၂၀၂၅ ဧပြီလ ၁၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ငလျင်ဘေးအတွက် ပြည်သူ့ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ဖော်ဆောင် ရန်ပုံငွေ - စာနာသင်္ကြန် ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းတက်ရောက်
📌 ၂။ ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း အကြမ်းဖက်စစ်အုပ်စုက လူ့အခွင့်ရေးချိုးဖောက်မှု စုစုပေါင်း ၆၄၁မှုကို ကျူးလွန်ခဲ့
📌 ၃။ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် လုပ်ဆောင်နေသူများကို အားပေးကူညီသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရို ပြောကြား
📌 ၄။ မြန်မာပြည်သူတွေဟာ ကြေကွဲစရာအဖြစ်ဆိုးတွေက တစ်ပူပေါ်တစ်ပူဆင့်ဖြစ်နေပြီး စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုတွေကြောင့် တစ်ရက်တည်းမှာတင် အရပ်သားပြည်သူပေါင်း ၃၀ ကျော် သေဆုံးခဲ့တယ်လို့ Justice For Myanmarက ထုတ်ဖော်
📌 ၅။ မောင်တောမြို့နယ်တွင် ကျင်းပတဲ့ ဒိုင်းနက် ရိုးရာပန်းမျှောပွဲတော်သို့ AA တက်ရောက်ချီးမြှင့်
========================
၂၀၂၅ ခုနှစ် ဧပြီလ ၁၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ သံတောင်ဒေသမှာ ၃၃ ရက်အတွင်း ပြင်းထန်တိုက်ပွဲ ၆ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆၂ ဦး သေဆုံး
🚩 ၂။ စလင်းမှာ စစ်ကောင်စီ စစ်ကြောင်း နှစ်ရက်ဆက် တိုက်ခိုက်ခံရပြီး ပြန်ဆုတ်သွားခဲ့
🚩 ၃။ ကျွန်းစုမြို့၊ ပဲတိုင် ပျူစောထီး အထိုင်စခန်းကို အလစ်အငိုက် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်
🚩 ၄။ မင်းတပ်မြို့ မြို့မနှစ်ခြင်းဘုရားကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲ
🚩 ၅။ တန့်ဆည်မြို့နယ်၊ လယ်မရွာ ဘုန်းကြီးကျောင်းကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီး ၁ ဦး သေဆုံး
🚩 ၆။ သကြင်္န်အကြိုနေ့မှာ ကျောက်တော်ကို စစ်ကောင်စီ ဗုံးကြဲခဲ့ပြီး ကလေးတစ်ဦး အပါအဝင် ၄ ဦး ဒဏ်ရာရ
🚩 ၇။ ကောလင်းခရိုင် ဂျိုးတောင်ရွာ၊ မြောင်းတောင်ရွာနှင့် ညောင်ကုန်းရွာကို အကြမ်းဖက်စစ်တပ်မှ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ ပြည်သူ ၃ဦးနှင့် ဆရာတော် ၁ပါး ထိခိုက်ဒဏ်ရာရ
🚩 ၈။ လိုအပ်ရင် နေပြည်တော်အထိ ချီတက်နိုင်ကြောင်း ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီ ဆို
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ငလျင်ဘေးအတွက် ပြည်သူ့ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ဖော်ဆောင် ရန်ပုံငွေ - စာနာသင်္ကြန် ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းတက်ရောက်
ဧပြီလ ၁၃ ရက်
Radio NUG
ငလျင်ဘေးအတွက် ပြည်သူ့ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ဖော်ဆောင် ရန်ပုံငွေ - စာနာသင်္ကြန်ကို ကိုးရီးယားသမ္မတနိုင်ငံ၊ ဘူဖြောင်းဘူတာရှေ့၌ ဧပြီလ၁၃ ရက်နေ့တွင် ကျင်းပခဲ့ပါတယ်။
အခမ်းအနားသို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကိုးရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းတို့ တက်ရောက်၍ အဖွင့်အမှာစကားနှင့် ဆုတောင်းစကားပြောကြားခဲ့ပါတယ်။
အဆိုပါအခမ်းအနားတွင် ငလျင်ဘေးသင့်ပြည်သူများအတွက် ကြေကွဲပန်းချခြင်းနှင့် ငြိမ်သက်ဆုတောင်းခြင်းများ၊ ဘာသာပေါင်းစုံ ဆုတောင်းခြင်းများအား ဗုဒ္ဓဘာသာသံဃာတော်များက ပရိတ်ရွတ်ဖတ်ခြင်းဖြင့်လည်းကောင်း၊ ခရစ်ယာန် ဘာသာရေးဆရာများက ဆုတောင်းခြင်းဖြင့်လည်းကောင်း၊ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များက ဆုတောင်းခြင်းဖြင့်လည်းကောင်း ပြုလုပ်ခဲ့ပါတယ်။
ထို့နောက်တက်ရောက်လာသည့် အဖွဲ့အစည်းအသီးသီးမှ ဆုတောင်းအားပေးစကားများပြောကြားခြင်းနှင့် ငလျင်ဘေးသင့်ပြည်သူများအတွက် အလှူငွေလက်ခံခြင်း၊ ဂုဏ်ပြုလွှာပေးအပ်ခြင်းတို့လုပ်ဆောင်ခဲ့ကြပါတယ်။
========================
📌📌 ၂။ ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း အကြမ်းဖက်စစ်အုပ်စုက လူ့အခွင့်ရေးချိုးဖောက်မှု စုစုပေါင်း ၆၄၁မှုကို ကျူးလွန်ခဲ့
ဧပြီ ၁၃ရက်
Radio NUG
၂၀၂၅ခုနှစ်၊ မတ်လအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေထဲမှာ အတင်းအဓမ္မစေခိုင်းခံရမှု ၁၁၃မှုနဲ့ နေအိမ်နဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးမှု၁၂၉မှု နဲ့ အခြားချိုးဖောက်မှု ၁၅၆မှု အပါအဝင် လူ့အခွင့်ရေးချိုးဖောက်မှုစုစုပေါင်း ၆၄၁မှုကို ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံတဝှမ်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ နေ့စဉ်ဖြစ်ပွားနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ အဆိုပါအချက်အလက်တွေကို တိကျသေချာတဲ့ အရင်းအမြစ်တွေကတဆင့် ကောက်ယူမှတ်တမ်းတင်လျက်ရှိပါတယ်။
အဆိုပါဖြစ်ရပ်များထဲတွင် နေရာဒေသအလိုက်၊ အမှုအမျိုးအစားအလိုက်အပြင် အထူးဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများကိုပါ မှတ်တမ်းတင်ထားရှိပြီး နိုင်ငံတကာယန္တရားတွေကိုလည်း အချိန်နဲ့ တပြေးညီ ပေးပို့ထားရှိပါတယ်။
========================
📌📌 ၃။ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် လုပ်ဆောင်နေသူများကို အားပေးကူညီသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရို ပြောကြား
ဧပြီ ၁၃
Radio NUG
မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် လုပ်ဆောင်နေသူများကို အားပေးကူညီသွားရန် ဆက်လက်သံန္နိဋ္ဌာန်ချထားပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုက ပြောကြားခဲ့ပါတယ်။
ထို့အပြင် မတ် ၂၈ ငလျင်အပြီး၌ ဝမ်းနည်းပူဆွေးမှုနှင့် ပျက်စီးဆုံးရှုံးမှုများ တွေ့ကြုံခဲ့ကြရသည့် လူပေါင်းများစွာနှင့်အတူ တစ်ပေါင်းတစ်စည်းတည်း ရှိနေကြောင်း၊ ခက်ခဲသောကာလအတွင်း မြန်မာပြည်သူများနှင့်အတူ အမေရိကန်ပြည်ထောင်စုက တစ်သားတည်းရပ်တည်နေကြောင်း၊ အသက်ကယ်ဆယ်ရေးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကြိုးပမ်းမှုများကို ပေးအပ်ရာတွင် နိုင်ငံတကာအသိုက်အဝန်းနှင့် ဆက်လက်ပူးပေါင်းသွားမှာဖြစ်ကြောင်း ဆိုထားပါတယ်။
၂၀၂၅ မြန်မာ အတာသင်္ကြန်ပွဲတော်နှင့် မြန်မာနှစ်သစ်ကူး သင်္ကြန်အခါသမယကို ကြိုဆိုသည့်အနေဖြင့် မြန်မာပြည်သူများ ကောင်းခြင်းမင်္ဂလာများနှင့် ပြည့်စုံပါစေကြောင်း၊ ယခုသင်္ကြန်အခါသမယနှင့်အတူ နှစ်သစ်တွင် မြန်မာပြည်သူများအားလုံးအတွက် မျှော်လင့်ချက်နှင့် သတ္တိခွန်အားများ သယ်ဆောင်လာပါစေကြောင်း မြန်မာပြည်သူများအတွက် အမေရိကန်ပြည်ထောင်စုကိုယ်စား ဆုမွန်ကောင်း တောင်းပေးထားပါတယ်။
သင်္ကြန်ဆိုသည်မှာ အတိတ်ကို ပြန်ပြောင်းဆင်ခြင်ပြီး ပိုမိုကောင်းမွန်သည့် အနာဂတ်ကို မျှော်လင့်ကြသည့် ကာလတစ်ခုဖြစ်ပြီး ယခုကဲ့သို့ အခက်အခဲနှင့် ရင်ဆိုင်ရသည့်အခါ မြန်မာပြည်သူများ၏ သတ္တိနှင့် သဒ္ဓါတရားတို့မှာ ယခင်ထက်ပင် ပိုမိုထင်ရှားပေါ်လွင်လှကာ အသစ်တဖန်ဖြစ်တည်ခြင်းနှင့် ပိုမိုကောင်းမွန်သည့် မနက်ဖြန်အတွက် မျှော်လင့်ချက်များကို သင်္ကြန်က ဆင်ခြင်မိစေတယ်လို့ ပြောကြားထားပါတယ်။
========================
📌📌 ၄။ မြန်မာပြည်သူတွေဟာ ကြေကွဲစရာအဖြစ်ဆိုးတွေက တစ်ပူပေါ်တစ်ပူဆင့်ဖြစ်နေပြီး စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုတွေကြောင့် တစ်ရက်တည်းမှာတင် အရပ်သားပြည်သူပေါင်း ၃၀ ကျော် သေဆုံးခဲ့တယ်လို့ Justice For Myanmarက ထုတ်ဖော်
ဧပြီလ ၁၃ ရက်
Radio NUG
မြန်မာပြည်သူတွေဟာ ကြေကွဲစရာအဖြစ်ဆိုးတွေက တစ်ပူပေါ်တစ်ပူဆင့်ဖြစ်နေပြီး စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုတွေကြောင့် တစ်ရက်တည်းမှာတင် အရပ်သားပြည်သူပေါင်း ၃၀ ကျော် သေဆုံးခဲ့တယ်လို့ Justice For Myanmarက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဧပြီ၁၃ရက်မှာ Justice For Myanmarက ဆိုထားချက်အရ မြန်မာ့ငလျင်ဘေးအတွင်း လူပေါင်း ၄၀၀၀ ကျော် အသက်ဆုံးရှုံးထားရပြီး ဖြစ်ကာ
တစ်ချိန်တည်းမှာပဲ စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တစ်ရက်တည်းမှာတင် အရပ်သားပြည်သူပေါင်း ၃၀ ကျော် သေဆုံးခဲ့ရပြီး၊ မတ်လ ၂၈ ရက်နေ့ နောက်ပိုင်း နိုင်ငံတစ်ဝန်း ပြည်သူပေါင်းများစွာဟာ စစ်အုပ်စုအကြမ်းဖက်စစ်ဆင်ရေးမှာ အသတ်ဖြတ်ခံခဲ့ရတယ်လို့ ဖော်ပြပါတယ်။
ကြေကွဲစရာအဖြစ်ဆိုးတွေက တစ်ပူပေါ်တစ်ပူဆင့်ဖြစ်နေပြီးတော့ တရားမျှတမှုအတွက် ပြန်လည်တောင်းဆိုမယ်လို့ ဆိုထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ မတ်လ၂၈ရက်မှ ဧပြီ၁၁ရက်အထိ လေကြောင်းတိုက်ခိုက်မှု ၇၂ကြိမ်ပြုလုပ်ခဲ့ပြီး သေဆုံးသူ၁၀၅ဦးရှိခဲ့ကာ လက်နက်ကြီးပစ်ခတ်မှု အကြိမ်၃၀တွင် သေဆုံးသူ ၆ဦးရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ထားပါတယ်။
========================
📌📌 ၅။ မောင်တောမြို့နယ်တွင် ကျင်းပတဲ့ ဒိုင်းနက် ရိုးရာပန်းမျှောပွဲတော်သို့ AA တက်ရောက်ချီးမြှင့်
ဧပြီ ၁၃ရက်
Radio NUG
ဧပြီလ ၁၃ ရက်နေ့ မနက် ၁၀ နာရီတွင် မောင်တောမြို့နယ်၊ ရေနောက်ငါးသားရွာမှာ သက္ကမ (ဒိုင်းနက်) လူမျိုး၏ ရိုးရာပန်းမျှောပွဲတော်ကို ကျင်းပပြုလုပ်ကြောင်း APMမှာ ဖော်ပြထားပါတယ်။
အဆိုပါ ရိုးရာပွဲတော် အခမ်းအနားသို့ ဒေသဆိုင်ရာ အစိုးရ အရာရှိကြီးများ၊ လူမျိုးစုရေးရာ တာဝန်ခံများ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA)၏ ဒေသဆိုင်ရာ အကြီးအကဲများ တက်ရောက်ကာ ထောက်ပံ့ငွေ ဂုဏ်ပြု ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
အခမ်းအနားတွင် ULA/AA ဒေသဆိုင်ရာ တာဝန်ရှိသူများက သက္ကမ လူမျိုးရို့၏ ရိုးရာပန်းမျှောပွဲတော်ကို ဂုဏ်ပြု ကြိုဆို ချီးမွှမ်းစကားများ ပြောကြားခဲ့ပြီး နောင်ကာလများမှာ ရိုးရာပွဲတော်တွေကို ဒီထက်မက ပိုမိုကောင်းမွန်အောင် ဆင်ယင်ကျင်းပနိုင်ရေး ထောက်ပံ့မှုများ တိုးမြှင့် လုပ်ဆောင်ပေးသွားဖို့ ပြောကြားခဲ့ပါတယ်။
အဆိုပါ ပန်းမျှောပွဲတော်သည် သင်္ကြန်အခါတော်ကို ကြိုဆိုသောအားဖြင့် ကျင်းပတာဖြစ်ပြီး ချောင်းထဲတွင် ဆီမီး၊ နံ့သာ၊ ဖယောင်းတိုင်များ ထွန်းကာ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာပျော်ရွှင်ခြင်း၊ ကံကောင်းခြင်း၊ စပါးဆန်ရေ ပေါများပြည့်စုံခြင်းများ ရရှိစေဖို့အတွက် ချောင်းစောင့်နတ်ကို အမျှတန်းပေးဝေ တိုင်တည် ဆုတောင်းတဲ့ ပွဲတော်ဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ သံတောင်ဒေသမှာ ၃၃ ရက်အတွင်း ပြင်းထန်တိုက်ပွဲ ၆ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆၂ ဦး သေဆုံး
ဧပြီလ ၁၂ ရက်၊
Radio NUG
သံတောင်ကြီးမြို့နယ်၊ ရှမ်းလယ်ပြင် စစ်ကောင်စီ တပ်စခန်းကို ပိတ်ဆို့ခဲ့ပြီနောက် နေပြည်တော်ကနေ စစ်ကြောင်းထိုးလာတဲ့ တပ်မ ၈၈ လက်အောက်ခံ စစ်ကောင်စီတပ်နဲ့ ၃၃ ရက်တာ တိုက်ပွဲတွေအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆၂ ဦး သေဆုံးခဲ့တယ်လို့ Nay Pyi Taw PDF က ထုတ်ပြန်ထားပါတယ်။
မတ်လ ၁ ရက်နေ့ကနေ ဧပြီလ ၂ ရက်နေ့အတွင်း ပြင်းထန်တိုက်ပွဲ ၆ ကြိမ်၊ ကာကင်း ရှင်းလင်းမှုများနဲ့ အသေးစား ထိတွေ့မှုများ ဖြစ်ပွားခဲ့ပြီး နယ်မြေရှင်းလင်းချိန် တွေ့ရှိချက်များအရ စစ်ကောင်စီတပ်သား ၆၂ ဦး သေဆုံးကာ၊ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး
လက်နက်နှင့် ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့ကာ စစ်ကောင်စီ တပ်သား ၃ ဦးလည်း သေနက် ၂ လက်၊ ခဲယမ်းတချို့နှင့်တကွ အလင်းဝင်လာခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၁ ရက်နေ့ ၁၀ နာရီမှ ၁၂ နာရီအတွင်း ပျဉ်းမနားမြို့နယ် တောင်မြင့်ရွာမကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
မတ်လ ၂၃ ရက် ညနေ ၅ နာရီမှ ၆ နာရီမှာလည်း တပ်မ ၈၈ လက်အောက်ခံ စစ်ကောင်စီတပ် အင်အား ၃၀၀ ခန့်က စစ်ကြောင်း ၃ ကြောင်းခွဲကာ ရေနီမြို့နယ်၊ မိအိကလေး ကျေးရွာအနီးကို ဝင်ရောက်လာရာ ခုခံခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် မတ်လ ၂၄ ရက်နေ့ မနက် ၈ နာရီမှ ၁၁ နာရီခန့်တွင် ရေတာရှည်မြို့နယ်၊ ဗောဓိကုန်း ကျေးရွာအနီးမှာ စစ်ကောင်စီတပ်အင်အား ၃၀၀ ခန့်က စစ်ကြောင်း ၃ ကြောင်းဖြန့်ကာ ရှေ့တိုးလာတာကြောင့် ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။
စစ်ကောင်စီက မြေပြင်တပ်များအပြင် ဂျက်ဖိုက်တာ ၁ စီး၊ Mi-35 တစ်စီး အသုံးပြုကာ ဗုံးကြဲခြင်း၊ ပွိုင့် ၈ မော်တာ သေနတ်များဖြင့်ပါ ပစ်ကူပေးခဲ့ပြီး ဗုံးကြဲချိန်မှာ တောင်ယာမီးခိုးများ ထူပြောနေတာကြောင့် စစ်ကောင်စီ တပ်ဖွဲ့ပေါ် မှားယွင်းကြဲချမှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
မတ်လ ၂၅ ရက်နေ့ မနက် ၉ နာရီမှ ၁၀ နာရီမှာလည်း ရေနီမြို့နယ်၊ ကြို့ချောင်း ကျေးရွာအနီး အင်အား ထပ်ဖြည့်လာတဲ့ စစ်ကောင်စီ တပ်အင်အား ၆၀၀ ခန့်နဲ့ အသင့်ရောက်ရှိနေတဲ့ ပူးပေါင်းတပ်များ ထိတွေ့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၃၀ ရက်နေ့ ညနေ ၄ နာရီမှ ၆ နာရီအချိန်ထိ သံတောင်မြောက်ပိုင်း၊ မြောက်နန်းချိုကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ အင်အား ၈၀၀ ခန့်နဲ့ သတင်းအရ အသင့်စောင့်ဆိုင်းနေတဲ့ ပူးပေါင်း တပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။
ဧပြီလ ၂ ရက်နေ့မှာလည်း သံတောင်မြောက်ပိုင်း၊ ရွာတန်းရှည် ကျေးရွာမှ မြောက်နန်းချို ကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် အထိနာကာ ပြန်ဆုတ်သွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ နေပြည်တော်တိုင်း စစ်ဌာန၊ တပ်ရင်း (၉၀၁)၊ တပ်ရင်း (၈၀၄)၊ တပ်ရင်း (၈၀၇)၊ တပ်ရင်း (၈၀၈) RTCစစ်ကြောင်း၊ သံတောင်မြောက်ပိုင်း အထူးဒေသတပ်ဖွဲ့၊ KNDO တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲအတွင်း တပ်ရင်း (၈၀၄) မှ ရဲဘော်ကျားလေး ပေါင်နှစ်ချောင်း ကျည်ဖောက်ဝင်ဒဏ်ရာ၊ KNDO ရဲဘော်တစ်ဦး လက်မောင်းရိုးကျိုးဒဏ်ရာ၊ KNDO ရဲဘော်တစ်ဦး ၆၀ မမ အစဖောက်ဝင်ဒဏ်ရာ၊ KNDO ရဲဘော်တစ်ဦး ၄၀ မမ ထိပြီး နှုတ်ခမ်းပြတ်ရှဒဏ်ရာ၊ တပ်ရင်း (၈၀၇) မှ ရဲဘော်အားသယ် ခြေကျင်းဝတ် ကျည်ထိ အရိုးကျေ ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၂။ စလင်းမှာ စစ်ကောင်စီ စစ်ကြောင်း နှစ်ရက်ဆက် တိုက်ခိုက်ခံရပြီး ပြန်ဆုတ်သွားခဲ့
ဧပြီလ ၁၂ ရက်၊
Radio NUG
မကွေးတိုင်း၊ စလင်းမြို့နယ်၊ စလင်း - ဆင်ဖြူကျွန်း လမ်းပိုင်းကြားက ကျေးရွာများကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ ၂ ရက်ဆက်တိုက် တိုက်ခိုက်ခံရပြီး ပြန်ဆုတ်ခွာခဲ့ရတယ်လို့ စလင်း ပကဖ က ထုတ်ပြန်ထားပါတယ်။
ဧပြီလ ၁၀ ရက်နေ့ ၇ နာရီ ၁၅ မိနစ် အချိန်မှာ စလင်းမြို့မ ရဲစခန်းကနေ အင်အား ၁၀၀ ကျော်ဖြင့် စုဖွဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့နဲ့ စလင်း ပကဖ ရှေ့ဆုံးကင်းပွိုင့်မှာ အပြန်အလှန် ထိတွေ့မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ထိုနေ့ မွန်းလွဲပိုင်းမှာ အဆိုပါ စစ်ကြောင်းကို စလင်း (ပကဖ) ရဲဘော်များက လိုက်လံပစ်ခတ် တိုက်ခိုက်ခဲ့ရာ အထိအခိုက်များစွာဖြင့် စလင်းစခန်းကို ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။
ဧပြီ ၁၁ ရက်နေ့မှာ အဆိုပါ စစ်ကြောင်းဟာ လင်းဇင်း ရဲစခန်းမှာ ထပ်မံစုဖွဲ့မှု ပြုလုပ်ခဲ့ပြီး အနီးတဝိုက် ကျေးရွာများကို ထပ်မံ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ရာ ဒေသခံ ကာကွယ်ရေး အဖွဲ့များနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နေ့ချင်း ပြန်ဆုတ်သွားခဲ့ရတယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်ဘက်က အထိခိုက်အကျဆုံး များခဲ့တယ်လို့ သိရပေမယ့် အတိအကျကို စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၃။ ကျွန်းစုမြို့၊ ပဲတိုင် ပျူစောထီး အထိုင်စခန်းကို အလစ်အငိုက် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်
ဧပြီလ ၁၂ ရက်၊
Radio NUG
တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာအုပ်စု၊ ပဲတိုင်ကျေးရွာက ပျူစောထီး အထိုင်စခန်း သိမ် -တောင်ကုန်းကို အလစ်အငိုက် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပ.က.ဖ အဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။
ဧပြီလ ၁၂ ရက် နေ့လည် ၁၀ နာရီခွဲခန့်မှာ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပျူစောထီး တပ်ဖွဲ့ ဘက်မှလည်း ၆၀ မမ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲကြာချိန် ၂၅ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး ကျွန်းစု ပကဖ တပ်ဖွဲ့များဘက်က အထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
၎င်း တိုက်ခိုက်မှုအတွင်း ပျူစောထီး တပ်ဖွဲ့ဝင်များ အထိအခိုက် ရှိနိုင်ပြီး အတည်ပြုနိုင်ဖို့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
========================
🚩🚩 ၄။ မင်းတပ်မြို့ မြို့မနှစ်ခြင်းဘုရားကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲ
ဧပြီ ၁၃
Radio NUG
သင်္ကြန်အကြိုနေ့ ညနေ ၄နာရီခန့်တွင် မင်းတပ်မြို့၊ မြို့မနှစ်ခြင်း ဘုရားကျောင်းကို တိုက်လေယာဥ်ဖြင့် ဗုံးကြဲခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
"မိုးတိမ်တောင်ကြီးမဟုတ်၊ မြို့မနှစ်ခြင်း ဘုရားကျောင်းလေယာဥ် နဲ့ ဗုံးကြဲတိုက်ခိုက်မှုအချိန်တွင်
မြင်ရသော မီးခိုး မီးလုံးကြီးသာ ဖြစ်ပါတယ်" လို့ဒေသခံတစ်ဦးက ရေးသားထားပါတယ်။
ဗုံးကြဲခံရပြီးနောက် ခရစ်ယာန်ဘုရားကျောင်း ပျက်စီးပြီး လူသေဆုံးထိခိုက်မှု အခြေအနေကို မသိရသေးဘူးလို့ ဆိုပါတယ်။
========================
🚩🚩 ၅။ တန့်ဆည်မြို့နယ်၊ လယ်မရွာ ဘုန်းကြီးကျောင်းကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီး ၁ ဦး သေဆုံး
ဧပြီ ၁၃
Radio NUG
ဧပြီလ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၆ မိနစ်ခန့်တွင် တန့်ဆည်မြို့နယ်၊ လယ်မရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်နှင့် မိတ္ထီလာ (ရှမ်းတဲ) လေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၇ တပ်ရင်းမှ သတင်းရရှိပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုအတွင်း အသက် ၃၀ နှစ်အရွယ် မပွားဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး အသက် ၄၀ နှစ်အရွယ် ဦးညိုလင်း ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ သကြင်္န်အကြိုနေ့မှာ ကျောက်တော်ကို စစ်ကောင်စီ ဗုံးကြဲခဲ့ပြီး ကလေးတစ်ဦး အပါအဝင် ၄ ဦး ဒဏ်ရာရ
ဧပြီလ ၁၂ ရက်၊
Radio NUG
သင်္ကြန်အကြိုနေ့၊ ဧပြီလ ၁၃ ရက်နေ့မှာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ပြည်တော်သာ ရပ်ကွက်နဲ့ ရွာမ ရပ်ကွက်ကို စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကလေးတစ်ဦး အပါအဝင် ၄ ဦး ဒဏ်ရာရခဲ့တယ် လို့ သိရပါတယ်။
ပြည်တော်သာရပ်ကွက်ကို မနက် ၉ နာရီခန့်မှာ ဂျက်ဖိုက်တာတစ်စီးနဲ့ ပေါင် ၅၀၀ ဗုံးသီး ၂ လုံး ကြဲချခဲ့ရာ ရွှေကျောင်းအနီး ကျရောက် ပေါက်ကွဲခဲ့တယ်လို့ Arakan Princess Media က ဖော်ပြထားပါတယ်။
ဗုံးသီးကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၁၀ နှစ်အရွယ် မချစ်နှင်းဝေ၊ အသက် ၂၄ နှစ်အရွယ် မဦးသန်းမေနဲ့ အသက် ၂၇ နှစ်အရွယ် မကျီကျီဝင်းတို့ ၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် အရပ်သား ပြည်သူနေအိမ် ၆ လုံးလည်း ပြိုကျပျက်စီးခဲ့တယ်လို့ Arakan Princess Media က ဖော်ပြထားပါတယ်။
အလားတူ မနက် ၉ နာရီခွဲခန့်မှာ ရွာမရပ်ကွက်ကို ပေါင် ၅၀၀ ဗုံးသီး ၂ လုံး တပ်မံကြဲချ တိုက်ခိုက်ခဲ့ရာ လူနေအိမ် ၅ လုံး ပြိုကျပျက်စီး ခဲ့တယ်လို့ နိရဥ္စရာ သတင်းဌာနက ဖော်ပြထားပါတယ်။
နေအိမ်ပြိုကျ ပျက်စီးမှုအတွင်း အသက် ၂၀ အရွယ် မဦးသန်းနွယ် ဆိုသူ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၇။ ကောလင်းခရိုင် ဂျိုးတောင်ရွာ၊ မြောင်းတောင်ရွာနှင့် ညောင်ကုန်းရွာကို အကြမ်းဖက်စစ်တပ်မှ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ ပြည်သူ ၃ဦးနှင့် ဆရာတော် ၁ပါး ထိခိုက်ဒဏ်ရာရ
ဧပြီ ၁၃ရက်
Radio NUG
ဧပြီလ ၁၃ရက်နေ့ ည ၇နာရီခန့်တွင် ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ဂျိုးတောင်ရွာကို ဂျက်ဖိုက်တာဖြင့် ၃ကြိမ် တိုက်ခိုက်သွားကြောင်း Kawlin Info မှ သတင်းဖော်ပြထားပါတယ်။
ဂျိုးတောင်ဈေးထဲ တစ်လုံးကျရောက်ပေါက်ကွဲပြီး ပြည်သူ တစ်ဦး ဒဏ်ရာရရှိကာ မြောက်ရွာတွင် တစ်လုံး၊ တောင်မကြီးတောင်ခြေတွင် တစ်လုံး ကျရောက်ခဲ့တယ်လို့ ကနဦး သိရပါတယ်။
ထိုမှ ဝန်းသိုမြိုနယ် ညောင်ပင်သာအုပ်စု မြောင်းတောင်ရွာအား ထပ်မံပစ်ခတ်ရာ ဘုန်းတော်ကြီးကျောင်း ထိမှန်ပြီး ဆရာတော်တစ်ပါး ဒဏ်ရာရရှိတယ်လို့ ကနဦးသိရပါတယ်။
အလားတူ ကောလင်းအရှေ့ခြမ်း ညောင်ကုန်းရွာကိုလည်း ဧပြီလ ၁၃ရက်နေ့ နေ့လယ် ၁၂နာရီဝန်းကျင်တွင် လေကြောင်းမှ ၃ကြိမ် ပစ်ခတ်ရာ ဆီလုပ်ငန်းလုပ်ကိုင်နေတဲ့ ဆီဆိုင်အား ထိမှန်ပြီး အပစ်မဲ့ ပြည်သူ ကျား တစ်ဦး၊ မ တစ်ဦးဒဏ်ရာ ရရှိကာ အဆောက်အဦနှင့် ကားများ ပျက်ဆီးတယ်လို့ သိရပါတယ်။
========================
🚩🚩 ၈။ လိုအပ်ရင် နေပြည်တော်အထိ ချီတက်နိုင်ကြောင်း ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီ ဆို
ဧပြီလ ၁၂ ရက်၊
Radio NUG
People’s Spring သတင်းဌာနနှင့် သီးသန့်တွေ့ဆုံ မေးမြန်းမှုမှာ ချင်းညီနောင် အဖွဲ့ဝင်၊ ချင်းအမျိုးသား အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက "လိုအပ်လို့ရှိရင် နေပြည်တော် အထိလည်း ကျွန်တော်တို့ ချီတက်သွားဖို့ ဖြစ်ပါမယ်။” လို့ အသိပေး ပြောဆိုခဲ့ပါတယ်။
ဆလိုင်းတင်မီက စစ်ကိုင်း၊ ယောဒေသ၊ မကွေး အစရှိတဲ့ အညာဒေသမှ လူငယ်ရဲဘော်များ တောင်ပေါ် ဒေသကို လာရောက်ပြီး အသက်ကို ပဓါန မထားဘဲ ဖလမ်းမြို့ လွတ်မြောက်ရေး တိုက်ပွဲမှာ ပါဝင်ကူညီခဲ့တာက ၂၀၂၁ နွေဦးတော်လှန်ရေးရဲ့ ထူးခြားမှုဖြစ်တယ်လို့ ပြောပြပါတယ်။
ချင်းညီနောင်အနေနဲ့လည်း ချင်းပြည်နယ်နဲ့ ထိစပ်နေတဲ့ စစ်ကိုင်း၊ ယောဒေသ၊ မကွေးနဲ့ ရခိုင်ပြည်နယ်တို့မှာ ကောင်းမွန်တဲ့ အိမ်နီးချင်းတွေ ပိုင်ဆိုင်ချင်တာကြောင့် အဲ့ဒီဒေသတွေမှာ ရှိကြတဲ့ တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လိုအပ်လို့ရှိရင် အညာဒေသမှာလည်း ချင်းညီနောင် ရဲဘော်တွေကို လွှတ်ပေးသွားမှာဖြစ်ပြီး မြန်မာနိုင်ငံ ပြည်ထောင်စု အသစ်ကြီး ပြန်လည် ဖြစ်ပေါ်လာအောင် ကျရာကဏ္ဍကနေ ဆောင်ရွက်သွားဖို့ သန္နိဌာန် ချထားတာ ရှိတယ်လို့ ဆက်ပြောပါတယ်။
“အညာဒေသမှာရှိတဲ့ လက်နက်ကိုင်တွေလည်း တောင်ပေါ်မှာတိုက်တာပဲ။ ဘယ်နေရာမဆို တိုက်တာပဲ။ ပြည်သူတွေကို ပြောချင်တာကတော့ ၂၀၂၁ က ပေါ်ပေါက်လာတဲ့ တော်လှန်ရေး ပြည်သူတွေရဲ့ ပါဝင်မှု အသီးအပွင့်တွေက ၂၀၂၄၊ ၂၀၂၅မှာ မြင်နေရပြီ" လို့ ဆလိုင်းတင်မီ ပြောပါတယ်။
ချင်းညီနောင် အပါအဝင် တိုင်းရင်းသား တော်လှန်ရေး တပ်များကလည်း တိုင်းရင်းသား ဒေသများတွင် သာမက လိုအပ်တဲ့နေရာများကို ဆက်လက်ချီတက် တိုက်ပွဲဝင်သွားမှာဖြစ်ပြီး လိုအပ်ရင် နေပြည်တော် အထိလည်း ချီတက်နိုင်ကြောင်း အသိပေး ပြောကြားခဲ့ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment