၂၀၂၅ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ စစ်အာဏာရှင်တွေဟာ အချိန်တိုင်းမှာ ပြည်သူကို နှိပ်စက်ဖို့ အတွေးတွေအပြင် အချင်းချင်းသွေးခွဲဖို့ နည်းလမ်းရှာနေသူတွေဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် ဆို
📌 ၂။ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးနဲ့ NUG ဂျပန်နိုင်ငံကိုယ်စားလှယ်ရုံးအဖွဲ့ဝင်များ တွေ့ဆုံ၊ ဂျပန်နိုင်ငံရောက် မြန်မာအလှူရှင်များ၏ ပံ့ပိုးငွေများကို စစ်ရှောင်စခန်းများနှင့် ကလေးငယ်များ၏ ပညာရေး အစီအစဥ်များတွင် ပြန်လည်အသုံးပြုသွားမည်
📌 ၃။ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (ဒုတိယမူကြမ်း) ၏ ရှေ့လုပ်ငန်းစဉ်ဆိုင်ရာ အမြင်သဘောထားများနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး
📌 ၄။ မြန်မာနိုင်ငံကပြည်တွင်း နေရပ်စွန့်ခွာသူ ၃ ဒဿမ ၅ သန်းကျော် စံချိန်တင်ကာ အရပ်သား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ စိုးရိမ်ဖွယ်ရာများမြင့်တက်
📌 ၅။ စစ်ကိုင်းတိုင်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သား စုစုပေါင်း (၃၃) ဦး သေဆုံးခဲ့ပြီး အသက် (၁၈) နှစ်အောက် ကလေးငယ် (၇) ဦး ပါဝင်
📌 ၆။ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနှင့် တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံအတွင်း ခိုးဝင်လာသူ မြန်မာနိုင်ငံသား (၁၁၆) ဦးကို ထိုင်းစစ်တပ် ဖမ်းဆီ
========================
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ PSLF နှင့် စစ်ကောင်စီတို့၏ တွေ့ဆုံဆွေးနွေးပွဲ မအောင်မြင်ဘဲ ပြီးဆုံး
🚩 ၂။ မိုးမောက်မြို့နယ်၊ နန်းအီရှမ်းရွာနှင့် ဝက်ယင်းရွာကို စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု မိသားစုဝင် (၇) ဦးလုံး သေဆုံးပြီး (၉) ဦး ထိခိုက်ဒဏ်ရာရ
🚩 ၃။ KNU မူးမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား (၂) ဦး ဒဏ်ရာရ
🚩 ၄။ စဉ့်ကူးမြို့နယ်၊ လက်ပန်လှရွာ စာသင်ကျောင်းကို စလေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသမီး (၁) ဦးသေဆုံးပြီး (၂) ဦး ဒဏ်ရာရ
🚩 ၅။ ကြို့ပင်ကောက် ဘော်ဘင်ဆည်တွင် စစ်တပ် ထောင်ထားသော မိုင်းနင်းမိပြီး ဆည်ဝန်ထမ်း (၁) ဦး ခြေထောက်ပြတ်
🚩 ၆။ မြိုင်မှာ စစ်ကောင်စီ ယာဉ်တန်းနဲ့ စစ်ကြောင်းကို နှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့၊ အထိနာသွားတဲ့ စစ်ကောင်စီတပ်က အရပ်သား တဦးကို မီးရှို့သတ်ဖြတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး
🚩 ၇။ ပုသိမ်-မုံရွာ ကားလမ်းပေါ်မှာ စစ်ကောင်စီ တပ်ဖွဲ့များကို (၂) ရက်ဆက် တိုက်ခိုက်ခဲ့ရာ (၅) ဦးထက်မနည်း သေဆုံးပြီး (၈) ဦးခန့် ဒဏ်ရာရ
🚩 ၈။ နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းမှ ရိက္ခာရှာရန် ထွက်လာသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု (၃) ဦးသေဆုံးပြီး သေနတ် (၂) လက် သိမ်းဆည်းရရှိ
🚩 ၉။ ပေါက်ခေါင်းက စစ်ကောင်စီဂိတ်များကို စားနပ်ရိက္ခာ ပို့ဆောင်ပေးနေတဲ့ ကား (၂) စီးကို ကြားဖြတ် တိုက်ခိုက်
🚩 ၁၀။ အမှတ် (၄၀၂) အမြှောက်တပ်က စစ်မှုထမ်း တပ်သား တဦး သထုံမြို့ပြ အထူးပြောက်ကျားအဖွဲ့ထံ အလင်းဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ စစ်အာဏာရှင်တွေဟာ အချိန်တိုင်းမှာ ပြည်သူကို နှိပ်စက်ဖို့ အတွေးတွေအပြင် အချင်းချင်းသွေးခွဲဖို့ နည်းလမ်းရှာနေသူတွေဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် ဆို
စစ်အာဏာရှင်တွေဟာ အချိန်တိုင်းမှာ ပြည်သူကို နှိပ်စက်ဖို့ အတွေးတွေအပြင် အချင်းချင်းသွေးခွဲဖို့ နည်းလမ်းရှာနေသူတွေဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဖေဖော်ဝါရီ (၁၈) ရက်နေ့မှာမှာ ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ (၆/၂၀၂၅) အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “တော်လှန်ရေးတစ်ခုဟာ အချိန်ကြာလာတာနဲ့အမျှ စိန်ခေါ်မှုတွေကလည်း ပိုများလာတတ်ပါတယ်။ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ရန်သူဟာ နှစ်ပေါင်းများစွာ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို နည်းမျိုးစုံ၊ ပုံစံမျိုးစုံနဲ့ နှိပ်ကွပ်ပြီး နိုင်ငံတကာ မျက်နှာစာပေါ်ပြန်ပြန် တက်လာတဲ့ စစ်အာဏာရှင်တွေဖြစ်တာကြောင့် ကျွန်တော်တို့အနေနဲ့ ရန်သူကို အထင်ကြီးစရာ မလိုသလို အထင်လည်းသေးလို့မရပါဘူး။ သူတို့ဟာ အချိန်တိုင်းမှာ ပြည်သူကို နှိပ်စက်ဖို့ အတွေးတွေအပြင် အချင်းချင်းသွေးခွဲဖို့ နည်းလမ်းရှာနေသူတွေဖြစ်သလို နိုင်ငံတကာမျက်နှာ စာပေါ်ကိုလည်း ရတဲ့နည်းနဲ့ တက်နိုင်ဖို့ ကြိုးစားနေကြမယ့်လူတွေ ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့အနေနဲ့ သတိကြီးကြီးထားပြီး စောင့်ကြည့်နေဖို့လိုသလို ပြင်ဆင်သင့်တာတွေ ကို ကြိုပြင်ဆင်ကြရမှာ ဖြစ်ပါတယ်။” လို့ ပြောကြားထားပါတယ်။
ဆက်လက်ပြီးတော့လည်း “ နှစ်ပေါင်းများစွာ တော်လှန်ရေးလုပ်လာကြတဲ့ တိုင်းရင်းသားအဖွဲ့တွေအတွက်ပဲ ဖြစ်ဖြစ်၊ နှစ်ပေါင်းများစွာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်လာကြတဲ့ တော်လှန်ရေး အင်အားစုတွေအတွက်ဖြစ်ဖြစ် ဒီတကြိမ်ကတော့ အမြစ်ဖြတ်ရမယ့်ပွဲလို့ စိတ်ထဲမှတ်ပြီး အချိန်မဆွဲကြပဲ အားလုံးအတူတူ ရုန်းကြရမယ့် အချိန်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ မညီညွတ်ရင် အရင့်အရင် ကာလတွေလိုမျိုးပဲ တစ်ဖွဲ့ချင်းစီကို ဖဲ့ထုတ်ပြီး သွေးခွဲရေးလမ်းစဥ်နဲ့ တော်လှန်ရေးကို အင်အားချိနဲ့အောင် လုပ်လာမှာပဲ ဖြစ်ပါတယ်။ ဒီအခြေအနေမျိုးတွေ ထပ်ခါထပ်ခါဖြစ်မလာအောင် ကျွန်တော်တို့အားလုံး ရုန်းကန် ကျော်လွှားကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က စစ်တောင်းအလွန်ခရီးစဉ် Report ကို တင်ပြ ဆွေးနွေးခဲ့ရာ ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားပြီးနောက် အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။
အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေနဲ့ ဒုတိယဝန်ကြီးတွေ တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
========================
📌📌 ၂။ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးနဲ့ NUG ဂျပန်နိုင်ငံကိုယ်စားလှယ်ရုံးအဖွဲ့ဝင်များ တွေ့ဆုံ၊ ဂျပန်နိုင်ငံရောက် မြန်မာအလှူရှင်များ၏ ပံ့ပိုးငွေများကို စစ်ရှောင်စခန်းများနှင့် ကလေးငယ်များ၏ ပညာရေး အစီအစဥ်များတွင် ပြန်လည်အသုံးပြုသွားမည်
အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးနှင့် ဝန်ကြီးဌာနအကြံပေးဖြစ်သူ ဒေါ်ရွှေရွှေစိန်လတ်တို့သည် ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးမှ ကိုယ်စားလှယ် ဦးစောဘလှသိန်းနှင့် အဖွဲ့ဝင်များအား တွေ့ဆုံခဲ့ကြောင်း ဖေဖော်ဝါရီလ (၁၉) ရက်မှာ သတင်းထုတ်ပြန်ဖော်ပြပါတယ်။
ထို့နောက် ရုံးလုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုများနှင့် သံတမန်ရေးရာ ကိစ္စရပ်များ၊ လက်ရှိနိုင်ငံရေးအခင်းအကျင်းများအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အဆိုပါဂျပန်နိုင်ငံခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးထံသို့ ဂျပန်နိုင်ငံမှ အလှူရှင်များဖြစ်ကြသော ဆရာမအေးအေးသော် (Ms.Uchida) မှ ယန်း 6,190၊ ဦးကြည်သာ (Mr.Hiroshi Uchida) မှ (အမေစု ၈၀ ပြည့်မွေးနေ့ အမှတ်တရ) ယန်း 8,000၊ မချိုချိုဦး (Yoshidome) မှ ယန်း 10,000၊ ရွှေကံကော်မိသားစုမှ ယန်း 10,000၊ ဦးရဲငြိမ်းမှ ယန်း 10,000 စီ အသီးသီး လှူဒါန်းခဲ့ကြကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ရရှိလာသော အလှူငွေများကို လိုအပ်မှုများစွာရှိနေသော ဒေသအသီးသီးမှ စစ်ရှောင်စခန်းများနှင့် ကလေးငယ်များ၏ ပညာရေး အစီအစဥ်များတွင်ပြန်လည် အသုံးပြုသွားမည်ဖြစ်ပြီး ဝိုင်းဝန်းလှူဒါန်းပေးခဲ့ကြသော ဂျပန်နိုင်ငံမှ တော်လှန် ညီအကို/ မောင်နှမများနှင့် မိသားစုများအား ဝန်ကြီးဌာနမှ ဝမ်းမြောက်ဝမ်းသာ အထူးပင်ကျေးဇူးတင်အပ်တယ်လို့ ဖော်ပြထားပါတယ်။
========================
📌📌 ၃။ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (ဒုတိယမူကြမ်း) ၏ ရှေ့လုပ်ငန်းစဉ်ဆိုင်ရာ အမြင်သဘောထားများနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး
စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီမှ တာဝန်ရှိသူများသည် (၂၀၂၅) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်နေ့၊ နံနက် (၀၉း၀၀)နာရီအချိန်တွင် Zoom Platform မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က သတင်းထုတ်ပြန်ပါတယ်။
အစည်းအဝေးပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၂) ဦးနှင့် ဗဟိုအလုပ်ကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ ဥက္ကဌ၊ ဒုဥက္ကဌနှင့် ယူနစ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကာ ရှေ့လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြတယ်လို့ သိရှိရပါတယ်။
ထို့နောက် တက်ရောက်လာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီမှ တာဝန်ရှိသူများကလည်း စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ (ဒုတိယမူကြမ်း) ၏ ရှေ့လုပ်ငန်းစဉ်ဆိုင်ရာ အမြင်သဘောထားများနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များများကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
========================
📌📌 ၄။ မြန်မာနိုင်ငံကပြည်တွင်း နေရပ်စွန့်ခွာသူ ၃ ဒဿမ ၅ သန်းကျော် စံချိန်တင်ကာ အရပ်သား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ စိုးရိမ်ဖွယ်ရာများမြင့်တက်
မြန်မာနိုင်ငံသည် ပြည်တွင်း နေရပ်စွန့်ခွာသူဦးရေ ခန့်မှန်းခြေ ၃ ဒဿမ ၅ သန်းကျော် စံချိန်တင်ကာ အရပ်သား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ စိုးရိမ်ဖွယ်ရာများ မြင့်တက်လာခြင်းတို့နှင့်အတူ ဖြစ်ပွားဆဲ ပဋိပက္ခများနှင့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များဖြင့် ဆက်လက်ရုန်းကန်နေရဆဲဖြစ်ကြောင်း UN OCHA Myanmar က ဖေဖော်ဝါရီလ (၁၉) ရက်မှာ ထုတ်ပြန်ပါတယ်။
အရှိန်မြင့်လာသည့် ပဋိပက္ခ၏ ရလာဒ်အဖြစ် မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်များကြောင့် သေဆုံးသူဦးရေမှာ ထိခိုက်မှု ပြင်းထန်သော အခြားနိုင်ငံများထက် ကျော်လွန်ကာ ကမ္ဘာ့အများဆုံး ဖြစ်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ပညာရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှုများ ပုံမှန်မရချိန်တွင် လူဦးရေ (၁၅) သန်းကျော်သည် စားနပ်ရိက္ခာမလုံလောက်မှုနှင့် ရင်ဆိုင်နေရပြီး သန်းပေါင်းများစွာသော ပြည်သူများသည် ဘေးကင်းလုံခြုံသော မှီခိုရာနေရာ (သို့မဟုတ်) သောက်သုံးရေ မရရှိဘဲ နေထိုင်နေကြရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
========================
📌📌 ၅။ စစ်ကိုင်းတိုင်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သား စုစုပေါင်း (၃၃) ဦး သေဆုံးခဲ့ပြီး အသက် (၁၈) နှစ်အောက် ကလေးငယ် (၇) ဦး ပါဝင်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကောက်ယူထားသော သတင်းအချက်အလက်များအရ (၂၀၂၅) ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ ဖေဖော်ဝါရီလ (၁၉) ရက်နေ့အထိ စစ်ကိုင်းတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၁၇) ဦး၊ အမျိုးသား (၁၆) ဦး စုစုပေါင်း (၃၃) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး အသက် (၁၈) နှစ်အောက် ကလေးငယ် (၇) ဦး ပါဝင်တယ်လို့ သိရပါတယ်။
အဆိုပါ သေဆုံးသူများအနက် စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် သေဆုံးသူ (၂၆) ဦး၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသူ (၄) ဦးနှင့် ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် သေဆုံးသူ (၃) ဦး ပါဝင်တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ယင်းမာပင်မြို့မရဲစခန်း၌ ထိန်းသိမ်းခံနေရသော နိုင်ငံရေးအကျဉ်းသား ကိုအေးလွင်သည် ကျန်းမာရေးကောင်းမွန်ခြင်းမရှိခဲ့ဘဲ လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု ဆေးဝါးကုသမှုတို့ မရရှိခဲ့သဖြင့် (၂၀၂၅) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ယင်းမာပင် မြို့မရဲစခန်းအချုပ်အတွင်း၌ သေဆုံးခဲ့ရတယ်လို့ သိရှိရပါတယ်။
========================
📌📌 ၆။ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနှင့် တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံအတွင်း ခိုးဝင်လာသူ မြန်မာနိုင်ငံသား (၁၁၆) ဦးကို ထိုင်းစစ်တပ် ဖမ်းဆီ
စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအပြင် မြန်မာနိုင်ငံထဲက တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်က ပွဲစားတွေနဲ့ ချိတ်ဆက်ပြီး ထိုင်းဘက်ကို တရားမဝင်လမ်းကြောင်းကနေ ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား (၁၁၆) ဦးကို ထိုင်းစစ်တပ်က ဖေဖော်ဝါရီလ (၁၈) ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းများအရ သိရပါတယ်။
ဖမ်းဆီးခံရသူများထဲမှာ ကလေးနဲ့ အမျိုးသမီးငယ် (၄၄) ဦး ပါဝင်ပြီး ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်ထဲက စံခလဘူရီမြို့မှာ ဖမ်းမိခဲ့တာလို့ ထိုင်းစစ်တပ်ရဲ့ ဗိုလ်ချုပ် အဆာဒဝွတ် ပန်ရာရချွန်က ပြောပါတယ်။
တစ်ယောက်ကို ဘတ် (၂၀,၀၀၀) နှုန်း ပွဲစားတွေကို ပေးခဲ့ရပြီး အဖမ်းခံလိုက်ရတဲ့ (၁၁၆) ဦးထဲက တချို့ကတော့ ထိုင်းကတဆင့် မလေးရှားနိုင်ငံအထိ ထွက်ပြေးဖို့ပါ စီစဉ်ထားတဲ့သူတွေလို့လည်း ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ PSLF နှင့် စစ်ကောင်စီတို့၏ တွေ့ဆုံဆွေးနွေးပွဲ မအောင်မြင်ဘဲ ပြီးဆုံး
ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ ကိုယ်စားလှယ်များနှင့် ကစထ (၁) မှူးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့် စစ်ကောင်စီတပ်ကိုယ်စားလှယ်တို့သည် တရုတ်အစိုးရ၏စီစဉ်ချက်အရ (၂၀၂၅) ခုနှစ် ဖေဖော်ဝါရီလ (၁၆) နှင့် (၁၇) ရက်တို့တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ ဟိုင်ဂင်ဟော်တယ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း PSLF/TNLAမှ သတင်းထုတ်ပြန်ထားပါတယ်။
ဆွေးနွေးပွဲတွင် နှစ်ဖက်တောင်းဆိုတင်ပြမှုများ အပြန်အလှန်ပြုလုပ်ခဲ့ကြပြီး၊ ဆွေးနွေးညှိနှိုင်းရန် ခက်ခဲသဖြင့် (၁၇) ရက်နေ့ ညနေပိုင်းတွင် တွေ့ဆုံပွဲ ပြီးဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး - PSLFမှ ပစ်ခတ်တိုက်ခိုက်မှုများ ရပ်တန့်နိုင်ရန်အတွက်
(၁) နှစ်ဖက်တပ် ရောက်ရှိသည့်နေရာတွင် ရပ်တန့်ထားပြီး အပစ်အခတ်ရပ်စဲရန်။
(၂) နှစ်ဖက်စလုံး ထိုးစစ်များ ပြုလုပ်ခြင်း၊ ဒရုန်းဖြင့်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေယာဉ်ဗုံးကြဲချခြင်းအစရှိသည့် စစ်ရေးလှုပ်ရှားမှုများအားလုံး ရပ်တန့်ရန်။
(၃) နှစ်ဖက်ထိန်းချုပ်နယ်မြေဒေသများတွင် ဒေသခံပြည်သူများ စားဝတ်နေရေးနှင့် ဆေးဝါးများ သယ်ဆောင်နိုင်ရန်အတွက် ဖြတ်သန်းသွားလာခွင့်ပြုရန်တို့ ညှိနှိုင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုခက်ခဲသည့် အခြေအနေရှိသောကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများအကြား ဆွေးနွေးပြင်ဆင်မှုများ ပြုလုပ်ပြီးပါက နောက်ထပ်တစ်ကြိမ် ပြန်လည်တွေ့ဆုံနိုင်ရန် တရုတ်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းက ဦးဆောင်ဆွေးနွေးပြီး တွေ့ဆုံမှုကို အဆုံးသတ်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ မိုးမောက်မြို့နယ်၊ နန်းအီရှမ်းရွာနှင့် ဝက်ယင်းရွာကို စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု မိသားစုဝင် (၇) ဦးလုံး သေဆုံးပြီး (၉) ဦး ထိခိုက်ဒဏ်ရာရ
ဖေဖော်ဝါရီလ (၁၉) ရက်နေ့ နံနက်အစောပိုင်း (၁း၁၉) နာရီခန့်တွင် မိုးမောက်မြို့နယ်၊ နန်းအီရှမ်းရွာနှင့် ဝက်ယင်းရွာတို့ကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ (၁) စီးဖြင့် ဗုံး (၄) လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကချင်သတင်းအရင်းအမြစ်များမှ သိရပါတယ်။
အဆိုပါလေကြောင်း တိုက်ခိုက်မှုအတွင်း ဝက်ယင်းရွာမှ အသက် (၅၃) နှစ်အရွယ် ဦးမောင်ဦး၊ အသက် (၅၆) နှစ်အရွယ် ဒေါ်အိုက်ဆော၊ အသက် (၂၅) နှစ်အရွယ် ဦးဆိုင်းလျန်း၊ အသက် (၂၂) နှစ်အရွယ် ဒေါ်ချယ်ရီထွေး၊ အသက် (၃) နှစ်အရွယ် မကာလိယ၊ အသက် (၁၀) နှစ်အရွယ် မယွန်းမီမီဆားနှင့် အသက် (၉) နှစ်အရွယ် မောင်းအောင်လင်းထက်တို့ မိသားစုဝင် (၇) ဦးလုံး သေဆုံးခဲ့ပြီး နန်းအီရွာမှာလည်း ပြည်သူ (၉) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ နေအိမ် (၄) လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ KNU မူးမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား (၂) ဦး ဒဏ်ရာရ
ကရင့်အမျိုးသား အစည်းအရုံး၊ KNU အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား (၂) ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ (၁၇) ရက်၊ ညနေ (၅း၂၄) နာရီခန့်မှာ မူးမြို့နယ်၊ ဘန်းလောင် ကျေးရွာထဲသို့ စစ်ကောင်စီရဲ့ ခမရ - ၅၉၉ တပ်က (၁၂၀) မမ လက်နက်ကြီး (၁) လုံးနဲ့ (၈၁) မမ လက်နက်ကြီး (၁) လုံး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် အသက် (၆၀) အရွယ် ဒေါ်စိုးရီ၏ ညာဘက် ခြေထောက် ထိခိုက်ဒဏ်ရာရခဲ့ကာ နေအိမ်နဲ့ ဆိုလာတစ်ချပ် ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဖေဖော်ဝါရီလ (၁၅) ရက်နေ့ ည (၉း၀၀) နာရီအချိန်မှာလည်း နတ်သံကွင်း အခြေစိုက် စစ်ကောင်စီတပ်က (၁၂၀) မမ လက်နက်ကြီး တလုံး ပစ်ခတ်ခဲ့ရာ ရေလဲကရင် ရွာထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး စောအယ်ကော်သဒါး အသက် (၁၇) နှစ် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။
========================
🚩🚩 ၄။ စဉ့်ကူးမြို့နယ်၊ လက်ပန်လှရွာ စာသင်ကျောင်းကို စလေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသမီး (၁) ဦးသေဆုံးပြီး (၂) ဦး ဒဏ်ရာရ
ဖေဖော်ဝါရီလ (၁၈) ရက်နေ့ ည (၁၀း၄၀) နာရီခန့်တွင် စဥ့်ကူးမြို့နယ်၊ လက်ပန်လှရွာ၊ ပြည်စိုးအောင်ရပ်ကွက်ရှိ ကျေးရွာစာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စဥ့်ကူးမြို့နယ် ပကဖမှ သိရပါတယ်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း အသက် (၄၃) နှစ်အရွယ် မစန်းစန်းမွန် ပွဲချင်းပြီး သေဆုံးပြီး အသက် (၅၃) နှစ်အရွယ် ဦးခင်မောင်မြင့်နှင့် အသက် (၂) နှစ်အရွယ် ကလေး (၁) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ ကျေးရွာစာသင်ကျောင်းလည်း ဗုံးသီး ထိမှန်ကာ ပျက်စီးခဲ့သလို ပြည်သူပိုင် နေအိမ် (၁) လုံးလည်း မီးလောင်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ ကြို့ပင်ကောက် ဘော်ဘင်ဆည်တွင် စစ်တပ် ထောင်ထားသော မိုင်းနင်းမိပြီး ဆည်ဝန်ထမ်း (၁) ဦး ခြေထောက်ပြတ်
ဖေဖော်ဝါရီလ (၁၉) ရက်နေ့ နံနက် (၁၀း၀၀) နာရီခန့်တွင် ကြို့ပင်ကောက်မြို့နယ်အပိုင် ဘော်ဘင်ဆည် အမှတ် (၁) မှ ရေလွှတ်ရန် လာသော ဆည်မြောင်းဝန်ထမ်း ကိုမျိုးကြီး ဟာ ဆည်ရေလွှတ်ရာတွင် အသုံးပြုသည့် ပစ္စည်းများယူရန် သစ်လုံးဆောင်ရုံးထဲ ဝင်ယူစဥ် အဆိုပါရုံးဝင်ပေါက်အနီး
စစ်ကောင်စီတပ် ထောင်ထားတဲ့ မြေမြုပ်မိုင်း နင်းမိခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
မိုင်းနင်းမိပြီးနောက် အဆိုပါ ဆည်ဝန်ထမ်းသည် ခြေထောက်နှင့် ခန္ဓာကိုယ်အစိတ်ပိုင်းများ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ခြေထောက် ပြတ်သွားကာ ခန္ဓာကိုယ် အစိတ်ပိုင်းမှ အရိုးများ ကျိုးထွက်သွားတယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ မြိုင်မှာ စစ်ကောင်စီ ယာဉ်တန်းနဲ့ စစ်ကြောင်းကို နှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့၊ အထိနာသွားတဲ့ စစ်ကောင်စီတပ်က အရပ်သား တဦးကို မီးရှို့သတ်ဖြတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်း၊ မြိုင်မြို့နယ်မှ Non CDM ဝန်ထမ်းများနဲ့ ပျူစောထီးများကို တင်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ထန်ငယ်တောရွာနဲ့ စဘေရွာအကြားမှာ (၂) ကြိမ်တိုင် တိုက်ခိုက်ခဲ့တယ်လို့ M.V.P Revolution Force က သတင်း ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက်နေ့ မနက်ပိုင်းမှာ မိုင်းကွင်းဘက်ကို စစ်ကောင်စီ တပ်သားများ ရောက်လာချိန်မှာ မိုင်းဆွဲရန် အသင့်စောင့်နေတဲ့ ရဲဘော်များနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား (၃) ဦး မျက်မြင် လဲကျသေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် ၎င်းစစ်ကောင်စီ ယာဉ်တန်း စဘေရွာ အနီးကို အရောက်မှာ နင်းမိုင်းနဲ့ ပီပါမိုင်းများ ထိခဲ့ပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူ (၈) ဦးထက်မနည်း ရှိခဲ့တာကို တွေ့ရကြောင်း ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို 8+ အညာမြေ အင်အားစု၊ M.V.P Revolution Force နဲ့ မြိုင် ပကဖ တို့က ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
အထိနာသွားတဲ့ စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ (၁၉) ရက်နေ့ နေ့ခင်းပိုင်းမှာ ကျောက်ဆောက်ရွာကို ရောက်ခဲ့ပြီး သေဆုံးသွားတဲ့ စစ်ကောင်စီ တပ်သား (၃) ဦးကို လမ်းဘေး တနေရာမှာ မီးရှို့ခဲ့ကာ ကျောက်ဆောက် ကျေးရွာက အမျိုးသမီး တဦးကိုလည်း မီးရှို့သတ်ဖြတ်သွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ မီးရှို့ ဖျက်ဆီးမှုကြောင့် ကျောက်ဆောက်ကျေးရွာမှ ပြည်သူပိုင် နေအိမ်များ မီးလောင်ပျက်စီးခဲ့ရကာ တော်လှန်ရေး ရဲဘော်များက စစ်ကောင်စီ တပ်သားများ ထွက်သွားချိန်မှာ မီးကူငြိမ်းသတ်ပေးကြခဲ့တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၇။ ပုသိမ်-မုံရွာ ကားလမ်းပေါ်မှာ စစ်ကောင်စီ တပ်ဖွဲ့များကို (၂) ရက်ဆက် တိုက်ခိုက်ခဲ့ရာ (၅) ဦးထက်မနည်း သေဆုံးပြီး (၈) ဦးခန့် ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ အထက်မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာ ကားလမ်းပေါ်မှာ စစ်ကောင်စီ တပ်ဖွဲ့များနှင့် (၂) ရက်ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၅) ဦး ထက်မနည်း သေဆုံးကာ (၈) ဦး ဒဏ်ရာရခဲ့တယ်လို့ People Independent Army က သတင်းထုတ်ပြန် ထားပါတယ်။
ဖေဖော်ဝါရီ (၁၇) ရက်နေ့မှာ ရှမ်းတပ်စခန်းနဲ့ တမိုင်ခန့်အကွာ ပုသိမ် - မုံရွာ ကားလမ်းတနေရာမှာ တွဲကားများဖြင့် ပုံဖျက် ချီတက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)၊ ပြည်သူ့လွတ်လပ်ရေးတပ်ဖွဲ့/ ပြည်သူ့လွတ်လပ်ရေး တပ်တော် (PIO/PIA) ပူးပေါင်းတပ်များက ခြုံခိုတိုက်ခိုက်ခဲ့ တာလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဘက်က MA-15 အလတ်စား စက်သေနတ် (ငါးကြင်းမြှီး)၊ RPG၊ (၄၀) မမ ဗုံးပစ်လောင်ချာနှင့် ဒရုန်းများ အသုံးပြုပြီး ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် စစ်ကောင်စီ တပ်ဖွဲ့ဝင် (၅) ဦးထက်မနည်း ဒဏ်ရာ ရခဲ့ကာ (၅) ဦး သေဆုံးခဲ့တယ်လို့ အတည်ပြုနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အလားတူ ဖေဖော်ဝါရီ (၁၈) ရက်နေ့မှာလည်း ရှမ်းတပ်ကြီး ရဲစခန်းမှ ချဉ်းကပ်ချီတပ်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့နဲ့ အနီးကပ် ပစ်ခတ်တိုက်မှုများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား (၃) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ထို့ပြင် ဖေဖော်ဝါရီ (၁၇) ရက်နေ့မှာ သရက်မြို့ ကပစ - ၁၂ မှ စစ်ကူပေးဖို့ လက်နက်ခဲယမ်းများ သယ်ဆောင်လာတဲ့ စစ်ကောင်စီ စစ်ကား တစီးသည်လည်း မင်းလှမြို့နယ်၊ ထန်းကိုင်း ကျေးရွာအနီးမှာ မတော်တဆ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လိုက်ပါ စီးနင်းလာတဲ့ စစ်သား (၂) ဦး သေဆုံးကာ (၆) ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
မိဘပြည်သူများ အနေဖြင့် စစ်ကောင်စီ တပ်များနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း၊ နီးကပ်စွာနေထိုင်ခြင်း၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား ပုံဖျက်သယ်ဆောင် ပေးမှုများ မပြုလုပ်ကြဖို့ အသိပေးထားပြီး မင်းလှမြို့နယ် အတွင်း မနက် (၆း၀၀) နာရီမှ ညနေ (၆း၀၀) နာရီအတွင်းသာ သွားလာလှုပ်ရှားကြဖို့ကို မေတ္တာရပ်ခံထားပါတယ်။
========================
🚩🚩 ၈။ နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းမှ ရိက္ခာရှာရန် ထွက်လာသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု (၃) ဦးသေဆုံးပြီး သေနတ် (၂) လက် သိမ်းဆည်းရရှိ
ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင် နွားထိုးကြီးမြိုနယ်၊ ဝက်လူးနယ်မြေရဲစခန်းမှ ရိက္ခာရှာရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မြင်းခြံခရိုင် အမှတ် (၄) နှင့် အမှတ် (၁၀) တပ်ရင်း နွားထိုးကြီး PDF မှ တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိပါတယ်။
ထိတွေ့ ပစ်ခတ်မှုသည် မီတာ (၂၀၀) အကွာအဝေးသာရှိပြီး အကြမ်းဖက် စစ်သား (၃) ဦးသေဆုံးကာ သေနတ် (၂) လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်းနှင့် မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်း နွားထိုးကြီး PDF တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။
========================
🚩🚩 ၉။ ပေါက်ခေါင်းက စစ်ကောင်စီဂိတ်များကို စားနပ်ရိက္ခာ ပို့ဆောင်ပေးနေတဲ့ ကား (၂) စီးကို ကြားဖြတ် တိုက်ခိုက်
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့က စစ်ကောင်စီ ဂိတ်စခန်းများကို စားနပ်ရိက္ခာ ပို့ဆောင်ပေးနေတဲ့ ကား (၂) စီးကို ပြည်-ပေါင်းတည် လမ်းပိုင်း၊ တောင်ဇင်ဝ ကွေ့အနီးမှာ ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ Paungde People Defense Force PPDF Battalion - 3601 က ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ (၁၈) ရက်နေ့ ညနေ (၅း၄၀) နာရီအချိန်မှာ ၎င်းစစ်ကောင်စီ ကားနှစ်စီးကို PDF - ၃၆၀၁ တပ်ရင်း စစ်ကြောင်းမှ ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား (၉) ဦး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ကာ စစ်ဖောကားပေါ် တင်ဆောင်လာတဲ့ ဆီပေပါများ ထပွင့်မီးလောင်ခဲ့ပြီး လက်ပစ်ဗုံး၊ ကျည်နဲ့ 40 mm ဗုံးသီးများ ပေါက်ကွဲမှုများ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ပေါက်ကွဲမှုများကြောင့် အနား ကပ်မရခဲ့ဘဲ မီးမကူးသေးတဲ့ နေရာမှ လက်ပစ်ဗုံး (၁) လုံးနဲ့ ကျည်ဆံ တချို့ကိုသာ သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ရေးအရှိန် မြင့်လာပြီ ဖြစ်တာကြောင့် ပြည်သူများအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ကို စားနပ်ရိက္ခာပစ္စည်းများနှင့် ဆိုင်ကယ်၊ ကား ငှားရမ်းခြင်း၊ ကုန်ပစ္စည်းများ တင်ဆောင်လိုက်ပို့ခြင်းများ မပြုကြဖို့ကို အသိပေးထားပါတယ်။
========================
🚩🚩 ၁၀။ အမှတ် (၄၀၂) အမြှောက်တပ်က စစ်မှုထမ်း တပ်သား တဦး သထုံမြို့ပြ အထူးပြောက်ကျားအဖွဲ့ထံ အလင်းဝင်
မွန်ပြည်နယ်၊ သထုံမြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် (၄၀၂) အမြှောက်တပ်က စစ်မှုထမ်း သင်တန်းဆင်း တပ်သားတဦး လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ သထုံမြို့ပြ အထူးပြောက်ကျားအဖွဲ့ထံက သိရပါတယ်။
ဖေဖော်ဝါရီလ (၁၇) ရက်နေ့ ည (၁း၀၀) နာရီခန့်မှာ အဆိုပါစစ်ကောင်စီ တပ်သားကို အမတ (၄၀၂) တပ်ဝင်း အတွင်းထဲထိ သွားရောက် ခေါ်ဆောင်ခဲ့တာဖြစ်ပြီး ပြန်အထွက်မှာ ဓါတ်မီးနဲ့ လှမ်းထိုးတဲ့ အဝင်ဂိတ်က စစ်ကောင်စီ တပ်သား တဦးကို ပစ်ခတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
အဆိုပါ အလင်းဝင် တပ်သားဟာ (၂၀၂၅) ခုနှစ်ထုတ် MA-1 သေနတ် တလက်၊ ကျည်ဘောက် (၃) ဘောက်၊ (၄၀) မမ ဗုံးသီး (၂) လုံး၊ ကျည် (၁၀၁) တောင့်နဲ့ ကျည်ကာ တထည်တို့ကို တပါတည်း ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။
၎င်းဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ရင်း ထောက်ပို့နေသူ တဦးဖြစ်ခဲ့ပြီး CI စာအုပ် သက်တမ်းကုန်ဆုံးသွားခဲ့ရာမှ ဖမ်းဆီးခံရကာ ကော့သောင်းမြို့ကို ပြန်ပို့ခံရပြီး စစ်ကောင်စီရဲ့ ခလရ (၂၆၂) တပ်က စစ်မှုထမ်းသင်တန်းအတွက် အဓမ္မ လူသစ်စုဆောင်းခံခဲ့တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၅) ရက်နေ့ကလည်း အမှတ် (၄၀၂) အမြှောက်တပ်က စစ်မှုထမ်း သင်တန်းဆင်း တပ်သား (၃) ဦးဟာ KNU သထုံမြို့နယ်မှာ လက်နက်အပ်နှံပြီး အလင်းဝင် ပူးပေါင်းခဲ့ပါသေးတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment