၂၀၂၅ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ စစ်ဘေးရှောင်မိခင်နှင့်ကလေးများ အတွက် လူသားချင်းစာနာစိတ်ဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန (MOWYCA)ထံ ဂျပန်ယန်းငွေ ငါးသောင်း ( ယန်း ၅၀၀၀၀ ) ပေးအပ်လှူဒါန်း
📌 ၂။ ကျားဖြန့်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းဟာ အကြမ်းဖက်စစ်ကောင်စီအတွက် ဝင်ငွေရရှိနေတဲ့လမ်းကြောင်းတစ်ခုလည်းဖြစ်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူပြောကြား
📌 ၃။ IIMMကို အချက်အလက်များအထောက်အထားမျှဝေပေးတဲ့ ပုဂ္ဂိုလ်တွေဟာ မြန်မာနိူင်ငံတွင်းအန္တရာယ်တွေကြားထဲကနေ ဆက်သွယ်ပြီး ပေးပို့နေကြတာဖြစ်တယ်လို့ပြောကြား
📌 ၄။ သရုပ်ဆောင်ပိုင်ဖြိုးသုရဲ့ အကယ်ဒမီရုပ်"ကမ်ပိန်းကို ဖေဖော်ဝါရီလ (၂၀) ရက်နေ့၊ မြန်မာစံတော်ချိန် ည (၁၂) နာရီအထိပဲ ပါဝင်လို့ရမှာဖြစ်ကြောင်းအသိပေး
========================
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ လေကြောင်းတိုက်ခိုက်မှုဘေးအန္တရာယ်အသိပညာပေးကြေညာချက် ကာကွယ်ရေးဝန်ကြီးဌာနမှ အကြိမ်ကြိမ်ထုတ်ပြန်
🚩 ၂။ စစ်ရေးအခြေနေတင်းမာနေမှုကြောင့်ပွင့်ဖြူမြို့နယ်အတွင်းရှိ မုန်းချောင်းတစ်လျှောက် စက်လှေဖြင့်သွားလာခြင်းနဲ့ဓာတ်မီးအသုံးပြုခြင်းတို့ကို ရှောင်ကြဥ်ရန်အသိပေး
🚩 ၃။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၂၈၇) ဦးအထိရှိလာ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ စစ်ဘေးရှောင်မိခင်နှင့်ကလေးများ အတွက် လူသားချင်းစာနာစိတ်ဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန (MOWYCA)ထံ ဂျပန်ယန်းငွေ ငါးသောင်း ( ယန်း ၅၀၀၀၀ ) ပေးအပ်လှူဒါန်း
ဖေဖော်ဝါရီ၁၈ရက်
စစ်ဘေးရှောင်မိခင်နှင့်ကလေးများ အတွက် လူသားချင်းစာနာစိတ်ဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန (MOWYCA)ထံ ဂျပန်ယန်းငွေ ငါးသောင်း ( ယန်း ၅၀၀၀၀ ) ပေးအပ်လှူဒါန်းခဲ့ပါတယ်။အဆိုပါလှူဒါန်းမှုအားပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးကလက်ခံခဲ့ပါတယ်။
မြန်မာနိုင်ငံ အနှံ့အပြားတွင် စစ်အာဏာရှင်၏နှိပ်စက်မှုကြောင့် ဒုက္ခမျိုးစုံကြုံတွေ့နေရသော စစ်ဘေးရှောင်မိခင်နှင့်ကလေးများ အတွက် လူသားချင်းစာနာစိတ်ဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန (MOWYCA)ထံ ဂျပန်ယန်းငွေ ငါးသောင်း ( ယန်း ၅၀၀၀၀ ) ပေးအပ်လှူဒါန်းပေးပါသော We for All မိသားစုအား အထူးပင်ကျေးဇူးတင်ရှိအပ်တယ်လို့သတင်းထုတ်ပြန်ပါတယ်။
We for All မိသားစု အဖွဲ့ဝင်များအားလုံးလည်း ဘေးကင်းကျန်းမာပြီး နိုင်ငံ့အကျိုး ၊ ပြည်သူ့အကျိုးကို ဒီထက်မက ဆထက်ထမ်းပိုး ဆက်လက် ဆောင်ရွက်နိုင်ပါစေကြောင်း MOWYCA မှ ဆုမွန်ကောင်းမေတ္တာပို့သထားပါတယ်။
========================
📌📌 ၂။ ကျားဖြန့်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းဟာ အကြမ်းဖက်စစ်ကောင်စီအတွက် ဝင်ငွေရရှိနေတဲ့လမ်းကြောင်းတစ်ခုလည်းဖြစ်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူပြောကြား
ဖေဖော်ဝါရီ၁၈ရက်
ကျားဖြန့်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းဟာ အကြမ်းဖက်စစ်ကောင်စီအတွက်ဝင်ငွေရရှိနေတဲ့လမ်းကြောင်းတစ်ခုလည်းဖြစ်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ“ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဉ်မှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကပြောပါတယ်။
"မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းလေးနှစ်တာကာလအတွင်းမှာစစ်အာဏာရှင်တွေနဲ့အပေါင်းအပါလက်နက်ကိုင်များထိန်းချုပ်နယ်မြေတွေမှာ ကျားဖြန့်အွန်လိုင်းလိမ်လည်ခြင်းနဲ့ရာဇဝတ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်ကျူးလွန်နေကြပါတယ်။ရန်ကုန်လိုမြို့ကြီးတွေမှာလည်းဖြစ်ပေါ်နေတာကြားသိနေရပါတယ်။ကျားဖြန့်လုပ်ငန်းဟာဆိုရင်လူသိန်းနဲ့ချီဒုက္ခပင်လယ်ဝေအောင် လုပ်နေတဲ့နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုခင်းဖြစ်ပါတယ်။အကြမ်းဖက်စစ်ကောင်စီအတွက်ဝင်ငွေရရှိနေတဲ့လမ်းကြောင်းတစ်ခုလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံသူ၊နိုင်ငံသားတွေအပြင်အိမ်နီးချင်းနိုင်ငံတွေနဲ့ဒေသတွင်းနိုင်ငံတွေ၊အဝေးကြီးမှာရှိနေတဲ့အမေရိကန်နိုင်ငံသားတွေတောင် ထိခိုက်နစ်နာတာ၊လိမ်လည်ခံနေရတာကိုသိရှိနေရပါတယ်။
မြန်မာနိုင်ငံတောင်းပိုင်းမှာဖြစ်နေတဲ့ကျားဖြန့်ပြဿနာကိုထိုင်းနိုင်ငံနဲ့တရုတ်နိုင်ငံကကိုင်တွယ်ဖြေရှင်းမှုအားအမျိုးသားညီညွတ်ရေးအစိုးရကကြိုဆိုကြောင်း သတင်းရရှိပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့မဟာမိတ်တွေနဲ့ပူးတွဲကြေညာသလိုပါပဲ။ကျနော်တို့အနေနဲ့ ဒီကျားဖြန့်ကိုပူးတွဲတိုက်ဖျက်ဖို့ အဆင်သင့်ရှိတယ်ဆိုတာကို ထပ်လောင်းပြောကြားချင်ပါတယ်"လို့ ဦးကျော်ဇော်ကပြောပါတယ်။
========================
📌📌 ၃။ IIMMကို အချက်အလက်များအထောက်အထားမျှဝေပေးတဲ့ ပုဂ္ဂိုလ်တွေဟာ မြန်မာနိူင်ငံတွင်းအန္တရာယ်တွေကြားထဲကနေ ဆက်သွယ်ပြီး ပေးပို့နေကြတာဖြစ်တယ်လို့ပြောကြား
IIMMကို အချက်အလက်များအထောက်အထားမျှဝေပေးတဲ့ ပုဂ္ဂိုလ်တွေဟာ မြန်မာနိူင်ငံတွင်းအန္တရာယ်တွေကြားထဲကနေ ဆက်သွယ်ပြီး ပေးပို့နေကြတာဖြစ်တယ်လို့ ဥရောပလွှတ်တော်၏ လူ့အခွင့်အရေးဆိုင်ရာ ဆပ်ကော်မတီ၌ နီကိုလပ်စ်ခွန်ဂျန်က ပြောကြားခဲ့ပါတယ်။ဖေဖော်ဝါရီ၁၈ရက်မှာ IIMMအကြီးအကဲ နီကိုလပ်စ်ခွန်ဂျန် ပြောကြားချက်ကိုဖော်ပြပါတယ်။
"ကျွန်တော်တို့ကို အထောက်အထားမျှဝေပေးတဲ့ ပုဂ္ဂိုလ်တွေက အန္တရာယ်တွေကြားထဲကနေ ဆက်သွယ်ပြီး ပေးပို့နေကြတာပါ။ နိုင်ငံတွင်းကလူတွေနဲ့လည်း ကျွန်တော်တို့ အဆက်အသွယ်ရှိနေပါတယ်။ သူတို့တွေက ရဲရင့်စွာနဲ့ အထောက်အထားတွေ မျှဝေပေးတဲ့အတွက် ကျွန်တော်တို့က ကျေးဇူးတင်ရပါတယ်။ ဒါ့အပြင် ဥရောပသမဂ္ဂရဲ့ ပံ့ပိုးမှုတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောလိုတယ်။ မြန်မာနိုင်ငံမှာ ပြစ်ဒဏ်ကင်းလွတ်နေမှု ချုပ်ငြိမ်းစေဖို့၊ တည်မြဲတဲ့ ငြိမ်းချမ်းရေးရရှိနိုင်ဖို့ ကြိုးပမ်းရာမှာ သင်တို့ရဲ့ အကူအညီကို ကျွန်တော်တို့ လိုအပ်ပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ ထိခိုက်နစ်နာသူများနဲ့ မျက်မြင်သက်သေများရဲ့ ထွက်ဆိုချက်ပေါင်း ၄၅၀ ကျော် အပါအဝင် ရင်းမြစ်ပေါင်း ၁၀၀၀ ကျော်မှ အချက်အလက်တွေကို IIMMယန္တရားက ရရှိထားပါတယ်။
ယန္တရားက နိုင်ငံတကာရာဇ၀တ်မှုခုံရုံး၊ နိုင်ငံတကာတရားရုံးနဲ့ အာဂျင်တီးနားတရားရုံးရှိ ရိုဟင်ဂျာဆိုင်ရာ အမှုများ ဆောင်ရွက်နေတဲ့ တရားရေးအာဏာပိုင်တွေထံ အချက်အလက်ပေါင်း တစ်သန်းကျော်နဲ့ စိစစ်သုံးသပ် ချက် ဖိုင်ပေါင်း ၁၀၀ နီးပါးကို မျှဝေထားပါတယ်။
========================
📌📌 ၄။ သရုပ်ဆောင်ပိုင်ဖြိုးသုရဲ့ အကယ်ဒမီရုပ်"ကမ်ပိန်းကို ဖေဖော်ဝါရီလ (၂၀) ရက်နေ့၊ မြန်မာစံတော်ချိန် ည (၁၂) နာရီအထိပဲ ပါဝင်လို့ရမှာဖြစ်ကြောင်းအသိပေး
ဖေဖော်ဝါရီ၁၇ရက်
သရုပ်ဆောင်ပိုင်ဖြိုးသုရဲ့ အကယ်ဒမီရုပ်"ကမ်ပိန်းကို ဖေဖော်ဝါရီလ (၂၀) ရက်နေ့၊ မြန်မာစံတော်ချိန် ည (၁၂) နာရီအထိပဲ ပါဝင်လို့ရမှာဖြစ်ကြောင်းအသိပေးဖော်ပြပါတယ်။
အကယ်ဒမီရုပ်"ကမ်ပိန်းကို ဖေဖော်ဝါရီလ (၂၀) ရက်နေ့၊ မြန်မာစံတော်ချိန် ည (၁၂) နာရီအထိပဲ ပါဝင်လို့ရမှာ ဖြစ်ပါတယ်။ ကမ်ပိန်းအပြီး ဖေဖော်ဝါရီလ (၂၁) ရက်နေ့မှာ တခါတည်း မဲနှိုက်ရွေးချယ်မှာဖြစ်တဲ့အတွက် အချိန်မီ ပြင်ဆင်ဆောင်ရွက်ရမယ့် ကိစ္စတချို့ ရှိတာကြောင့် သတ်မှတ်ချိန်ကျော်တာနဲ့ ဒီကမ်ပိန်းမှာ ပါဝင်ထောက်ပံ့လို့ ရနိုင်တော့မှာ မဟုတ်ပါဘူးလို့ ArtistsShelterက အသိပေးဆိုထားပါတယ်။
မဲနှိုက်ရွေးချယ်တဲ့အစီအစဉ်ကို သရုပ်ဆောင် ပိုင်ဖြိုးသု နဲ့အတူ အနုပညာရှင်တချို့က ပြုလုပ်ပေးသွားမှာဖြစ်ပြီး၊ Facebook နဲ့ YouTube တို့ကနေလည်း တိုက်ရိုက် Live အနေနဲ့ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသု ရဲ့ "အကယ်ဒမီရုပ်" ကမ်ပိန်းကို ဖေဖော်ဝါရီလ ( ၁ ) ရက်နေ့ကနေ ဖေဖော်ဝါရီလ ( ၂၀ ) ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ကမ်ပိန်းမှာ နိုင်ငံအလိုက် တာဝန်ယူထားတဲ့ သက်ဆိုင်ရာ Fundraiser တွေဆီကတဆင့် မိမိ စိတ်တိုင်းကျ ငွေကြေးပမာဏကို ထည့်ဝင်လှူဒါန်းနိုင်မှာဖြစ်ပြီး၊ ပါဝင်မှု တကြိမ်စီတိုင်းအတွက် Serial No. ပါတဲ့ ဂုဏ်ပြုမှတ်တမ်း တစောင်စီ ရရှိနိုင်မှာ ဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ လေကြောင်းတိုက်ခိုက်မှုဘေးအန္တရာယ်အသိပညာပေးကြေညာချက် ကာကွယ်ရေးဝန်ကြီးဌာနမှ အကြိမ်ကြိမ်ထုတ်ပြန်
ဖေဖော်ဝါရီ၁၈ရက်
လေကြောင်းတိုက်ခိုက်မှုဘေးအန္တရာယ်အသိပညာပေးကြေညာချက်ကို ကာကွယ်ရေးဝန်ကြီးဌာနမှ အကြိမ်ကြိမ်ထုတ်ပြန် လျက်ရှိပါတယ်။
လေကြောင်းတိုက်ခိုက်မှုဘေးအန္တရာယ် ကြုံတွေ့ရချိန်တွင် ထိခိုက်မှုအနည်းဆုံးဖြစ်ရန် ကာကွယ်နေထိုင်ဖို့ NUGကာကွယ်ရေးဝန်ကြီးဌာန လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြလျက်ရှိပါတယ်။
အဆောက်အအုံအတွင်း ဓါတုလက်နက် ကျရောက်ပါက
(၁) စိတ်တည်ငြိမ်စွာထားပါ။
(၂) ဓာတုလက်နက် ထိမှန်ထားသည့် နေရာအနီး တဝိုက်သို့ အကာအကွယ် ဝတ်စုံမပါဘဲ သွားရောက်ခြင်း၊ လက် ဗလာဖြင့် ပစ္စည်းများကို ကိုင် တွယ်ခြင်း၊ လူနာများကို ကြည့်ရှုခြင်း မပြုလုပ်ရပါ။
(၃) ဓာတုဓာတ်ငွေ့၊ အရည် သို့မဟုတ် အမှုန်များနှင့် ဝေးရာဘက်သို့ ပြေးထွက် ပါ။
(၄) လေဝင် လေထွက် ကောင်းသော ဟင်းလင်းပြင်နေရာ၊ လေတင်ဘက် နေရာ၊ အမြင့်ပိုင်းနေရာသို့ ရောက် အောင် သွားသင့်ပါသည်။
(၅) ဝတ်ဆင်ထားသော အဝတ်အစားများကို ဖယ်ရှား၍ ပလတ်စတစ် အိတ်တွင် လုံခြုံစွာ ထည့်သွင်းပါ။
(၆) ရေနှင့် ဆပ်ပြာများများ သုံး၍ ဓာတုပစ္စည်းများ ဆေးကြော သန့်စင်ခြင်း ဆောင်ရွက်ပါ။ “ဆေး – သုတ် – ဆေး” (Rinse – Wipe – Rinse) နည်းစနစ်ဖြင့် ဆေးကြောသန့်စင်ပါ။
(၇) အဝတ်အစားသစ် လဲလှယ်ဝတ်ဆင်ပါ။
(၈) အဆိပ်သင့်လက္ခဏာများ ရှိမရှိကို စောင့်ကြည့်ပါ။
(၉) အဆိပ်သင့်လက္ခဏာများ မပြသေးသော်လည်း ထိတွေ့မှုရှိခဲ့ပါက ကျန်မာရေးစောင့်ရှောက်မှု ပေးနိုင်သည့် နေရာတွင် သွားရောက်ပြသသင့်ပါသည်။
စစ်ကောင်စီသည် အရပ်သားများအပေါ် လေကြောင်းအသုံးပြုတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသောကြောင့် အရပ်သားပြည်သူများအနေဖြင့် လေကြောင်းတိုက်ခိုက်မှု ဘေးအန္တရာယ်ကြုံတွေ့ရချိန်တွင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် မည်သို့ပြုမူနေထိုင်ရမည်ကို သိရှိစေရန် ရည်ရွယ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါသည်။
========================
🚩🚩 ၂။ စစ်ရေးအခြေနေတင်းမာနေမှုကြောင့်ပွင့်ဖြူမြို့နယ်အတွင်းရှိ မုန်းချောင်းတစ်လျှောက် စက်လှေဖြင့်သွားလာခြင်းနဲ့ဓာတ်မီးအသုံးပြုခြင်းတို့ကို ရှောင်ကြဥ်ရန်အသိပေး
ဖေဖော်ဝါရီ၁၈ရက်
စစ်ရေးအခြေနေတင်းမာနေမှုကြောင့် ပွင့်ဖြူမြို့နယ်အတွင်းရှိ မုန်းချောင်းတစ်လျှောက် စက်လှေဖြင့်သွားလာခြင်းနဲ့ဓာတ်မီးအသုံးပြုခြင်းတို့ကို ရှောင်ကြဥ်ရန် အသိပေးကြေညာထားပါတယ်။
ဖေဖော်ဝါရီ၁၈ရက် ပွင့်ဖြုပကဖကအသိပေးချက်အရ စစ်ရေးအခြေနေတင်းမာနေမှုကြောင့် ပွင့်ဖြူမြို့နယ်အတွင်းရှိ မုန်းချောင်းတစ်လျှောက် စက်လှေဖြင့်သွားလာခြင်း၊ ဓာတ်မီး(ဒေသအခေါ် ဒုန်မီး)အသုံးပြုခြင်းတို့ကို ည ၆ နာရီမှ နံနက် ၆ နာရီအတွင်းမပြုလုပ်ကြပါရန် အသိပေးကြေညာထားပါတယ်။
========================
🚩🚩 ၃။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၂၈၇) ဦးအထိရှိလာ
ဖေဖော်ဝါရီ၁၈ရက်
အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၂၈၇) ဦးအထိရှိလာပြီကြောင်း AAPPရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၂၈၇) ဦး ရှိခဲ့ပြီဖြစ်တယ်လို့ဖော်ပြပါတယ်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၅၇၉) ဦးရှိပြီး ထိုအထဲမှ (၂၁၈၃၃) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၃၃၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်
No comments:
Post a Comment