်တို့ တောင်ကမ်းပါးယံမှာ တောင်ခြေအောက်မှာ နေရတာ အဓိက ထိန်းသိမ်းရေးက ဝါးတွေစိုက်ရမယ်။ သစ်ပင်တွေ စိုက်ရမယ်။ ကျွန်တော်တို့ ဓနစီးပွားရေးသမားတွေ ပေါင်းသတ်ဆေးတွေ လျှော့သုံးဖို့ လိုတယ်။ အဲဒါမျိုးက ဒီမြေဆီလွှာကို တိုက်ထုတ်တာ၊ မြေပျက်တယ်။ မိုးနည်းနည်းရွာတာနဲ့ အကုန်ပျက်တယ်။ အဲဒါ အဓိကက ဝါးတွေ စိုက်ရမယ်။ သစ်တွေ စိုက်ရမယ်။ ထိန်းသိမ်းရမယ်။ အခုဒီတောင်ပေါ်မှာဆိုရင် ဝါးလည်း ကာကွယ်ပေးနိုင်တာပေါ့ဗျာ”

ပင်လျံကျေးရွာအတွင်းမှာ အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ပြီးတဲ့နောက် ဗုံးစမှန်တဲ့ အဆောက်အဦတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ကျေးရွာသားတွေဟာ ကျည်ကျသံ၊ ဗုံးသံအပြင် မိုးသံ၊ လေသံကြောင့် အသက်အန္တရယ်ကိုပါ စိုးရိမ်နေကြရပြီး စစ်ဘေးကြောင့် ပင်လျံကျေးရွာမှာ ပထမဆုံး မီးစတင် လောင်ကျွမ်းခဲ့တဲ့ အိမ်ပိုင်ရှင် အဘွားအိုကတော့ မြေပြိုကျရာမှာလည်း သူ့ရဲ့ ကော်ဖီခြံ ပါသွားတာ ဖြစ်ပါတယ်။ ကောဖီသီးတွေ ခူးဆွတ်နေရပြီး ဝင်ငွေရနေပြီဖြစ်တဲ့ ကော်ဖီခြံဟောင်း ပျက်စီးသွားပေမယ့် သူ မီတော့မှာ မဟုတ်တဲ့ ကော်ဖီခြံအသစ်အတွက် အရိပ်ပင်အဖြစ် အသုံးပြုရမယ့် ဝက်သစ်ချပျိုးပင်တွေကို နောင်လာနောင်သားတွေအတွက် အားမလျှော့ဘဲ ဆက်လက်စိုက်ပျိုးဖို့ ပြင်ဆင်နေတာကို အားတက်ဖွယ်ရာ တွေ့မြင်ရပါတယ်။

သားသမီးအတွက် စိုက်ပေးတာ၊ နောင်လာနောက်သားအတွက် ကော်ဖီလည်း သီးနေပြီ။ အရိပ်အတွက် စိုက်ဖို့ လိုတယ်။ ကော်ဖီခြံက မြေပြိုပြီး ပျက်စီးကုန်ပြီ။ စီးပွားရေး ဘာမှ မရှိတော့ဘူး။ နှစ်ခြံစလုံး ဖိချလိုက်ပြီ။ ကော်ဖီခြံပေါ့”

အကြမ်းဖက်စစ်တပ်ရဲ့ ဆိုးရွားတဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေက ဘာသာတရား ကိုင်းရှိုင်းပြီး ကိုယ်ထူကိုယ်ထနဲ့ အေးချမ်းစွာနေ ထိုင်ခဲ့ကြတဲ့ တောင်ပေါ်ဒေသခံတွေကို အသက်အိုးအိမ် ပျက်စီးစေပြီး အတိဒုက္ခ ရောက်စေပါတယ်။ ဒါ့အပြင် တောင်ပြို ရေကြီးတာတွေ ဆက်ဖြစ်ပြီး စားနပ်ရိက္ခာဖူလုံဖို့နဲ့ အသက်မွေးလုပ်ငန်းတွေ ဖြစ်တဲ့ သီးနှံစိုက်ခင်းတွေ ပျက်စီးလာတဲ့အခါမှာတော့ ပိုပြီး ခိုကိုးရာမဲ့တဲ့ အခြေနေတွေကို သမိုင်းတလျှောက် အဆိုးရွားဆုံး ရင်ဆိုင်ဖြတ်သန်းနေကြရပါတယ်။ အာဏာသိမ်း အကြမ်းဖက် စစ်တပ်ကတော့ ဒီလို အတိဒုက္ခတွေက သူနဲ့ တိုက်ရိုက်သက်ဆိုင်နေပေမယ့်လည်း တစ်စုံတစ်ရာ တာဝန်ယူ ဖြေရှင်းပေးနိုင်တာမရှိဘဲ မျက်နှာပြောင်တိုက်ပြီး မျက်ကွယ်ပြုနေဆဲ ရှိနေပါတယ်။

(Photo - စစ်ဘေးဒဏ်ကြောင့် နေအိမ်အသစ်ပြန်ဆောက်ခဲ့ရပြီး ၆လအကြာမှာ မြေပြိုမှုကြောင့် နေအိမ်အသစ်နဲ့ အစ်မဖြစ်သူအပြင် သီးနှံစိုက်ခင်းတွေကိုပါဆုံးရှုးခဲ့ရသော ပင်လျံကျေးရွာသူအား ဝမ်းနည်းဖွယ်ရာတွေ့မြင်ရစဥ်)
Share:

No comments:

Post a Comment