၂၀၂၅ မေလ ၂၇ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ မေလ ၂၇ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ စစ်အာဏာရှင်စနစ်ကို မဖယ်ရှားပဲနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဆွေးနွေးချက်တွေက လက်တွေ့လုပ်နိုင်ဖို့ ခက်လိမ့်မယ်လို့NUGနိုင်ငံခြားရေးဝန်ကြီးပြော

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ မြောက်ပိုင်းမှာ အိမ်နီးချင်းနိုင်ငံတခုက တဖက်သတ်ဖိအားပေး ဆောင်ရွက်နေတာတွေက စစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုတွက် အထောက်အကူမဖြစ်စေနိုင်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၂၀၀ကျော်ကို တိုက်ပိတ်ထားပြီး ဆေးကုသခွင့်မရရှိ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် မြန်မာစစ်အုပ်စု၏ အကြမ်းဖက်မှုများအား ရပ်တန့်ရန် ပျက်ကွက်နေ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၇၃၃) ဦးအထိရှိလာ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အထိမ်းအမှတ်တော်လှန်ရေး ရန်ပုံငွေစျေးရောင်းပွဲတော်ကို ယူကေနိုင်ငံ Feltham မှာကျင်းပမည်


========================


၂၀၂၅ ခုနှစ် မေလ ၂၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ရန်ကုန်တိုင်း ပကဖတပ်ဖွဲ့ ရဲ့ အပတ်စဉ် အခြေခံစစ်သင်တန်းမှာ အမျိုးသားရဲဘော်နှင့်အမျိုးသမီးရဲဘော်တွေပါ တက်ရောက်ခဲ့

🚩 ၂။ ဗန်းမော် စကခ(၂၁)၏ကာကင်းစခန်း KIAပူးပေါင်းတပ် သိမ်းပိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ စစ်အာဏာရှင်စနစ်ကို မဖယ်ရှားပဲနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဆွေးနွေးချက်တွေက လက်တွေ့လုပ်နိုင်ဖို့ ခက်လိမ့်မယ်လို့NUGနိုင်ငံခြားရေးဝန်ကြီးပြော


မေလ၂၆ရက်


စစ်အာဏာရှင်စနစ်ကို မဖယ်ရှားပဲနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဆွေးနွေးချက်တွေက လက်တွေ့လုပ်နိုင်ဖို့ ခက်လိမ့်မယ်လို့ NUGနိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က သတင်းဌာနတခုနဲ့မေးမြန်းခန်းမှာ ပြောပါတယ်။

"ကျမတို့ ဒီတော်လှန်ရေး ကာလမှာသည်ပင်လျှင် ဖက်ဒရယ် အကြောင်း ဒီမိုကရေစီအကြောင်းကို ကျမတို့တော်လှန်ရေး အင်အားစုတွေကြားထဲမှာ လွတ်လွတ်လပ်လပ်ကျယ်ကျယ်ပြန့်ပြန့် ငြင်းခုံဆွေးနွေးနေတဲ့ အလေ့အထတွေရှိလာတာကိုကပဲ တော်လှန်ရေးရဲ့အားသာချက် တော်လှန်ရေးရဲ့ပေးထားချက် ဖြစ်တယ်။ တော်လှန်ရေးကြောင့် ဖြစ်ပေါ်လာတဲ့ ပွင့်လင်းမှုတွေလည်း ဖြစ်တယ်လို့ ကျမမြင်တယ်။  ဒါကြောင့် ကျမတို့ရှေ့ကိုဆက်သွားဖို့ဆိုရင် ဒီစစ်အာဏာရှင်စနစ်ကို မဖယ်ရှားပဲနဲ့ ကျမတို့အခု ဆွေးနွေးနေတာတွေက လက်တွေ့လုပ်နိုင်ဖို့ ခက်ပါလိမ့်မယ်။အရေးကြီးဆုံးအရာကတော့ အခုစစ်အာဏာရှင်စနစ် အာဏာသိမ်းမှုကို ဖယ်ရှားကြ ပြီးတော့ ကျမတို့ အစားထိုးမဲ့ ပြည်ထောင်စုစနစ်ဖြစ်တယ်"လို့ဝန်ကြီးကပြောပါတယ်။


အကြမ်းဖက်စစ်ကောင်စီဟာတိုင်းရင်းသားတော်လှန်ရေးအင်အားစုများကို လေကြောင်းတိုက်ခိုက်မှုအပါအဝင် တဖက်နိုင်ငံကြီးများဖိအားနဲ့ အပစ်အခတ်ရပ်စဲအောင်ဖိအားပေးလုပ်ဆောင်မှုတို့ရှိနေပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ မြောက်ပိုင်းမှာ အိမ်နီးချင်းနိုင်ငံတခုက တဖက်သတ်ဖိအားပေး ဆောင်ရွက်နေတာတွေက စစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုတွက် အထောက်အကူမဖြစ်စေနိုင်


မေလ၂၆ရက်


မြောက်ပိုင်းမှာ အိမ်နီးချင်းနိုင်ငံတခုက တဖက်သတ်ဖိအားပေး ဆောင်ရွက်နေတာတွေက စစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုတွက် အထောက်အကူ မဖြစ်စေနိုင်ဘူးလို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကပြောပါတယ်။ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဉ် - ၁၁/၂၀၂၅မှာ ၄င်းကထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

"မိမိတို့တော်လှန်ရေးအင်အားစုများရဲ့ ညီညွတ်စုစည်းမှုမှတဆင့် တိုင်းပြည်အတွက် ရေရှည်ခံတဲ့ ပြေလည်မှုအဖြေကို ရှာဖွေခြင်းဟာ အာဆီယံအဖွဲ့ကြီးက အစဥ်တစိုက် ပြောဆိုထောက်ပြထားတဲ့ Myanmar own, Myanmar led နည်းလမ်းပဲဖြစ်ပါတယ်။ အတင်းအကြပ်ဖိအားပေးပြီး စေ့စပ် ဆွေးနွေးစေခြင်းဖြင့် အပစ်အခတ်ရပ်စဲစေခြင်းက ရေရှည်မှာ ပြဿနာ ပြေလည်ရေးကို အထောက်အကူဖြစ်မှာ မဟုတ်ပါဘူး။  မြောက်ပိုင်းမှာ အိမ်နီးချင်းနိုင်ငံတခုက တဖက်သတ် ဖိအားပေး ဆောင်ရွက်နေတာတွေက စစ်မှန်တဲ့ ငြိမ်းချမ်းရေး နဲ့တည်ငြိမ်မှုတွက် အထောက်အကူ မဖြစ်စေနိုင်ပါဘူး"လို့ ၄င်းကပြောပါတယ်။


တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွင်းရှိ တော်လှန်ရေးအင်အားစုများကို ဖိအားပေး၍ စကစနဲ့စေ့စပ်ညှိနှိုင်းရေးကို အသားပေးကာတရုတ်နိုင်ငံကူမင်းမြို့အတွင်း ဆွေးနွေးပွဲများကို ကျင်းပစေခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၂၀၀ကျော်ကို တိုက်ပိတ်ထားပြီး ဆေးကုသခွင့်မရရှိ


မေလ၂၇ရက်


မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၂၀၀ကျော်ကို တိုက်ပိတ်ထားပြီး ဆေးကုသခွင့်မရရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်ပါတယ်။


၂၀၂၅ခုနှစ်၊ ဧပြီလ(၁၃)ရက်နေ့တွင် မကွေးအကျဉ်းထောင်ရှေ့တွင် Local PDF အဖွဲ့များနှင့် စစ်ကောင်စီ လက်အောက်ခံတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ကာ အကျဥ်းထောင်တွင်း အကျဉ်းသားများနှင့် ဝန်ထမ်းများကြား တင်းမာမှုနှင့် ထိတွေ့မှုအတွင်း အကျဉ်းဦးစီးဝန်ထမ်းများ၏ ထောင်ဗူးဝနှင့် ကင်းမျှော်စင်မှ သေနတ်ပစ်ခတ်မှုကြောင့် ထောင်တွင်းဓမ္မရုံတွင်နေသည့် နိုင်ငံရေးအကျဉ်းသား စောရွှေအောင် အပါအဝင် နိုင်ကျဉ်း()ဦး အနည်းဆုံးသေဆုံးခဲ့ရပါတယ်။


ယင်းတိုက်ပွဲဖြစ်ပွားသည့်ကိစ္စတွင်  နိုင်ငံရေးအကျဉ်းသားများပါဝင်သည်ဟု ထောင်အာဏာပိုင်များက စွပ်စွဲပြီးနောက် နိုင်ငံရေးအကျဉ်းသား ၄၀၀ကျော်ကို မြေမြင်ပေါ်တွင် ဝမ်းလျားမှောက်ခိုင်းကာ ထောင်အာဏာပိုင်များ ရိုက်နှက်ခဲ့ကာရိုက်နှက်ခဲ့မှုများကြောင့် နိုင်ငံရေးအကျဥ်းသားများ ခါး၊ ခြေထောက်နှင့် တင်ပါးများတွင် ရိုက်နှက်ခံရသည့် ဒဏ်ရာများနှင့် သေနတ်ဒဏ်ရာများရရှိခဲ့ကြပါတယ်။ 


ယင်းတို့အနက် မတရားပုဒ်မများဖြင့် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသား ဦးဝင်းဝင်းနှင့် ကိုဖြိုးတို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများသည် ဆိုးဆိုးဝါးဝါး ရိုက်နှက်ခံခဲ့ရပြီးအသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေ၌ပင် ရှိနေပြီး ထောင်အာဏာပိုင်များက ရိုက်နှက်မှုများပြုလုပ်ခဲ့သည့်အပြင် ဆေးကုသခွင့်ကိုလည်း ပိတ်ပင်ထားတယ်လို့သိရပါတယ်။


 လက်ရှိတွင် နိုင်ငံရေးအကျဉ်းသား ၂၀၀ကျော်သည် ထောင်အာဏာပိုင်များ၏ စွပ်စွဲမှုများဖြင့် တိုက်ပိတ်ခံထားရသည်မှာ တစ်လကျော် ကြာမြင့်နေပြီဖြစ်ကာ ထောင်ဝင်စာတွေ့ခွင့်ကိုလည်း လုံးဝ ပိတ်ပင်ထားပြီး တိုက်ပွဲဖြစ်စဉ်တွင် ပါဝင်သည်ဆိုသော နိုင်ငံရေးအကျဉ်းသားများကိုလည်း ထောင်ဝင်စာပါဆယ်ပို့ခွင့်များ ပိတ်ပင်ထားတယ်လို့ဆိုပါတယ်။


တိုက်ပွဲဖြစ်စဉ်ဖြစ်ပွားသည့် အချိန်မှစ၍ လက်ရှိအချိန်အထိ မကွေးအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများသည် ရေသန့်များမရရှိဘဲ သောက်ရေများကို ဈေးကြီး ပေးဝယ်နေကြရကာ အခန်းတွင်းမှ အိမ်သာရေများဖြင့်သာရေချိုးနေကြရတယ်လို့ဆိုပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် မြန်မာစစ်အုပ်စု၏ အကြမ်းဖက်မှုများအား ရပ်တန့်ရန် ပျက်ကွက်နေ


မေလ၂၆ရက်


အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် မြန်မာစစ်အုပ်စု၏ အကြမ်းဖက်မှုများအား ရပ်တန့်ရန် ပျက်ကွက်နေတယ်လို့ JusticeForMyanmarက ဖော်ထုတ်လိုက်ပါတယ်။


အာဆီယံဒေသတွင်းကုမ္ပဏီများက မြန်မာစစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများအတွက် လောင်စာဖြည့်ကူညီပေးနေကြောင်း JusticeForMyanmarက အစီရင်ခံထုတ်ပြန်ပါတယ်။


မြန်မာစစ်အုပ်စု၏ အာဏာသိမ်းကြိုးပမ်းမှု လေးနှစ်ကျော်ကြာလာသည့်အချိန်အထိ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ဒေသတွင်းမှ ကုမ္ပဏီများသည် စစ်အုပ်စုနှင့် စီးပွားရေး ဆက်လက် လုပ်ဆောင်လျက်ရှိကာ ယင်းကုမ္ပဏီများသည် စစ်အုပ်စုအတွက် အရေးပါသော ဝင်ငွေရင်းမြစ်များ ပေးအပ်ခဲ့သည့်အပြင် ဆက်သွယ်ရေးနည်းပညာနှင့် လေယာဉ်ဆီများကိုလည်း ထောက်ပံ့ပေးအပ် ခဲ့တယ်လို့ဖော်ပြပါတယ်။


အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် မြန်မာစစ်အုပ်စု၏ အကြမ်းဖက်မှုများအား ရပ်တန့်ရန် ပျက်ကွက်ခဲ့ရုံသာမက စစ်အုပ်စုမှ နိုင်ငံတကာ ရာဇဝတ်မှုများအား အပြစ်ပေးအရေးယူခံရခြင်းအလျဉ်းမရှိဘဲ ကျူးလွန်နေချိန် ၎င်းတို့အချုပ်အခြာ နယ်မြေအတွင်းရှိ ကုမ္ပဏီများအား စစ်အုပ်စုအတွက် ဘဏ္ဍာငွေနှင့် စစ်လက်နက်များ ပံ့ပိုးကူညီမှုကို ခွင့်ပြုပေးထားခဲ့ပါတယ်။


အာဆီယံဒေသတွင်းကုမ္ပဏီများသည် စစ်အုပ်စုအား ယင်း၏ စီးပွားရေးလုပ်ငန်းစုကြီးများဖြစ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) တို့မှ တဆင့်လည်းကောင်း၊ မြန်မာစစ်အုပ်စု၏ စစ်ထောက်ချုပ်ရုံးက ထိန်းချုပ်ထားသော မြေများအား ငှားရမ်းခငွေမှတဆင့် အခွန်ဝင်ငွေရှာဖွေရာတွင် ကူညီပေးခဲ့တယ်လို့ဆိုပါတယ်။


အာဆီယံတွင်း ကုမ္ပဏီများအနေဖြင့် စစ်အုပ်စု၏ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ စစ်ပစ္စည်းကိရိယာ၊ နည်းပညာနှင့် လေယာဉ်ဆီ ရရှိနေမှုအား ချက်ချင်းဖြတ်တောက်ရန် Justice For Myanmar က တောင်းဆိုပြီး အာဆီယံအစိုးရများအနေဖြင့် ဆက်လက်ရှိနေသည့် ကော်ပိုရိတ် ကြံရာပါမှုများကို ကာကွယ်တားဆီးရမှာဖြစ်တယ်လို့ဆိုပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၇၃၃) ဦးအထိရှိလာ


မေလ၂၆ရက်


အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၇၃၃) ဦးအထိရှိလာပါတယ်။


ဖေဖော်ဝါရီလ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ  မေလ ၂၆ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၇၃၃) ဦးရှိပြီဖြစ်တယ်လို့AAPPကဖော်ပြပါတယ်။

 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၁၈၄) ဦးရှိပြီး ထိုအထဲမှ (၂၂၀၈၄) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၇၂၁) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အထိမ်းအမှတ်တော်လှန်ရေး ရန်ပုံငွေစျေးရောင်းပွဲတော်ကို ယူကေနိုင်ငံ Feltham မှာကျင်းပမည်


မေလ၂၆ရက်


ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အထိမ်းအမှတ်တော်လှန်ရေး ရန်ပုံငွေစျေးရောင်းပွဲတော်ကို ယူကေနိုင်ငံ Feltham မှာ ကျင်းပမယ်လို့Myanmar Events in UKက အသိပေးကြေညာပါတယ်။


"လူ့သက်တမ်း တဝက်စာနီးပါး ပြည်သူနဲ့ တသားတည်းရပ်တည်လာခဲ့တဲ့ ပြည်သူ့မိခင်ကြီး အမေဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်ဇွန်လ ၁၉ ရက်နေ့မှာ အသက်၈၀ ပြည့်တော့မှာဖြစ်ပါတယ်။ မြန်မာပြည်သူတွေအတွက် လွတ်လပ်မှုတွေ လုံခြုံမှုတွေပေးဖို့ သူမဘဝရဲ့ လွတ်လပ်မှုတွေကို ပေးဆပ်ခဲ့၊ပေးဆပ်နေဆဲဖြစ်တဲ့ အမေ့ရဲ့ မွေးနေ့ အထိမ်းအမှတ် အဖြစ် အမေနဲ့တကွ ပြည်သူအားလုံးလွတ်မြောက်ရေး နွေဦးတော်လှန်ရေး ရန်ပုံငွေစျေးရောင်းပွဲလေးကို ယူကေရောက် မြန်မာပြည်ဖွားတိုင်းရင်းသားအားလုံး စုပေါင်းကျင်းပကြမှာမို့ အားလုံးလာရောက်ကြဖို့ ဖိတ်ကြားလိုက်ပါတယ်"လို့ဆိုထားပါတယ်။


အခမ်းအနားကိုဇွန်လ ၂၁ ရက်နေ့ စနေနေ့ Feltham မှာကျင်းပမှာဖြစ်ပါတယ်။



အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက်င့်သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================



🚩🚩 ၁။ ရန်ကုန်တိုင်း ပကဖတပ်ဖွဲ့ ရဲ့ အပတ်စဉ် အခြေခံစစ်သင်တန်းမှာ အမျိုးသားရဲဘော်နှင့်အမျိုးသမီးရဲဘော်တွေပါ တက်ရောက်ခဲ့


မေလ ၂၇ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းစစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့()ရဲ့ အပတ်စဥ် () အခြေခံစစ်သင်တန်းမှာ အသက် ၁၉ နှစ်အရွယ်ကနေ အသက် ၄၀ အရွယ်အထိ အမျိုးသားရော အမျိုးသမီးတွေပါ တက်ရောက်ခဲ့တယ်လို့  PVTV မှာဖေါ်ပြထားပါတယ်။

ကျနော်တို့ ရန်ကုန်တပ်ဖွဲ့ ()ကိုဝင်တာ ရန်ကုန်ရှိမယ်။ ဧရာဝတီတိုင်းကရှိမယ်။ တချို့က တကယ် ခံယူချက်နဲ့ ဝင်လာတာရှိတယ်။ တချို့က စစ်မှုထမ်း ဥပဒေပေါ်ပြီး နောက်ပိုင်း ဝင်လာတာတွေရှိတယ်။ လူငယ်ပိုင်း ၁၉ ၂၀ တွေကစလို့ အသက် ၄၀ အထိ အမျိုးသားကြီးပဲ မဟုတ်ဘူး။ အမျိုးသမီးတွေလည်း ပါတယ်လို့  သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ကိန်းက ပြောပါတယ်။ 


ရန်ကုန်တိုင်းစစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့()ရဲ့ အပတ်စဥ် () အခြေခံစစ်သင်တန်းဆင်းပွဲကို မေ ၂၆ ရက် (မနေ့က) ပြုလုပ်ခဲ့တာဖြစ်ပြီး  နယ်မြေရဲ့ စစ်ရေး အခြေအနေအရ အကျဥ်းချုုံး ပြုလုပ်ခဲ့တယ်လို့  ရဲဘော် ကိန်း က ပြောပါတယ်။ 


အခြေခံစစ်သင်တန်းမှာ စစ်ရေးပြ၊ စစ်လက်နက်ပိုင်းဆိုင်ရာ အခြေခံတွေ၊ ခန္ဓာကိုယ်ကြံခိုင်မှု ပိုင်းဆိုင်ရာတွေ၊ စစ်သည်တစ်ယောက် သိသင့်တဲ့ စစ်သည်တော်ကျင့်ဝတ်၊ နိုင်ငံရေး၊ တော်လှန်ရေး သဘောတရားတွေကို စာတွေ့သင်ကြားတာတွေရှိပါတယ်လို့ ရဲဘော်ကိန်းက ပြောပါတယ်။


အခမ်းအနားမှာ တက်ရောက်လာကြတဲ့ တာဝန်ရှိသူတွေနဲ့ သင်တန်းဆင်းရဲ​​ဘော်တွေက အလံတော် အလေးပြုတာနဲ့ သစ္စာအဓိဌာန်သီဆိုတာ၊ ဒု-တပ်ရင်းမှူးမှ သင်တန်းဆင်းရဲဘော်များအား သစ္စာရေတိုက်တာ၊ တပ်ဖွဲ့တာဝန်ခံ ကိုမီးပွား၊တပ်ရင်းမှူး ကိုရိန်းဂျား၊ဒု-တပ်ရင်းမှူး ကိုမင်းထင်၊တပ်ခွဲ- တပ်ခွဲမှူး ကိုနန္ဒတို့ အသီးသီးမှ သင်တန်းဆင်းရဲဘော်များအား အမှာစကားပြောကြားတာတွေ ပြုလုပ်ခဲ့ပါတယ်။


သင်တန်းဆင်းပွဲ အခမ်းအနားကို တပ်ဖွဲ့တာဝန်ခံ၊ တပ်ရင်းမှူး၊ ဒု-တပ်ရင်းမှူး၊ တပ်ခွဲ (///)ခွဲမှူးတွေ နဲ့ သက်ဆိုင်ရာ တာဝန်ခံတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ ဗန်းမော် စကခ(၂၁)၏ကာကင်းစခန်း KIAပူးပေါင်းတပ် သိမ်းပိုက်


မေလ ၂၇ရက်


ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ စစ်ကောင်စီ၏ အရေးကြီးနေရာအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ယနေ့(မေလ ၂၇ရက်)နံနက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ဟု ကချင်စစ်ရေးသတင်းရင်းမြစ်ကသိရပါတယ်။

KIA ပူးပေါင်းတပ်တွေဟာ ယနေ့နံနက်တွင် ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ပြန်လည်ဆင်နွှဲခဲ့ရာ တိုက်ပွဲများ ပြင်းထန်နေပြီး အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၏ အခိုင်အမာ ကာကင်းစခန်းကို သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဖေါ်ပြထားပါတယ်။အခုမနက်မှာ  ၂၁ ရဲ့ အခိုင်အမာ ကာကင်း ရှင်းလိုက်ပြီ"ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ယနေ့နံနက် ၄နာရီခန့်မှစ၍ စကခ(၂၁) နှင့် အနီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်၏ အရေးပါသည့် ကာကင်းစခန်းကြီးနှင့် စကခ(၂၁) နေရာအချို့ကို ပူးပေါင်းတပ်က သိမ်းပိုက်ထားပြီးဖြစ်သည်ဟု ဖော်ပြသည်။

ဗန်းမော်တိုက်ပွဲ ပြင်းထန်နေသော်လည်း ရာသီဥတု မိုးအုံနေပြီး မိုးရွာသွန်းမှုအချို့ရှိဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ 


ဒါ့အပြင် ဖားကန့်မြို့ပေါ်ဘက်ကို စစ်ကောင်စီတပ် စစ်အင်အား ရာနဲ့ချီရောက်ရှိလာတဲ့အတွက် ဖားကန့်မြို့အဝင်ဝမှာရှိတဲ့ လယ်ပြင်နဲ့ ဖန်ခါးကုန်း ကျေးရွာနေ ဒေသခံပြည်သူတွေကို လုံခြုံရေးအရ ယာယီတိမ်းထားကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သတိပေးပြောဆိုထားတယ်လို့ သိရပါတယ်။


စစ်ကောင်စီတပ်အဖွဲ့တွေဟာ မေလ ၂၆ ရက်နေ့ ဖားကန့်မြို့နဲ့ နီးကပ်တဲ့ ယမ်းချက်ရုံနဲ့ လယ်ပြင်၊ ဖန်ခါးကုန်းကျေးရွာဘက်ခြမ်းကို ရောက်ရှိသွားပြီး တိုက်ပွဲဖြစ်လာနိုင်တဲ့အတွက် အရပ်သားပြည်သူတွေ မထိခိုက်ရအောင် ကြိုတင် တိမ်းရှောင်ထားခိုင်းတယ်လို့ KIA နဲ့ နီးစပ်တဲ့ ဖားကန့်ပြည်သူတစ်ဦး KNG ကို ပြောပါတယ်။

“KIA ဘက်ကနေ ရှောင်ထားခိုင်းတယ် လယ်ပြင် အနီးတဝိုက်ရှိတဲ့ ပြည်သူတွေကို တိမ်းရှောင်ဖို့ ပြောထားတယ်။ တစ်ချို့က တိမ်းရှောင်နေကြတဲ့ ပြည်သူတွေရှိသလို မရှောင်ဘဲ ရှိနေကြတဲ့ ပြည်သူတွေလည်းရှိပါတယ်။ စစ်ကြောင်းတွေ ဝင်လာရင်တော့ ဘာပဲဖြစ်ဖြစ် တိုက်ပွဲဖြစ်လာနိုင်ခြေရှိလို့ ရှောင်ခိုင်တဲ့ သဘောလို့ပဲမြင်ပါတယ်လို့ ပြောပါတယ်။

အခုလို စစ်ကောင်စီစစ်ကြောင်းတွေ ဖားကန့်မြို့ထဲကို ဦးတည်ပြီး ရောက်ရှိလာပါက မမျှော်မှန်းနိုင်တဲ့ ထိတွေ့ တိုက်ပွဲတွေ ဖြစ်လာမှာသေချာတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောဆိုထားပါတယ်။


KIA ပူးပေါင်းတပ်သည် ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးဆင်နွှဲနေသည်မှာ ၆လခန့်ရှိပြီဖြစ်ပြီး တင့်ကားတပ်၊ သံချပ်ကာတပ်၊ အမြောက်တပ်၊ ခြေလျင်တပ်နှင့် စစ်ကောင်စီ၏ တပ်စွဲရာနေရာအများအပြား သိမ်းပိုက်ထားနိုင်သကဲ့သို့ မေလ ၂၀ရက်တွင် စကခ(၂၁) သို့ စစ်ကူလာသည့် ရဟတ်ယာဉ် ၃စီးအနက် ၂စီးကို ပစ်ချဖျက်ဆီးနိုင်ခဲ့တာဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် နွေဦးရွှေဝါမှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution




Share:

No comments:

Post a Comment