၂၀၂၅ ဧပြီလ ၁၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ယာယီသမ္မတ၏ မြန်မာ့ရိုးရာ နှစ်သစ်ကူးနှုတ်ခွန်းဆက်မိန့်ခွန်; တိုက်ရိုက်ထုတ်လွှင့်မည်
📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းတည်ထောင်ခြင်း (၄)နှစ်မြောက်နေ့သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကသဝဏ်လွှာပေးပို့
📌 ၃။ မြန်မာနိုင်ငံ ငလျင်ဘေးကယ်ဆယ်ရေးအတွက် လှူဒါန်းမှု ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးမှ လက်ခံရယူ
📌 ၄။ နွေဦးတော်လှန်ရေးအင်အားစုများရ၏ ယခုနှစ်သင်္ကြန်သံချပ်များကို NUGလူ့အခွင့်ရေးဝန်ကြီး ချီးကျူးဂုဏ်ပြု
📌 ၅။ ”၂၀၂၅ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း)၏ Registration ပိတ်သိမ်းရန်ကာလ အသိပေးနှိုးဆော်
📌 ၆။ မန္တလေးမြို့တွင် ပြိုကျအဆောက်အဦများအောက်မှ သေဆုံးပြီးရုပ်အလောင်းများဆက်လက်ရှာဖွေတွေ့ရှိ
📌 ၇။ SUU 80 Birthday Campaignက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အမှတ်တရပြက္ခဒိန်များ အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကို မကြာခင်ရောက်ရှိမည်
📌 ၈။ ငလျင်ဘေးဒဏ်ခံခဲ့ရသူများနှင့်အတူ စည်းလုံးညီညွတ်စွာ ရပ်တည်ပြီး မြန်မာပြည်သူပြည်သားများနှင့်အတူရှိနေကြောင်း ဆွစ်ဇာလန်သံရုံးထုတ်ပြန်
========================
၂၀၂၅ ခုနှစ် ဧပြီလ ၁၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ တပ်မ ၇၇ တပ်မမှူးကို စစ်ဆေးနေတယ်လို့ NUG အသိပေး
🚩 ၂။ ကန့်ဘလူနယ် ခအုံးတာရွာက အပြစ်မဲ့အမျိုးသား၂ ဦးကို စစ်အုပ်စစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်
🚩 ၃။ အရာတော် တောင်ဘက်ခြမ်းတနေရာကို စကစကလေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ပြုလုပ်ခဲ့ပြီး လက်နက်ကြီးများနဲ့လည်းရမ်းသမ်းပစ်ခတ်
🚩 ၄။ ငလျင်ဒဏ်သင့်ပြည်သူတွေကို ကယ်ဆယ်ရမယ့်ကာလမှာ စစ်ကောင်စီက ပြည်သူလူထုကိုပစ်မှတ်ထားတဲ့တိုက်ခိုက်မှုတွေ နေ့စဉ်လုပ်နေတယ်လို့ KNU ပြော
🚩 ၅။ ကယန်းအမျိုးသားပညာရေးကော်မတီ (KNEC) ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် သူနာပြုအကူနှင့် ကျန်းမာရေး စောင့်ရှောက်မှု သင်တန်းအတွက် သင်တန်းလျှောက်လွှာများခေါ်ယူ
🚩 ၆။ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများတွင် တဆင့်ခံ ပါဝင်ပတ်သက်နေသော AIRBUS ကုမ္ပဏီ၏ရှေ့မှာ နယ်သာလန်ရောက်မြန်မာများ ဆန္ဒပြ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ယာယီသမ္မတ၏ မြန်မာ့ရိုးရာ နှစ်သစ်ကူးနှုတ်ခွန်းဆက်မိန့်ခွန်; တိုက်ရိုက်ထုတ်လွှင့်မည်
ဧပြီလ ၁၆ရက်
အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၏ မြန်မာ့ရိုးရာနှစ်သစ်ကူး နှုတ်ခွန်းဆက်မိန့်ခွန်းကို ၊ ၂၀၂၅ ခုနှစ် ၊ ဧပြီလ (၁၇) ရက်၊ နံနက် (၉) နာရီအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်သွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။နိုင်ငံတော်ယာယီသမ္မတ၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်မိန့်ခွန်းတိုက်ရိုက်ထုတ်လွှင့်မှုကို OfficeOfThePresident.NUG ၊ PVTV ၊ RADIO NUG ၊ DVB ၊ Mizzima ၊ ခေတ်သစ် ၊ People's Spring ၊ D Day Channel ၊ Red Peacock ၊ ဒီလမ်း ၊ သံလွင်တိုင်းမ်၊ နွေဦးအသံ အစရှိတဲ့ ဖေ့စ်ဘွတ်ခ်ပေ့ချ်တွေကနေ တိုက်ရိုက်ထုတ်လွှင့်သွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။
========================
📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းတည်ထောင်ခြင်း (၄)နှစ်မြောက်နေ့သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကသဝဏ်လွှာပေးပို့
ဧပြီလ ၁၆ရက်
အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်မြောက်နေ့သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကသဝဏ်လွှာတရပ်ပေးပို့ခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်အာဏာရှင်စနစ်ဆိုးအား အဆုံးသတ်၍ ပြည်သူ့ ဆန္ဒနှင့်အညီ တည်ထောင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးနှင့် ပြည်သူ့အာဏာ ပြည်သူ့ထံ ပြန်လည်အပ်နှင်းနိုင်ရေးအတွက် တိုင်းရင်းသားပြည်သူများ၊ တော်လှန်ရေးအင်အားစုအားလုံးတို့နှင့်အတူ လက်တွဲကြိုးပမ်းလျက်ရှိသည်သာမက တော်လှန်ရေးကာလ ပြည်သူ့အစိုးရတစ်ရပ်အနေဖြင့် ပြည်တွင်းပြည်ပ ကဏ္ဍအစုံတွင် လေးနှစ်တာကာလအတွင်း ကြိုးပမ်းဆောင်ရွက်နေမှုများအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ဖော်ပြအပ်တယ်လို့ဆိုပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒနှင့် ပြည်သူတို့မျှော်လင့်ချက်ကို ဖော်ဆောင်ပေးနေသည့် လွှတ်တော်တစ်ရပ်အနေဖြင့် ပြည်သူ့အာဏာ ပြည်သူ့ထံ ပြန်လည်အပ်နှင်းနိုင်ရမည်ဟူသော ယုံကြည်ချက်ကို ခိုင်မာစွာဆုပ်ကိုင်လျက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကြီးများကို သတ္တမအကြိမ်အထိ ခေါ်ယူကျင်းပခဲ့ရာတွင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လွှတ်တော်နှင့်အစိုးရအကြား လိုအပ်သော ပူးပေါင်း ချိတ်ဆက်မှုများ၊ အစီရင်ခံစာတင်ပြခြင်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းများကို ဖြေကြားခြင်းများ စသည့် လေးနှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများကိုလည်း မှတ်တမ်းတင်ထားရှိတယ်လို့ဖော်ပြပါတယ်။
အစိုးရနှင့်လွှတ်တော်၏ ခိုင်မာသောပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန် ထိန်းညှိဆောင်ရွက်မှုများသည် စစ်အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် အရေးပါသော အခြေခံအုတ်မြစ်တစ်ခုဖြစ်ကာ ပြည်သူ့ ဆန္ဒကို အခြေတည်သော နိုင်ငံတော်သစ်ဆီသို့ အတူတကွ လျှောက်လှမ်းသွားနိုင်မည်ကို အပြည့်အဝ ယုံကြည်ကြောင်းဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအသီးသီးတွင် တိုင်းရင်းသား ပြည်သူများ၊ တော်လှန်ရေးအင်အားစုများ၊ မဟာမိတ်အင်အားစုများနှင့် လက်တွဲဆောင်ရွက်လျက် အသွင်ကူးပြောင်းရေးကာလ အစိုးရတစ်ရပ်၏ အနာဂတ်လုပ်ငန်းစဥ်များတွင်လည်း ဘုံရည်မှန်းချက် တူညီသော တော်လှန်ရေးအင်အားစုများအားလုံး၏ တစ်ပေါင်းတစ်စည်းတည်းသော အင်အားဖြင့် တိုင်းရင်းသားပြည်သူလူထုနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် ပိုမိုအားကောင်းခိုင်မာသော အစိုးရတစ်ရပ်ပေါ်ထွန်းနိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားနိုင်ပါစေကြောင်း ဆန္ဒပြုလျက် ဤသဝဏ်လွှာအား ပေးပို့အပ်တယ်လို့ဆိုပါတယ်။
========================
📌📌 ၃။ မြန်မာနိုင်ငံ ငလျင်ဘေးကယ်ဆယ်ရေးအတွက် လှူဒါန်းမှု ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးမှ လက်ခံရယူ
ဧပြီလ ၁၆ရက်
မြန်မာနိုင်ငံ ငလျင်ဘေးကယ်ဆယ်ရေးအတွက် လှူဒါန်းမှုကို အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံ ငလျင်ဘေးကယ်ဆယ်ရေးအတွက် အမေရိကန်နိုင်ငံမှ Dr.Myint Sonny Oo နှင့်မိသားစုမှ အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှတဆင့် အမေရိကန်ဒေါ်လာ ၂၅၀/- အား ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။မြန်မာပြည်သူများအတွက် အမြဲအသင့်ရှိနေသော Dr.Myint Sonny Oo နှင့် မိသားစုအား အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ အထူးပင်ကျေးဇူးတင်ဝမ်းမြောက်စွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်တယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၄။ နွေဦးတော်လှန်ရေးအင်အားစုများရ၏ ယခုနှစ်သင်္ကြန်သံချပ်များကို NUGလူ့အခွင့်ရေးဝန်ကြီး ချီးကျူးဂုဏ်ပြု
ဧပြီ ၁၆ရက်
နွေဦးတော်လှန်ရေးအင်အားစုများရ၏ ယခုနှစ်သင်္ကြန်သံချပ်များကို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး ဦးအောက်မျိုးမင်းက ချီးကျူးဂုဏ်ပြုတယ်လို့ ဧပြီလ ၁၆ရက်မှာ အသိပေးဆိုထားပါတယ်။
"ဒီနှစ် သံချပ်အဖွဲ့တွေ တော်တော်များများရဲ့ သံချပ်တွေ နားထောင်ဖြစ်တယ်။ ထိမိတယ်။စူးရှတယ်။ထက်မြက်တယ်။အသံတွေက အားပါတယ်။သံချပ်ဆိုတာ ပြည်သူ့အသံဖော်ထုတ်ပြီး ခေတ်ကိုတင်ပြတဲ့ အနုပညာတရပ်ပဲ။သံချပ်တွေနားထောင်ရင်း လက်ရှိ ပြည်သူတွေရဲ့ဘဝအခြေအနေ၊ ပြည်သူတွေရဲ့ခံစားချက်၊ ပြည်သူတွေရဲ့မျှော်လင့်ချက်၊ ပြည်သူတွေရဲ့ တောင်းဆိုချက်တွေကို တွေ့ရတယ်။ ရင်ခုန်တယ်။စိတ်လှုပ်ရှားတယ်။တက်ကြွတယ်။ဆင်ခြင်မိတယ်။ပြီးတော့ တာဝန်ရှိတယ်လို့ ခံစားရတယ်"လို့ ဝန်ကြီးကဆိုပါတယ်။
နွေဦးတော်လှန်ရေးအင်အားစုများရ၏ ယခုနှစ်သင်္ကြန်သံချပ်များတွင် CDMများကို ဝိုင်းဝန်းဖေးမကူညီရန်နဲ့ NUGအစိုးရကို ထောက်ပြတဲ့သံချပ်များလည်း တင်ဆက်ခဲ့ကြပါတယ်။
========================
📌📌 ၅။ ”၂၀၂၅ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း)၏ Registration ပိတ်သိမ်းရန်ကာလ အသိပေးနှိုးဆော်
ဧပြီ ၁၆ရက်
"၂၀၂၅ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) ၏ Registration ပိတ်သိမ်းရန်ကာလကို NUGပညာရေးဝန်ကြီးဌာနက အသိပေးနှိုးဆော်လိုက်ပါတယ်။
၂၀၂၅ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း)သည် ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် ကျင်းပမည် ဖြစ်ပါသဖြင့် ဖြေဆိုခွင့်လျှောက်ထားခြင်းကာလသည် ၂၀၂၅ ခုနှစ်၊ မတ်လ (၂၂) ရက်နေ့မှ ဧပြီလ (၃၀) ရက်နေ့ အထိဖြစ်ပါ၍ လျှောက်ထားနိုင်သည့်ကာလသည် (၁၅) ရက်သာ ကျန်ရှိတော့ပါကြောင်း ကြိုတင်တိုက်တွန်း ထပ်မံနှိုးဆော်အပ်တယ်လို့ ဖော်ပြပါတယ်။
ဖြေဆိုကြမည့်ကျောင်းသား၊ကျောင်းသူများအနေဖြင့် ဧပြီ၃၀ရက်နေ့ ၊ ည (၁၂) နာရီ နောက်ဆုံးထား၍ BECA စနစ်သစ် ဒွါဒသမတန်း Registration ဖြည့်သွင်းနိုင်ကြပါရန် ကြိုတင်အသိပေးတိုက်တွန်းနှိုးဆော်အပ်တယ်လို့ဆိုထားပါတယ်။
========================
📌📌 ၆။ မန္တလေးမြို့တွင် ပြိုကျအဆောက်အဦများအောက်မှ သေဆုံးပြီးရုပ်အလောင်းများဆက်လက်ရှာဖွေတွေ့ရှိ
ဧပြီ ၁၆ရက်
မန္တလေးမြို့တွင် ပြိုကျအဆောက်အဦများအောက်မှ သေဆုံးပြီးရုပ်အလောင်းများဆက်လက်ရှာဖွေတွေ့ရှိလျက်ရှိတယ်လို့ သတင်းရရှိပါတယ်။မတ်လ၂၈ရက်မွန်းလွဲပိုင်းစစ်ကိုင်းမြို့ကိုဗဟိုပြု၍လှုပ်ခတ်ခဲ့သောစစ်ကိုင်းငလျင်ကြောင့်လူဦးရေ ၃၀၀၀ ကျော်ရှိခဲ့ပါတယ်။
အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ Sky Villa အဆောက်အအုံပြိုကျသည့်နေရာတွင်စက်ယန္တရားများနှင့်အတူ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ ဧပြီလ၁၅ရက်နေ့၊ နေ့လည်၃နာရီ အချိန်တွင် ကျား(၁)ဦး၏ ရုပ်အလောင်းနှင့်နေ့လည်၃နာရီ ၁၀မိနစ်အချိန်တွင် ကျား(၁)ဦး၊နေ့လည်၃နာရီခွဲ အချိန်တွင် ကျား(၁)ဦး၏ ရုပ်အလောင်းအား ထပ်မံရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ်။
အလားတူ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ၈၄ လမ်း၊ ၂၇ x ၂၈ လမ်းကြားရှိ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန အဆောက်အအုံပြိုကျမှုတွင် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဧပြီ၁၅ ရက်နေ့တွင် ကျား(၁)ဦးနှင့် မ(၁)ဦး၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ပါတယ်။
========================
📌📌 ၇။ SUU 80 Birthday Campaignက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အမှတ်တရပြက္ခဒိန်များ အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကို မကြာခင်ရောက်ရှိမည်
ဧပြီ ၁၆ရက်
SUU 80 Birthday Campaignက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အမှတ်တရပြက္ခဒိန်များ အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကို မကြာခင်ရောက်ရှိမယ်လို့ Hleping hands for burma အသိပေးဆိုပါတယ်။"H2B မှဝယ်ယူထားသူများ - အမှတ်တရ ပြက္ခဒိန်များဟာ နယူးယောက်ကို လာမဲ့စနေနေ့လောက်မှရောက်ရှိမှာဖြစ်ပါတယ်။ နယူးယောက်မြို့မှဝယ်ယူသူများအနေနဲ့ တနင်္ဂနွေ နေ့လောက်မှာ pick up လုပ်လို့ရမှာဖြစ်ပါတယ်။ထပ်မံမကြောင်းကြားပေးမှာဖြစ်ပါတယ်။တခြားပြည်နယ်တွေအတွက် တနင်္လာနေ့မှစပြီးUSPS ကနေပေးပို့ပေးသွားမှာဖြစ်ကြောင်း အသိပေးပါရစေ"လို့ ဆိုထားပါတယ်။
SUU 80 Birthday Campaign ရဲ့ပထမပိုင်း ဖြစ်တဲ့ အမှတ်တရ ပြက္ခဒိန်များ ကို နိုင်ငံအသီးသီး မှ FR များ မှ ဝယ်ယူသူများထံ စတင်ဖြန့်ဖြူးပေးနေကြပြီလို့ ကမ်ပိန်းပေ့ချ်ကလည်း အသိပေးကြေညာထားပါတယ်။
နိုင်ငံအသီးသီးမှ SUU 80 birthday calendar ဝယ်ယူသူများနှင့် Volunteers FR များအား ကင်မ်နှင့်ကမ်ပိန်းဖြစ်မြောက်ရေးကော်မတီမှ အထူးဘဲကျေးဇူးတင်ရှိတယ်လို့လည်း အသိပေးကြေညာထားပါတယ်။
========================
📌📌 ၈။ ငလျင်ဘေးဒဏ်ခံခဲ့ရသူများနှင့်အတူ စည်းလုံးညီညွတ်စွာ ရပ်တည်ပြီး မြန်မာပြည်သူပြည်သားများနှင့်အတူရှိနေကြောင်း ဆွစ်ဇာလန်သံရုံးထုတ်ပြန်
ဧပြီ ၁၆ရက်
ငလျင်ဘေးဒဏ်ခံခဲ့ရသူများနှင့်အတူ စည်းလုံးညီညွတ်စွာ ရပ်တည်ပြီး မြန်မာပြည်သူပြည်သားများနှင့်အတူရှိနေကြောင်း ဆွစ်ဇာလန်သံရုံးရန်ကုန်က ဧပြီ၁၆ရက်မှာ ထုတ်ပြန်ပါတယ်။
မြန်မာနှစ်သစ်ကို ကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးမှ မြန်မာပြည်သူပြည်သားများအတွက် ငြိမ်းချမ်းခြင်းဖြင့်ကြံ့ကြံ့ခံပြီး အသစ်တဖန် ဖြစ်ပေါ်လာပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်လို့ဖော်ပြပါတယ်။
ယခုနှစ်သစ်အခါသမယတွင် မကြာသေးမီက ငလျင်ဘေးဒဏ်ခံခဲ့ရသူများနှင့်အတူ စည်းလုံးညီညွတ်စွာ ရပ်တည်ပြီး ကျွန်ုပ်တို့၏ အတွေးများသည် မြန်မာပြည်သူပြည်သားများနှင့်အတူ ရှိနေတယ်လို့ ဆိုပါတယ်။
မတူညီသော ဓလေ့ထုံးတမ်းများကြားမှ ဆွစ်ဇာလန်နှင့် မြန်မာနိုင်ငံနှစ်ရပ်စလုံးသည် စည်းလုံးညီညွတ်မှုနှင့် နှစ်သစ်ကို သယ်ဆောင်လာမည့် မျှော်လင့်ချက်ကို မျှဝေကြတယ်လို့လည်းဖော်ပြပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ တပ်မ ၇၇ တပ်မမှူးကို စစ်ဆေးနေတယ်လို့ NUG အသိပေး
ဧပြီ ၁၆ရက်
အင်းတော်မြိုသိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တဲ့ တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးကို စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေတယ်လို အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ် ။
မနေ့ ဧပြီ ၁၅ ရက်နေ့ကလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်သူလူထုနဲ့နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်မှာ ဦးနေဘုန်းလတ်က အခုလို အသိပေးလိုက်တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ဖမ်းဆီးရမိထားတဲ့စစ်သုံပန်းတွေကို စစ်သုံပန်းဆိုင်ရာမူဝါဒတွေနဲ့အညီ ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်း နေပြီး စစ်သုံပန်းတွေရဲ့ ထွက်ဆိုချက်၊ စစ်ဆေးတွေ့ရှိချက်တွေပေါ် အခြေခံကာ တရားစီရင်ရေးဆိုင်ရာကိစ္စရပ်တွေကို ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။
အင်းတော်မြိုသိမ်းတိုက်ပွဲကို ပြည်သူကာကွယ်ရေးတပ်မတော် PDF တွေအပါအဝင် ABSDF ၊ KIA ၊ KPDF ၊ ပကဖ နဲ့ မဟာမိတ်တွေ ၈ လနီးပါး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရပြီး သိမ်းပိုက်နိုင်ခဲ့တာလို့ စစ်ရေးသတင်းမှတ်တမ်းတွေအရ သိရပါတယ်။
အင်းတော်မြို့ဟာ စစ်ကောင်စီအတွက် အရေးပါတဲ့မြို့ဖြစ်တဲ့အတွက် မြို့မကျရေး စစ်ကောင်စီဘက်က နာမည်ဆိုးနဲ့ကျော်ကြားတဲ့ တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးကိုယ်တိုင်ဦးဆောင်ပြီး လက်အောက်ခံတပ်ရင်းတွေနဲ့ ဂျပန်လှိုဏ်ဂူမှာ အခိုင်အမာခံစစ်ပြင်ပြီး ခုခံခဲ့ပေမယ့် ဧပြီလ ၇ ရက်နေ့ ညပိုင်းမှာ တော်လှန်ရေးတပ်တွေက သိမ်းပိုက် နိုင်ခဲ့တာပဲဖြစ်ပါတယ်။
အင်းတော်မြို့က ဂျပန်လှိုဏ်ဂူမှာတပ်စွဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဟာ ဝန်းရံပိတ်ဆိုထားတဲ့ တော်လှန်ရေးတပ် တွေရဲ့ ဖိအားကို တောင့်မခံနိုင်တော့ဘဲ စခန်းစွန့်ခွာထွက်ပြေးသွားတာကြောင့် အင်းတော်မြို့ကို အပြီးသတ်သိမ်းပိုက်ရရှိ ခဲ့သလို ဆုတ်ခွာထွက်ပြေးသွားတဲ့ တပ်မမှူးနဲ့ တပ်သားတွေကိုလည်း စစ်သုံပန်းတွေအဖြစ် ဖမ်းဆီးရမိခဲ့တာလို့ NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရက ရှင်းပြထားပါတယ်။
အင်းတော်မြိုသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်တွေအသုံးပြုတဲ့ ဟောင်ဝစ်ဇာလက်ကြီး ၂ လက်အပါအဝင် လက်နက်မျိုးစုံနဲ့ ခဲယမ်းတွေ စစ်သုံးပစ္စည်းတွေ အများအပြားရရှိခဲ့သလို တပ်မ ၇၇ တပ်မမှူးအပါအဝင် စစ်သုံပန်း ၂ရာခန့် ဖမ်းဆီးရမိတယ် လို့ စစ်ရေးရင်းမြစ်တွေကလည်း အသိပေးထားပါတယ်။
========================
🚩🚩 ၂။ ကန့်ဘလူနယ် ခအုံးတာရွာက အပြစ်မဲ့အမျိုးသား၂ ဦးကို စစ်အုပ်စစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်
ဧပြီ ၁၆ရက်
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ခအုံးတာရွာက အပြစ်မဲ့အမျိုးသား၂ ဦးကို စစ်အုပ်စစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်သွား တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ - ကန့်ဘလူခရိုင်က ပြောပါတယ်။
ခအုံးတာရွာက အမျိုးသား၂ ဦးဟာ ငှက်ပျောတိုင်းရွာသစ်နဲ့ ပေကြီးရွာကြား သွားလာနေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး တွေပါတဲ့စစ်ကြာင်းနဲ့တိုးပြီး ဧပြီလ ၁၃ ရက်နေ့ မနက် ၈ နာရီခွဲခန့်မှာ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတာလို့ ဆိုပါတယ်။
သတ်ဖြတ်ခံခဲ့ရတဲ့သူတွေဟာ ခအုံးတာရွာက အသက် ၄ဝ အရွယ် ဦးချစ်နိုင်နဲ့ အသက် ၃ဝ အရွယ် ဦးနေလင်းဦးတို့ဖြစ်ပြီး ခအုံးတာရွာကနေ ဗျူဟာလမ်းပိုင်းပေါ်အတက်မှာ အင်အား ၄ဝ ခန့်ရှိတဲ့ စစ်အုပ်စုစစ်ကြောင်းနဲ့တိုးပြီး ဖမ်းဆီးသတ်ဖြတ်ခံ ခဲ့ရတာလို့ အသိပေးပါတယ်။
ခအုံးတာရွာဟာ စစ်ဘေးရှောင်နရတဲ့ ကျေးရွာတရွာဖြစ်ပြီး ရွာထဲမှာ အရပ်သားပြည်သူတွေမနေတော့ဘဲ တခါတရံမှသာ လိုအပ်တာတွေ ရွာထဲဝင်ပြီး ပြန်ယူကြတာလို့ သိရပါတယ်။
ကန့်ဘလူမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေဟာ အပြစ်မဲ့ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ် တာတွေ အဆက်မပြတ်လုပ်ဆောင်လျက်ရှိရာ ဧပြီလ ၉ ရက်နေ့ကလည်း ကိုးတောင်ဘို့အထိုင်စခန်းကနေ ရိက္ခာရှာ ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ ကိုင်းမရွာက အရပ်သားပြည်သူ ၂ ဦးကို သတ်ဖြတ်ခဲ့ပြီး ၁၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားရာ လက်ရှိအချိန်ထိ လွတ်မြောက်လာခြင်းမရှိသေးသလို ဧပြီလ ၁၁ ရက်နေ့ကလည်း ပေကြီးရွာက အသက် ၅၀ အရွယ် အမျိုးသားတဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ - ကန့်ဘလူခရိုင် မှတ်တမ်းတွေအရ သိရပါတယ်။
========================
🚩🚩 ၃။ အရာတော် တောင်ဘက်ခြမ်းတနေရာကို စကစကလေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ပြုလုပ်ခဲ့ပြီး လက်နက်ကြီးများနဲ့လည်းရမ်းသမ်းပစ်ခတ်
ဧပြီ၁၆ရက်
စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်တောင်ဘက်ခြမ်းတနေရာကို စကစကလေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ပြုလုပ်ခဲ့ပြီး လက်နက်ကြီးများနဲ့လည်းရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဧပြီ၁၆ရက်မှာ အရာတော်ပကဖက အတည်ပြုထားပါတယ်။
"သင်္ကြန် အတက်နေ့မှာ အရာတော် တောင်ခြမ်းတနေရာကို လေကြောင်းတိုက်ခိုက်မှု ၄ ခါ ပြုလုပ်သွားပါတယ်။အရာတော် စခတ ၁၀ ကနေလဲ ဟောင်ဝပ်ဇာလက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေပါတယ်။သင်္ကြန်ကာလ ဖြစ်တဲ့အတွက် ဆောင်းဘောက်အသံများကို ရပ်နားထားပြီး လေကြောင်းအန္တရာယ်၊ လက်နက်ကြီး အန္တရာယ် ဂရုစိုက်ကြဖို့ တိုက်တွန်းနိုးဆော်အပ်ပါတယ်"လို့ဆိုထားပါတယ်။
ဧပြီလ၃ရက်နေ့ကနေဧပြီလ၁၃ရက်နေ့ အကြ်န်အကြိုနေ့အထိ တိုင်းနဲ့ပြည်နယ်၁၂ခုမှာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ပေါင်း (၆၈)ခု ရှိခဲ့ပြီးတော့ အဲဒီဖြစ်စဥ်တွေမှာပြည်သူ(၆၃)ဦးသေဆုံးခဲ့ရပြီး၈၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်"လို့ အမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူက သတင်းထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ ငလျင်ဒဏ်သင့်ပြည်သူတွေကို ကယ်ဆယ်ရမယ့်ကာလမှာ စစ်ကောင်စီက ပြည်သူလူထုကိုပစ်မှတ်ထားတဲ့တိုက်ခိုက်မှုတွေ နေ့စဉ်လုပ်နေတယ်လို့ KNU ပြော
ဧပြီ ၁၆ရက်
ငလျင်ဒဏ်သင့်ပြည်သူတွေကို ကယ်ဆယ်ရမယ့်ကာလမှာ စစ်ကောင်စီဟာ ပြည်သူလူထုကိုပစ်မှတ်ထားတဲ့တိုက်ခိုက်မှုတွေ နေ့စဉ်လုပ်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ကပြောကြားလိုက်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်က ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်တွေ အရပ်သားပြည်သူတွေကို ပစ်မှတ် ထားတဲ့ တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတာနဲ့ပတ်သက်လို့ KNU ဗဟိုက ဧပြီ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပြောဆို လိုက်တာဖြစ်ပါတယ်။
မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်အပြီး ကယ်ဆယ်ရေးလုပ်ဆောင်ရမယ့်ကာလဖြစ်ပေမယ့် စစ်ကောင်စီ ဟာ အပြစ်မဲ့ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ နေ့စဥ်နဲ့အမျှ လိုက်ခံပစ်ခတ်နေတယ်လို့ အသိပေးထားပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဧပြီလ၂ရက်နေ့မှာ အပစ်အခတ်ရပ်စဲထားမယ်လို့ ကြေညာခဲ့ပေမယ့် အဲဒီနောက်ပိုင်းမှာ ဂျက်ဖိုက်တာ၊ ပါရာမော်တာလို့ခေါ်တဲ့ စက်တပ်လေထီးနဲ့ ဒရုန်းတွေအသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကလည်း အသိပေးထုတ်ပြန်ထားပါတယ်။ဒါအပြင် အပစ်အခတ်ရပ်စဲထားမယ်ဆိုတဲ့ကာလမှာ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေပါ နေ့စဉ်လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ရရှိထားတဲ့အချက်အလက်တွေအရ ဧပြီလ ၃ ရက်နေ့ကနေ ၁၃ ရက် သင်္ကြန်အကြိုနေ့အထိ တိုင်းနဲ့ပြည်နယ် ၁၂ ခုမှာ လေကြောင်းတိုက်ခိုက်မှုပေါင်း ၆၈ ကြိမ်ရှိခဲ့ပြီး ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ၆၄ ဦး သေဆုံးခဲ့ရကာ ၈၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူတွေထဲမှာ ရဟန်းသံဃာတွေနဲ့ကိုရင်တွေ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပါအဝင် သက်ကြီးရွယ်အိုတွေ လည်း ပါဝင်ခဲ့သလို လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တွေကြောင့် လူနေအိမ် ၆၄ လုံး၊ စာသင်ကျောင်း ၄ ကျောင်း၊ ဘုန်းကြီးကျောင်း ၃ ကျောင်းနဲ့ ခရစ်ယာန်ဘုရားကျောင်းတကျောင်း ပျက်စီးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၅။ ကယန်းအမျိုးသားပညာရေးကော်မတီ (KNEC) ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် သူနာပြုအကူနှင့် ကျန်းမာရေး စောင့်ရှောက်မှု သင်တန်းအတွက် သင်တန်းလျှောက်လွှာများခေါ်ယူ
ဧပြီ၁၆ရက်
ကယန်းအမျိုးသားပညာရေးကော်မတီ (KNEC) နှင့် ကယန်းအမျိုးသားကျန်းမာရေးကော်မတီ (KNHC) တို့မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဦးစီးဖွင့်လှစ်သည့် သူနာပြုအကူနှင့် ကျန်းမာရေးစောင့်ရှောက်မှု သင်တန်း (Certified Nursing Assistant Training -CNA) batch-1 ကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပါတယ်။
batch-2 ကို လာမည့် ဇွန်လ ၁ ရက်နေ့ ၂၀၂၅ ခုနှစ် ကယန်းအမျိုးသားတက္ကသိုလ် (KyNU) တွင် ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ပါသဖြင့် တက်ရောက်လိုသော ကျောင်းသူ/သားများ အနေဖြင့် သတ်မှတ်ထားသည့်အစီအစဉ်အတိုင်း လျှောက်ထားနိုင်မယ်လို့သိရပါတယ်။
သင်တန်းရည်ရွယ်ချက်- ကယန်းဒေသအတွင်း အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်လာစေရန်၊ ကျန်းမာရေး လုပ်သားများ ပိုမိုလုံလောက်စေရန် နှင့် ဒေသတွင်းရှိ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေရန် ရည်ရွယ်ပြီးစံသတ်မှတ်ချက်များနှင့် စည်းကမ်းချက်များကို လျှောက်လွှာတွင် တစ်ပါတည်း ဖတ်ရှုနိုင်မည်ဖြစ်ကာ ဤ သူနာပြုအကူ သင်တန်း (CNA) အပတ်စဉ်(၂) သို့ တက်ရောက်လိုသူများအနေဖြင့် KNEC ရုံးချုပ် (သို့) page mensenger (online ) မှတစ်ဆင့် လျှောက်လွှာများ တောင်းခံ လျှောက်ထားနိုင်ပါကြောင်း သတင်းရရှိပါတယ်။
========================
🚩🚩 ၆။ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများတွင် တဆင့်ခံ ပါဝင်ပတ်သက်နေသော AIRBUS ကုမ္ပဏီ၏ရှေ့မှာ နယ်သာလန်ရောက်မြန်မာများ ဆန္ဒပြ
ဧပြီ၁၆ရက်
စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများတွင် တဆင့်ခံ ပါဝင်ပတ်သက်နေသော AIRBUS ကုမ္ပဏီ၏ ရှယ်ယာရှင်များ အစည်းအဝေးပြုလုပ်ရာ နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့၊ Hotel Okura ရှေ့မှာ နယ်သာလန်ရောက်မြန်မာများမှ ဆန္ဒပြလှုပ်ရှားမှုတခုကို ဧပြီလ (၁၅)ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။
AIRBUS သည် တရုတ်အစိုးရပိုင် AVIC ကုမ္ပဏီနှင့် စီးပွါးရေး ပူးတွဲလုပ်ဆောင်နေပြီး မြန်မာပြည်သူများအပေါ် စစ်အုပ်စု ကျူးလွန်နေသော စစ်ရာဇဝတ်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများတွင် တဆင့်ခံ ပါဝင်ပတ်သက်နေခြင်းဖြစ်ပါတယ်။
ဆန္ဒပြလှုပ်ရှားမှုတွင် AIRBUS အနေဖြင့် ဗမာ/မြန်မာပြည်က စစ်ရာဇဝတ်မှုများတွင် ရင်းနှီးမြှုပ်နှုံမှု ရပ်တန့်ရန်၊ စီးပွါးရေးနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာရန် တိုက်တွန်းတောင်းဆိုခဲ့ကြပါတယ်။
ဥရောပအခြေစိုက် Airbus ကုမ္ပဏီအနေဖြင့် တရုတ်အစိုးရပိုင် AVIC နှင့် လက်တွဲလုပ်ဆောင်နေခြင်းသည် မြန်မာနိုင်ငံတွင် ဆက်လက်၍ ပိုမို ဆိုးရွားနေသော လေကြောင်းတိုက်ခိုက်မှုများကို ထောက်ပံ့နေခြင်းဖြစ်တယ်လို့သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်
No comments:
Post a Comment