25th Jan 2025 - Evening Daily News by Radio NUG

 


၂၀၂၅ ဇန်နဝါရီလ ၂၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨၁။⁨ NUG ဝန်ကြီးတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေပါတဲ့ နွေဦးတော်လှန်ရေး ဥရောပ စကားဝိုင်း ကျင်းပမည်

📌 ⁨⁨⁨၂။ လောင်းလုံးမြို့နယ်က ထောင်းနီကျေးရွာ လောင်းကစားဝိုင်းသိမ်းဆည်းရရှိငွေတွေကို တော်လှန်ရေးရန်ပုံငွေအဖြစ် သုံးမည်

📌 ⁨⁨⁨၃။ RHYTHM concert ကရတဲ့ ကျပ်သိန်း ၇၀၀၀ ခန့်ကို ပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာ သုံးမည်  


========================


၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။⁨⁨⁨⁨⁨ ဗန်းမော်တိုက်ပွဲမှာ အထိနာနေတဲ့ စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်

🚩 ၂။ နတ်တလင်းနယ်က ရဲကင်းစခန်းထဲဝင်ပြီး လက်ပစ်ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲတဦး ခြေပြတ်သွားပြီး တဦးလက်ပြတ် 

🚩 ၃။⁨⁨ ကလေး GTC ကိုလာတဲ့ စစ်ကား စီးကို မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်သားတဦးသေဆုံး 

🚩 ၄။ ပုသိမ်ခရိုင်က ရဲတပ်ဖွဲ့ဝင်တွေ အလွယ်တကူလက်နက်မချဖို့ ရဲချုပ်ကိုယ်တိုင် စည်းရုံးရေးလာဆင်း

🚩 ၅။ ပုဂံ-ညောင်ဦးနယ်မှာ စစ်တပ်က PDF တွေအဖြစ်အယောင်ဆောင်လှုပ်ရှားမူတွေရှိနေတယ်လို့ ညောင်ဦးပကဖ ပြော


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨၁။⁨ NUG ဝန်ကြီးတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေပါတဲ့ နွေဦးတော်လှန်ရေး ဥရောပ စကားဝိုင်း ကျင်းပမည်


ဇန်နဝါရီလ ၂၅ရက် 


အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်းကြီးနဲ့ပြည်ထဲရေးဝန်ကြီးတို့အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေက တာဝန်ရှိသူတွေပါတဲ့ နွေဦးတော်လှန်ရေး ဥရောပစကားဝိုင်းတခု ဖေဖော်ဝါရီလ ရက်နေ့မှာ ကျင်းပမယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

NUG ကာကွယ်ရေးဝန်းကြီး ဦးရည်မွန်၊ ပြည်ထဲရေးဝန်ကြီး ဦးလွင့်ကိုလတ်၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA က ကွပ်ကဲရေးမှူး မောင်ဆောင်းခ၊ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF ဥက္ကဋ္ဌ ခွန်ဘီထူးတို့ ပါဝင်ဆွေးနွေးမယ့် အဲဒီစကားဝိုင်ကို ဖေဖော်ဝါရီလ ရက်နေ့ ဥရောပအလယ်ပိုင်းစံတော်ချိန် ၁၃ မှာ ပြုလုပ်မယ်လို့ သိရပါတယ်။

ဒီစကားဝိုင်းဟာ ဥရောပရောက် နွေဦးတော်လှန်ရေး ထောက်ပို့မိသားစုဝင်တွေ Zoom Online Platform မှာ စုဖွဲ့တွေ့ဆုံတဲ့ နွေဦးတော်လှန်ရေး ဥရောပစကားဝိုင်းလည်းဖြစ်ပါတယ်။ 

ဒီ နွေဦးတော်လှန်ရေး ဥရောပစကားဝိုင်းမှာ ဥရောပနိုင်ငံတွေကိုရောက်ရှိနေတဲ့ နွေဦးတော်လှန်ရေး ထောက်ပို့ မိသားစုဝင် တွေ ရင်းရင်းနှီးနှီးတွေ့ဆုံတာဖြစ်ပြီး ၂၀၂၅ ခုနှစ်အထိ လေးနှစ်ကာလ နွေဦးတော်လှန်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေ မေးမြန်း ဖြေကြား ဆွေးနွေးကြမယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးမှာ စိတ်အားတက်ကြွစေမယ့် က‌ဗျာဖတ်ခြင်း၊ တေးဂီတများသီဆိုခြင်း၊ အောင်မြင်ခြင်း၊ ဆုံးရှုံးခြင်းများနဲ့ လက်ရှိအခြေအနေတွေကို အတူတကွမျှဝေခံစားကြရင်း မပြီးဆုံးသေးတဲ့တော်လှန်ရေးခရီးအတွက် အဆုံးထိ ရောက်အောင် ချိတ်ဆက်ပူးပေါင်း လက်တွဲဆောင်ရွက်သွားနိုင်ကြဖို့ ဥရောပရောက် နွေဦးတော်လှန်ရေး ထောက်ပို့ မိသားစုဝင်တွေကို ပွဲစီစဉ်သေူတွေက ဖိတ်ကြားထားပါတယ်။


========================


📌📌 ⁨⁨⁨၂။ လောင်းလုံးမြို့နယ်က ထောင်းနီကျေးရွာ လောင်းကစားဝိုင်းသိမ်းဆည်းရရှိငွေတွေကို တော်လှန်ရေးရန်ပုံငွေအဖြစ် သုံးမည်


ဇန်နဝါရီလ ၂၅ရက် 


တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကထောင်းနီကျေးရွာ လောင်းကစားဝိုင်းက သိမ်းဆည်းရရှိတဲ့ငွေတွေကို တော်လှန်ရေး ရန်ပုံငွေအဖြစ် အသုံးပြုမယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပြောဆို လိုက်ပါတယ်။  

လောင်းလုံးမြို့နယ် ကထောင်းနီကျေးရွာမှာ နတ်ပွဲကို အကြောင်းပြကာ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ဇန်နဝါရီလ ၂၀ ရက်နေ့ နေလည် နာရီခန့်မှာ ၀င်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။   

ဝင်ရောက်ဖမ်းဆီးချိန်မှာ လောင်းကစားပြုလုပ်နေသူတွေနဲ့ ဆက်စပ်ပစ္စည်းတွေနဲ့အတူ လောင်းကစားငွေတွေ သိမ်းဆည်း ရရှိခဲ့ပြီး ဒဏ်ကြေးငွေပေးဆောင်စေကာ နောက်နောင် လောင်းကစားဝိုင်းတွေမလုပ်ဖို့နဲ့ ပါ၀င်ကစားတာတွေမလုပ်ဖို့ ခံ၀န် ကတိပြုလက်မှတ်ရေးထိုးစေပြီး ပြန်လည်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

လောင်းလုံးမြို့နယ်အတွင်းမှာ လောင်းကစားဝိုင်းတွေ မလုပ်ဖို့ အကြိမ်ကြိမ် သတိပေးထားပြီး ဆက်လုပ်နေမယ်ဆိုရင် ပြင်းထန်းတဲ့ အရေးယူမှုတွေလုပ်မယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

လောင်းကစားဝိုင်းတွေကနေ လောင်းကစားငွေ ကျပ်သိန်း ၂၄ဝ ကျော် ( ၂၄,၂၈၅,၇၅၀ ကျပ်) သိမ်းဆည်းရရှိခဲ့ပြီး ဒီငွေတွေ အားလုံး တော်လှန်ရေးလုပ်ငန်းစဉ်တွေမှာ အသုံးပြုသွားမယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨၃။ RHYTHM concert ကရတဲ့ ကျပ်သိန်း ၇၀၀၀ ခန့်ကို ပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာ သုံးမည်  


ဇန်နဝါရီလ ၂၅ရက် 


ပြည်သူ့ဘက်ကရပ်တည်ပြီး စစ်အဏာရှင်ကိုတော်လှန်နေတဲ့ အနုပညာရှင် ဦးရဲ့ RHYTHM concert ကရရှိခဲ့တဲ့ ငွေကျပ် သိန်း ၇၀၀၀ ခန့်ကို ပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာ အသုံးပြုမယ်လို့ အနုပညာရှင်တွေက အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်နေ့က တော်လှန်အနုပညာရှင်တွေဖြစ်တဲ့ ဒေါင်း၊ လင်းလင်း၊ ချစ်သုဝေ နဲ့ Daniel Sawတို့ အွန်လိုင်းကနေပြုလုပ်ခဲ့တဲ့ RHYTHM -concert ဂီတဖျော်ဖြေပွဲကနေ့ မြန်မာငွေ ကျပ်သိန်း ၇၀၀၀ နီးပါးနဲ့ညီမျှတဲ့ အမေရိကန်ဒေါ်လာ တသိန်းခြောက်သောင်း ရာ့ ၂ဝ ရရှိခဲ့တနဲ့ပတ်သက်လို့ အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

ကိုယ်ပိုင်သီချင်းလေးတွေ ပြန်တီး ပြန်ဆိုဖို့သိပ်ခက်ခဲ ခဲ့တယ်။ ပြန်ဆိုခဲ့တဲ့ RHYTHM-concert ပွဲလေးကနေ ကိုယ်တွေ အနုပညာနဲ့ သိန်း ၇၀၀၀ နီးပါး ရှာနိုင်ခဲ့တယ်။ မောင်နှမတွေအားလုံး တညီတညွတ်တည်း မြေပြင်အတွက် တရာ ရာခိုင်နှုန်း လှူကြမယ် ဆုံးဖြတ်ကြတယ်လို့ ပြည်သူချစ်အနုပညာရှင် ချစ်သုဝေက လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။

လက်မှတ်ဝယ်ယူထားသူတွေအနေနဲ့ ဒီဖျော်ဖြေပွဲကို သတ်မှတ်ထားတဲ့ရက်အတွင်း အွန်လိုင်းကနေ သတ်မှတ်ထားတဲ့ အကြိမ်အရေအတွက်အတိုင်း ကြည့်ရှုနိုင်အောင် စီစဉ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တော်လှန်ရေးနယ်မြေတွေက ပြည်သူတွေကြည့်ရှုနိုင်ဖို့ မြေပြင်မှာ ပြသပေးတာတွေရှိတယ်လို့ RHYTHM concert က အသိပေးထားပါတယ်။

အဲဒီဖျော်ဖြေပွဲမှာ အနုပညာရှင်တွေက သီချင်း အပုဒ် ၂၀ ကျော် ဖျော်ဖြေသီဆိုပေးခဲ့တာကြောင့် ပရိသတ်တွေ ကျေနပ် အားရတဲ့ ဖျော်ဖြေပွဲဖြစ်ခဲ့ပါတယ်။



 အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================





🚩🚩 ၁။⁨⁨⁨⁨⁨ ဗန်းမော်တိုက်ပွဲမှာ အထိနာနေတဲ့ စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်


ဇန်နဝါရီလ ၂၅ရက် 


ကချင်ပြည်နယ် ဗန်းမော်မြို့ကိုရဖို့ မြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော်-KIA က မနေ့ ဒီဇင်ဘာ ၂၄ ရက်မှာ  ထိုးစစ်အရှိန်မြှင့်ခဲ့ရာ စစ်ကောင်စီဘက်ကလည်း တနေ့လုံး လေကြောင်းပစ်ကူတွေသုံးပြီး အပြင်းအထန်ခုခံတိုက်ခိုက်ခဲ့ တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

KIA ပူးပေါင်းတပ်တွေ မနေ့ ဇန်နဝါရီ ၂၄ ရက်က စစ်ကောင်စီရဲ့ အမှတ် ၇ဝဝ၆ သံချပ်ကာတပ်ရင်းနဲ့သံချပ်ကာယာဉ် စီး သိမ်းပိုက်ရရှိခဲ့တဲ့ တိုက်ပွဲဟာ အလွန်ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကလည်း တံတားဦး၊ မြစ်ကြီးနား၊ မိတ္ထီလာ စတဲ့လေတပ်စခန်းတွေက တက်လာတဲ့ တိုက်လေယာဉ်တွေ Y12 လေယာဉ်တွေအသုံးပြုပြီး ဗန်းမော်မြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ တနေ့လုံးလုပ်ခဲ့တယ်လို့ သိရပါ တယ်။ 

မနေ့မနက် နာရီခွဲခန့်မှာ ဗန်းမော်မြို့ကို Y12 လေယာဉ်နဲ့ စတင်တိုက်ခိုက်ခဲ့ပြီး တိုက်လေယာဉ်တွေနဲ့လည်း တနေကုန် နီးပါး ဆက်တိုက် ပစ်ကူပေးတိုက်ခိုက်ခဲ့တယ်လို့ လေကြောင်းတိုက်ခိုက်မှု မှတ်တမ်းတွေအရ သိရပါတယ်။

 စစ်ကောင်စီအနေနဲ့ ဗန်းမော်မြို့ကို ရဟတ်ယာဉ်တွေနဲ့လာရောက်ပြီး အင်အားဖြည့်တင်းနိုင်တဲ့ အခြေအနေမရှိတော့ဘူးလို့ ဒေသတွင်း သတင်းရင်းမြစ်တွေကလည်း အသိပေးပါတယ်။

ဗန်းမော်တိုက်ပွဲမှာ အထိနာနေတဲ့စစ်ကောင်စီဟာ မနေ့ နေ့လယ်ပိုင်းမှာ KIA ဌာနချုပ် လိုင်ဇာမြို့ကို အသေခံဒရုန်းသုံးပြီး လေကြောင်းတိုက်ခိုက်မှု ကြိမ်ပြုလုပ်ခဲ့ပေမယ့် လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။  

စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုတွေ ဆက်တိုက်ရှိနေတာကြောင့် ဒေသသတင်းရင်းမြစ်အချို့က ကချင်ဘာသာနဲ့ လေကြောင်းရန်သတိပြုကြဖို့ လူမှုကွန်ရက်တွေကနေ ရေးသားနှိုးဆော်နေကြပါတယ်။

ဗန်းမော်မြိုနယ်တခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ အဓိက စခန်းကြီးတွေဖြစ်တဲ့ စကခ ၂၁ နဲ့ ခလရ ၄၇ တို့သာကျန် တော့တဲ့အတွက် KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ ဆက်လက်ထိုးစစ်ဆင်နေချိန်မှာ စစ်ကောင်စီကလည်း ဗန်းမော်မြို့ မကျရေး လေကြောင်းနဲ့ ဒရုန်းတွေသုံးပြီး အစွမ်းကုန် ခုခံနေတာပဲဖြစ်ပါတယ်။


========================


🚩🚩 ၂။ နတ်တလင်းနယ်က ရဲကင်းစခန်းထဲဝင်ပြီး လက်ပစ်ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲတဦး ခြေပြတ်သွားပြီး တဦးလက်ပြတ် 


ဇန်နဝါရီလ ၂၅ရက် 


ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင် နတ်တလင်းမြို့နယ်မှာရှိတဲ့ ရဲကင်းစခန်းထဲကို PDF ရဲဘော်များ ဝင်ရောက်ပြီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲတဦး ခြေထောက်ပြတ်သွားသလို တဦး လက်ပြတ်သွားတယ်လို့ သာယာဝတီခရိုင် အမှတ် တပ်ရင်းက ထုတ်ပြန်ပါတယ်။

နတ်တလင်းမြို့နယ် ဒမငယ်ကျေးရွာက ရဲကင်းစခန်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ၂ Phoenix D F က ရဲဘော် တွေ ဇန်နဝါရီ ၂၂ရက် နေ့လည် နာရီ ၄၅ မိနစ်ခန့်အချိန်မှာ လက်ပစ်ဗုံးနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အခုလို စခန်းထဲဝင်ပြီး တိုက်ခိုက်ခဲ့တာကြောင့် စခန်းထဲမှာရှိနေတဲ့ ရဲတဦး လက်တဖက်ပြတ်သွားသလို တဦးက ခြေတဖက် ပြတ်သွားတဲ့အပြင် သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေထပ်ရှိနိုင်သေးတယ်လို့ ဆိုပါတယ်။

အဲဒီစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးခန့်ရှိနေချိန် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ခြေပြတ် လက်ပြတ်ဖြစ်သွားသူတွေကို ပြည် မြို့က ဆေးရုံကို ပို့ထားတယ်လို့ သိရပါတယ်။ 

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ အနေနဲ့ စစ်သား၊ ရဲ၊ ပျူစောထီးတွေနဲ့ စစ်ကောင်စီထောက်တိုင်တွေကို အခါအခွင့်သင့် တိုင်း တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ သူတို့ရှိတဲ့နေရာတွေမှာ သွားလာနေထိုင်တာတွေ မလုပ်ကြဖို့  အသိပေးထားပါတယ်။


========================


🚩🚩 ၃။⁨⁨ ကလေး GTC ကိုလာတဲ့ စစ်ကား စီးကို မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်သားတဦးသေဆုံး 


ဇန်နဝါရီလ ၂၅ရက် 


စစ်ကိုင်းတိုင်း ကလေးမြို့ပေါ်ကနေ ကလေး GTC ဘက်ထွက်လာတဲ့ စစ်ကား စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားတဦး သေဆုံးပြီး ဒရုန်းတစင်းနဲ့ Jammer လုံး ပျက်စီးသွားတယ်လို့ ကလေးခရိုင် မိုင်းတပ်ဖွဲ့က ပြောပါတယ်။ 

ကလေးခရိုင် မိုင်းတပ်ဖွဲ့ရဲ့ တတိယမြောက် ဂျိမ်း မစ်ရှင်အဖြစ် ကလေးမြို့တွင်ကနေ ဒရုန်းနဲ့ Jammerတွေ သယ်ဆောင် လာတဲ့ စစ်ကား ၂စီးကို ဇန်နဝါရီ ၂၂ ရက် မနက် နာရီခွဲခန့်မှာ အဝေးထိန်းမိုင်း လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဇန်နဝါရီ ၂၃ ရက် နေ့လည် ၁၂ နာရီခွဲခန့်မှာလည်း ကလေးမြို့ထဲကနေ အကြမ်းဖက် စစ်သား ၅၀ ခန့်တင်ဆောင်ပြီး GTC ဘက်ထွက်လာတဲ့ စစ်ကားအကြီး စီးကို အဝေးထိန်းမိုင်း လုံးနဲ့ ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကားတွေရပ်တန့်သွားခဲ့ ကြောင့် အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးမှုများနိုင်ပြီး အရေအတွက်ကိုတော့ အတည်ပြုနေဆဲလို့ ဆိုပါတယ်။ 

အခုလို မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတဲ့အတွက် စစ်တပ်ဘက်က လက်နက်ကြီးတက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာရှိ ပေမယ့် တော်လှန်ရေးရဲဘော်တွေ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ကလေးခရိုင် မိုင်းတပ်ဖွဲ့ ကဦးဆောင်ပြီး Operation Mo Mo မြို့နယ် ပကဖ တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၄။ ပုသိမ်ခရိုင်က ရဲတပ်ဖွဲ့ဝင်တွေ အလွယ်တကူလက်နက်မချဖို့ ရဲချုပ်ကိုယ်တိုင် စည်းရုံးရေးလာဆင်း


ဇန်နဝါရီလ ၂၅ရက် 


ဧရာဝတီတိုင်း ပုသိမ်ခရိုင်ထဲက ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ တိုက်ပွဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ အလွယ်တကူလက်နက်မချဖို့ စစ်ကောင်စီလက်အောက်ခံ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး စည်းရုံးရေးဆင်းသွားတယ်လို့ ဒေသတွင်းသတင်းရင်း မြစ်တွေက ပြောပါတယ်။

ပုသိမ်မြို့မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ တိုင်းရဲတပ်ဖွဲ့ရုံးကို ဇန်နဝါရီလ ၂၃ ရက်နေ့ကရောက်ရှိလာတဲ့ ရဲချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက ပုသိမ်ခရိုင်ထဲမှာရှိတဲ့ ရဲစခန်းတွေက ရဲတပ်ဖွဲ့ဝင်တွေကို  စည်းရုံးရေးဆင်းနေ တာလို့ ဆို့ပါတယ်။

ရဲချုပ်က အလွယ်တကူလက်နက်မချဖို့ အလံဖြူမထောင်ကြဖို့ အဓိကပြောကြားသွားပေမယ့် ရဲစခန်းတွေရဲ့အနေအထားနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့အခက်အခဲကို တင်ပြခွင့်မရခဲ့ကြဘူးလို့ သိရပါတယ်။ 

ဒီနေ့ ဇန်နဝါရီ ၂၅ ရက် မနက်ပိုင်းမှာတော့ သာပေါင်းမြို့နယ်နဲ့ ချောင်းသာမြို့နယ်ဘက်ကိုဆင်းပြီး အဲဒီမှာရှိတဲ့ရဲတပ်ဖွဲ့ကို စည်းရုံးရေးဆင်းနေတယ်လို့ ဒေသသတင်းရင်းမြစ်တခုဖြစ်တဲ့ ပုသိမ်သတင်းအထူးတပ်ဖွဲ့က ပြောပါတယ်။

 ရဲချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးဟာ မနှစ် ဒီဇင်ဘာလကုန်ပိုင်းတုန်းကလည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ မြစ်ကြီးနားမြို့ကိုရောက်လာခဲ့ပြီး ရဲစခန်းတွေကိုစစ်ဆေးခဲ့ရာမှာ တိုက်ပွဲတွေဖြစ်လာတဲ့အခါ အလွယ်တကူ လက်နက်မချဖို့ ရဲတပ်ဖွဲ့ဝင်တွေကို သတိပေးခဲ့ပါသေးတယ်။

ရဲချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး မြစ်ကြီးနားမြို့ကိုရောက်လာခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေ လနက်နက်မချဖို့ စည်းရုံးပြောဆို ခဲ့ချိန်ဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ဗန်းမော်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေချိန်ဖြစ်ပါတယ်။

အခု ပုသိမ်မြို့ကိုလာရောက်ချိန်ဟာလည်း ရခိုင့်တပ်တော် AA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ရခိုင်နဲ့ဧရာဝတီတိုင်း အစပ်က မြို့နယ်တွေမှာရှိတဲ့ စစ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နေတဲ့အချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေကို လာရောက်စည်းရုံး နေတာပဲဖြစ်ပါတယ်။


========================


🚩🚩 ၅။ ပုဂံ-ညောင်ဦးနယ်မှာ စစ်တပ်က PDF တွေအဖြစ်အယောင်ဆောင်လှုပ်ရှားမူတွေရှိနေတယ်လို့ ညောင်ဦးပကဖ ပြော


ဇန်နဝါရီလ ၂၅ရက် 


မန္တလေးတိုင်းထဲက ပုဂံ-ညောင်ဦးနယ်တဝိုက်မှာ စစ်တပ်က PDF တွေအဖြစ် အယောင်ဆောင် လှုပ်ရှားမူတွေရှိနေတယ်လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အခုရက်ပိုင်းမှာ ညောင်ဦးမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ ပုဂံမြို့သစ်နဲ့ စဉ့်ကူးမြို့နယ်ကြားမှာ ဓားပြမှု၊ လုယက်မှုနဲ့ ဖုန်း နဲ့ ခြိမ်းခြောက်ငွေတောင်းတာတွေ ဆက်တိုက်ဖြစ်နေတယ်လို့လည်း အသိပေးပါတယ်။

ဒါကြောင့် ပြည်သူလူထုအနေနဲ့ မိမိတို့သိရှိထားတဲ့ သတင်းအချက်အလက်တွေကို ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဖြစ်တဲ့ ပုဂံပြည်ဘီလူးတပ်ကို ဆက်သွယ်သတင်းပေးကြဖို့လည်း နှိုးဆော်ထားပါတယ်။ 

ဓားပြမှုနဲ့ လုယက်မှုတွေကို အမြန်ဆုံးအရေးယူနိုင်ဖို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စီစဉ်နေပြီဖြစ်တဲ့ အတွက်  ဒီနယ်မြေမှာ လှုပ်ရှားနေတဲ့ နယ်မြေခံတော်လှန်ရေးအဖွဲ့တွေအပါအဝင် အခြားဒေသကတော်လှန်ရေးအဖွဲ့တွေ အနေနဲ့ ညောင်ဦးမြို့နယ် ပကဖနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ တိုက်တွန်းထားပါတယ်။

အခုလို တိုက်တွန်းပြောဆိုရတာဟာ  ညောင်ဦးခရိုင်အတွင်းမှာ စစ်တပ်က PDF ပုံစံ အယောင်ဆောင်ပြီး အသွင်ယူ လှုပ်ရှား လာတွေလည်းရှိနေတဲ့အတွက် တော်လှန်ရေးတပ်တွေကြား မှားယွင်းလုပ်ဆောင်တာတွေမဖြစ်ရအောင် သတိပေးရတာ ဖြစ်တယ်လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်






#RadioNUGLocalNews

#SpringRevolution




Share:

No comments:

Post a Comment