ဂျုံဈေး ၅ ဆ မြင့်လာလို့ ရှမ်းပြည်တောင်ပိုင်းက ဂျုံမစိုက်တော့တဲ့ဒေသတွေမှာ ဂျုံခင်းတွေနဲ့ပြန်လည်စိမ်းလန်းလာ
Radio NUG ဒီဇင်ဘာ ၃၊ ၂၀၂၄
အရင်က ဂျုံတစ်ပိဿာကို ကျပ် ၄၀၀ ကနေ ကျပ် ၆၀၀ လောက်ပဲ အမြင့်ဆုံးရခဲ့လို့ တွက်ခြေမကိုက်ခဲ့တဲ့ တောင်သူတွေဟာ ဂျုံမစိုက်တော့ဘဲ နေခဲ့ရာကနေ မနှစ်ကစပြီး ဂျုံဈေးပြန်လည်ကောင်းမွန်လာတဲ့အတွက် ရှမ်းပြည် တောင်ပိုင်း၊ ပင်းတယမြို့နယ်က အရင်က ဂျုံစိုက်ပျိုးခဲ့တဲ့ သရက်ကုန်း၊ ရေချမ်းစင်၊ ပွေးလှ၊ ကျောက်ထပ် စတဲ့ ဒေသတွေမှာ ဂျုံခင်းတွေနဲ့ပြန်လည်စိမ်းလန်းလာတာ ဖြစ်ပါတယ်။ ဒီအခြေနေကို ဂျုံစိုက်တောင်သူတစ်ဦးက အခုလိုပြောပါတယ်။
“အရင်တုန်းက ဂျုံတစ်ပိဿာကို ၄၀၀ ပဲရှိတယ်။ အခုတော့ ဂျုံဈေးက ၃,၀၀၀ လောက်ရှိလာတယ်။ အဲဒီတော့ ဂျုံက အမြတ်ရှိလာတယ်။ အမြတ်ရှိလာတော့ ဂျုံက စိုက်ကြတယ်”
ဂျုံကို စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်မှာ အများဆုံးစိုက်ပျိုးကြပြီး ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့မှာလည်း စိုက်ပျိုးကြပါတယ်။ ဂျုံစိုက်ဧက တစ်သိန်းကျော်ရှိပြီး အများဆုံး ဂျုံစိုက်ဧက တည်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးမှာ အကြမ်းဖက်စစ်တပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် ဂျုံစိုက်ဧကတွေ လျော့ကျခဲ့သလို မသမာသူတွေကြောင့်လည်း ဂျုံသုတေသန စိုက်ခင်းတွေပျက်စီးခဲ့ပါတယ်။ ဒါကြောင့် အရည်အသွေးကောင်းတဲ့ ဂျုံကျစ်လို့ ခေါ်ကြတဲ့ စစ်ကိုင်းဂျုံတွေ ဈေးကွက်ထဲအဝင် နည်းလာတဲ့အတွက် ဂျုံဈေးတွေ တက်လာပြီး ဂျုံကျစ် စိုက်ပျိုးတဲ့ရှမ်းပြည်တောင်ပိုင်းက ဂျုံစိုက်ဧရိယာတွေမှာ ဂျုံစိုက်ခင်းတွေနဲ့ ပြန်လည်စိမ်းလန်းလာတာ ဖြစ်ပါတယ်။
လတ်တလောအချိန်က ဂျုံဟောင်း ထုတ်ချိန်ဖြစ်လို့ ဂျုံဈေးက ဆက်လက်မြင့်တက်နေသလို လာမယ့်ဂျုံချိန်မှာလည်း ပြည်တွင်း သုံးစွဲမှုနဲ့ ဂျုံမလောက်လို့ ဂျုံဈေးက ဆက်လက်မြင့်တက်နေဦးမယ်လို့ မန္တလေးမြို့အခြေစိုက် ဂျုံအရောင်းအဝယ် လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
“ဘာကြောင့်တက်လဲဆိုတော့ နှစ်တိုင်း ကလန်ဒါကျကတော့ ရှင်းတယ်။ ဈေးကွက်သဘော တရားအရ လှောင်ကုန်ထုတ်တဲ့ ဒီလိုအချိန်မှာ တက်ရမှာပဲ။ ပိုဆိုးတာက ဈေးကွက်သဘောတရားအရ အဟောင်းကို ဂျုံက တက်လဲဆိုတော့ သူက ဂျုံအသစ်ပေါ်ရင် လုပ်ငန်းမှာ ချက်ချင်းသုံးလို့မရဘူး။ သူက အဟောင်းကိုပဲသုံးရတာ။ အဓိကက ပြည်တွင်းဖြုန်းအားကောင်းလို့ပေါ့။ အဓိက ဒါပါပဲ” ဂျုံပင်က စိုက်ပျိုးရ လွယ်ကူတဲ့အပြင် ကုန်ကျစရိတ်လည်း နည်းပါးလို့ ဂျုံတောင်သူတွေက ဂျုံ စိုက်ပျိုးလိုကြပေမယ့်လည်း ဂျုံဈေးနည်းပါးလွန်းတဲ့အတွက် ဆီထွက်သီးနှံ ဖြစ်တဲ့ ပန်းနှမ်းနဲ့ ဆီမုန်ညှင်းတွေကိုပဲ ဝမ်းစာအတွက် အစားထိုး စိုက်ပျိုးခဲ့ကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ဂျုံစိုက်ပျိုးမှုသမိုင်းဟာ ရှမ်းပြည်တောင်ပိုင်းက စခဲ့တာဖြစ်ပြီး အင်္ဂလိပ်အစိုးရလက်ထက်၊ ၁၈၈၈ ခုနှစ်မှာ စတင်စမ်းသပ်စိုက်ပျိုးခဲ့တာ ဖြစ်တယ်လို့ မြန်မာ့စိုက်ပျိုးရေးသမိုင်းစာအုပ်မှာ မှတ်တမ်းပြု ဖော်ပြထားပါ တယ်။ နှစ်ပေါင်း ၁၃၆ နှစ် ကြာလာပြီဖြစ်တဲ့ မြန်မာ့ဂျုံစိုက်ပျိုးရေးလုပ်ငန်းဟာ တိုးတက်မှု အနည်းငယ်သာရှိပြီး ပြည်တွင်းစားသုံးမှု မဖူလုံသေးတဲ့အပြင် ပြည်ပကိုလည်း တင်ပို့နိုင်တာ မရှိသေးပါဘူး။
ဒါ့အပြင် တနိုင်ငံလုံးမှာ ဂျုံစိုက်ဧကတွေ ၁၅၀,၀၀၀ တစ်သိန်းငါးသောင်းကျော် ရှိခဲ့ပေမယ့်လည်း အခုအခါမှာ အညာဒေသက ဂျုံစိုက်ဧကတွေ လျော့ကျလာနေပြီး ရှမ်းပြည်တောင်ပိုင်းက ဂျုံနယ်တွေမှာတော့ ဈေးကောင်းလို့ ဂျုံခင်းတွေ ပြန်လည်စိမ်းလန်းလာတာ ဖြစ်ပါတယ်။
Photo - ပင်းတယမြိုနယ်၊ ရေချမ်းစင်ကျေးရွာမှာ ဂျုံခင်းအတွင်းပေါင်းနှုတ်နေကြတဲ့ တောင်သူများအား ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်းတွေရစဥ်
No comments:
Post a Comment