၂၀၂၅ မေလ ၁၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ နာဂစ် ဖွဲ့စည်းပုံအခြေခံဥပဒေအောက် ငလျင်ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ပါက ပြည်သူတို့၏ ဆင်းရဲဒုက္ခအပေါင်းနှင့် ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုလျက် ဝိုင်းဝန်းပံ့ပိုး ကူညီပေးကြတဲ့ နိုင်ငံရေးပါတီများအဖြစ် ပြည်သူများက သတ်မှတ်ကြလိမ့်မည်ဟု NUG သတိပေး
📌 ၂။ မဟာဗျူဟာမြောက် ဆက်သွယ်ရေးနှင့် ပြည်သူ့ဆက်ဆံရေး လုပ်ငန်းများ ဆောင်ရွက်မှု NUG ထုတ်ပြန်
📌 ၃။ NUCC မှာ ဆုံးဖြတ်ချက်တွေကို အဖွဲ့တစ်ဖွဲ့တည်းမှာ အာဏာအပြည့်အဝ ဆုပ်ကိုင်ထားခြင်းမျိုးမဟုတ်ဘဲ ၆၅% ပြည့်မှသာ ဆုံးဖြတ်ချက်ချနိုင်ကြောင်း ထုတ်ပြန်
📌 ၄။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်ဝန်ထမ်းနှင့် စီမံကိန်းများ၏ လုံခြုံရေးကို အာမခံကြောင်းနှင့် ရွေးကောက်ပွဲကို တရုတ်သမ္မတက ထောက်ခံကြောင်း ဝါဒဖြန့်
📌 ၅။ မန္တလေးတွင် မိုးသည်းထန်မှုကြောင့် ငလျင်ထိခိုက်ခံရသည့် အဆောက်အအုံပြိုကျ၊ လူ ၂ ဦး ထိခိုက်
📌 ၆။ ဖလမ်းမြို့သိမ်းတိုက်ပွဲ ဒဏ်ရာရရဲဘော်များအတွက် ဆေးကုသစရိတ် ဒေါ်လာ တစ်သိန်းခန့် လိုအပ်နေကြောင်း ချင်းညီနောင် ပြောကြား
📌 ၇။ ငလျင်ဘေးဒဏ်ခံစားနေရတဲ့ ပြည်သူတွေကို ပကဖများ ကူညီ
========================
၂၀၂၅ ခုနှစ် မေလ ၁၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ အရပ်သားပြည်သူများအား ပစ်မှတ်ထားတဲ့ စစ်ရာဇဝတ်မှုများကို မှတ်တမ်းတင်ထားပြီး လူမဆန်သော ရက်စက်မှုများအတွက် တာဝန်ယူရမယ်လို့ TRI ဗျူဟာ အသိပေး
🚩 ၂။ ဘားအံ-တာ့ခ်နယ်စပ်တွင် စစ်ကောင်စီနှင့် KNLA တို့ တိုက်ပွဲပြင်းထန်
🚩 ၃။ ညောင်ရွှေမြို့နယ်မှာ စစ်ကောင်စီနဲ့ PNO ပူးပေါင်းအင်အားနဲ့ ဖယ်ခုံ (၁၀၀၆ တပ်ရင်း) ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေ
🚩 ၄။ သပိတ်ကျင်းနဲ့ စဉ့်ကူး မြို့နယ်ကို စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အရပ်သား အနည်းဆုံး ၆ ဦးခန့် သေဆုံးခဲ့
🚩 ၅။ ချောင်းဦးမြို့နယ်မှာ စစ်ကောင်စီက paramotor ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကလေး တစ်ဦးနဲ့ အမျိုးသား ၂ ဦး သေဆုံး
🚩 ၆။ မော်ချီးဒေသကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု၊ အရပ်သား ၂ ဦးထက်မနည်း သေဆုံး
🚩 ၇။ မူးမြို့နယ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ် (၃) လုံး ထိခိုက်ပျက်စီးခဲ့ရပြီး ပြည်သူ (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ နာဂစ် ဖွဲ့စည်းပုံအခြေခံဥပဒေအောက် ငလျင်ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ပါက ပြည်သူတို့၏ ဆင်းရဲဒုက္ခအပေါင်းနှင့် ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုလျက် ဝိုင်းဝန်းပံ့ပိုး ကူညီပေးကြတဲ့ နိုင်ငံရေးပါတီများအဖြစ် ပြည်သူများက သတ်မှတ်ကြလိမ့်မည်ဟု NUG သတိပေး
မေလ ၁၀ရက်
Radio NUG
နာဂစ် ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က ငလျင်ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ပါက ပြည်သူတို့၏ ဆင်းရဲဒုက္ခအပေါင်းနှင့် ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုလျက် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရေး ရည်ရွယ်ဆောင်ရွက်သော အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင် အတုအယောင်ရွေးကောက်ပွဲအား ဝိုင်းဝန်းပံ့ပိုး ကူညီပေးကြသူများအဖြစ် ပြည်သူများက သတ်မှတ်ကြလိမ့်မည်ကို နိုင်ငံရေးပါတီများအနေဖြင့် သိရှိကြလိမ့်မည်ဟု ယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှ အသိပေးထုတ်ပြန်ပါတယ်။
လက်ရှိအချိန်သည် စစ်တပ်က ပြည်သူ့အာဏာကို မတရားသိမ်းယူရန် ကြိုးစားမှု၏ အကျိုးဆက်အဖြစ် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများ အဆိုးဝါးဆုံးသို့ ကျရောက်နေသည့်ကာလဖြစ်သည်။ စစ်အာဏာသိမ်းမှု ၄ နှစ်ကျော်အတွင်း ပြည်သူများသည် ကိုဗစ်ကပ်ရောဂါ၊ ရေကြီးရေလျှံဘေး၊ စစ်ဘေးဒဏ်များနှင့် ရင်ဆိုင်နေရပြီး လေကြောင်းတိုက်ခိုက်မှု၊ မတရားဖမ်းဆီးသတ်ဖြတ်မှု၊ မီးရှို့ဖျက်ဆီးမှု၊ အဓမ္မစစ်သားစုဆောင်းမှုများကို နေ့စဉ်ရင်ဆိုင်နေရသည့်အပြင် ရစ်ချက်တာစကေး ၇.၇ ရှိ ဖျက်အားပြင်း စစ်ကိုင်းငလျင်ကြီး၏ ဘေးဒဏ်ကြောင့် တိုင်းဒေသ ၄ ခုနှင့် ပြည်နယ် ၁ ခုရှိ ပြည်သူ ၁၇.၄ သန်းခန့် ထပ်ဆောင်းဒုက္ခခံစားနေရပြီး ဤအခြေအနေတွင် ရွေးကောက်ပွဲကျင်းပရန် မသင့်တော်ကြောင်း NUG က ထောက်ပြထားပါတယ်။
သို့ရာတွင် အကြမ်းဖက်စစ်အုပ်စုက ၎င်းတို့အာဏာ ဆက်လက်ချုပ်ကိုင်နိုင်ရေးအတွက် တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည်ဟု စစ်ကိုင်းငလျင်ကြီးလှုပ်အပြီးတွင် ထပ်လောင်းပြောကြားသည်ကို အံ့သြဖွယ် တွေ့ရှိရပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင်ရှင် ပြည်သူတို့၏ ဆန္ဒနှင့်ဆင်းရဲဒုက္ခပေါင်းစုံကို လျစ်လျှူရှုကာ ၎င်းတို့၏ အတ္တကို ရှေ့တန်းတင်ထားခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။
စစ်ကိုင်းငလျင်နှင့် စစ်ဘေးဒဏ်ကြောင့် ပြည်သူများ ဒုက္ခရောက်နေချိန်တွင် ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို ပြည်သူများက စိတ်ဝင်စားမည်မဟုတ်တာကြောင့် ပြည်သူတို့၏ ဒုက္ခကို ဥပက္ခာပြုကာ စစ်အုပ်စု၏ ဂုဏ်သိက္ခာကင်းမဲ့သော ရွေးကောက်ပွဲတွင် ပါဝင်ခြင်းမပြုရန် နိုင်ငံရေးပါတီများကို NUG က အကြံပြု တိုက်တွန်းထားပါတယ်။
========================
📌📌 ၂။ မဟာဗျူဟာမြောက် ဆက်သွယ်ရေးနှင့် ပြည်သူ့ဆက်ဆံရေး လုပ်ငန်းများ ဆောင်ရွက်မှု NUG ထုတ်ပြန်
မေလ ၁၀ရက်
Radio NUG
မဟာဗျူဟာမြောက် ဆက်သွယ်ရေးနှင့် ပြည်သူ့ဆက်ဆံရေး လုပ်ငန်းများကို အချိန်နှင့်တပြေးညီ ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်စေရန် အမျိုးသားညီညွတ်ရေးအစိုးရ၏ မဟာဗျူဟာမြောက်ဆက်သွယ်ရေးနှင့် ပြည်သူ့ဆက်ဆံရေးယူနစ်(Strategic Communication & Public Relation Unit - SCPRU)ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှ သတင်းထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ၏ website , လူမှုကွန်ယက်စာမျက်နှာများ ဖွင့်လှစ်ထားရှိခြင်း (www.nugmyanmar.org)
- ဝန်ကြီးဌာန အသီးသီး၏ websiteများ နှင့် လူမှုကွန်ယက်စာမျက်နှာများ ဖွင့်လှစ်ထားရှိခြင်း
- မဟာဗျူဟာမြောက် ဆက်သွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အညီ တော်လှန်ရေးအင်အားစုများနှင့် ပူပေါင်းဆောင်ရွက်ခြင်း
- PVTV(Public Voice Television) နှင့် Radio NUG တို့မှ တော်လှန်ရေးဆိုင်ရာ အစီအစဉ်များကို ရုပ်သံ/အသံ များ ထုတ်လွှင့်တင်ဆက်ခြင်း
- ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်ကို ပြောရေးဆိုခွင့်ရှိသူများက နှစ်ပတ်တစ်ကြိမ် ထုတ်လွှင့်ခြင်း
- တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ ဟန္ဒီ ဘာသာစကားတို့ဖြင့် Voice Over ပြုလုပ်ထုတ်လွှင့်ခြင်း
- အမျိုးသားညီညွတ်ရေးအစိုးရ သတင်းလွှာကို အင်္ဂလိပ်၊ မြန်မာ (၂) ဘာသာဖြင့် ထုတ်ဝေခြင်း
- သတင်းစာရှင်းလင်းပွဲများ စီစဉ်ဆောင်ရွက်ခြင်း
- သတင်းရုံးအဖွဲ့ (Press Office Team) ကိုဖွဲ့စည်း၍ သတင်းမီဒီယာများ သတင်းအချက်အလက်ရယူနိုင်မှု (Access to Information) ပိုမိုကောင်းမွန်စေရေး စီမံဆောင်ရွက်ခြင်း စသည်တို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါတယ်။
========================
📌📌 ၃။ NUCC မှာ ဆုံးဖြတ်ချက်တွေကို အဖွဲ့တစ်ဖွဲ့တည်းမှာ အာဏာအပြည့်အဝ ဆုပ်ကိုင်ထားခြင်းမျိုးမဟုတ်ဘဲ ၆၅% ပြည့်မှသာ ဆုံးဖြတ်ချက်ချနိုင်ကြောင်း ထုတ်ပြန်
မေလ ၁၀ရက်
RadioNUG
NUCC တွင် အချိုးကျ မဲပေးမှုစနစ် (Proportional Voting System)၊ “ကောင်စီဝင်အဖွဲ့ဝင် အဖွဲ့အစည်းများရဲ့ သဘောထားများ၏ အရေအတွက် ၆၅% ဖြင့် ဆုံးဖြတ်ချက်ချနိုင်သော စနစ်" အောက်တွင် အဓိကပါဝင်တဲ့ အစုအဖွဲ့ကြီး အဖွဲ့ငါးဖွဲ့မှာ မိမိတို့ အခန်းကဏ္ဍနှင့် သဘောထားဆုံးဖြတ်ချက်များအား မျှတအောင် ခွဲဝေဆောင်ရွက်ခြင်း ဖြစ်ကြောင်း NUCC မှာ ထုတ်ပြန်အသိပေးထားပါတယ်။
တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ – ၂၅%၊ ကြားကာလပြည်နယ်/ဖက်ဒရယ်ယူနစ်/ လူမျိုးကိုယ်စားပြု အဖွဲ့အစည်း/ကောင်စီများ – ၂၅%၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အပါအဝင် ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များ – ၂၅%၊ နိုင်ငံရေးပါတီများ – ၁၀%၊ နွေဦးတော်လှန်ရေးအဖွဲ့များ – ၁၅% ဖြင့် ဆုံးဖြတ်ကြတယ်လို့ ဖော်ပြထားပါတယ်။
အဖွဲ့တစ်ဖွဲ့တည်းမှာ အာဏာအပြည့်အဝဆုပ်ကိုင်ထားခြင်းမျိုးမဟုတ်ဘဲ ၆၅% ပြည့်မှသာ ဆုံးဖြတ်ချက်ချနိုင်တဲ့အတွက် စုပေါင်းဦးဆောင်ခွင့် ပုံစံနှင့် မျှတစွာဆောင်ရွက်နိုင်ခွင့်တို့ဖြင့် အတူတကွ လက်တွဲဆောင်ရွက်ခြင်းဖြစ်ပြီး ပူးပေါင်းဆောင်ရွက်နိုင်မှုနှင့် အားလုံးပါဝင်သော သဘောတူညီမှုများသည် လွန်စွာ အရေးကြီးတယ်လို့ သိရပါတယ်။
နွေဦးတော်လှန်ရေးအဖွဲ့များ (SRG) သည် သမဂ္ဂများ၊ အမျိုးသမီးများ၊ လူငယ်နှင့်လူနည်းစုဆိုင်ရာ အဖွဲ့အစည်းများ အပါအဝင် အရပ်ဖက် အဖွဲ့အစည်းများ၊ အာဏာရှင်စနစ်ဆန့်ကျင်ရေးတွင် ပါဝင်နေကြသော နိုင်ငံ့ဝန်ထမ်းများအပါအဝင် CDM လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ လူထုသပိတ် လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများအား ရည်ညွှန်းတယ်လို့ အသိပေးထားပါတယ်။
========================
📌📌 ၄။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်ဝန်ထမ်းနှင့် စီမံကိန်းများ၏ လုံခြုံရေးကို အာမခံကြောင်းနှင့် ရွေးကောက်ပွဲကို တရုတ်သမ္မတက ထောက်ခံကြောင်း ဝါဒဖြန့်
မေလ ၁၀ရက်
RadioNUG
စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ရုရှားနိုင်ငံ၊ မော်စကိုတွင် မေလ ၉ ရက်က တွေ့ဆုံခဲ့ပြီး၊ တရုတ်က မြန်မာ့နိုင်ငံရေးတွင် “သတိကြီးကြီး အမျှော်အမြင်ကြီးစွာ” ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က ထုတ်ပြန်ခဲ့ပါတယ်။
တရုတ်သမ္မတက မင်းအောင်လှိုင်အား မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်နမိတ်ပိုင်ဆိုင်မှုနှင့် နိုင်ငံတည်ငြိမ်ရေးကို ထောက်ခံကြောင်း၊ ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများ ပြန်လည်တည်ဆောက်ရေးအတွက် အကူအညီပေးမည်ဖြစ်ကြောင်း၊ တရုတ်ဝန်ထမ်းနှင့် စီမံကိန်းများ၏ လုံခြုံရေးကို အာမခံရန် တောင်းဆိုကြောင်း၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများဖြစ်သည့် အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်လည်မှုများကို တိုက်ဖျက်ရန်လည်း တောင်းဆိုခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြထားပါတယ်။
မင်းအောင်လှိုင်က တရုတ်နှင့် စီးပွားရေး၊ စွမ်းအင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို အားထားကြောင်း၊ တရုတ်စီမံကိန်းများနှင့် ဝန်ထမ်းများ၏ လုံခြုံရေးကို အစွမ်းကုန် အာမခံပေးမည်ဖြစ်ကြောင်း တုံ့ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ထို့ပြင် စစ်ကောင်စီက ယခုနှစ်ကုန်တွင် ကျင်းပမည်ဟု ဆိုထားသည့် ရွေးကောက်ပွဲအား တရုတ်သမ္မတက ထောက်ခံသည်ဟု စစ်ကောင်စီဝါဒဖြန့်သတင်းများတွင် ဖော်ပြထားသော်လည်း၊ တရုတ်၏ တရားဝင်ထုတ်ပြန်ချက်များတွင် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ထောက်ခံမှု တစုံတရာ မတွေ့ရှိရပါဘူး။
ဤတွေ့ဆုံမှုသည် တရုတ်၏ ဒေသတွင်းသြဇာလွှမ်းမိုးမှုကို ပြသရုံသာမက စစ်ကောင်စီ၏ နိုင်ငံတကာအထီးကျန်မှုကို သက်သာစေရန် ကြိုးပမ်းမှုတစ်ခုသာ ဖြစ်ပါတယ်။
========================
📌📌 ၅။ မန္တလေးတွင် မိုးသည်းထန်မှုကြောင့် ငလျင်ထိခိုက်ခံရသည့် အဆောက်အအုံပြိုကျ၊ လူ ၂ ဦး ထိခိုက်
မေလ ၁၀ ရက်
Radio NUG
မေလ ၁၀ ရက် ညနေ ၃ နာရီခွဲခန့်တွင် မဟာအောင်မြေမြို့နယ်၊ ၇၄ လမ်း၊ ၃၇ နှင့် ၃၈ လမ်းကြားရှိ အဆောက်အအုံတစ်ခု ပြိုကျခဲ့ပြီး လူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသသတင်းများအရ သိရပါတယ်။
ထို့ပြင် ချမ်းမြသာစည်မြို့နယ်၊ ကံရွာရပ်ကွက်ရှိ ဗလီတစ်ခုတွင် ဝတ်ပြုရန် ယာယီဆောက်လုပ်ထားသည့် အဆောက်အအုံလည်း ပြိုကျခဲ့တယ်လို့ သိရပါတယ်။
ယင်းဖြစ်စဉ်တွင် ရပ်ကွက်နေပြည်သူများနှင့် အနီးနားရှိ ပရဟိတအသင်းများက ပိတ်မိနေသူများကို ကယ်ထုတ်ပေးခဲ့သဖြင့် စိုးရိမ်ရသည့် လူနာမရှိခဲ့ဟု သိရပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းရုံတင်မကဘဲ မိုးသီးများပါ ကျရောက်ခဲ့ပြီး ငလျင်ဒဏ်ထိခံရသည့် အခြားတိုက်အိမ်များ ပြိုကျမည်ကို ဒေသခံအချို့က စိုးရိမ်နေကြပါတယ်။
လေပြင်းတိုက်ခတ်မှုနှင့် မိုးကြီးမည့် အန္တရာယ်ကို သတိပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM) က မေလ ပထမပတ်အတွင်း ထုတ်ပြန်သတိပေးထားပါတယ်။
========================
📌📌 ၆။ ဖလမ်းမြို့သိမ်းတိုက်ပွဲ ဒဏ်ရာရရဲဘော်များအတွက် ဆေးကုသစရိတ် ဒေါ်လာ တစ်သိန်းခန့် လိုအပ်နေကြောင်း ချင်းညီနောင် ပြောကြား
မေလ ၁၀ရက်
Radio NUG
ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်း စစ်ဆင်ရေးအတွင်း ဒဏ်ရာရရှိပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသည့် ရဲဘော်များအတွက် ခြေတု၊ လက်တု၊ နားကြားကိရိယာများ တပ်ဆင်ပေးနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ၁ သိန်းခန့် လိုအပ်နေကြောင်း ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့သည့် ချင်းညီနောင်သူရဲကောင်းများနှင့် မဟာမိတ်များအတွက် ရံပုံငွေရှာဖွေသည့် အစီအစဉ်တွင် ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/CNDF) ပြန်ကြားရေးမှူး ဆလိုင်းတင်မီက ပြောကြားခဲ့ပါတယ်။
ဖလမ်းမြို့သိမ်း စစ်ဆင်ရေးအတွင်း ချင်းညီနောင်တပ်ဖွဲ့ဝင် ရဲဘော် ၅၀ ကျော်နှင့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များမှ ရဲဘော်များ အပါအဝင် စုစုပေါင်း တော်လှန်ရေးရဲဘော် ၉၀ ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရဲဘော်အများစု၏ အသက်အရွယ်မှာ ၁၈ နှစ်၊ ၂၀ နှစ်၊ ၂၅ နှစ်ဝန်းကျင်ဖြစ်ကြကာ ခြေလက်ဖြတ်တောက်ခဲ့ရသူများ၊ အကြားအာရုံထိခိုက်သူများ၊ မျက်လုံးထိခိုက်မှုကြောင့် မျက်မမြင်ဖြစ်သွားသူများ ပါဝင်နေကာ ၎င်းတို့အတွက် ခြေတု၊ လက်တုနှင့် နားကြားကိရိယာများ ထောက်ပံ့ပေးနေတယ်လို့ ပြောကြားထားပါတယ်။
========================
📌📌 ၇။ ငလျင်ဘေးဒဏ်ခံစားနေရတဲ့ ပြည်သူတွေကို ပကဖများ ကူညီ
မေလ ၁၀ရက်
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေး(ပ.က.ဖ) အဖွဲ့တွေဟာ ငလျင်ဘေးဒဏ်သင့် ပြည်သူတွေကို ကူညီကယ်ဆယ်ထောက်ပံ့ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေကြကြောင်း ပကဖအသံမှာ ဖော်ပြထားပါတယ်။
သဘာ၀ဘေးကို ကြုံတွေ့ခဲ့ရတဲ့ ပြည်သူများရဲ့ အခက်အခဲတွေကို ပြည်သူကာကွယ်ရေးတပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ က မိမိနယ်မြေအတွင်းရှိ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ညှိနိုင်းကာ တတ်စွမ်းသမျှ အစွမ်းကုန် ကူညီကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးရည်မွန်က မတ် ၂၈ရက်မှာ ညွှန်ကြားခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းရှိ မြို့နယ် ပကဖတွေဟာ မြို့နယ်ပအဖ၊ မြို့နယ်ပလဖ၊ PDF တပ်ရင်းတွေ၊ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး မိမိစိုးမိုးထိန်းချုပ်နယ်မြေအတွင်း ငလျင်ဒဏ်ကြောင့် သေဆုံးထိခိုက်သူတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို စောလျင်စွာ ဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မတ်လ ၂၉ရက်မှ စတင်ကာ ပြင်းထန်ငလျင်ဒဏ်ကြောင့် သေဆုံး၊ ထိခိုက်သူတွေကို ထောက်ပံ့ခြင်း၊ ပျက်စီးသွားတဲ့ စေတီ၊ ပုထိုး၊ ကျောင်း၊ နေအိမ်တွေနဲ့ လမ်းပိုင်းတွေရဲ့ အပျက်အစီးများကို လူအား၊ စက်ယန္တရား၊ ဆင်များနဲ့ ဖယ်ရှားရှင်းလင်းခြင်း၊ ငလျင်ဒဏ်ကြောင့် စား၀တ်နေရေး ခက်ခဲသွားတဲ့ အိမ်ထောင်စုတွေကို ရိက္ခာ၊ ငွေကြေးထောက်ပံ့ခြင်း၊ ကျန်းမာရေးစောင့်ရှောက် ကုသပေးခြင်းလုပ်ငန်းတွေကို သက်ဆိုင်ရာ ၀န်ကြီးဌာနများနဲ့ ချိတ်ဆက်ကာ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ အရပ်သားပြည်သူများအား ပစ်မှတ်ထားတဲ့ စစ်ရာဇဝတ်မှုများကို မှတ်တမ်းတင်ထားပြီး လူမဆန်သော ရက်စက်မှုများအတွက် တာဝန်ယူရမယ်လို့ TRI ဗျူဟာ အသိပေး
မေလ ၁၀ ရက်၊
Radio NUG
အရပ်သားပြည်သူများအား ပစ်မှတ်ထားတဲ့ စစ်ရာဇဝတ်မှုများကို မှတ်တမ်းတင်ထားပြီး လူမဆန်သော ရက်စက်မှုများအတွက် တာဝန်ယူရမယ်လို့ TRI ဗျူဟာမှူး ကိုနွယ်နီက အသိပေးပြောကြားခဲ့ပါတယ်။
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေမှာ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်လို့ NUG၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (TRI) ဗျူဟာမှ ဗျူဟာမှူးရဲ့ အသိပေး ပြောကြားချက်ကို မေလ ၁၀ ရက်နေ့မှာ ထုတ်ပြန်လာတာပါ။
တော်လှန်ရေး တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်း စစ်ကောင်စီက အရပ်သား ပြည်သူများကို ပြစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုများကို TRI ဗျူဟာက ပြင်းပြင်းထန်ထန် ရှုံ့ချထားပါတယ်။
ထို့အပြင် အရပ်သား ပြည်သူများကို ရက်စက်စွာ တိုက်ခိုက်မှုများအား စစ်ရာဇဝတ်မှုအဖြစ် မှတ်တမ်းတင်ထားပြီး ၎င်းတို့ရဲ့ လူမဆန်သော ရက်စက်မှုများအတွက် တာဝန်ယူစေရမယ်လို့လည်း အသိပေး ပြောကြားထားပါတယ်။
ပြည်သူ့ကာကွယ်ရေး တပ်မတော် (TRI) ဗျူဟာအနေနဲ့ ပြည်သူများရဲ့ ဘဝလုံခြုံရေးအတွက် အဆုံးထိ တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်းကိုလည်း TRI ဗျူဟာက ကတိသစ္စာ ပြုထားပါတယ်။
========================
🚩🚩 ၂။ ဘားအံ-တာ့ခ်နယ်စပ်တွင် စစ်ကောင်စီနှင့် KNLA တို့ တိုက်ပွဲပြင်းထန်
မေလ ၁၀ ရက်
Radio NUG
ဘားအံမြို့နယ်နှင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ထဆောင်ယန်းမြို့နယ်နယ်စပ်တွင် စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့အကြား နေ့ညမပြတ် တိုက်ပွဲပြင်းထန်နေပြီး၊ စစ်ကောင်စီဘက်က YAK-130 ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ထိုင်းသတင်းဌာန The Reporters က ဖော်ပြထားပါတယ်။
မေလ ၁၀ ရက် မနက်ပိုင်းတွင် ရရှိသော သတင်းအချက်အလက်များအရ၊ KNLA တပ်ဖွဲ့များသည် ဘားအံခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး၊ စစ်ကောင်စီတပ်များက လက်နက်ကြီးများ၊ ဒရုန်းများဖြင့် အသည်းအသန် ခုခံကာကွယ်နေရသည်ဟု သိရပါတယ်။
နှစ်ဖက်တပ်များအကြား ဒရုန်းများအပြန်အလှန်အသုံးပြုမှုများ ရှိနေပြီး၊ စစ်ကောင်စီဘက်က YAK-130 ဂျက်တိုက်လေယာဉ်များဖြင့် လေကြောင်းတိုက်ခိုက်မှုနှင့် ထောက်ပို့လုပ်ဆောင်မှုများ ပြုလုပ်နေကြောင်း၊ တိုက်ခိုက်မှုများ ဖြစ်ပွားနေသည့် နေရာသည် ဘားအံမြို့နယ်၊ ပိုင်ကျုံမြို့အတွင်းရှိ နေရာတစ်ခုဖြစ်ပြီး၊ ထိုင်းနိုင်ငံ ထဆောင်ယန်းမြို့၊ မယ့်တန်ရွာနှင့် ၇ ကီလိုမီတာသာ ကွာဝေးကြောင်း ဖော်ပြထားပါတယ်။
စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများကို ထိုင်းနိုင်ငံဘက်ခြမ်း မယ့်တန်ရွာတွင် နေထိုင်သည့် ဒေသခံများက နေ့စဉ်ကြားနေရပြီး စိုးရိမ်ထိတ်လန့်နေကြသည့်အပြင် တိုက်ပွဲဖြစ်ပွားရာ နယ်စပ်နေရာများတွင် ထိုင်းစစ်တပ်မှ ၂၄ နာရီလုံခြုံရေး ဆောင်ရွက်နေရသည်ဟု သိရပါတယ်။
========================
🚩🚩 ၃။ ညောင်ရွှေမြို့နယ်မှာ စစ်ကောင်စီနဲ့ PNO ပူးပေါင်းအင်အားနဲ့ ဖယ်ခုံ (၁၀၀၆ တပ်ရင်း) ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေ
မေလ ၁၀ ရက်၊
Radio NUG
အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ် အင်အား ၂၀၀ ဝန်းကျင်ဖြင့် ညောင်ရွှေမြို့နယ်၊ စန့်စွဲ ကျေးရွာကို စစ်ကြောင်း ထိုးလာတာကြောင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေတယ်လို့ ဖယ်ခုံ (၁၀၀၆ တပ်ရင်း) က ထုတ်ပြန်ထားပါတယ်။
မေလ ၆ ရက်နေ့မှ စပြီး လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုများနှင့်အတူ ညောင်ရွှေမြို့နယ်၊ စန့်စွဲ ကျေးရွာကို စစ်ကောင်စီနဲ့ PNO ပူးပေါင်းပြီး စစ်ကြောင်း ထိုးလာတာကြောင့် မဟာမိတ် တော်လှန်ရေး တပ်ပေါင်းစုများနဲ့ ယနေ့အထိ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
စန့်စွဲကျေးရွာက ပြည်သူ့နေအိမ်များကို စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တို့ စစ်ကြောင်းထိုးလာတဲ့ ၄ ရက်တာ ကာလအတွင်း အဆက်မပြတ် မီးရှို့နေခဲ့ပြီး မေလ ၉ ရက်နေ့မှာလည်း မနက် ၆ နာရီခန့်မှ စ၍ အိမ်ခြေ ၂၀ ခန့်ကို မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။
လေးရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ PNO ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ရေး ဒရုန်း ၂ စီးကို မိမိတို့ တပ်ပေါင်းစုက ပစ်ချနိုင်ခဲ့ပြီး ဖယ်ခုံ (၁၀၀၆ တပ်ရင်း) မှ ရဲဘော် ၂ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထိုသို့ စစ်ရေးတင်းမာနေတဲ့ အခြေအနေအတွင်း အများပြည်သူနေထိုင်ရာ ကျေးရွာများကို ဦးတည်ကာ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး ထိခိုက်မှုများလည်း ရှိတယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ သပိတ်ကျင်းနဲ့ စဉ့်ကူး မြို့နယ်ကို စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အရပ်သား အနည်းဆုံး ၆ ဦးခန့် သေဆုံးခဲ့
မေလ ၁၀ ရက်၊
Radio NUG
မန္တလေးတိုင်း၊ သပိတ်ကျင်း မြို့နယ်နဲ့ စဉ့်ကူး မြို့နယ်တို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချ တိုက်ခိုက်ခဲ့ရာ အရပ်သား ထိခိုက်သေဆုံးမှု များပြားခဲ့တယ်လို့ Wetlet Informational Network က သတင်းထုတ်ပြန်ထားပါတယ်။
မေလ ၁၀ ရက် နေ့လည် ၁ နာရီ ၁၀ မိနစ်ခန့်မှာ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းရွာ၊ ကောင်းကင်မေမေ ကားဝပ်လျှော့ အနီးတနေရာကို တံတားဦး လေတပ်က ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူ ၅ ဦးခန့် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့သိရပါတယ်။
အလားတူ စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ရွာ အနီးကိုလည်း တံတားဦး လေတပ်က ဂျက်ဖိုက်တာ တစ်စီးဖြင့် နေ့လည် ၁ နာရီ ၁၅ မိနစ်ခန့်မှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ပြည်သူ တစ်ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ကျေးရွာများဟာ တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့ဘဲ စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၅။ ချောင်းဦးမြို့နယ်မှာ စစ်ကောင်စီက paramotor ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကလေး တစ်ဦးနဲ့ အမျိုးသား ၂ ဦး သေဆုံး
မေလ ၁၀ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အတွင်းက ကျေးရွာ တစ်ရွာကို စစ်ကောင်စီက Paramotor ဖြင့် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ကလေးငယ် တစ်ဦးနှင့် အမျိုးသား ၂ ဦး သေဆုံးခဲ့တယ်လို့ Chaung U Revolution News - CRN က သတင်းထုတ်ပြန်ထားပါတယ်။
မေလ ၁၀ ရက် နေ့လည် ၁၁ နာရီ ၄၀ မိနစ် အချိန်မှာ မုံရွာ နမခမှ တက်လာတဲ့ Paramotor တစ်စီးဖြင့် ဗုံးကြဲချ တိုက်ခိုက်ခဲ့ရာ ရှင်ပြုနားသ မင်္ဂလာ ပြုလုပ်ဖို့ စီစဉ်နေတဲ့ အလှူ့အိမ်ရှေ့ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
လေကြောင်း တိုက်ခိုက်မှုအတွင်း ၁၂ နှစ်အရွယ် ကလေးငယ် တစ်ဦးနဲ့ အသက် ၃၀ အရွယ် အမျိုးသား ၂ ဦး သေဆုံးခဲ့ကာ အသက် ၅ နှစ်အရွယ် ကလေးငယ် တစ်ဦး အပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
သေဆုံးခဲ့သူ ၃ ဦးမှာ သားအဖ နှစ်ဦး ပါဝင်ပြီး မနက်ဖြန် ရှင်ပြုမယ့် မောင်ရင်လောင်းနဲ့ အလှူ့ဒါယကာတို့ ဖြစ်ကြကြောင်း သိရပါတယ်။ ထို့အပြင် အလှူ့ဒါယိကာမနဲ့ နားထွင်းမယ့် သမီးငယ်တို့လည်း ထိခိုက် ဒဏ်ရာရရှိခဲ့ပါသေးတယ်။
========================
🚩🚩 ၆။ မော်ချီးဒေသကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု၊ အရပ်သား ၂ ဦးထက်မနည်း သေဆုံး
မေလ ၁၀ရက်
Radio NUG
ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်ရှိ မော်ချီးဒေသကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ဦးထက်မနည်း သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး-၂ ဦးဗညားက KPV Newsကို အတည်ပြုပြောကြားထားပါတယ်။
မေလ ၁၀ ရက်၊ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်တွင် မော်ချီးဒေသရှိ နေရာ ၃ နေရာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ထို့ပြင် မော်ချီးဒေသ၌ လုံခြုံရေးအကြောင်းပြချက်ဖြင့် စတားလင့်အင်တာနက်အသုံးပြုမှုကို မေလကုန်အထိ ၁ လတာ ပိတ်ပင်ထားကြောင်း လိုပွာခိုခရိုင် (မော်ချီး) ပူးပေါင်းအုပ်ချုပ်ရေး ကော်မတီက ဧပြီလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားပါတယ်။
========================
🚩🚩 ၇။ မူးမြို့နယ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ် (၃) လုံး ထိခိုက်ပျက်စီးခဲ့ရပြီး ပြည်သူ (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့
မေလ ၁၀ ရက်
Radio NUG
ညောင်လေးပင်ခရိုင်၊ မူး မြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေအတွင်း မေလ (၈) ရက်နေ့ နေ့လယ် (၁၁း၃၀) မိနစ်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ် ခမရ−၄၃၉ တပ်မှ ၈၁ မမ လက်နက်ကြီး (၂) လုံး အား ပစ်ခတ်ခဲ့ရာ စိုက်တန်းခင်ကျေးရွာထဲသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ဦးမင်းလွင်၊ မအိအိဖြိုး နှင့် မသိပ်တို့၏ နေအိမ် (၃)လုံး ထိမှန်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။
ထို့အပြင် ညနေ (၃း၁၃) မိနစ်ခန့်တွင် ခမရ−၃၀၇တပ် မှ ဟောင်ဝှစ်ဇာလက်နက်ကြီး (၁)လုံး ပစ်ခတ်ရာ စိုက်တန်းခင်ကျေးရွာထဲသို့ ထပ်မံကျရောက်ပေါက်ကွဲ ပြီး ဦးခင်ဝင်း (၇၀) နှစ် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment