၂၀၂၄ နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ဒေသအလိုက် လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေကို စည်းရုံးပြီး COC တစ်ခုတည်းကနေ သွားနိုင်အောင် လုပ်ဆောင်ကြရမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား
📌 ၂။ ကျား/မအခြေပြု အကြမ်းဖက်မှု ဆန့်ကျင်ရေး ၁၆ရက်တာလှုပ်ရှားမှုနေ့အတွက် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနနှင့် ဂျဲန်ဒါမူဝါဒဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတို့၏ ပူးတွဲထုတ်ပြန်
📌 ၃။ ICC တရားလိုရှေ့နေ၏ စုံစမ်းစစ်ဆေးမှုတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေကြောင်း IIMM ထုတ်ပြန်
📌 ၄။ PSLF/TNLA မြေယာနှင့် သစ်တောထိန်းသိမ်းကာကွယ်ရေးဌာနမှ မြေယာမူဝါဒနှင့် ရှေးလုပ်ငန်းစဥ်အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ ပြုလုပ်
📌 ၅။ မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန် ICC ရှေ့နေ၏ လျှောက်ထားချက်ကို Justice For Myanmar က ကြိုဆို
📌 ၆။ နွေဦးဘဏ်၏ ခရစ်ပတို ပိုင်ဆိုင်မှုတန်ဖိုး ၉၀% ကျော် မြင့်တက်လာ
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ကချင် အထူးဒေသ (၁) သတ်မှတ်ချက်အား KIO ပယ်ဖျက်၊ ဌာနေပြည်သူများနှင့် ရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်
🚩 ၂။ တစ်မိုင်ကုန်းစခန်းမှ ဆုတ်ခွာလာသော ဗိုလ်မှူး ဇော်ထက်နောင် ဦးစီးသော စစ်ကြောင်းကို အမ်း-ပဒါန်း လမ်းတစ်နေရာတွင် စောင့်ကြို၍ ပိတ်ဆို့တိုက်ခိုက်
🚩 ၃။ ထီးလင်းမြို့အရှေ့ဘက် စခန်းကြီးတွင် လေကြောင်းပစ်ကူခေါ်ရတဲ့အထိ တိုက်ပွဲဖြစ်ပွားပြီး ဗိုလ် ၁ဦး အပါ ၅ဦးခန့် သေဆုံး၊ ၁ ဦး ဖမ်းမိ
🚩 ၄။ ဖယ်ခုံမြို့ ခမရ (၃၃၆) စစ်ကောင်စီတပ်မှ တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများအား (၁၂၀)မမ လက်နက်ကြီးများ ပစ်ခတ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ဒေသအလိုက် လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေကို စည်းရုံးပြီး COC တစ်ခုတည်းကနေ သွားနိုင်အောင် လုပ်ဆောင်ကြရမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား
နိုဝင်ဘာ၂၈ရက်
Radio NUG
ဒေသအလိုက် လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေကို စည်းရုံးပြီး COC တစ်ခုတည်းကနေ သွားနိုင်အောင် လုပ်ဆောင်ကြရမှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက နိုဝင်ဘာ၂၈ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၄၃/၂၀၂၄)မှာ ပြောပါတယ်။
"တော်လှန်ရေးကာလ အုပ်ချုပ်မှု ဖော်ဆောင်ရေးလုပ်ငန်းဆိုတာက စစ်ရေးနောက်ကလိုက်ပါရတဲ့ အခြေအနေပဲဖြစ်ပါကြောင်း။ ဒါ့ကြောင့် ကျွန်တော်တို့အတွက် အရေးကြီးဆုံးဖြစ်တဲ့ စစ်ရေး/ နယ်မြေစိုးမိုးရေး ဖော်ဆောင်မှုကို တော်လှန်ရေးအင်အားစုတွေအားလုံး ပူးပေါင်းပြီး လုပ်ဆောင်နိုင်ဖို့ ကြိုးစားကြရမှာကတော့ ပထမဦးစားပေးလုပ်ငန်းပဲ ဖြစ်ပါကြောင်း။ အဲ့ဒီအတွက်လည်း အဆင့်ဆင့်သော တာဝန်ရှိတဲ့သူတွေက ဒေသအလိုက် လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေကို စည်းရုံးပြီး COC တစ်ခုတည်းကနေ သွားနိုင်အောင် လုပ်ဆောင်ကြရမှာဖြစ်ပါကြောင်း။ နယ်မြေစိုးမိုးရေးကို အဓိကထားပြီး လိုအပ်တဲ့ အရင်းအမြစ် ဖြည့်ဆည်းမှုတွေကို ဝိုင်းဝန်းလုပ်ဆောင်နိုင်မှသာ တော်လှန်ရေးရဲ့ ပန်းတိုင်ကို ရောက်ရှိအောင် လုပ်ဆောင်နိုင်ကြမှာဖြစ်ကြောင်း " ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၄၂/၂၀၂၄) တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ နှင့် ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ ကျား/မအခြေပြု အကြမ်းဖက်မှု ဆန့်ကျင်ရေး ၁၆ရက်တာလှုပ်ရှားမှုနေ့အတွက် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနနှင့် ဂျဲန်ဒါမူဝါဒဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတို့၏ ပူးတွဲထုတ်ပြန်
နိုဝင်ဘာ ၂၈
Radio NUG
ကျား/မအခြေပြု အကြမ်းဖက်မှု ဆန့်ကျင်ရေး ၁၆ရက်တာလှုပ်ရှားမှုနေ့အတွက် အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနနှင့် ဂျဲန်ဒါမူဝါဒဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတို့၏ ပူးတွဲထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန်ထားပါတယ်။
အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှုသည် လူ့အခွင့်အရေးချိုးဖောက်မှု တစ်ရပ်ဖြစ်သည်။ နွေဦးတော်လှန်ရေးတွင် စစ်အာဏာရှင်၏ အကြမ်းဖက်မှုများကို တိုက်ဖျက်နေသည့် နည်းတူ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုကိုလည်း တစ်ပြိုင်တည်း တိုက်ဖျက်သွားရမည်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ထုတ်ပြန်ခဲ့ပြီးသော ဂျဲန်ဒါမူဝါဒ၊ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မဟာဗျူဟာမူဘောင်တို့တွင် ပါဝင်သော အကောင်အထည်ဖော်ရမည့် ဂျဲန်ဒါဘတ်ဂျက်၊ အမျိုးသမီးနှင့် မိန်းကလေးငယ်များ အကြမ်းဖက်မှု ကာကွယ်တားဆီးရေး အစီအမံများ၊ အရေးပေါ် အစီအမံများ၊ ဥပဒေအထောက်အကူပြုခြင်းနှင့် ကျန်းမာရေး၊ စိတ်လူမှုအထောက်အကူ ပြုခြင်းများကို ဝိုင်းဝန်းပူးပေါင်း လုပ်ဆောင်ကြရန်လည်း လိုအပ်ပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းလုပ်ဆောင်ကြရန် လိုအပ်လျက်ရှိသည့်အတွက် ပါဝင်ပတ်သက်သူများမှ နိုင်ငံရေးစိတ်ဆန္ဒ ပြည့်ဝစွာဖြင့် လုပ်ဆောင်ကြရန် တိုက်တွန်းထားပါတယ်။
========================
📌📌 ၃။ ICC တရားလိုရှေ့နေ၏ စုံစမ်းစစ်ဆေးမှုတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေကြောင်း IIMM ထုတ်ပြန်
နိုဝင်ဘာ ၂၈
Radio NUG
ICC တရားလိုရှေ့နေ၏ စုံစမ်းစစ်ဆေးမှုတွင် များစွာသော အထောက်အထားများနှင့် စိစစ်သုံးသပ်ချက်များ၊ သက်သေများ၏ ထွက်ဆိုချက်များ မျှဝေပေးခြင်းဖြင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား IIMMမှ သတင်းထုတ်ပြန်ပါတယ်။
ရိုဟင်ဂျာများအား နိုင်ငံတွင်းမှ နှင်ထုတ်ခြင်း၊ ညှဥ်းပန်းနှိပ်စက်ခြင်းဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် မြန်မာနိုင်ငံ၏ ယာယီသမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန် နိုင်ငံတကာရာဇဝတ်ခုံရုံး (အိုင်စီစီ) အား တောင်းဆိုလိုက်ကြောင်း အိုင်စီစီ၏ တရားလိုရှေ့နေရုံးက ထုတ်ပြန်ထားပါတယ်။
ယခုအခါ အိုင်စီစီ၏ တရားခွင်အကြိုတရားရုံးမှ တရားသူကြီးများက တရားလိုရှေ့နေ၏ တင်သွင်းချက်နှင့် အထောက်အထားကို ဆန်းစစ်သုံးသပ်ပြီး ဖမ်းဝရမ်း ထုတ်၊ မထုတ် ဆုံးဖြတ်ရမည် ဖြစ်ပြီး မြန်မာစစ်တပ်၏ အမြင့်ဆုံးရာထူးရှိသူအား ဖမ်းဝရမ်းထုတ်ရန် တောင်းဆိုခြင်းသည် ဥပဒေ၏အထက်တွင် မည်သူမျှရှိမနေကြောင်း ပြစ်မှုကျူးလွန်သူများကို သတင်းစကားပါးလိုက်ခြင်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ယန္တရား၏ စုံစမ်းစစ်ဆေးရေးအဖွဲ့များနှင့် တွေ့ဆုံကာ အချက်အလက်များ မျှဝေပေးပြီး ၎င်းတို့၏ အချက်အလက်များကို ICC ထံ တဆင့်မျှဝေခွင့်ပြုပေးသည့် ရှင်သန်ကျန်ရစ်သူ ရိုဟင်ဂျာများနှင့် အခြားသက်သေများကို ယန္တရားက အမှတ်ရ ဂုဏ်ပြုပါကြောင်းနှင့် အဆုံးတိုင် တရားမျှတမှုရရှိရေးအတွက် ၎င်းတို့၏ အတွေ့အကြုံများက အခရာအကျဆုံးဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၄။ PSLF/TNLA မြေယာနှင့် သစ်တောထိန်းသိမ်းကာကွယ်ရေးဌာနမှ မြေယာမူဝါဒနှင့် ရှေးလုပ်ငန်းစဥ်အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ ပြုလုပ်
နိုဝင်ဘာ ၂၈
Radio NUG
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ ဌာနတစ်ခုဖြစ်သည့် မြေယာနှင့် သစ်တောထိန်းသိမ်း ကာကွယ်ရေးဌာနမှ ကြီးမှူး၍ မြေယာနှင့်သစ်တော မူဝါဒနှင့် ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် လုပ်ဆောင်နိုင်ရေး နှီးနှောဖလှယ်ပွဲကို တအာင်းပြည်တစ်နေရာတွင် (၂)ရက်ကြာ ကျင်းပပြုလုပ်ခဲ့ကြောင်း TNLAမှ သတင်းထုတ်ပြန်ပါတယ်။
ထိုနှီးနှောဖလှယ်ပွဲသို့ PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်များဖြစ်ကြသည့် အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဗိုလ်မှူးချုပ် တားအိုမ်တမာဝ်း၊ ဗဟိုအုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ် တားဂူ;ဇာရ်၊ တွဲဖက်အထွေအထွေအတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး တားပန်လနှင့် အရပ်ဖက်အဖွဲ့အစည်းများ၊ မြေစာရင်းဌာနမှ CDM ဝန်ထမ်းများ၊ မြေယာနှင့် သစ်တောဌာနရှိ ဝန်ထမ်းများ စုစုပေါင်း လူဦးရေ (၅၀)ကျော် တက်ရောက်ခဲ့တယ်လို့ ဖော်ပြပါတယ်။
နှီးနှောဖလှယ်ပွဲတွင် မြေယာနှင့် သစ်တောထိန်းသိမ်းကာကွယ်ရေးဌာနမှ ဌာနမှူး ဗိုလ်ကြီး အေဲမ်ချို့နှင့် ဒု-ဗိုလ် ဆိုရ်ဘြည်တို့မှ ဖြစ်ပေါ်နေသည့် မြေယာပြဿနာများ၊ မြေယာမူဝါဒနှင့် ရှေ့လုပ်ငန်းစဥ်များကို ဖတ်ကြားတင်ပြခဲ့တယ်လို့ သိရပါတယ်။
နှီးနှောဖလှယ်ပွဲတွင် PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်မှ တအာင်းပြည်ရှိ ဘိုးဘွားပိုင်မြေများ၊ လယ်ယာမြေများ၊ တအာင်းပြည်အတွင်းရှိ သစ်တောနယ်မြေများနှင့် ပတ်သက်ပြီး ပြဿနာဖြစ်လာပါက ဥပဒေနှင့်အညီ ဖြေရှင်းပေးနိုင်ရန်နှင့် သစ်တောကြိုးဝိုင်းလုပ်ငန်းများကိုလည်း ကြိုးစားလုပ်ဆောင်သွားဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
ထို့အပြင် မြေယာနှင့်သစ်တောဌာနမှ တင်ပြခဲ့သည့် မူဝါဒနှင့် ရှေ့လုပ်ငန်းစဥ်ပါ အကြောင်းအရာများကို ဌာနဆိုင်ရာများ၊ CSO အရပ်ဖက်အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံသစ်တောဌာနက CDM ဝန်းထမ်းများမှ အဖွဲ့လိုက် ဆွေးနွေးချက်များကို တင်ပြဆွေးနွေးခဲ့ကြပြီး လိုအပ်သည်များကို အပြန်အလှန်သုံးသပ်ခဲ့ကြကာ 1027 စစ်ဆင်ရေးကာလအတွင်း သိမ်းပိုက်ရရှိထားသည့် ဌာနဆိုင်ရာမြေနေရာများ၊ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များ သိမ်းယူထားသည့် မြေများ၊ အသင်းအဖွဲ့နှင့် ကုမ္မဏီဆိုင်ရာမြေများ၊ နယ်နိမိတ်မြေနှင့် ကျူးကျော်မြေများ၊ အဌားမြေနှင့် မြေအရောင်းအဝယ်ကိစ္စများတွင် ဖြစ်ပေါ်တတ်သော ပြဿနာများကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
(၂)ရက်တာအတွင်း ဆွေးနွေးခဲ့သည့် မြေယာနှင့် သစ်တောထိန်းသိမ်းကာကွယ်ရေးဌာန၏ ရှေ့လုပ်ငန်းစဥ် နှီးနှောဖလှယ်ပွဲအတွင်း ဆုံးဖြတ်ချက် (၄)ချက်နှင့် မြေယာမူဝါဒ ပြင်ဆင်ချက် (၁၁)ချက်ကိုလည်း အတည်ပြု ချမှတ် သဘောတူ ချမှတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၅။ မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန် ICC ရှေ့နေ၏ လျှောက်ထားချက်ကို Justice For Myanmar က ကြိုဆို
နိုဝင်ဘာ၂၈ရက်
Radio NUG
မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန် အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICC) ရှေ့နေ၏ လျှောက်ထားချက်ကို ကြိုဆိုကြောင်း နိုဝင်ဘာ ၂၈ရက်မှာ Justice For Myanmar က အသိပေးဖော်ပြပါတယ်။
လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြစ်သည့် ရိုဟင်ဂျာများအား နိုင်ငံအတွင်းမှ နှင်ထုတ်မှုနှင့် နှိပ်စက်ညှဥ်းပန်းမှုများအတွက် မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန် အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICC) ရှေ့နေ၏ လျှောက်ထားချက်ကို Justice For Myanmar က ကြိုဆိုပါတယ်လို့ ဆိုပါတယ်။
ယင်းသည် ရိုဟင်ဂျာများနှင့် မြန်မာနိုင်ငံအတွက် တရားမျှတမှု ရှာဖွေရာတွင် အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်ပြီး ဖမ်းဝရမ်းအတွက် လျှောက်ထားချက်သည် ကျူးလွန်ခံရသူများနှင့် ၎င်းတို့ရှေ့နေများ၏ ရဲဝံ့သော လုပ်ဆောင်မှုများကြောင့်သာ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
မင်းအောင်လှိုင်သည် မြန်မာနိုင်ငံတဝန်း နိုင်ငံတကာရာဇဝတ်မှုများကို တိုးမြှင့်ကျူးလွန်လျက် ရှိသည်ဖြစ်ရာ ဖမ်းဝရမ်းကို အမြန်ဆုံးထုတ်ပေးပြီး၊ အရေးယူတာဝန်ခံစေရေး ဆောင်ရွက်ပေးပါရန် အကြိုကြားနာရေးရုံးအား တောင်းဆိုအပ်တယ်လို့လည်း ဆိုထားပါတယ်။
========================
📌📌 ၆။ နွေဦးဘဏ်၏ ခရစ်ပတို ပိုင်ဆိုင်မှုတန်ဖိုး ၉၀% ကျော် မြင့်တက်လာ
နိုဝင်ဘာ၂၈ရက်
Radio NUG
နွေဦးဘဏ်၏ ခရစ်ပတို ပိုင်ဆိုင်မှုတန်ဖိုး ၉၀% ကျော် မြင့်တက်လာကြောင်း နိုဝင်ဘာ၂၈ရက် နွေဦးဖွံဖြိုးရေးဘဏ်က တရားဝင် ဆိုထားပါတယ်။
ပြည်သူ့အစိုးရ NUG ကြားကာလဗဟိုဘဏ် လမ်းညွှန်မှုအတိုင်း တော်လှန်ရေးအလွန် အနာဂတ်အတွက် အထောက်အကူပြုနိုင်ဖို့ နွေဦးဘဏ် စတင်ချိန်မှ စပြီး Assets Management Policy - ပိုင်ဆိုင်မှုစီမံခန့်ခွဲခြင်းဆိုင်ရာ မူဝါဒအရ AUM ၏ ၁၀ ရာခိုင်နှုန်းအထိ ကမ္ဘာကျော် ထိပ်တန်း ခရစ်ပတိုငွေကြေးတွေ ဖြစ်တဲ့ Bitcoin (BTC) နှင့် Ethereum (ETH) မှာ ရင်းနှီးမြှုပ်နှံထားခဲ့ပါတယ်။ ယခု ကာလ စျေးကွက် ပေါက်စျေးအရ နွေဦးဘဏ် စီမံရသော BTC နှင့် ETH ပိုင်ဆိုင်မှု၏ မူလ တန်ဖိုးပမာဏထက် ၉၀ ရာခိုင်နှုန်းကျော် unrealised gain သတ်မှတ်ဖော်ပြ၍ မရသေးသော အမြတ်များအဖြစ် မြင့်တက်လာခဲ့ပါတယ်လို့ ဖော်ပြပါတယ်။
တနည်းအားဖြင့် နွေဦးဘဏ် ရှယ်ယာရှင်တို့အတွက်လည်း အကျိုးကျေးဇူး ပွားများလာကြောင်း ဝမ်းမြောက်စွာ မျှဝေလိုကြောင်း၊ တော်လှန်ရဲသူတို့၏ အုတ်တချပ် သဲတပွင့် အကျိုးရှိသော ရင်းနှီးမြှုပ်နှံမှုတိုင်းသည် အချိန်ကာလ တခု၌ အသီးအပွင့် ဖြစ်လာမည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ကချင် အထူးဒေသ (၁) သတ်မှတ်ချက်အား KIO ပယ်ဖျက်၊ ဌာနေပြည်သူများနှင့် ရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်
နိုဝင်ဘာ ၂၈
Radio NUG
ယခင် စစ်အာဏာရှင်အစိုးရများမှ ၎င်းတို့အာဏာခိုင်မြဲစေရန်အတွက် ကချင် အထူးဒေသ (၁) ဟူ၍ ခွဲခြားသတ်မှတ် အုပ်ချုပ်ခဲ့သောကြောင့် ကချင်လူမျိုးများ၏ စည်းလုံးညီညွှတ်မှုကို ထိခိုက်စေခဲ့တာကြောင့် ကချင် အထူးဒေသ (၁)ဟူသော သတ်မှတ်ချက်အား ပယ်ဖျက်ကြောင်း နိုဝင်ဘာလ ၂၈ရက်နေ့တွင် KIOမှ သတင်းထုတ်ပြန်ပါတယ်။
ကချင်လူမျိုးများသည် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အမျိုးသားတန်းတူရေးအတွက် ပြည်ထောင်စု ဖွဲ့စည်းမှု အဆင့်ဆင့်တွင် ပါဝင်ကြိုးပမ်းခဲ့ကြသော်လည်း လွှတ်တော်တွင်း ညှိနှိုင်းကြိုးပမ်းမှုများ မအောင်မြင်သောကြောင့် မလွှဲမရှောင်သာသည့် အဆုံးတွင် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ခဲ့ကြရတယ်လို့ ဖော်ပြထားပါတယ်။
ကချင်လူမျိုးများသာမက ကချင်ဒေသအတွင်းရှိ တိုင်းရင်းသားပြည်သူများ စိတ်ဝမ်းကွဲမှု မရှိဘဲ အတူတကွ တန်းတူနေထိုင်ရေးအတွက် ကချင်အထူးဒေသ (၁) ဟု ခွဲခြားသတ်မှတ်ထားသော နယ်မြေများကို တပေါင်းတစည်းတည်းဖြစ်အောင် အရယူခဲ့ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေးများ ဆုံးရှုံးထိခိုက်မှုမဖြစ်စေဘဲ လူသားချင်းစာနာ ထောက်ထားမှု အခြေခံသည့် မူဝါဒနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန် ပြန်လည်ကြိုးစား တည်ဆောက်သွားမည် ဖြစ်တာကြောင့် ယခင် ကချင် အထူးဒေသ (၁) အုပ်ချုပ်မှုအောက်တွင် ရှိခဲ့သော ဋ္ဌာနေ ပြည်သူများ၊ ရင်းနှီးမြှုပ်နှံသူများအားလုံး စိုးရိမ်စိတ်မထားရှိဘဲ KIO နှင့် ပူးပေါင်းကာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွတည်ဆောက်သွားကြပါရန် ဖိတ်ခေါ်ထားပါတယ်။
========================
🚩🚩 ၂။ တစ်မိုင်ကုန်းစခန်းမှ ဆုတ်ခွာလာသော ဗိုလ်မှူး ဇော်ထက်နောင် ဦးစီးသော စစ်ကြောင်းကို အမ်း-ပဒါန်း လမ်းတစ်နေရာတွင် စောင့်ကြို၍ ပိတ်ဆို့တိုက်ခိုက်
နိုဝင်ဘာ ၂၈
Radio NUG
နိုဝင်ဘာ (၂၃) ရက်နေ့တွင် အနောက်ပိုင်းစစ်ဌာနချုပ် (အမ်း) ကွပ်ကဲမှု လက်အောက်ရှိ တစ်မိုင်ကုန်းစခန်းမှ ဆုတ်ခွာလာသော ဗိုလ်မှူး ဇော်ထက်နောင် ဦးစီးသော ရန်သူစစ်ကြောင်းကို ကျွန်ုပ်တို့ ကျောင်းသားလက်ရုံးတပ်တော်နှင့် မဟာမိတ်ပူးပေါင်းစစ်ကြောင်းမှ အမ်း-ပဒါန်း လမ်းတစ်နေရာတွင် စောင့်ကြို၍ ပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်း ကျောင်းသားလက်ရုံးတပ်တော်မှ သတင်းထုတ်ပြန်ပါတယ်။
ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၂ ) ဦး သေဆုံးပြီး သုံ့ပန်း (၁၄)ဦး၊ လက်နက်ငယ် (၂) လက်နှင့် ခဲယမ်းတို့အား သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် အဆိုပါ စစ်ကြောင်းသည် တိုက်ပွဲတွင်း၌ ဖွဲ့စည်းပုံပျက်ကာ တကွဲတပြားစီ ထွက်ပြေးလျက်ရှိခြင်းကြောင့် နယ်မြေရှင်းလင်းလျက်ရှိတယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ပွဲတွင် ကျောင်းသားလက်ရုံးတပ်တော် (SAF) နှင့်အတူ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF)၊ မင်းဘူးခရိုင် အမှတ် (၂) တပ်ရင်း ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီး ရမိထားသည့် စစ်သုံ့ပန်းများအား လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး၍ စစ်သုံ့ပန်းမူဝါဒနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ ထီးလင်းမြို့အရှေ့ဘက် စခန်းကြီးတွင် လေကြောင်းပစ်ကူခေါ်ရတဲ့အထိ တိုက်ပွဲဖြစ်ပွားပြီး ဗိုလ် ၁ဦး အပါ ၅ဦးခန့် သေဆုံး၊ ၁ ဦး ဖမ်းမိ
နိုဝင်ဘာ ၂၈
Radio NUG
နိုဝင်ဘာလ ၂၈ရက်နေ့တွင် ထီးလင်းမြို့ အရှေ့ဖက်၊ ဒေသအခေါ် စခန်းကြီးဖက်ကို မနက်စောပိုင်း ၁ နာရီခန့်က ထွက်လာခဲ့ကြတဲ့ ဗိုလ်ရဲမာန် ဦးဆောင်တဲ့ စစ်သား၊ ရဲ၊ ပျူ အင်အား ၇၀ ကျော်ပါစစ်ကြောင်းကို အသင့်စောင့်ဆိုင်းနေကြတဲ့ ဒေသခံ ပြည်သူ့တော်လှန်ရေးအဖွဲ့ တစ်ဖွဲ့နဲ့ မနက် ၁၁နာရီကျော်အထိ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ကြောင်း ယောအလင်းတန်းမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီဖက်က အထိနာသွားပြီး မုံရွာ နမခကို လေကြောင်းပစ်ကူ ခေါ်ရကာ ထီးလင်းမြို့ဖက်ကို ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။
တိုက်ပွဲတွင်းမှာ ထီးလင်းစစ်ကြောင်းဖက်က ဗိုလ်ညောင်ဦး (နာမည်အရင်းစုံစမ်းဆဲ)လို့ ခေါ်တဲ့ စစ်ဗိုလ် တစ်ဦး အပါအဝင်၊ ထီးလင်း မီးသတ်ကုန်းမှာ တာဝန်ကျတဲ့ စစ်ကောင်စီတပ်သားများနဲ့ မြို့မရဲစခန်းက အထူးရဲ တစ်ယောက်အပါ စကစ ဖက်က ၅ ဦးထက်မနည်း သေဆုံးခဲ့ကြပြီး စကစတပ်သား တစ်ဦးကိုလည်း အရှင်ဖမ်းမိထားပါတယ်။
လေကြောင်းပစ်ကူခေါ်တဲ့ ထီးလင်းစစ်ကြောင်းဟာ ရွှေထီးခန်းမကို နေ့လယ် ၁ နာရီကျော်မှာ အားလုံးပြန်လည်ဝင်ရောက်သွားကြပြီး တိုက်ပွဲတွင်းမှာ ကျဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သားများရဲ့ ဘအလောင်းများကို ဒီအတိုင်းစွန့်ပစ်သွားကြကာ သေဆုံးစာရင်းဟာ ပိုများနိုင်ကြောင်း ဖော်ပြထားပါတယ်။
========================
🚩🚩 ၄။ ဖယ်ခုံမြို့ ခမရ (၃၃၆) စစ်ကောင်စီတပ်မှ တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများအား (၁၂၀)မမ လက်နက်ကြီးများ ပစ်ခတ်
နိုဝင်ဘာ ၂၈
Radio NUG
နိုဝင်ဘာလ ၂၈ရက်နက်နေ့တွင် ဖယ်ခုံမြို့အခြေစိုက် ခမရ (၃၃၆) စစ်ကောင်စီတပ်မှ တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများအား စစ်ရေးပစ်မှတ်မရှိသော်လည်း (၁၂၀)မမ လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း ဖယ်ခုံ PDF (၁၀၀၆ တပ်ရင်း)မှ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းရှိ အမျိုးသား (၂)ဦး၊ အမျိုးသမီး (၃)ဦး၊ ၂နှစ်အရွယ် ကလေးငယ် (၁)ဦးနှင့် ၁ လသားအရွယ် ကလေးငယ် (၁)ဦး သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ဖယ်ခုံအင်းအရှေ့ခြမ်းရှိ ကျေးရွားများတွင် ၂၀၂၄ခုနှစ် နိုဝင်ဘာလအတွင်း စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး စသည့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အိုးအိမ်များ ပျက်စီးဆုံးရှုံးမှုနှင့်အတူ အသက်သေဆုံးခဲ့ရသော ပြည်သူများ (၁၀)ဦးထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။
အရပ်သားပြည်သူများအပေါ် စစ်ကောင်စီတပ်၏ အကြမ်းဖက်မှု လုပ်ရပ်များအား ပြင်းထန်စွာရှုံ့ချပြီး စစ်ကောင်စီတပ်အနေဖြင့် မိမိ၏ရန်သူ မည်သူမည်ဝါဟူသည်သာ သဲသဲကွဲကွဲ သိမြင်ကာ စစ်ရေးပစ်မှတ်ထားရန် အသိပေးထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment