၂၀၂၅ မတ်လ ၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ စုစည်းညီညွတ်မှုကို ထိန်းထားနိုင်မှ၊ စစ်အာဏာရှင်စနစ် အမြစ်ဖျက်ဖြုတ်ချနိုင်ရေးကို ဆုံးခန်းတိုင်အောင် လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့ယာယီသမ္မတအသိပေး
📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီ အစည်းအဝေး NUGဝန်ကြီးများတက်ရောက်
📌 ၃။ ကနီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က လူထုတွေ့ဆုံဆွေးနွေးပွဲနှင့် လေကြောင်းအန္တရာယ်ကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲများ ကျင်းပ
📌 ၄။ ကလေးတောင်ပိုင်း စစ်ရှောင် ၃ နေရာမှာ လေကြောင်းရန်(Paramotor) နဲ့ ပတ်သက်တဲ့ အသိပညာပေးလက်ကမ်းစာစောင်များမျှဝေ
📌 ၅။ မြန်မာရွှေ့ပြောင်းလုပ်သားများအားဖမ်းစီးပြီး မြန်မာပြည်ပြန်ပို့ခြင်း လန်ဒန်ကထိုင်းနဲ့မလေးသံရုံးတို့ရှေ့ကန့်ကွက်ဆန္ဒပြ
========================
၂၀၂၅ ခုနှစ် မတ်လ ၅ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ တောင်သာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၆ ဦး သေဆုံးပြီး နေအိမ်တွေ မီးလောင်
🚩 ၂။ မိုးဗြဲတိုက်ပွဲမှာ စစ်သားအလောင်း ၁၂လောင်းနဲ့ လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိ
🚩 ၃။ ဗန်းမော်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ ၃လအတွင်း စစ်ကောင်စီတပ်စခန်းစွာသိမ်ထားပြီး မြို့ကို အပြီးသတ်သိမ်းနိုင်ဖို့ ထိုးစစ်ဆင်နေတယ်လို့ KIA အသိပေး
🚩 ၄။ မုံရွာနယ်မှာ စစ်ကူလာတဲ့ ဂျန်မာစစ်ကား ၆ စီးပါ ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်
🚩 ၅။ ကျောက်ကြီးနယ်က စစ်စခန်း ၃ ခုကို တပြိုင်တည်းတိုက်ခိုက်ခဲ့ရာမှာ စစ်သား ၆ ဦး သေပြီး လက်နက်ခဲယမ်းတွေေရရှိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ စုစည်းညီညွတ်မှုကို ထိန်းထားနိုင်မှ၊ စစ်အာဏာရှင်စနစ် အမြစ်ဖျက်ဖြုတ်ချနိုင်ရေးကို ဆုံးခန်းတိုင်အောင် လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့ယာယီသမ္မတအသိပေး
မတ်လ၅ရက်
နွေဦးတော်လှန်ရေးမှာ အတတ်နိုင်ဆုံး စုစည်းညီညွတ်မှုကို ထိန်းထားနိုင်မှ၊ စစ်အာဏာ ရှင်စနစ် အမြစ်ဖျက်ဖြုတ်ချနိုင်ရေးကို ဆုံးခန်းတိုင်အောင်လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့ ယာယီသမ္မတဒူဝါလရှီးလက အသိပေးဆိုပါတယ်။မတ်လ၄ရက် အမျိုးသားညီညွတ်ရေးအစိုးရ ၈ /၂၀၂၅ အစိုးရအဖွဲ့အစည်းဝေးမှာ ယာယီသမ္မတကဆိုပါတယ်။
"ကျွန်တော်တို့ နိုင်ငံရေးသမိုင်းကို လေ့လာကြည့်တယ်ဆိုရင် အကွဲအပြဲဇာတ်လမ်း တွေနဲ့ ပြည့်နှက်ခဲ့တာကိုလည်း တွေ့ရပါတယ်။ လွတ်လပ်ပြီးခေတ်နောက်ပိုင်းမှာလည်း အကွဲအပြဲ ဇာတ်လမ်းတွေကို တွေ့ရသလို၊ အုပ်စုဖွဲ့ ဂိုဏ်းဂဏ ကွဲပြားမှုတွေလည်း အင်မတန် များပြား ခဲ့ပါတယ်။ အခု နွေဦးတော်လှန်ရေးမှာ ကျွန်တော်တို့ဟာ အတတ်နိုင်ဆုံး စုစည်းညီညွတ်မှုကို ထိန်းထားနိုင်မှ၊ စစ်အာဏာ ရှင်စနစ် အမြစ်ဖျက်ဖြုတ်ချနိုင်ရေးကို ဆုံးခန်းတိုင်သည်အထိ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ တစ်ဖက်မှာ လည်း စစ်အစိုးရခေတ်အဆက်ဆက်မှာ စစ်အစိုးရ ခေါင်းဆောင်တွေရဲ့ သွေးခွဲသပ်လျှို အုပ်ချုပ်တဲ့ နည်းတွေကို လက်စွဲပြုပြီး လုပ်ဆောင်လာခဲ့တာကို ကျွန်တော်တို့ အားလုံး သတိချပ်သင့်တယ်လို့ ထင်ပါ တယ်။ စစ်အစိုးရအဆက်ဆက်ဟာ လူမျိုးစုညီညွတ်ရေးကိုလည်း မလိုလားသလို၊ တော်လှန်ရေး အင်အားစု တွေ အချင်းချင်းအကြား စုစည်းပေါင်းစည်းသွားမှာကိုလည်း မလိုလားပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ ရန်သူ ဝမ်းသာအောင် မလုပ်သင့်ဘူး လို့ ယူဆပါတယ်"လို့ ယာယီသမ္မတကဆိုပါတယ်။
အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးများနှင့်ဒုဝန်ကြီးများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီ အစည်းအဝေး NUGဝန်ကြီးများတက်ရောက်
မတ်လ၅ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီများ အစည်းအဝေး(၁/၂၀၂၅)ကို မတ်လ၄ရက်ကျင်းပခဲ့ပါတယ်။
အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဒုဥက္ကဋ္ဌ-၁၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပဲခူးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ဧရာဝတီတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီတို့၏ လွှတ်တော်ကိုယ်စားလှယ်တို့မှ နှုတ်ခွန်းဆက်စကားအသီးသီးပြောကြားခဲ့ပါတယ်။
ထို့ပြင် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူမှ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ထားမှု အခြေအနေများကို တင်ပြရှင်းလင်းခဲ့ပြီးနောက် လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးပြောကြားခဲ့ကာ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြန်လည်ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ ပဲခူးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဧရာဝတီတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီမှ လွှတ်တော်ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ ကနီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က လူထုတွေ့ဆုံဆွေးနွေးပွဲနှင့် လေကြောင်းအန္တရာယ်ကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲများ ကျင်းပ
မတ်လ၅ရက်
ကနီမြို့နယ် ပြည်သူ့အခြေပြုကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး ကနီမြို့နယ် တနေရာမှာ လူထုနဲ့အတူ တွေ့ဆုံဆွေးနွေးပွဲတရပ် ကျင်းပခဲ့ပါတယ်။
သမဂ္ဂရဲဘော်တွေ ဦးဆောင်ပြီး လူထုနဲ့အတူ လက်ရှိတော်လှန်ရေးအခြေအနေတွေနဲ့ ဗကသများအဖွဲ့ချုပ်ပေါ်ပေါက်လာပုံသမိုင်း အကျဉ်းချုပ်ကို ချပြဆွေးနွေးခဲ့ပြီး လက်နက်ကိုင်တိုက်ပွဲသဏ္ဌာန်ကို အခြားတိုက်ပွဲသဏ္ဌာန်တွေနဲ့ ပေါင်းစပ်ဖို့ လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြပါတယ်။
တဆက်တည်းမှာပဲ သမဂ္ဂရဲဘော်တွေက ဦးဆောင်ပြီး လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲတရပ်ကိုလည်း ပြည်သူလူထုနဲ့အတူ ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။
========================
📌📌 ၄။ ကလေးတောင်ပိုင်း စစ်ရှောင် ၃ နေရာမှာ လေကြောင်းရန်(Paramotor) နဲ့ ပတ်သက်တဲ့ အသိပညာပေးလက်ကမ်းစာစောင်များမျှဝေ
မတ်လ၅ရက်
ကလေးတောင်ပိုင်း စစ်ရှောင် ၃ နေရာမှာ လေကြောင်းရန်(Paramotor) နဲ့ ပတ်သက်တဲ့ အသိပညာပေးလက်ကမ်းစာစောင်များမျှဝေခဲ့တယ်လို့ မတ်လ၅ရက်မှာ ကလေးမြို့စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးအဖွဲ့ကအသိပေးဖော်ပြပါတယ်။
"ကလေးတောင်ပိုင်း စစ်ရှောင် ၃ နေရာမှာ လေကြောင်းရန်(Paramotor) နဲ့ ပတ်သက်တဲ့ အသိပညာပေးလက်ကမ်းစာစောင်မျှဝေမှုများ လုပ်ဆောင်ဖြစ်ခဲ့ပါတယ်။စကစရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ တစ်နေ့ထက်တစ်နေ့ ပိုမို များပြား ပြင်းထန်လာတဲ့ အတွက် မိဘပြည်သူများ လေကြောင်းအန္တရာယ် အသိ သတိရှိစွာ နေထိုင်နိုင်ကြဖို့ တိုက်တွန်း နှိုးဆော်အပ်ပါတယ်"လို့ဆိုပါတယ်။
========================
📌📌 ၅။ မြန်မာရွှေ့ပြောင်းလုပ်သားများအားဖမ်းစီးပြီး မြန်မာပြည်ပြန်ပို့ခြင်း လန်ဒန်ကထိုင်းနဲ့မလေးသံရုံးတို့ရှေ့ကန့်ကွက်ဆန္ဒပြ
မတ်လ၅ရက်
မတ်လ(၄)ရက် ၂၀၂၅ ခုနှစ်တွင် Stars of Myanmar Friendship UK အဖွဲ့မှ ထိုင်းနှင့်မလေးရှားနိုင်ငံမှ မှတ်ပုံတင်မထားသော မြန်မာရွှေ့ပြောင်းလုပ်သားများအားဖမ်းစီးပြီး မြန်မာပြည်ပြန်ပို့ခြင်း အပေါ်ကန့်ကွက်သောအားဖြင့် UK ရှိ ထိုင်းသံရုံးနှင့်မလေးရှားသံရုံးတို့တွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ကြွေးကြော်သံများနှင့် ပိုစတာ များကိုကိုင်ဆောင်ပြီးဆန္ဒပြခဲ့ကြပြီးလူဦးရေရာနဲ့ချီတက်ရောက်ခဲ့ကြပါတယ်။
ပြီးခဲ့သည်လများတွင်ထိုင်းနိုင်ငံတွင်းဖမ်းဆီးခံရသည့်မြန်မာလူငယ်များကိုမြန်မာနိုင်ငံဘက်သို့ပြန်လည်ပို့ဆောင်ရာတွင် အဓမ္မစစ်မှုထမ်းစေခိုင်းမှုများရှိခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ တောင်သာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၆ ဦး သေဆုံးပြီး နေအိမ်တွေ မီးလောင်
မတ်လ၅ရက်
မန္တလေးတိုင်း တောင်သာမြို့နယ် နတ်စောင့်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကတိုက်ခိုက်တဲ့အတွက် အရပ်သားပြည်သူ ၆ ဦး သေဆုံးပြီး နေအိမ်တွေမီးလောင်ခဲ့တယ်လို့ ဒေသနေသူတွေက ပြောပါတယ်။
မနေ့ မတ်လ ၄ ရက်နေ့ ည ၁၀ နာရီခွဲခန့်အချိန်မှာ အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတွေသေဆုံးပြီး အိမ်အလုံး ၃၀ ခန့် မီးလောင်ပျက်စီးခဲ့ကာ ဒဏ်ရာရသူတွေလည်းများတယ်လို့ လူထုလှုပ်ရှားမှုကော်မတီ-တောင်သာက ဒီနေ့ မတ်လ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
တိုက်ပွဲဖြစ်တာမရှိဘဲ အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အမျိုးသမီး ၄ ဦးနဲ့ အမျိုးသားတဦး၊ အသက် ၁၃ နှစ်အရွယ် အမျိုးသားတဦး သေဆုံးခဲ့ရတယ်လို့လည်း ဒေသတွင်းသတင်း တွေအရ သိရပါတယ်။
စစ်ကောင်စီဟာ ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ အချိန်မရွေးပြုလုပ်နေတာကြောင့် ဗုံးခိုကျင်းတွေ စနစ်တကျတူးထားကြဖို့ လူထုလှုပ်ရှားမှု့ကော်မတီ-တောင်သာနဲ့ ကာကွယ်ရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၂။ မိုးဗြဲတိုက်ပွဲမှာ စစ်သားအလောင်း ၁၂လောင်းနဲ့ လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိ
မတ်လ၅ရက်
မိုးဗြဲမြို့မှာဖြစ်တဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်သားရုပ်အလောင်း ၁၂လောင်းနဲ့ လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်မတော်-Moebye PDF က မနေ့ မတ်လ ၄ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
မိုးဗြဲ - လွိုင်ကော်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီဘက် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပြီး လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းပစ်ကူတွေ အဆမတန်အသုံးပြုတိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲတွေ နေ့စဉ်နီးပါး ပြင်းထန်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ တိုက်ပွဲဧရိယာမဟုတ်တဲ့ စစ်ဘေးရှောင်ပြည်သူတွေရှိတဲ့နေရာတွေကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ် တာ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်နေတဲ့အတွက် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုတွေလည်း ရှိနေတယ် လို့ အသိပေးပါတယ်။
၁၀၀၁ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်အပါအဝင် မဟာမိတ်ပူပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား ဖေဖော်ဝါရီ ၂၇ရက် က တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်ကျဆုံးမှုတွေရှိခဲ့တယ်လို့ Moebye PDF က ပြောပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ရုပ်အလောင်း ၁၂ လောင်းနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့သလို အမှတ် - ၁၀၀၁ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် တပ်ခွဲအမှတ် - ၃ ကျွဲချိုတပ်ခွဲက အာဇာနည်သူရဲကောင်း ရဲဘော် ကျော်နိုင် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရတယ်လို့လည်း အသိပေးထားပါတယ်။
လက်ရှိအခြေအနေမှာ မိုးဗြဲမြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပေမယ့် တိုက်ပွဲအချိန် ကြာလာ တာနဲ့အမျှ စစ်ရေးလိုအပ်ချက်တွေများလာတဲ့အတွက် ပြည်တွသ်းပြည်ပက တော်လှန်ပြည်သူအနေနဲ့ တက်နိုင်တဲ့ဘက်က ကူညီပေးကြဖို့ Moebye PDF က မေတ္တာရပ်ခံထားပါတယ်။
ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်နယ်ရဲ့ ဝင်ပေါက်၊ ထွက်ပေါက်ဖြစ်တဲ့ မိုးဗြဲမြို့ဟာ နှစ်ဖက်တပ်တွေအတွက် စစ်ရေးအရအရေး ပါတဲ့ နယ်မြေဖြစ်တာကြောင့် မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ကြိုးစားလာတဲ့ စစ်ကောင်စီဟာ မြို့နဲ့ ၂ မိုင် ကျော်သာ ကွာတဲ့ အမှတ် ၄၂၂ ခြေမြန်တပ်ရင်းမှာ အင်အားဖြည့်တင်းပြီး မကြာခဏ စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတာပဲဖြစ်ပါတယ်။
========================
🚩🚩 ၃။ ဗန်းမော်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ ၃လအတွင်း စစ်ကောင်စီတပ်စခန်းစွာသိမ်ထားပြီး မြို့ကို အပြီးသတ်သိမ်းနိုင်ဖို့ ထိုးစစ်ဆင်နေတယ်လို့ KIA အသိပေး
မတ်လ၅ရက်
ကချင်လွတ်လပ်ရေးတပ်မတော်-KIAနဲ့ ပူးပေါင်းတပ်တွေဟာ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ ၃ လအတွင်း စစ်ကောင်စီတပ်စခန်းတွေနဲ့ တပ်ရင်းတွေကို သိမ်းထားနိုင်ပြီဖြစ်တာကြောင့် မြို့ကို အပြီးသတ်သိမ်းနိုင်ဖို့ ထိုးစစ်ဆင်နေ တယ်လို့ KIA ဘက်က အသိပေးပြောဆိုလိုက်ပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော်-KIAနဲ့ ပူးပေါင်းတပ်တွေဟာ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်ကစပြီး တိုက်ခိုက်ခဲ့ရာ မတ်လ ၄ ရက်နေ့မှာ ၃လပြည့်တဲ့အတွက် KIA သတင်းပြန်ကြားရေးဌာနက အသိပေးပြောဆိုလာတာလည်း ဖြစ်ပါတယ်။
ဗန်းမော်မြို့နယ်မှာရှိပြီး စစ်ကောင်စီဘက်က အရေးပါတဲ့တပ်စခန်းများစွာကို တိုက်ခိုက်သိမ်းယူထားနိုင်ခဲ့ပြီး လက်ရှိမှာ KIA နဲ့ ပူးပေါင်းတပ်တွေက အမှတ်- ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အပါအဝင် ဗန်းမော်မြို့ကို အပြီးအစီးသိမ်းပိုက်နိုင်ရေး အပြင်းအထန်တိုက်ခိုက်နေတယ်လို့ ဖော်ပြထားပါတယ်။
မတ်လ ၄ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေအပါအဝင် လေကြောင်းကနေ တိုက်ခိုက်တာတွေ ဒရုန်းနဲ့တိုက်ခိုက်တာတွေနဲ့ ခုခံတိုက်ခိုက်နေရာမှာ တိုက်ပွဲဖြစ်နေရာတွေအပြင် တိုက်ပွဲဖြစ်တာမရှိတဲ့ ရွာတွေကိုပါ လေကြောင်းကနေ တိုက်ခိုက်နေတဲ့အတွက် ပြည်သူပိုင်အိမ်တွေနဲ့ အဆောက်အအုံအများအပြား ထိခိုက် ပျက်စီးနေတယ်လို့ ဆိုပါတယ်။
KIA နဲ့ ပူးပေါင်းတပ်တွေဟာ စကခ- ၂၁ ရဲ့ အဓိက ကာကင်းတပ်ရင်းတဲ့ ခလရ-၂၃၆၊ အမတ-၃၆၆ ၊အမှတ်-၇၀၀၆ သံချပ်ကာ တပ်၊အမှတ်-၅၀၁၄ တင့်ကားတပ်၊ဗန်းမော်လေယာဥ်ကွင်း၊ အမှတ်-၂ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ်နဲ့ မြို့တွင်းက တပ်စခန်းတွေကို သိမ်းပိုက်ထားပြီးဖြစ်ပေမယ့် ဗန်းမော်မြို့က အဓိက တပ်ရင်းဌာနချုပ်ဖြစ်တဲ့ စကခ-၂၁၊ ခလရ-၄၇ နဲ့ အခြား တပ်ရင်းနဲ့ ကာကင်းစခန်းတွေ သိမ်းပိုက်ဖို့ ကျန်ရှိနေသေးတယ်လို့ စစ်ရေးသတင်းမှတ်တမ်းတွေအရ သိရပါတယ်။
========================
🚩🚩 ၄။ မုံရွာနယ်မှာ စစ်ကူလာတဲ့ ဂျန်မာစစ်ကား ၆ စီးပါ ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်
မတ်လ၅ရက်
စစ်ကိုင်းတိုင်း မုံရွာမြို့အခြေစိုက် နမခ ကနေ စစ်ကူပေးဖို့ထွက်လာတဲ့ ဂျန်မာစစ်ကား ၆ စီးပါ ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိနိုင်တယ်လို့ Brave Heart Army-BHA အဖွဲ့က ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့မနက်ပိုင်းက အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေထွက်လာတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ ဂျန်မာ ကား ၆ စီးပါ ယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အင်တာနက်အခက်အခဲနဲ့ တော်လှန် ရေးတပ်ဖွဲ့ကရဲဘော်တွေရဲ့ လုံခြုံရေးအခြေအနေကြောင့် မတ်လ ၄ ရက်နေ့ ညပိုင်းမှ အသိပေးထုတ်ပြန်နိုင်တာဖြစ်ပါတယ်။
မုံရွာမြို့နယ် ခတက္ကန်ရွာအရှေ့ဘက်မှာရှိတဲ့ ဗောဓိတစ်ထောင်နယ်မြေက MRTV အသံလွှင့်တာဝါတိုင်ကုန်းစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်နေချိန်မှာ မုံရွာ နမခကနေ စစ်ကူထွက်လာတဲ့ စစ်တပ် ဂျန်မာကား ၆ စီးပါ ယာဉ်တန်းကို မိုးညှင်း - ဗောဓိလမ်းပိုင်းတနေရာမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ရှေ့ထွက် ပဒေသာ မိုင်း ၄ လုံး ၄ ပွိုင့် ရှေ့ထွက်မိုင်း ၄ ပြောင်း ၂ ပွိင့်နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အကြမ်းဖက် စစ်တပ်ယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အနီးကပ်ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တာကြောင့် စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိပေမယ့် အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို ကျောက်ဆည် ခရိုင်အမှတ် ၂ တပ်ရင်း၊ တပ်ခွဲ ၄ လက်ရုံးတပ် Brave Heart Army-BHA ၊ Golden Target Force-GTF ၊ Monywa Dynamite - STF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
========================
🚩🚩 ၅။ ကျောက်ကြီးနယ်က စစ်စခန်း ၃ ခုကို တပြိုင်တည်းတိုက်ခိုက်ခဲ့ရာမှာ စစ်သား ၆ ဦး သေပြီး လက်နက်ခဲယမ်းတွေေရရှိ
မတ်လ၅ရက်
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်း ၃ ခုကို တပြိုင်တည်း တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၆ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အထူးကွန်မန်ဒိုတပ်ရင်း - P2-9914 က ပြောပါ တယ်။
ကျောက်ကြီးမြို့နယ် တောင်စုရွာနဲ့ တမာခေါရွာတို့မှာ တပ်စွဲထားတဲ့ စစ်စခန်း ၃ ခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့ တွေ မတ်လ ၁ ရက် မနက် ၄ နာရီကျော်အချိန်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသွားတဲ့စစ်သားတွေရှိသလို ဒဏ်ရာရ သူတွေလည်း ရှိတယ်လို့ဆိုပါတယ်။
ဒီတိုက်ပွဲမှာ အကြမ်းဖက် စစ်သားတွေ အသုံးပြုတဲ့ MA-1 အမျိုးအစား သေနတ်တလက်၊ MA ကျည် ၅၂၅ တောင့်၊ သံကျည်ဘောက် ၆ ခု၊ ကော်ကျည်ဘောက် ၃ ခု၊ ကျည်ကာဦးထုပ် ၆ လုံး၊ RPG ဗုံးသီး ၃ လုံး ၊ RPG ပို့ယမ်း ၂ခု၊ ၆၀ မမ ဗုံးသီး ၇ လုံး၊ MA အီနာကာ ၃ ခု၊ မိုင်းရှာစက် တခုနဲ့ ဂျန်ဘာစက်တလုံး သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးပါတယ်။
အဲဒီတိုက်ခိုက်မှုကို KNLA တပ်ရင်း ၉ ၊ တပ်ရင်း ၈ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် အထူးကွန်မန်ဒိုတပ်ရင်း - P2-9914 တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ကွင်းချောင်းဝရွာနဲ့ရွာကြီးအင်းရွာမှာ အထိုင်ချနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ကူပေး တိုက်ခိုက်ခဲ့ပေမယ့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပြီးတဲ့နောက် တိုက်ပွဲဖြစ်တာမရှိတဲ့ ကျောက်ကြီးမြို့နယ် အင်းနက်ရွာကို အကြမ်းဖက်စစ်ကောင်စီက ညနေ ၅ နာရီ ၄၅ မိနစ်ခန့်အချိန်မှာ Y-12 လေယာဉ်နဲ့ ဗုံးကြဲသွားတဲ့အတွက် အသက် ၂ နှစ်အရွယ် ကလေးငယ်တဦး ဒဏ်ရာရပြီး အိမ် ၄ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ အထူးကွန်မန်ဒိုတပ်ရင်း - P2-9914 က ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်
No comments:
Post a Comment