မြန်မာ့ ပထမဆုံး ရမ်ဆာဒေသခံများ ခက်ခဲကျပ်တည်းလာပြီး ဒေသကို စွန့်ခွာလာကြ


မိုးယွန်းကြီးအင်းအတွင်း  ငါးဖမ်းနေသူတစ်ဦးအား ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ရက်နေ့ မနက်နေတက်ချိန်တွင်တွေ့ရစဥ်....

မြန်မာ့ ပထမဆုံး ရမ်ဆာဒေသခံများ ခက်ခဲကျပ်တည်းလာပြီး ဒေသကို စွန့်ခွာလာကြ

သတင်းဆောင်းပါး - ကိုမြင့်သူ၊ Radio NUG

ရေဝပ်ဒေသတွေဟာ အလုပ်အကိုင်တွေ ဖန်တီးပေးပြီး လူမှုစီးပွားဘဝကို ဖွံ့ဖြိုးတိုးတက်စေတယ်လို့ သက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ပညာရပ်ဆိုင်ရာရှုထောင့်အရ သုံးသပ်ထားပေမယ့်လည်း အကြမ်းဖက်စစ်တပ်လက်ထက်မှာ ကုန်ဈေးနှုန်း အဆမတန် မြင့်မားတာကြောင့် ရေဝပ်ဒေသက ဒေသခံတွေဟာ နေရပ်ကို စွန့်ခွာလာကြပါတယ်။

မိုးယွန်းကြီးအင်း ပတ်လည်မှာရှိတဲ့ ဒေသခံတွေဟာ လယ်ယာလုပ်ငန်းကို လုပ်ကိုင်ကြသလို တံငါလုပ်ငန်းနဲ့လည်း အသက်မွေးကြတာဖြစ်ပါတယ်။ မိုးရာသီ၊ အင်းရေလွှမ်းချိန်မှာ တံငါလုပ်ငန်းကို လုပ်ကိုင်ကြပြီး အခုလို ဆောင်းရာသီ အင်းရေကျချိန်မှာ နုန်းမြေအပြည့်နဲ့ ပေါ်လာတဲ့ လယ်မြေ တစ်ကွက်ချင်းစီ စပါးစိုက်ပျိုးကြပြီး ဆောင်းတစ်သီးသာ စိုက်ပျိုးကြတဲ့ဒေသ ဖြစ်ပါတယ်။ စပါးနဲ့ ငါး ပေါများပြီး ရေစပ်စပ်မှာ ကြာညို၊ ကြာဖြူ၊ လယ်ကန်စွန်းနဲ့ စားရေရိက္ခာဖြစ်စေတဲ့ မိုးယွန်းကြီးအင်း ရေတိမ်ဒေသကို ဒေသခံတွေက ရွှေလို့လည်း တင်စားကြပါတယ်။ 

အာဏာအလီလီ သိမ်းတိုင်း တိုင်းပြည်က ဆုတ်ယုတ်ပျက်စီးခဲ့ရသလို ၂၀၂၁ အကြမ်းဖက် စစ်တပ်က ထပ်ဆင့် အာဏာသိမ်းချိန်မှာတော့ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်မားလာပြီး ရွှေလို့ တင်စားကြတဲ့ ရေတိမ်ဒေသက ဒေသခံတွေဟာ နေရပ်ကို စွန့်ခွာလာကြပါတယ်။ ဒီအခြေနေကို တစ်နှစ်ပတ်ပတ်လုံး တံငါလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက အခုလို ပြောပါတယ်။ 

“ပထမ ဒီမှာ ရှာနေကြတဲ့ လူတွေက ဘန်ကောက်တွေ လစ်ကုန်တယ်။ တော်တော်များကုန်ပြီ။ ရှာလို့ ဖွေလို့ သိပ်မရကြတော့ ဘန်ကောက်ကို သွားကုန်ကြတယ်။ အဲဒီတော့ တော်တော်နည်းသွားတာပေါ့။ ခါတိုင်းအားကြီးပဲ၊ ရလည်း ရကြတယ်။ အခုက ရှာရတာလည်း အခက်အခဲ ရှိတယ်။ အရင်းအနှီးတွေလည်း မတတ်နိုင်ကြဘူး။ စက်လှေရော၊ စက်နဲ့ဆိုရင် ၂၅ သိန်းလောက် ရင်းရတယ်။ အဲဒီတော့ လက်လုပ်လက်စားတွေကတော့ လုံးခနဲ မရှာနိုင်ကြဘူး။ ရှာဖို့က အရင်းအနှီးက လိုသေးတယ်။ 

ရေတိမ်ဒေသတွေကို ထိန်းသိမ်းဖို့ ပြီးခဲ့တဲ့ ၁၉၇ ၁ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့၊ အီရန်နိုင်ငံ ရမ်ဆာမြို့မှာ ရေတိမ်ဒေသ ကွန်ဗင်းရှင်းကို စတင်ဖွဲ့စည်းခဲ့ပြီး ကမ္ဘာအနှံ့က နိုင်ငံတကာအဆင့် အရေးပါတဲ့ ရေတိမ်ဒေသပေါင်း ၂၅၂၆ ခု ကို ရမ်ဆာ ရေတိမ်ဒေသအဖြစ် သတ်မှတ်ခေါ်ဆိုခဲ့ကြပါတယ်။ အဲဒီဒေသတွေထဲက ပဲခူးတိုင်း၊ ဝေါမြို့နယ် ပျဥ်ပုံကြီးဒေသရှိ မိုးယွန်းကြီးအင်းဟာ မြန်မာ့ပထမဆုံး ရမ်ဆာ ရေတိမ်ဒေသ ဖြစ်ပြီး စတုရန်း မိုင် ၄၀၊ ဧရိယာ ဧက ၂၅၆၀၀ ကျယ်ဝန်းပါတယ်။ မိုးတွင်းကာလ ဝါဆို၊ ဝါခေါင် ရေဖောင်ချိန်မှာ ဝါးတစ်ပြန်ကျော် အနက် ရှိပေမယ့်လည်း အခုလို ဆောင်းခိုငှက်တွေ ကျက်စားချိန်မှာတော့ ရေတပြင်လုံး ဘယ်နေရာမဆို ဒူးလယ်ကနေ ခါးအထက်က မကျော်တဲ့ ရေတိမ်ဒေသတစ်ခု ဖြစ်လာပါတယ်။ မိုးယွန်းကြီးအင်းအတွင်း ဒေသခံတွေက ငလာ(ငါးလာ)လို့ ခေါ်ကြတဲ့ ငါးဖယ်တွေ ပေါပေါများများ ထွက်ရှိသလို ငါးခူ၊ ငါးရံ့နဲ့ အခြားရေချိုငါးတွေလည်း ထွက်ရှိပါတယ်။ အခုနှစ် ဆောင်းခိုငှက်ရာသီအတွင်း ငှက်မျိုးစိတ်ပေါင်း ၁၂၄ မျိုးနဲ့ ကောင်ရေ ၅၀,၀၀၀ နီးပါး တွေ့ရှိရတယ်လို့ သစ်တောက ထုတ်ပြန်တဲ့ စာရင်းဇယားတွေ အရ သိရပါတယ်။ 

မိုးယွန်းကြီးအင်း ဒေသခံတွေရဲ့ တစ်နေ့တာအစဟာ မနက် နေမထွက်ခင်အချိန်ကပင် မိမိတို့ လုပ်ငန်းခွင်ရှိရာ လယ်ကွင်းတွေနဲ့ အင်းပြင်ဆီကို ရောက်ရှိနေကြပြီး လုပ်ငန်းခွင်ဝင်ကြတာ ဖြစ်ပါတယ်။ အခုချိန်ခါမှာ အင်းအတွင်း ပျိုးထောင် ကောက်စိုက်ထားတဲ့ စိမ်းနေတဲ့ စပါးခင်းတွေကို တွေ့ရမှာ ဖြစ်သလို ဒါ့အပြင် မိုးလွန်ကာလဖြစ်တဲ့ အောက်တိုဘာကနေ နိုဝင်ဘာလအတွင်း စိုက်ပျိုးထားတဲ့ ရင်းမှည့်ခါနီး စပါးခင်းတွေကိုလည်း မျက်စိတဆုံး တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ရေ မြေ ကောင်းလို့ စပါးတွေ ဖြစ်ထွန်းပေမယ့် လည်း အကြမ်းဖက်စစ်တပ်က ဆန်စပါးဈေးကို ချုပ်ကိုင်သတ်မှတ်ထားတာကြောင့် စပါးတင်းတစ်ရာ ဈေးဟာ ရွှေတစ်ကျပ်သားဈေးအောက် ထက်ဝက်ကျော် ကျဆင်းသွားခဲ့ပြီး လယ်ရှင်အများစုဟာ စပါးမပေါ်ခင် စားဝတ်နေရေးအတွက် အတိုးနဲ့ ချေးငှားသုံးစွဲလာရပါတယ်။ ဒီအခြေအနေကို မိုးယွန်းကြီး အရှေ့ဘက်ကမ်းက လယ်ရှင်အများစုက အခုလိုပြောပါတယ်။

“လောက်တဲ့အခါလည်း လောက်တာပေါ့။ မလောက်တဲ့အခါလည်း ကြွေးတင်ပေါ့။ များတာပေါ့။ အခုချိန်က စပ်ကူးမတ်ကူး ဆိုတော့ အဆင်မပြေဘူးလေ။ အဆင်မပြေတော့ ကြွေးတင်တာ များတာပေါ့။ လယ်လေး ဘာလေးပေါ်တော့ ပြန်ဆပ်ပေါ့။ အခု ဈေးနှုန်းတွေ ကြီးတာဆိုတော့ နှစ်ဆလောက်ကို ကွာတယ်။ ခါတိုင်း တစ်ရာတန်က အခု နှစ်ရာတန်ဖြစ်နေပြီ။ အဲ့တော့ ကိုယ်ရတာက ကိုယ်ရှာလို့ရတာ ဈေးနည်း တယ်။ ကိုယ်ဝယ်စားရတဲ့ဟာက ဈေးများတယ် ”


နှုန်းမြေကောင်းမွန်စွာကျရောက်တဲ့ရေတိမ်ဒေသမှာ စပါးအထွက်ကောင်းသလို နှုန်းမြေပေါာမှာ ထွန် ယက်စိုက်ပျိုးရတာဖြစ်လို့ နွားတွေ၊ စက်တွေကိုအသုံးပြုလို့မရပဲ ကျွဲတွေကိုပဲ လယ်ယာ လုပ်ငန်းမှာ အသုံး ပြုကြတာဖြစ်ပါတယ်။ များပြားလှတဲ့ ကျွဲအုပ်ကြီးကိုလွှတ်ကျောင်းဖို့ ရေတိမ်စပ်စပ်မှာ ပေါက်တဲ့ မြက်ပင်တွေရှိရာ အင်းရေပြင်ကပဲ စားကျက် မြေကြီးအဖြစ် အသုံးပြုကြတာဖြစ်ပါတယ်။ ဒါကြောင့် ရေတိမ်ဒေသဟာ စက်ကိရိယာကိုအသုံးမပြုနိုင်ပဲ မိရိုးဖလာအတိုင်း စပါးစိုက်ပျိုးကြတဲ့ဒေသ ဖြစ်ပါ တယ်။ ဒါကြောင့် စက်ကိရိယာတွေကိုအသုံးမပြုပဲလူနဲ့ကျွဲနဲ့ထွန်ယက်ရတဲ့ သီးနှံထုတ်ကုန်လုပ်ငန်းဟာ ဈေးတွေပိုမရပေမယ့် ကုန်ဈေးနှုန်းတွေအဆမတန်မြင့်တက်ပြီး လယ်ကရတဲ့ စပါးက ဈေးမရတဲ့အခါ လယ်ရှင်တွေမှာ အကျိုးအမြတ်မရှိသလောက် လယ်ယာလုပ်သားတွေမှာလည်း ခက်ခဲပင်ပန်းသလောက် အကျိုးအမြတ်မရှိတဲ့အခြေနေဖြစ်လာပါတယ်။  ဒီအခြေနေကို မိုးယွန်းကြီးအင်း အရှေ့ ဘက်ကမ်းက လယ်ယာလုပ်သား အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

“ အဆင်မပြေဘူး။ ယောကျ်ားရတဲ့လခနဲ့ ကိုယ်အိမ်မှာစားရတဲ့လခနဲ့က ကိုယ့်စားရိတ်ကိုယ်စားရတယ်။ အဆင်မပြေဘူး။ ဘယ်လိုတွေကွာလဲဆိုတော့ ဆန်တစ်အိတ်ကို တစ်သိန်းကျော်ဝယ်စားရတယ်။ ဆန်တစ်ပြည် က တစ်သောင်းကျော်ဝယ်စားရတယ်။ အချိုမှုန့်က ဟိုတုန်းက ခုနှစ်ထောင်, အခုက တစ်သောင်းခွဲဖြစ်နေ ပြီ။ ဘာတွေစိုးရိမ်ရလဲဆိုတော့ ဒီလိုဖြစ်နေရင်အစားသောက်တွေ ဒီထက်မြင့် နိုင်တာပေါ့။  လက် လုပ်လက်စားကတော့ လယ်ပယ်လိုက်နေမယ်။ ပိုက်ဆံရှိတဲ့သူတွေကတော့ လိုက်နိုင် မှာပေါ့ ” 

ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်အတွင်း မိုးရေချိန်ကြောင့် အင်းရေပြင်မြင့်တက်ခဲ့ပြီး ဒုံလို့ဒေသခံတွေခေါာကြ တဲ့ငှက် အိပ်၊ ငှက်နားခုံ တွေမျောပါခဲ့တာ၊ စက်လှေအရှိန်ပြင်းမောင်းနှင်တာ၊ စားဝတ်နေရေးအခက်အခဲကြောင့် ဟင်းစားအတွက်ငှက်ဖမ်းယူတာတွေနဲ့ ရာသီဥတုအပြောင်းလဲတွေနဲ့ ဌာနေငှက်တွေအပြင် ဆောင်းခို ငှက်တွေပါ ဆက်လက်ကျင်လည်ကျက်စားနိုင်မယ့် သုတေသနနဲ့ လုပ်ငန်းစဥ်များမရှိတာတွေကလည်း အင်းအတွင်းဆောင်းခိုငှက် အပါအဝင်ငှက်ကျရောက်မှုနည်းပါးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

“ ဒီနှစ်သိပ်ကျတာမတွေ့ဘူး။ အရင်တုန်းကဆိုရင်ကြိုးကြာကြီးတွေတောင်အော်တယ်။ ကြိုးကြာ တောင်အော်သံမကြားဘူး။ အရင်တုန်းကဆို ကြိုးကြာကြီးတွေအကြီးကြီးတွေ။ ခြေထောက်ကြီးတွေဆို အရှည်ကြီးတွေပဲ၊ ကြိုးကြာကြီးတွေ လှမှလှလို့။ ခရုစုပ်တွေအတော်ကျတာ။ ခရုစုပ်တို့၊ လင်းဝက်တို့၊ အခု ကျတာနည်းတယ် ” 

ဒါကြောင့် အရှေ့အာရှ ဩစတြေးလျ ငှက်ပျံသန်းရာ လမ်းကြောင်းအမှတ် ၁၁၉ ဖြစ်တဲ့ မိုးယွန်းကြီးအင်းဒေသကို ရောက်ရှိလာတဲ့ ဆောင်းခိုငှက်တွေနဲ့ ဌာနေ ငှက်မျိုးစိတ်တွေကို လာရောက်လေ့လာ အပန်းဖြေသူတွေလည်း ဒီကာလအတွင်းမှာ ရောက်မလာနိုင်တော့ဘဲ သူတို့တွေကို အမှီပြုနေတဲ့ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းတွေ၊ စက်လှေလုပ်ငန်းတွေလည်း ကျဆင်းခဲ့ရပါတယ်။ ဒီအခြေအနေကို စက်လှေဝန်ဆောင်မှုပေးသူတစ်ဦးက အခုလို ပြောပါတယ်။ 

“အရင်တုန်းကတော့ ငှက်ကြည့်သမား များတော့ ငှက်လိုက်ပြရတာ တစ်နေကုန် ပြရတော့ နည်းနည်းပါးပါး မုန့်ဖိုးလေး ဘာလေး ရတယ်။ အခုချိန်က ငှက်သမားက နိုင်ငံရေးကလည်း မကောင်းတော့ ဖော်ရိန်နာကလည်း သိပ်မဝင်တော့ မုန့်ဖိုးတော့နည်းသွားတာပေါ့။” 

ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ်ကတည်းက မြန်မာ့ပထမဆုံး ရမ်ဆာ အသိမှတ်ပြုခံရတဲ့ ရေတိမ်ဒေသဟာ အနှစ် နှစ်ဆယ်‌ကျော်ကာလကိုရောက်ရှိလာပြီး အကြမ်းဖက်စစ်တပ်က အာဏာအထပ်ထပ်သိမ်းတဲ့ အဖြစ်အပျက်တွေအကြား တံငါရွာအဖြစ်က တက်မလာနိုင်သေးပါဘူး။ ဒါ့အပြင် ကုန်ဈေးနှုန်း အဆမတန်မြင့် တက်လာလို့ မိရိုးဖလာ အသက်မွေးလုပ်ငန်းတွေက မိသားစု စားဝတ်နေရေးအတွက် အသက်မွေးဖို့ မလုံလောက်တော့ဘဲ မိမိတို့ဒေသကို စွန့်ခွာလာကြတဲ့အပြင် ကျန်ရစ်သူတွေမှာလည်း အရင်ကထက်ပိုပြီး ခက်ခဲပင်ပန်းကြီးစွာ ရုန်းကန်နေကြရတာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ ၂၀၂၅ ခုနှစ် ကမ္ဘာ့ရေဝပ်ဒေသများနေ့ အခမ်းအနားကို မိုးယွန်းကြီးအင်းမှာ ကျင်းပခဲ့ပေမယ့် ရေတိမ်ဒေသ ဖွံ့ဖြိုးဖို့ ထောက်ပံ့ပေးမယ့် ဒေသခံတွေအတွက် အဖိုးတန်တဲ့ လယ်ယာ သားငါးလုပ်ငန်းတွေအပြင် ဂုဏ်သိက္ခာရှိတဲ့ အသက်မွေးလုပ်ငန်းတွေ ဖော်ဆောင်ပေးဖို့ အကြမ်းဖက်စစ်တပ်ရဲ့ အခမ်းအနား အာဂျင်နာမှာ ဘယ်လောက်အထိ ပါဝင်နိုင်မလဲဆိုတာ မှန်းဆကြည့်နိုင်ပါတယ်။ မိုးယွန်းကြီးအင်းဒေသမှာ နှစ်ပေါင်း ၄၀ နီးပါး တံငါလုပ်ငန်း လုပ်ကိုင်လာသူတစ်ဦးက အသက်အရွယ် ကြီးရင့်လာပေမယ့် တိုးတက်မလာတဲ့ သူ့ရဲ့အခြေအနေကို အခုလို ပြောပါတယ်။ 

“ဒီဟာကြီးကိုတော့ ဖြစ်နိုင်မယ်ဆိုရင် မလုပ်စားချင်တော့ဘူး။ လုပ်စားချင်တဲ့စိတ်လည်း မရှိ‌တော့ဘူး။ သားသမီး အထောက်အပံ့ရှိတဲ့လူတွေက သားသမီးတွေ ကြီးလာတော့ နိုင်ငံခြားရောက်တဲ့သူလည်း ရှိတော့ ဒီအလုပ်ကို စွန့်ကြတယ်။ ကိုယ်တွေကျတော့ သားသမီးအထောက်အပံ့ မရှိတော့ လုပ်နေရသေးတာပေါ့။”

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အများပြည်သူရဲ့ အဓိက အသက်မွေးလုပ်ငန်းတွေ ပျက်စီးခဲ့ရသလို အများပြည်သူ စိတ်လက်အပန်းဖြေနိုင်တဲ့ အခြေအနေတွေလည်း ပျောက်ဆုံးသွားခဲ့ရပါတယ်။ ဒါကြောင့်လည်း မြန်မာ့ပထမဆုံး ရမ်ဆာ ရေတိမ်ဒေသခံတွေမှာ အကျပ်အတည်းတွေကြောင့် ဝင်ငွေနဲ့ထွက်ငွေ မမျှတတော့ပဲ ကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ကို နုန်းမြေကြားမှာ အရင်ကထက်ပိုပြီး ပင်ပန်းဆင်းရဲ ကြီး စွာ ဆက်လက်ရုန်းကန်နေကြဦးမှာ ဖြစ်ပါတယ်။

Share:

No comments:

Post a Comment