၂၀၂၅ မေလ ၂၄ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ မြန်မာ့နိုင်ငံရေး တည်ငြိမ်မှုမရှိသေးတာကြောင့် တဖက်သတ် ခြံစည်းရိုးခတ်တာမျိုးမလုပ်ဖို့ အိန္ဒိယအစိုးရကို GSCB တောင်းဆို
📌 ၂။ မတူပီမြို့တွင်းက ပြည်သူတွေ လိုက်နာရမယ့် အခြေခံယာဉ်စည်းကမ်းတွေ မတူပီ CDF ထုတ်ပြန်
📌 ၃။ လွတ်မြောက်နယ်မြေသွားလိုတဲ့ ပြည်ခရိုင်က အရပ်သားပြည်သူတွေကို ကူညီပေးမယ်လို့ ပြည်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဆို
📌 ၄။ မိုးကုတ်မှာ မူးယစ်ဆေးရောင်းသူ တဦးကို မူးယစ်ဆေးအများအပြားနဲ့အတူ ဖမ်းဆီးရမိ
========================
၂၀၂၅ ခုနှစ် မေလ ၂၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော မွန်ပြည်ပေါ်ထွန်းရေးနှင့် စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းရေး ရာမညမွန်တပ်တော်ဖွဲ့စည်း
🚩 ၂။ ချင်းတောင်ပေါ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ် စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်တွေ ပူးပေါင်းခုခံနေ
🚩 ၃။ သထုံမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးပစ်ခတ်တာကြောင့် အမျိုးသမီးတဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရကာ အိမ် ၅ လုံး ပျက်စီး
🚩 ၄။ လောင်းလုံးမြို့ပေါ်က စရဖရုံးကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်မှုမှာ စစ်သား၂ ဦးသေပြီး ၄ ဦးဒဏ်ရာရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ မြန်မာ့နိုင်ငံရေး တည်ငြိမ်မှုမရှိသေးတာကြောင့် တဖက်သတ် ခြံစည်းရိုးခတ်တာမျိုးမလုပ်ဖို့ အိန္ဒိယအစိုးရကို GSCB တောင်းဆို
မေလ ၂၄ရက်
မြန်မာနိုင်ငံမှာ ပြည်တွင်း နိုင်ငံရေးတည်ငြိမ်မှု မရှိသေးတဲ့ ကာလအတွင်း တဖက်သတ် ခြံစည်းရိုးခတ်တာမျိုး မလုပ်ဖို့ အိန္ဒိယအစိုးရကို အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု - GSCB က တောင်းဆိုလိုက်ပါတယ်။
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်မှာ တမူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်တွေ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်တဲ့ သဘောထားကို ဒီနေ့ မေလ ၂၄ ရက် နေ့စွဲနဲ့ ထုတ်ပြန်ရာမှာ အခုလို ဖော်ပြထားတာဖြစ်ပါတယ်။
အိန္ဒိယအစိုးရအနေနဲ့ တမူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်တွေ သတ်ဖြတ်ခံခဲ့ရတဲ့ကိစ္စ အမှုမှန် ပေါ်ပေါက်ရေး စုံစမ်းဖော်ထုတ် အရေးယူပေးဖို့နဲ့ ဒီလိုကိစ္စတွေ ထပ်မဖြစ်စေရေး စီမံဆောင်ရွက်ပေးဖို့လည်း အထွေထွေသပိတ် ပေါင်းစပ် ညှိနှိုင်းရေးအင်အားစု - GSCB က ထပ်ပြီး တောင်းဆိုထားပါတယ်။
စစ်ကိုင်းတိုင်း တမူးခရိုင် ကမ္မကြီးကျေးရွာအနီးက မြန်မာ-အိန္ဒိယနယ်စပ် မြန်မာနိုင်ငံဘက်ခြမ်းမှာ ယာယီ စခန်းရွှေ့ပြောင်း တာဝန်ထမ်းဆောင်နေတဲ့ တမူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော် ၁၀ ဦး မေလ ၁၄ ရက်နေ့က စခန်းကနေ ပျောက်ဆုံးသွားပြီး အိန္ဒိယနိုင်ငံ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ Assam Rifles တပ်ရင်း ၁ ထံကနေ မေလ ၁၆ ရက်နေ့မှာ ရဲဘော်တွေရဲ့ ရုပ်အလောင်းတွေကို ညှိနှိုင်းတောင်းဆို လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အတိုင်း ရပ်တည်ကြောင်း လည်း အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု GSCB က ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၂။ မတူပီမြို့တွင်းက ပြည်သူတွေ လိုက်နာရမယ့် အခြေခံယာဉ်စည်းကမ်းတွေ မတူပီ CDF ထုတ်ပြန်
မေလ ၂၄ရက်
မတူပီမြို့တွင်းက ပြည်သူတွေ လိုက်နာရမယ့် အခြေခံယာဉ်စည်းကမ်းတွေကို မတူပီ CDF က ဒီနေ့ မေလ ၂၄မှာ ထုတ်ပြန်လိုက်ပါတယ်။
မတူပီမြို့တွင်းက ပြည်သူတွေ လိုက်နာရမယ့် အချက် ၁၄ ချက်ပါတဲ့ ယာဉ်စည်းကမ်းတွေကို အသိပေးထုတ်ပြန်လာတာ ဖြစ်ပါတယ်။
ဒီ စည်းကမ်းချက်တွေထဲမှာ ယာဉ်ကြီးယာဉ်ငယ်တွေအားလုံး သတ်မှတ်ချိန်အတွင်းသာမောင်းနှင်ကြဖို့၊ ယာဉ်မရပ်ရလို့ ကန့်သတ်ထားတဲ့နေရာတွေမှာ ယာဉ်မရပ်ကြဖို့၊ လေကြောင်းအန္တရာယ်ရှိနေချိန်မှာ ယာဉ်တွေအားလုံး ၁၅ မိနစ် အတွင်း ရပ်ထားကြဖို၊ မြို့တွင်းမှာ ယာဉ်ကြီးတွေ ၃ စီးနဲ့အထက် တန်းစီပြီးမရပ်ဖို့၊ မြို့တွင်းလမ်းမတွေမှာ မိနစ် ၃၀ ထက်ပိုပြီး မရပ်နားဖို့နဲ့ အသက် ၁၆ နှစ်အောက် ကလေးတွေ ယာသ်မမောင်းဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။
စည်းကမ်းနာတဲ့သူတွေကို ထိရောက်တဲ့အရေးယူမှုတွေ လုပ်သွားမယ်လို့ မတူပီ CDF ပြည်သူ့လုံခြုံရေးဌာနက ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၃။ လွတ်မြောက်နယ်မြေသွားလိုတဲ့ ပြည်ခရိုင်က အရပ်သားပြည်သူတွေကို ကူညီပေးမယ်လို့ ပြည်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဆို
မေလ ၂၄ရက်
လွတ်မြောက်နယ်မြေသွားလိုတဲ့ ပြည်ခရိုင်က အရပ်သားပြည်သူတွေကို ကူညီပေးမယ်လို့ ပြည်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ PUSU က ပြောကြားလိုက်ပါတယ်။
ပြည်ခရိုင်အတွင်းမှာရှိတဲ့ မိဘပြည်သူတွေနဲ့ လူငယ်တွေအနေနဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို ရှောင်ရှားပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လွတ်မြောက်နယ်မြေကိုသွားလိုပါက ဆက်သွယ်နိုင်တယ်လို့ ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ PUSU ရဲ့ မနေ့ မေလ ၂၃ ရက်နေ့ ထုတ်ပြန်ချက်မှာ အခုလိုဖော်ပြထားတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြည်ခရိုင်အတွင်းမှာရှိတဲ့ အိမ်တွေ၊ ပရဟိတဂေဟာတွေနဲ့ ဘုန်းကြီးကျောင်းပါမချန် ဝင်ရောက်ပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေသလို ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေရဲ့ စစ်မှုထမ်းဥပဒေ အကြောင်းပြ ငွေကောက်ခံတာတွေဟာ အဘက်ဘက်က ကျပ်တည်းနေတဲ့ လူထုအပေါ် ဖိအားတွေ ထပ်ဖြစ်စေတယ်လို့ PUSU က ဆိုပါတယ်။
ပြည်ခရိုင်အတွင်းက အချို့သောလူငယ်တွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အချိတ်အဆက်မရှိတာကြောင့် တော်လှန်ရေး နယ်မြေတွေကို မသွားနိုင်တဲ့သူတွေ ရှိနေတယ်လို့လည်း ဒေသနေပြည်သူတွေက ပြောပါတယ်။
စစ်မှုထမ်းအပတ်စဉ်ဟာ ၁၃ ထိရောက်ရှိလာပြီဖြစ်တာကြောင့် လူငယ်တွေအနေနဲ့ လုံခြုံရေးအထူးဂရုပြုကြဖို့ ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ PUSU က တိုက်တွန်းထားပါတယ်။
ပြည်ခရိုင်အတွင်းမှာ စစ်ရေးလှုပ်ရှားမှုတွေ အရှိန်မြှင့်လာနေပြီဖြစ်တာကြောင့် ပြည်သူလူထုအနေနဲ့ စစ်ရေးသတိရှိရှိနဲ့ လေကြောင်းရန်၊ လက်နက်ကြီးရန်ကို အထူးဂရုပြုကြဖို့နဲ့ စစ်မှုထမ်းအဖြစ်ဖမ်းဆီးခံရတဲ့ လူငယ်တွေအနေနဲ့ နီးစပ်ရာ တော်လှန်ရေးအဖွဲ့တွေဆီမှာ ခိုလှုံကြဖို့လည်း နှိုးဆော်ထားပါတယ်။
ပဲခူးတိုင်းထဲက ပြည်၊ ပေါက်ခေါင်း၊ ရွှေတောင်နဲ့ ပန်းတောင်းမြို့နယ်တို့မှာ စစ်ကောင်စီတပ်က လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးတာတွေ အခုနှစ်အတွင်း ပိုများလာတယ်လို့ သိရပါတယ်။
========================
📌📌 ၄။ မိုးကုတ်မှာ မူးယစ်ဆေးရောင်းသူ တဦးကို မူးယစ်ဆေးအများအပြားနဲ့အတူ ဖမ်းဆီးရမိ
မေလ ၂၄ရက်
တအာင်းပြည် တပ်မဟာ ၂ နယ်မြေ မိုးကုတ်မြို့မှာ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသားတဦးကို မူးယစ်ဆေးဝါး အများအပြားနဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
မိုးကုတ်မြို့ သံလွင်တောင်ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၄ဝ အရွယ် ဦးအောင်မျိုးဟိန်းကို မေလ ၂၁ ရက် နေ့လည် ၁ နာရီ မိနစ် ၄ဝ ခန့်အချိန်မှာ ဖမ်းဆီးနိုင်ခဲ့တာလို့ဆိုပါတယ်။
မူးယစ်ဆေးဝါးရောင်းဝယ်နေတယ်လို့ သတင်းရတဲ့အတွက် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့တာဖြစ် ပြီး မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့ အသိပေးပါတယ်။
ဦးအောင်မျိုးဟိန်းထံကနေ တကတ်ကို အထုတ် ၃ဝ ပါတဲ့ စိတ်ကြွဆေးပြား ယာမကတ် ၁၇ ကတ်၊ ဘိန်းဖြူ ဆပ်ပြာခွက် တခွက်နဲ့ ဘိန်းမည်း ၃ ပိဿာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ထို့အတူ မေလ ၁၅ ရက်နေ့တုန်းကလည်း မိုးကုတ်မြို့နယ် လွယ်ဆာအုပ်စု နားလောရွာမှာ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့က ရှောင်တခင်စစ်ဆေးမှုတွေ ပြုလုပ်နေချိန် ဆိုင်ကယ်မောင်းလာတဲ့ ဦးဇော်မင်းထက်ကို ဘိန်းဖြူဆပ်ပြာခွက် ၄ ခွက်၊ စိတ်ကြွဆေး ယာမ ၁၁ ထုပ်နဲ့ ငွေသား ကျပ်သိန်း ၄ဝ နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိတဲ့သူတွေကို ထိန်းသိမ်းထားပြီး ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတ
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော မွန်ပြည်ပေါ်ထွန်းရေးနှင့် စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းရေး ရာမညမွန်တပ်တော်ဖွဲ့စည်း
မေလ ၂၄ရက်
ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ မွန်ပြည်ပေါ်ထွန်းရေးနဲ့ စစ်အာဏာရှင်စနစ် အမြန်ဆုံး ချုပ်ငြိမ်းရေးအတွက် ရာမညမွန်တပ်တော်ဖွဲ့စည်းလိုက်တယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP – AD နဲ့ မွန်ပြည် လွတ်မြောက်ရေးတပ်တော် MLA တို့ ပူးတွဲကြေညာလိုက်ပါတယ်။
စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိသော မွန်ပြည်ပေါ် ထွန်းရေး ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီနေ့ မေလ ၂၄ ရက်နေ့မှာ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP - AD နဲ့ မွန်ပြည် လွတ်မြောက်ရေးတပ်တော် MLA တို့ ပူးတွဲ ကြေညာချက်မှာ အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။
မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA – AD နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA တို့ ပေါင်းစည်းပြီး ဒပ်မန်ရာမည လို့ခေါ်တဲ့ ရာမညမွန်တပ်တော် - Ramonnya Mon Army RMA ကို ဖွဲ့စည်းလိုက်တယ်လို့လည်း အသိပေး ပါတယ်။
မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် နိုင်ငံရေး စစ်ရေးဦးဆောင်အဖွဲ့နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် ဦးဆောင် အဖွဲ့တို့ပါဝင်တဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် နိုင်ငံရေးစစ်ရေးကော်မတီကို အဖွဲ့ဝင် ၂၆ ဦးနဲ့ ဖွဲ့စည်းလိုက်ပြီး ဥက္ကဋ္ဌအဖြစ် နိုင်ဇေယျ၊ ဒုဥက္ကဌ နိုင်လယီကောင်း၊ အတွင်းရေးမှူး နိုင်ဗညားလယ် တို့ကို ရွေးချယ်ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် နိုင်ငံရေးစစ်ရေးကော်မတီ ဦးဆောင်မှုနဲ့ ရာမညမွန်တပ်တော် RMA အတွက် စစ်ရေးဆိုင်ရာလုပ်ငန်းတွေကို အကောင်အထည်ဖော်နိုင်ဖို့ အဖွဲ့ဝင် ၇ ဦးပါတဲ့ စစ်ကော်မတီကို ဖွဲ့စည်းခဲ့ပြီ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော၊ ဒုစစ်ဦးစီးချုပ် - ၁ ဗိုလ်မှူးကြီစိုးဝင်းနဲ့ ဒုစစ်ဦးစီးချုပ် -၂ ဗိုလ်မှူးကြီးကျည်ဆံတို့ကို ခန့်အပ် တာဝန်ပေးလိုက်တယ်လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။
ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ မွန်ပြည်ပေါ်ထွန်းရေးနဲ့ စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းရေးအတွက် မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP AD နဲ့ ရာမညမွန်တပ်တော် RMA တို့ဟာ ဘဝတူတွေဖြစ်တဲ့ အဖိနှိပ်ခံ တိုင်းရင်းသားတော်လှန်ရေးမဟာမိတ်အဖွဲ့အစည်းတွေ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ပူးပေါင်းပြီး တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ ချင်းတောင်ပေါ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ် စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်တွေ ပူးပေါင်းခုခံနေ
မေလ ၂၄ရက်
ချင်းတောင်ပေါ်ကို စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသမှာရှိတဲ့ ချင်းတော် လှန်ရေးတပ်တွေ ပူးပေါင်းခုခံတိုက်ခိုက်နေတယ်လို့ CDF CDM SIYIN အဖွဲ့က ထုတ်ပြန်ထားပါတယ်။
စစ်ကြောင်းထိုးထားတဲ့ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်တွေဖြစ်တဲ့ CDF CDM SIYIN ၊ PDF Zoland ၊CDF KKG တို့က မေလ ၂၁ ရက်ကစပြီး လက်ရှိအချိန်အထိ ခုခံတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ် စစ်ကြောင်းဟာ မေလ ၁၈ ရက်ကစပြီး ချင်းတောင်ပေါ်ဒေသကို စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသနေပြည်သူ တထောင်ကျော် စစ်ဘေးရှောင်နေရတယ်လို့လည်း အသိပေးပါတယ်။
စစ်ကောင်စီဘက်က အင်အား ၈ဝဝ ကျော်နဲ့ ချင်းတောင်ဒေသကို စစ်ကြောင်းထိုးလာတာကို ဒေသမှာရှိတဲ့ ချင်း တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး ခုခံတိုက်ခိုက်နေတာလို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
အခုလို စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတဲ့အတွက် ကလေး - သိုင်းငင်းလမ်းမကြီးကို မေလ ၂၀ ရက်နေ မနက် ၁၁ နာရီနောက်ပိုင်းကစပြီး ယာယီပိတ်ထားမယ်လို့ CDF CDM SIYIN အသိပေးထုတ်ပြန်ထားပါတယ်။
ယာယီပိတ်ထားချိန်မှာဖြစ်လာတဲ့ပြဿနာတွေကို တာဝန်ယူမှာမဟုတ်တဲ့အတွက် အရေးပေါ်ထုတ်ပြန်ချက်ကို လိုက်နာပေး ဖို့လည်း CDF CDM SIYIN က နှိုးဆော်ထားပါတယ်။
========================
🚩🚩 ၃။ သထုံမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးပစ်ခတ်တာကြောင့် အမျိုးသမီးတဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရကာ အိမ် ၅ လုံး ပျက်စီး
မေလ ၂၄ရက်
ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုယ်နယ်မြေ သထုံမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးပစ်ခတ်တာကြောင့် အမျိုးသမီးတဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရကာ အိမ် ၅ လုံး ပျက်စီးသွား တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။
သထုံမြို့နယ် ကဒီပုကျေးနယ်အုပ်စု ပဏ္ဍိကုန်းကျေးရွာမှာ တိုက်ပွဲဖြစ်တာမရှိဘဲ မေလ ၂၁ ရက်နေ့ ည ၈ နာရီကျော်အချိန်မှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အမှတ် − ၃၁၄ အမြောက်တပ်က ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီပစ်ခတ်မှုကြောင့် ပဏ္ဍိကုန်းရွာက အသက် ၄၈ နှစ်အရွယ် အမျိုးသမီး သေဆုံးခဲရ့ပြီး အသက် ၄၈ နှစ်အရွယ်အမျိုးသမီး တဦးနဲ့ သမီးဖြစ်သူ အသက် ၁၁ နှစ်အရွယ် အမျိုးသမီးတို့ လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရခဲ့ပြီး အိမ် ၅ လုံး ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ လောင်းလုံးမြို့ပေါ်က စရဖရုံးကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်မှုမှာ စစ်သား၂ ဦးသေပြီး ၄ ဦးဒဏ်ရာရ
မေလ ၂၄ရက်
ထားဝယ်ခရိုင် လောင်းလုံမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ စရဖရုံးကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်ခဲ့ရာမှာ စစ်သား၂ ဦးသေပြီး ၄ ဦးဒဏ်ရာရသွားတယ်လို့ ထားဝယ်ခရိုင် တပ်ပေါင်းစုက ထုတ်ပြန်ပါတယ်။
လောင်းလုံမြို့က စရဖ ရုံးကို မေလ ၂၁ ရက်နေ့ မနက် ၁၀ နာရီခွဲဝန်းကျင်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ ထားဝယ်ခရိုင် တပ်ပေါင်းစုက ထုတ်ပြန်တာ ဖြစ်ပါတယ်။
စစ်တပ် စရဖ ရုံးကို ထားဝယ်ခရိုင်တပ်ပေါင်းစုနဲ့အတူ နွေဦးပြောက်ကျားတပ်ဖွဲ့၊ ဖက်ဒရယ်ဓူဝံကြယ်အဖွဲ့၊ ကျောင်းသား တော်လှန်ရေးအဖွဲ့၊ ဒေါနတပ်ခွဲ-၇ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိ ဘူးလို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment